ဝိညာဥ်လေးခု
Vol. 9 Ch. 115
ဝေ့ဝူယင် ကံကြမ္မာကို အပြစ်ဖို့နေစဥ်တွင်ပင် အဂ္ဂိရတ် ချီနှလုံးသားနှင့် နဂါးသွေးနှလုံးသားတို့မှာ အဆင့်ခုနစ် မြင့်မြတ်သောချီအဆင့်ကို တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ ချက်ချင်းပင် ချီပျစ်ခဲခြင်း အဆင့်ရှစ် ဝိညာဥ် ပေါင်းစည်းခြင်း ဖြစ်စဥ်မှာ ဖြစ်ပွားလာ၏။
ဝေ့ဝူယင် မတုန့်မဆိုင်းပင် အသိစိတ် ပင်လယ်ထဲကို အာရုံစိုက်လိုက်၏။ သူ၏ ဝိညာဥ် အာရုံနှင့် အဂ္ဂိရတ် ပါရမီတို့မှာ အဆင့်သစ်တစ်ခုကို တက်လှမ်းသွားကြောင်း သူ တွေ့မြင်လိုက်ရသည်။ ထိုစွမ်းအား အသစ်ဖြင့်ဆိုပါက အဆင့်ခုနစ် အဂ္ဂိရတ် မှော်ဆေးလုံးများကို ဖန်တီးရန် ဝေ့ဝူယင် ယုံကြည်ချက် ရှိလာခဲ့သည်။
ရုတ်တရက် သူ၏ မျက်လုံးများက လင်းလက်သွားကာ သုံးလွှာလက်စွပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် တတိယမြောက် အလွှာထံ ဝိညာဥ်စွမ်းအားများကို ပို့လွှတ်ရင်း အထဲကို ထိုးဖောက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း မအောင်မြင်ခဲ့ချေ။
ဝေ့ဝူယင် စိတ်မပျက်ပါချေ။ သူ တစ်ခဏမျှ စဥ်းစားလိုက်ကာ သားရဲထိန်းချုပ်ခြင်းဂိုဏ်းမှ ရရှိလာသည့် ဆေးပင်၊ ဆေးမြစ်များနှင့် သုံးချောင်းထောက် ဆေးအိုး တစ်ခုကို ထုတ်ယူလိုက်၏။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။
ကျင့်ကြံခြင်း အဆင့်ကို တည်ငြိမ်အောင် ကြိုးစားရင်း တစ်ချိန်တည်း၌ အဆင့်ခုနစ် အဂ္ဂိရတ် မှော်ဆေးလုံး တစ်လုံးကို သူ စမ်းသပ် ထုတ်လုပ်တော့မည် ဖြစ်သည်။ အဂ္ဂိရတ် ဥပဒေသများ အရဆိုလျှင် မှော်ဆေးလုံး၏ အဆင့် ပိုမြင့်လေလေ၊ အားနည်းသူများ အပေါ်၌ ပိုမို အကျိုးသက်ရောက်မှု ရှိလေလေ ဖြစ်သည်။
အဆင့်ခြောက် အဂ္ဂိရတ် မှော်ဆေးများမှာ နတ်ဘုရား ဧကရာဇ် အဆင့်နှင့် အောက်အဆင့်များ အတွက် သင့်လျော်သည်။ သို့သော်လည်း အဆင့်ခုနစ် မှော်ဆေးများမှာမူ နောက်ထပ် တစ်ဆင့်မြင့်သည့် ကြယ်တာရာ အမြုတေ အလွှာများ အတွက်ပင် သင့်လျော်သည်။
