ပြန်လည် ဆုံစည်းခြင်း
Vol. 9 Ch. 116
ဝေ့ဝူယင်၏ မျက်လုံးများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပြူးကျယ်နေ၏။ သူသည် ကမ္ဘာကြီး ပြောင်းပြန်လှန် သွားသလိုပင် ခံစားလိုက်ရသည်။ သူ၏ ဝိညာဥ်များ၌ ကိုယ်ပိုင် ဉာဏ်ရည်ရှိကြောင်းကို သူ သိထားသည်။ သို့သော်လည်း ဘယ်တုန်းက ထိုမျှ အထိ ထက်မြက်လာရသနည်း။
အဂ္ဂိရတ် နှလုံးသားသည် နဂါးသွေး နှလုံးသားကိုတော့ မထိချေ။ အဘယ်ကြောင့် မထိသည်ကို ဝေ့ဝူယင် မသိချေ။ နောက်ဆုံးမှ ဖြစ်တည်လာသည့် အငယ်လေးမို့ အလိုလိုက်ထားခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့အပြင် ဝိညာဥ် သုံးခုစလုံးကို အပြင်သို့ ဆွဲထုတ်ပါက ချီသွေဖည်မှု ဖြစ်ပွားနိုင်သည်ကို သိထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဆန်းကြယ် ဝိညာဥ်နှစ်ခုမှာ သူတို့ လွန်ကဲသွားကြောင်းကို ရိပ်မိ၍ ထင်သည်။ ကုပ်ဖေးဖေးဖြင့် ဘာမျှ ပြန်လုပ်ခြင်း မပြုပဲ ငြိမ်ခံနေ၏။ အမှန်တကယ်အားဖြင့် အဂ္ဂိရတ် ဝိညာဥ်၏ ရိုက်နှက်မှုမှာလည်း သူတို့အား မည်သို့မျှ ထိခိုက်စေလိမ့်မည် မဟုတ်ချေ။
တစ်ခဏ ကြာပြီးနောက်၌ အဂ္ဂိရတ် ဝိညာဥ်မှ ကျေနပ်သွားဟန် တူသည်။ နှာမှုတ်သံ တစ်ချက်ပေးကာ အသိစိတ် ပင်လယ်ထဲသို့ ပြန်လည် ဝင်ရောက်သွား၏။ ဆန်းကြယ် ဝိညာဥ် နှစ်ကောင်မှာလည်း ခပ်ယို့ယို့ဖြင့် ထျန်းတျန် အတွင်း ပြန်လည် ဝင်ရောက်သွားသည်။
“ဟား... ဟား...”
ဝေ့ဝူယင် အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူ လက်ထဲရှိ ဆေးကိုးလုံးကို သေချာစွာ သိမ်းဆည်းကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အဆင့်ခုနစ် မှော်ဆေလုံးများကို ဖန်တီးသည့် အခါမျိုး၌ အမျိုးမျိုးသော သဘာဝလွန် ဖြစ်ရပ်များ ဖြစ်ပွားတတ်သည်။ အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံး မြူနှင်းများ ထူထပ် အုံ့စိုင်းစွာ ကျရောက်လာတတ်ခြင်း ဖြစ်၏။ သူ ဆေးဖော်စပ်ပြီးသည်မှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် မြူများမှာမူ ကျိုးတိုးကျဲတဲ ကျန်ရှိနေဆဲ ဖြစ်၏။
ဝေ့ဝူယင် စွမ်းအင်တားဆီးခြင်း အစီအရင်များကို ပြန်လည် ရုပ်သိမ်းလိုက်၏။ သူ အကြောတစ်ချက် ဆန့်ရင်း အညောင်းအညာ ဖြေလိုက်သည်။ အဂ္ဂိရတ်ဧကရာဇ် တစ်ပါး ဖြစ်လာခြင်း အတွက် သူ့ကိုယ်သူ မည်ကဲ့သို့ ဆုချသင့်သနည်း။
“ငါ ကျိုးနင် ဖြစ်ဖြစ် တိုင်ဖေး ဖြစ်ဖြစ် တစ်ယောက်ယောက်ကို ခေါ်လာခဲ့လိုက်သင့်တာ”
ဝေ့ဝူယင်၏ နှလုံးသားမှာ မီးတောက် တစ်ခုဖြင့် ပူလောင်လာခဲ့၏။ သူ မိန်းမများနှင့် မထိတွေ့ခဲ့ရသည်မှာ လချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် လူတစ်မျိုး ဖြစ်၏။ အမိန့်တစ်ချက် ပေးရုံဖြင့် စိတ်ကြိုက်ပျော်ပါး၍ ရသည့် လက်အောက်ငယ်သား မိန်းမငယ်လေးများ ရှိသော်လည်း ကာမ ဆန္ဒတစ်ခုတည်း အတွက် ထိုကဲ့သို့ ဖိအားပေး၍ ကျူးလွန်ခြင်းမျိုးကို သူ မနှစ်သက်ချေ။
သူနှင့် ကျိုးနင်မှာ အပြန်အလှန် အကျိုးကျေးဇူးများ အတွက် နှစ်ဦး သဘောတူ အိပ်ခဲ့ခြင်း ဖြစ်ကာ တိုင်ဖေးမှာမူ သူမကိုယ် သူမ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် မေ့မေ့၊ ရှင်းဖူနှင့် ပိုင်ဖေးတို့ကို ပြန်လည် မြင်ယောင် လာမိခဲ့၏။ ထိုမိန်းကလေးများနှင့် ပတ်သက်၍ ကာလများ၌ သူ အမှန်တကယ် ကျေနပ် ပျော်ရွှင်ခဲ့ရဖူးသည်။
“အရှင်ဝေ့...”
ထိုအချိန်တွင်ပင် ချိုသာသော အသံတစ်သံ ထွက်ပေါ်လာ၏။ ဝေ့ဝူယင် လှည့်ကြည့်လိုက်ရာ သူ့ထံ လျှောက်လာနေသည့် စုမေ့ကို တွေ့မြင်လိုက်ရသည်။
“နင်ရဲ့ အခြေခံ အုတ်မြစ်က ခိုင်မာသွားပြီပဲ...”
ဝေ့ဝူယင် ပြုံးကာ အသိအမှတ် ပြုလိုက်၏။ ချီပျစ်ခဲခြင်း အဆင့်ခြောက်တွင် အခြေကျသွားပြီ ဖြစ်ရာ ချီနှလုံးသားကို သူမ ရွေးချယ်ရတော့မည် ဖြစ်သည်။ သို့မှသာ အဆင့်ခုနစ် မြင့်မြတ်သောချီ အဆင့်ကို ဆက်လက် တက်လှမ်းနိုင်ပေလိမ့်မည်။
“ချီနှလုံးသား အတွက်ရော နင် ဆုံးဖြတ်ပြီးပြီလား”
“ဆေဘာချီ နှလုံးသား...”
စုမေ့က ပြတ်ပြတ်သားသားပင် ဆိုလိုက်၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူမသည် အလင်းအမှောင် လမ်းစဥ်ကို လိုက်စားနေရာ ဆေဘာချီ နှလုံးသားမှာ သင့်တော်သည်။ ထို့အပြင် သူ ကိုယ်တိုင်မှာလည်း ဆေဘာချီ နှလုံးသားကို ဖွဲ့စည်းထားရာ ကူညီ၍ ရသည်။ ဝေ့ဝူယင် စုမေ့ကို ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အကြံဉာဏ် အချို့ ပေးရန် ပြင်လိုက်၏။
သို့သော်လည်း ရုတ်ချည်းပင် သူ၏ မျက်လုံးများက အရောင်ပြောင်းသွား၏။ သူ မြောက်အရပ်တည့်တည့်ကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါ ပြန်လာခဲ့မယ်...”
စကားဆုံးသည်နှင့် ဝေ့ဝူယင်မှာ အရိပ်တစ်ခု အလား ပျောက်ကွယ်သွားတော့၏။ စုမေ့မှာ အနည်းငယ် ရင်တုန်သွားသည်။ သေမျိုး နတ်ဘုရား တစ်ပါး၏ အာရုံခံစားမှုဖြင့်ပင် ဝေ့ဝူယင်၏ လားရာ အရပ်ကို သူမ မမြင်နိုင်ခဲ့သည် မဟုတ်ပါလား။
ဝေ့ဝူယင်မှာ အလွန် လျှင်မြန်လွန်းသည်။ သူသည် တော်ဝင် နန်းတော် အတွင်းရှိ အမျိုးမျိုးကို ဝိညာဥ် အစီအရင်များကို မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဖြတ်သန်းကာ အပြင်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ အကြည့်များမှာ လမ်းမများ ထက်သို့ ရောက်ရှိသွား၏။ သူ၏ မျက်လုံးများက ထက်ရှကာ သတ်ဖြတ်လိုသော ဆန္ဒတို့ဖြင့် တောက်ပနေသည်။
“ကျူးလန်...”