အကယ်၍ ကြယ်တာရာ အမြုတေ အဆင့်များ အတွက်ပင် သင့်လျော်သည့် ဆေးတစ်လုံးကို ကျင့်ကြံခြင်းတွင် သုံးပါက သူ မည်မျှ အထိ ရောက်ရှိနိုင်မည်နည်း။ ဝေ့ဝူယင်သည် မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ခြင်းက ပင်လျှင် သူ့အတွက် ဆုလာဒ်တစ်ခုလို ခံစားခဲ့ရသည်။ ဧဒင်ကမ္ဘာဂိုဏ်းအတွင်း ဝင်ရောက်၍ ရရှိလာသော ပညာရပ်များသည် သူ့အတွက် အဂ္ဂိရတ် တာအိုတံခါးကို ပွင့်စေခဲ့သည်။ အကယ်၍ ဆေးဧကရာဇ် တစ်ပါးသာ ဖြစ်လာပါက ကြယ်တာရာ အမြုတေ အစောပိုင်း အဆင့်များကို ဖြတ်ကျော်ရန် သူ့တွင် အခွင့်အရေး ရှိလာလိမ့်မည် ဖြစ်တော့သည်။
ဝေ့ဝူယင် အနည်းငယ် စဥ်းစားကာ ဧဒင်ကမ္ဘာဂိုဏ်း၏ အဆင့်ခုနစ် ဆေးညွှန်းအနည်းငယ်ထဲမှ တစ်ခု ဖြစ်သည့် “ကြယ်တာရာ ကမ်းပါးငှက် အခြေခံဆေးလုံး”ကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်၏။ ထို့ဆေးလုံးကို ဖော်စပ်ရန် အတွက် ဆေးအမယ် ခုနစ်မျိုး လိုအပ်သည်။ ဆေးအမယ်များမှာ ရှားပါးခြင်း မရှိသည့်တိုင် ခုနစ်မျိုး စလုံးကို အတူတကွ ပေါင်းစပ်ရန်မှာ အဆင့်ခုနစ် အဂ္ဂိရတ် ပညာရှင်များသာ တတ်နိုင်သော အရာဖြစ်သည်။ ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံးသည် ချီပျစ်ခဲခြင်း အဆင့်ကိုး ကျင့်ကြံသူများကို နောက်ထပ် ခြေလှမ်းတစ်ခု လှမ်းနိုင်ရန် ၇၀ ရာနှုန်းအထိ ကူညီပေးနိုင်စွမ်း ရှိသည်။
ကံကောင်းထောက်မစွာပင် ထိုဆေးလုံးသည် ချီပျစ်ခဲခြင်း အဆင့်ရှစ် ကျင့်ကြံသူများကိုလည်း ချီအမတေ အမှုန်များ ဖန်တီးရာ၌လည်း ကူညီပေးနိုင်သည်။ ဧဒင်ကမ္ဘာဂိုဏ်းတွင် လေ့လာခဲ့ရသည့် အချက်အလက်များ အရဆိုလျှင် ဆေးတစ်လုံးလျှင် ချီအမတေ အမှုန် ခုနစ်ခု အထိ ဖန်တီးနိုင်သည်ဟု ဆိုသည်။
သူ့အတွက် တစ်ခု သို့မဟုတ် နှစ်ခု မျှသာ ဖန်တီးကောင်း ဖန်တီးနိုင်စေကာမူ ဝေ့ဝူယင် ဂရုမစိုက်ပါချေ။ ဆေးအမယ်များမှာ ရှားပါးခြင်း မရှိလှရာ သူအခုတစ်ရာ၊ တစ်ထောင်တိုင်အောင် ဖန်တီးနိုင်ပေသည်။ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်းနှင့် ဟူကျိဝေ့တို့ထံမှ ရရှိလိုက်သော အရင်းအမြစ်များမှာ ထိုဆေးအလုံး တစ်သောင်းတိုင်အောင် ဖန်တီးရန် လုံလောက်ပေသည်။
အဂ္ဂိရတ် ဝိညာဥ်နှင့် နဂါး ဝိညာဥ်တို့ အဆင့်ရှစ်တွင် အခြေကျသည် အထိ ဝေ့ဝူယင် စောင့်ဆိုင်းလိုက်၏။ သူသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်နှင့် သွေးမျိုးဆက်များ ပိုမို အစွမ်းထက်လာသလို ခံစားနေရသည်။ သူ၏ ကြွက်သားများ၊ အရိုးများ အပါအဝင် သွေး၏ လွှမ်းမိုးခြင်း ခံရသည့် အရာအားလုံးမှာ အဆင့်သစ် တစ်ခုစီသို့ ခုန်ကူး နေကြသည်။
တစ်ချိန်တည်း၌ သူ၏ စိတ်မှာလည်း ပိုမို ကြည်လင် လာနေခဲ့၏။ ဧဒင်ချီမှာ အံ့သြဖွယ် ကောင်းလောက်အောင် လေးနက်ကာ စိတ်တာအို၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ၎င်းတွင် ရှုပ်ထွေးကာ နားမလည်နိုင်သော အကြောင်းအရာများစုံ ရှိနေသေးသည့်တိုင် ထင်သာမြင်သာစွာပင် အသိစိတ် ပင်လယ်မှာမူ ပိုမို ကျယ်ပြန့်ကာ သန်မာ လာနေခဲ့၏။
ထို့အပြင် အဂ္ဂိရတ် ဝိညာဥ်မှာ နတ်ဘုရား ဧကရာဇ် တစ်ပါး၏ အသိတ်စိတ် ပင်လယ်ကို စုပ်ယူပြီးနောက် အကျိုးအမြတ်များစွာ ရရှိခဲ့ဟန် တူသည်။ ၎င်းသည် ပိုမို တောက်ပလာသလို ပိုမိုလည်း သန့်စင်လာ၏။
ဝေ့ဝူယင် အမတေ ကျောက်တုံးများကို ထုတ်ယူကာ စုပ်ယူရင်း ဝိညာဥ် အသစ်နှစ်ခုထံ ပို့လွှတ်ပေးလိုက်သည်။ တစ်နာရီခန့်ကြာပြီးနောက် သူ ပြုံးလိုက်၏။
“စလို့ရပြီ...”
...
ဝူဗဟိုနယ်မြေ အတွင်းရှိ ကျော်ကြားသော စားသောက်ဆိုင်ကြီး တစ်ခုထဲ၌ လူနှစ်ယောက်သည် တိတ်တဆိတ်ပင် စားသောက်နေကြ၏။ သူတို့၏ ဘေးစားပွဲဝိုင်းတွင်မူ လူသုံးယောက်မှာ အသံလုံ ဝိညာဥ် အစီအရင်များကို အသုံးပြု၍ စကားပြောနေကြသည်။ သို့သော်လည်း သူတို့ မသိသည့် အချက်ကား ဘေးနား စားပွဲဝိုင်းရှိ နှစ်ယောက်မှာ သူတို့ ပြောသမျှ အကုန်လုံးကို အတားအဆီး မရှိ ကြားနိုင်သည် ဆိုခြင်းပင်။
“မင်းသားလဲ့က သရဖူဆောင်း အိမ်ရှေ့မင်းသား ဖြစ်တော့မယ်လို့ ငါ ကြားထားတယ်... ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ... မင်းသားကျန်း ဖြစ်မယ်လို့ ငါထင်ထားတာ”
“ဟုတ်တယ်... ငါလည်း အတူတူပဲ... မင်းသားကျန်းက နည်းနည်း မောက်မာသလို ထင်ရပေမဲ့ တကယ်တမ်း ကျတော့ သူက တည်ငြိမ်တဲ့ အပြင် ကျင့်ကြံခြင်း အခြေခံမှာလည်း အားမနည်းဘူး”
“အဲဒါထက် ပိုဆိုးတာ ရှိသေးတယ် နောင်ကြီးတို့ရေ...”
“ဘာလဲ...”
“အစတုန်းက ဧကရာဇ်ဝူက မင်းသားကျန်းကို အရှင်မလင်းနှင့် လက်ထပ်ပေးဖို့ ပြောထားတာ မလား... အခုကျ အစီအစဥ်ပြောင်းပြီး မင်းသားလဲ့နဲ့ ပေးစားတော့မယ် တဲ့... အဲဒါက မင်းသားကျန်းရဲ့ မျက်နှာကို တည့်တည့် ဖြတ်ရိုက်လိုက်သလိုပဲ”
“ဘယ်လို...”