ထိုမိန်းမ၏ အငွေ့အသက်ကို သူ ကောင်းစွာ မှတ်မိသည်။ အမှတ် မမှားနိုင်ချေ။ သူမ၏ ထူးခြားသော သစ်သား အမတေနှင့် ယင်စွမ်းအားတို့မှာ လွယ်လွယ် မေ့ဖျောက်ပစ်နိုင်သော ဖြစ်တည်မှုမျိုး မဟုတ်ချေ။
"ဒါပေမဲ့ သူ့ကို အယ်ဗန်မျိုးနွယ်တွေက ကျွန်ပြုနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ သူ့ အငွေ့အသက် ထွက်ပေါ်လာရတာလဲ”
ဝေ့ဝူယင်၏ သတ်ဖြတ်လိုစိတ်မှာ ပို၍ တိုးပွားလာခဲ့၏။ နေသွေးနီနီဂိုဏ်းတွင် ရှိစဥ်က သူမသည် သူ့အား ဒုက္ခများစွာ ပေးခဲ့သည်။ လုပ်ကြံသူများ စေလွှတ်ခဲ့သည်။ ကောလဟာလ ပေါက်ကရ သတင်းမျိုးစုံ ထုတ်လွှင့် ခဲ့သည်။
အငွေ့အသက် မြစ်ဖျားခံလာသည့် နေရာကို ဝေ့ဝူယင် တိတ်တဆိတ် လိုက်သွားခဲ့သည်။ ဖြည်းညင်းစွာ လမ်းလျှောက်ရင်း အရက်စက်ဆုံး နည်းလမ်းများကို သူ စဥ်းစားနေမိခဲ့၏။ သူမကို ပြည့်တန်ဆာခန်း တစ်ခုကို ပို့ကာ ယောက်ျားတကာနှင့် ပျော်ပါးခိုင်းလျှင် မည်သို့ ရှိမည်နည်း။
လမ်းသွယ်တစ်ခုသို့ ရောက်လာသော အခါ မျက်နှာကို ဇာပုဝါဖြင့် အုပ်ထားသော မိန်းမငယ်လေး တစ်ဦး ကျောပေး ရပ်နေသည်ကို ဝေ့ဝူယင် တွေ့လိုက်ရသည်။ သူက လက်သီးကို တင်းတင်းဆုပ်လိုက်ရာ တဖျိုးဖျိုး တဖျောက်ဖျောက် အသံများပင် ထွက်ပေါ်လာလေ၏။
“ရှင် ဘာလို့ ကျွန်မနောက်ကို လိုက်နေရတာလဲ”
သဘာဝတရားတို့၏ စည်းနှောင်မှုနှင့် အတူ ချိုသာ ကြည်လင်နေသော အသံလေးတစ်ခုမှာ သူ၏ နားစည်ထဲသို့ တိုးဝင်လာ၏။
"ဟမ်...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအသံက သူ၏ မနက်ပေါင်းများစွာကို အမုန်းတရားဖြင့် နိုးထစေခဲ့ဖူးသည့် မိန်းမ၏ အသံမဟုတ်။ ကျူးလန်၏ အသံမဟုတ်။ ဆယ်စုနှစ် တစ်ခုကျော် ကြာပြီးနောက်၌ သူမ၏ အသံက ပြောင်းလဲသွားခဲ့သည်လား။
“ရှင် ကျွန်မကို အန္တရာယ် ပြုမလို့လား”
မိန်းကလေး၏ အသံမှာ လုပ်ကြံဖန်တီးခြင်းမျိုး မပါရှိပဲ သဘာဝ အတိုင်း ချစ်ဖို့ကောင်းနေ၏။ ထိုမေးခွန်းက အမုန်းတရားဖြင့် ပူလောင်နေသော ဝေ့ဝူယင်၏ နှလုံးသားကို သမုဒ္ဒရာထဲ ပစ်ချလိုက်သလိုပင်။
သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျင့်ကြံခြင်း လောက၌ နာမည်တူ မရှား၊ လူတူ မရှားသလို အရောင်အဝါတူခြင်းမျိုးလည်း မရှားပါးလှချေ။ ကျင့်စဥ်တစ်ခုတည်းကို ကျင့်ကြံသည့် လူနှစ်ယောက်၏ အငွေ့အသက်များမှာလည်း တူညီနိုင်ပေသည်။