“ဟုတ်တယ်... ငါကြားတာတော့ တော်ဝင် စစ်သေနာပတိက မင်းသားလဲ့ကို ထောက်ပံ့ပေးထားတယ် တဲ့... အဲဒါကြောင့်ပဲ ဧကရာဇ်ဝူက စိတ်ပြောင်းသွားတာ နေမယ်... မင်းမျိုးမင်းနွယ် ဖြစ်ရတဲ့ အကျိုးကျေးဇူးက ဘယ်လောက်တောင် ကောင်းလိုက်သလဲ... သရဖူတစ်ခုနဲ့ နတ်သမီး တစ်ပါး... ဟဲဟဲ”
လူသုံးယောက်မှာ အမျိုးမျိုးသော ခေါင်းစဥ်များကို ဆက်လက် ပြောဆိုနေကြ၏။
ရုတ်တရက် ဘေးနားစားပွဲဝိုင်းရှိ လူငယ်မှာ ဝိညာဥ်ကျောက်တုံးတစ်ခုကို စားပွဲဝိုင်းပေါ်တွင် တင်ကာ ထွက်ခွာသွားသည်။ မျက်နှာကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးမှာ တည်ငြိမ်စွာပင် သူ့နောက်မှ လိုက်ပါသွား၏။
ဆိုင်ပြင်သို့ အရောက်၌ လူငယ်၏ မျက်လုံးများမှာ အေးစက်သွားကာ တော်ဝင် နန်းတော်ဆီ လှမ်းကြည့်လိုက်သည်။ သူက လက်သီးအား တင်းတင်းဆုပ်လိုက်ရာ တဖျောက်ဖျောက် အသံများပင် ထွက်ပေါ်လာ၏။
မိန်းကလေးမှာ သူမ၏ ကျောက်စိမ်း ကဲ့သို့ လက်လေးများကို ဆန့်ထုတ်ရင်း လူငယ်အား ဆုပ်ကိုင်ရင် ဟန်ပြင်လိုက်သည်။ သို့သော်လည်း စိတ်ပြောင်းသွားကာ လက်ကို ပြုတ်ရုပ်လိုက်၏။ သူမက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ထိုအဖြစ်အပျက်များ ဖြစ်ပျက်နေချိန်၌ မင်းသားကျန်းမှာမူ ငြိမ်သက်စွာပင် စာအုပ် တစ်အုပ်ကို ဖတ်နေခဲ့သည်။ မကြာခင် တော်ဝင် နန်းတော်ဆီ နားလည်နိုင်စွမ်းထက် ကျော်လွန်သည့် ကပ်ဘေးများ ကျရောက်လာတော့မည် ဖြစ်ကြောင်း သူ ရိပ်ပင် မရိပ်မိခဲ့ပါချေ။
...
“ဟူး...”
ဝေ့ဝူယင် နဖူးထက်ရှိ ချွေးများကို သုတ်ရင်း ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံး ကိုးလုံးကို ငုံ့ကြည့်လိုက်၏။ ၎င်းတို့မှာ အဆင့်ခုနစ် အနိမ့်ပိုင်း မှော်ဆေး အဆင့်တွင် ရှိနေကြသည်။
သူ ဆေးကိုးလုံး စလုံးကို တစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့ခြင်း မဟုတ်ချေ။ အကြိမ် ဆယ်နှင့်ချီ ကြိုးစားပြီးမှသာ သူ၏ အောင်မြင်မှုနှုန်းမှာ တဖြည်းဖြည်းနှင့် အမြင့်ဆုံး ကိုးလုံးအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်လေရာ ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံးကို သူ အပြည့်အဝ အောင်မြင်ခဲ့ပြီ ဟု ဆိုနိုင်ပေသည်။ ဧဒင်ကမ္ဘာဂိုဏ်းချုပ်၏ ပြောစကား အရဆိုလျှင် အဆင့်ခုနစ် မှော်ဆေးလုံးကို ပြီးပြည့်စုံစွာ ဖော်စပ်နိုင်ခြင်းမှာ အဂ္ဂိရတ် တာအို အမြင့်ပိုင်း အဆင့်သို့ တက်လှမ်းသွားနိုင်ခြင်း၏ လက္ခဏာ တစ်ရပ်ဟု ဆိုသည်။ယခုတွင် သူ့အား အစစ်အမှန် ဆေးဧကရာဇ် တစ်ပါး အဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။
ပန်းတိုင်တစ်ခုကို ပေါက်မြောက်ခဲ့ပြီ ဖြစ်ရာ ဝေ့ဝူယင်၏ စိတ်နှင့် နှလုံးသားမှာ ထူးခြားစွာ ကြည်လင်နေ၏။ ယခုတစ်သုတ် ဆေးကိုးလုံးကိုပါ ထည့်ပေါင်းပါက သူ့တွင် ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံး အတော်များများ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအရာက အဆင့်ကိုးကို တက်လှမ်းနိုင်မည့် ချီအမတေ အမှုန်များကို စတင် ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ဆိုလိုပေသည်။
ဝှစ်...
ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ သတိပြန်ဝင်လာကာ ဘေးနားတွင် ချထားသော ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံးများကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
“ဘာလဲဟ...”
ဝေ့ဝူယင်မှာ လက်ထဲရှိ သုံးချောင်းထောက် ဆေးအိုးပင် လွတ်ကျတော့မတတ် ဖြစ်သွားခဲ့သည်။ သူချထားသည့် ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံး ၅၁ လုံးတိတိတွင် သုံးလုံးသာ ကျန်ရှိပေတော့သည်။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ အဂ္ဂိရတ် ဝိညာဥ်မှ တစ်ပါး သူ၏ အခြား ဝိညာဥ်များမှာ အလုအယက်ဖြင့် တစ်စုံတစ်ရာအား ဝါးမျိုနေကြသည်ကို တွေ့မြင်လိုက်ရသည်။ ထိုတစ်စုံတစ်ရာကား သူ၏ ဆေးများပင် ဖြစ်ကြပေသည်။ ဝေ့ဝူယင် ငိုရမလား၊ ရယ်ရမလားပင် မသိတော့ချေ။
တခဏမျှ အချိန်အတွင်း ထိုမျှ များပြားသော ဆေးလုံးများကို သူတို့ မည်ကဲ့သို့ ဝါးမျိုလိုက်သနည်း။ သူ ဆေးလုံး စဖော်သည်မှာ ခြောက်ရက်မျှသာ ရှိပေသေးသည်။ သူ တစ်သုတ်ကျတိုင်း ထိုအကောင်များမှ ချက်ချင်းပင် စားသောက်ခဲ့သလော။
ကျူးကျူးလွန်လွန် အခိုးခံရသည်ဟု သူ ခံစားလိုက်ရသော်လည်း ထိုအရာက အခိုးခံရခြင်း မမည်ပြန်ချေ။ နောက်ဆုံး၌ ဝေ့ဝူယင် သက်ပြင်းသာ ချလိုက်တော့၏။ သူ့အနေဖြင့် ပျော်ရွှင်သင့်ပေသည်။ မှော်ဆေးလုံးများအား သူ ဖန်တီးခဲ့ခြင်းမှာ ထိုဝိညာဥ်များ အတွင်ပင် မဟုတ်ပါလော။
ထိုအခိုက်အတန့်၌ ဒေါသထွက်နေသူက ဝေ့ဝူယင် တစ်ကိုယ်တည်း မဟုတ်ချေ။ အဂ္ဂိရတ် ဧဒင်ချီ ဝိညာဥ်မှာလည်း တဟုန်းဟုန်း တောက်လောင်နေ၏။ ထိုမှော်ဆေးလုံးများကို ဖန်တီးရန် အတွက် သူ စွမ်းအင် များစွာကို အသုံးပြုခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး၌ အခြား ဝိညာဥ်များက အချောင်ဝင်စား သွားခဲ့သည်။ သူ၏ အားထုတ်မှုများက အခြားလူများ အတွက် ရည်ရွယ်ခဲ့သယောင်ပင် ဖြစ်နေခဲ့သည်။
အဂ္ဂိရတ် ဝိညာဥ်မှာ အသိစိတ် ပင်လယ်ထဲမှ ထွက်ကာ အခြားသူများကို ကိုက်ပစ်ချင်နေခဲ့သည်။ ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိရာ ငိုအားထက် ရယ်အားသန်သွားခဲ့ရ၏။ မည်သို့ပင် ဆိုစေ ဖြစ်ပြီးတာက ပြီးသွားပြီ ဖြစ်သည်။ သူ နဂါးနှင့် ဆန်းကြယ် ဝိညာဥ်များ၏ တိုးတက်မှုကို စစ်ဆေးကြည့်လိုက်၏။
ပုံမှန်အားဖြင့် ဆိုပါက ကြယ်တာရာ ကမ်းပါးငှက် အခြေခံ ဆေးလုံး တစ်လုံးလျှင် ချီအမတေ အမှုန် ဆယ်ခုကို ဖန်းတီးနိုင်သည်။ သို့သော်လည်း သူ ဖန်တီးလိုက်သည့် ဆေးများမှာ အဆင့်နိမ့် အလွှာတွင်သာ ရှိသေးရာ ခုနစ်ခု လောက်ကိုသာ ဖန်တီးနိုင်ပေလိမ့်မည်။ ထိုနှုန်းအတိုင်း ဆိုလျှင်ပင် ဆေးလုံး ၄၈ လုံးကို ချီအမတေ အမှုန် ၃၃၈ ခုတော့ ရှိသင့်သည်။
စိတ်ကူးယဥ်ရသည်မှာ လွယ်ကူသော်လည်း လက်တွေ့မှာမူ ခြားနားလှ၏။ အရေအတွက်မှာ ၃၃၈ ကို မကပ်ရုံသာ မက အတော်လေးပင် ကွာခြားနေခဲ့သည်။
ဆန်းကြယ် ဆေဘာဝိညာဥ် ချီအမတေ အမှုန် ၁၃ ခု...
ဆန်းကြယ် ဒြပ်စင် ဝိညာဥ် ချီအမတေ အမှုန် ၆ ခု...
နဂါးသွေး ဝိညာဥ် ချီအမတေ အမှုန် ၄ ခု...
ဝေ့ဝူယင်ကို အံ့အားသင့်စေသည့် အချက်ကား ဆန်းကြယ် ဒြပ်စင် ဝိညာဥ်မှာ ဆေးလုံး ၄၈ လုံးထဲမှ တစ်ဝက်ခန့်ကို စားသောက်ခဲ့သည့်တိုင် တိုးတက်မှု နှေးနေခြင်း ဖြစ်သည်။ နဂါးသွေး ဝိညာဥ်မှာလည်း ဒုတိယ အများဆုံး စားသောက်ခဲ့ပြီး ချီအမတေ အမှုန် ၄ ခုကိုသာ ဖန်တီးနိုင်ခဲ့သည်။
ဆေဘာဝိညာဥ်မှာမူ အခြားနှစ်ခုထက် နည်းပါးစွာ စားသောက်ခဲ့သည့်တိုင် အများဆုံး ဖန်တီးနိုင်ခဲ့သည်။ ဆေဘာ ဝိညာဥ်၏ တိုးတက်မှုနှုန်းကို ဝေ့ဝူယင် ကျေနပ်နေမိ၏။ ထိုအရာက ဆေဘာဝိညာဥ် အတွက် သူ ပိုက်ဆံ သိပ်ကုန်ရန် မလိုဟု ဆိုလိုပေသည်။
ဝေ့ဝူယင် နောက်ဆုံး အဂ္ဂိရတ် ဝိညာဥ်ကို ကြည့်လိုက်သည်။ ၎င်းသည် ချီအမတေ အမှုန်တစ်ခုကိုပင် မဖန်တီးရသေးချေ။
ဝေ့ဝူယင် မည်ကဲ့သို့ ပြုလုပ်သင့်သနည်း စဥ်းစားနေစဥ်မှာပင် အဂ္ဂိရတ် ဝိညာဥ်မှာ စိတ်မထိန်းနိုင်တော့ဟန်ဖြင့် အသိစိတ်ပင်လယ်ထဲမှ ထွက်ခွာကာ ထျန်းတျန် အတွင်း ဝင်ရောက်သွား၏။ ထို့နောက် စားသောက်နေဆဲ ဖြစ်သည့် ဆန်းကြယ် ဝိညာဥ် နှစ်ခုကို ဆွဲထုတ်လာသည်။ ဝိညာဥ် နှစ်ခုမှာ လန့်ဖျန့် သွားကြသော်လည်း တုန့်ပြန်နိုင်စွမ်း မရှိပဲ တရွတ်တိုက်ပါလာ၏။
အဂ္ဂိရတ် ဝိညာဥ်ထံမှ အကိုင်းအခက် နှစ်ခုမှာ လျှင်မြန်စွာပင် ဖြန့်ကျက် ထွက်ပေါ်လာ၏။
ဖျန်း... ဖျန်း...
ထို့နောက် သူက ထိုအကိုင်းများဖြင့် ဆန်းကြယ် ဝိညာဥ် နှစ်ကောင်ကို ရိုက်နှက်လေတော့သည်။
***