အရှေ့ရှိ မိန်းကလေးကို သေချာစွာ စစ်ဆေးလိုက်သော အခိုက်၌ ထိုအရာက အမှန်တရား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမသည် ကျူးလန် မဟုတ်ချေ။
“တောင်းပန်ပါတယ်... ကျုပ် လူမှားသွားလို့”
သူ၏ အသံက တည်ငြိမ်နေ၏။ သို့သော်လည်း စိတ်ပျက်အားလျော့မှု အငွေ့အသက် အချို့ ပါရှိနေသည်။ စိတ်ခွန်အား ပိုမို တိုးတက်လာအောင် ကြိုးစားသင့်သည်ဟု ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ အနည်းဆုံး ကျူးလန်ကို သတ်ဖြတ်လိုစိတ်ကြောင့် သူ ပူလောင်ခဲ့ရသည်။ တစ်ချက်ပင် မစဥ်းစားပဲ တော်ဝင် နန်းတော်အပြင်သို့ ထွက်ခွာလာခဲ့သည်။ အကယ်၍ ထိုအရာကသာ ထောင်ချောက်တစ်ခု ဆိုပါက သူ ကျိန်းသေ ကျရောက်သွားပေလိမ့်မည်။
“လူမှားတာ...”
အသံမှာ အနည်းငယ် အံ့အားသင့်သွားဟန် ရ၏။ ထို့နောက် သူမက ဝတ်ရုံအောက်တွင် ဖုံးကွယ် ကိုင်ဆောင်ထားည့် လက်နက်ကို သိမ်းဆည်းကာ နောက်သို့ လှည့်လာသည်။
မိန်းကလေးသည် မျက်နှာတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဇာပုဝါတစ်ခုကို ဝတ်ဆင်ထားသော်လည်း မြစိမ်းရောင် ဆံပင်များနှင့် မျက်လုံးများကို ဝေ့ဝူယင် သေချာစွာ မြင်တွေ့နေရသည်။
“မင်းက...”
ဝေ့ဝူယင်၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွား၏။ ဇာပုဝါအောက်၌ မိန်းကလေးမှာ မျက်မှောင်ကြုတ် လိုက်သည်။ သူမသည် တိုက်ပွဲဝင်ရန် ပြန်လည် အဆင်သင့် ပြင်လိုက်သည်။
“မင်းက...”
ဝေ့ဝူယင် မိန်းကလေးကို ကြည့်ရင်း ထပ်မံ ရေရွတ်လိုက်၏။ ဟောင်းနွမ်းသော အတိတ်ကာလတစ်ခု၌ သူမကြောင့် နေသွေးနီနီဂိုဏ်းထံ ကပ်ဘေးကြီး တစ်ခု ကျရောက် လာခဲ့ဖူးသည်။ ကံကောင်းစွာပင် ဝေ့ဝူယင်၏ သတိပေးချက်ကြောင့် ထိုကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့သည်။ အကယ်၍ အနက်ရောင် အရိုးစုနှင့်သာ မတွေ့ဆုံခဲ့ပါက ယခုအချိန် မည်ကဲ့သို့ ဖြစ်နေမည်နည်း။
ကြီးကျယ်ခမ်းနားသော နေသွေးနီနီဂိုဏ်းလည်း ပျက်စီးသွားလောက်ပြီ။ သူ ကိုယ်တိုင်သည်လည်း သေဆုံးသွားလောက်ချေပြီ။ သူ့အား သတ်ဖြတ်ခဲ့သည့် အနက်ရောင် ဝတ်စုံဝတ် လူကို ဝေ့ဝူယင် ပြန်လည် မြင်ယောင်လာမိ၏။ ကပ်ဘေးအတွင်း၌ သူသည် ကျူးလင်၏ လက်ကို ဆွဲကာ သူမအား ကာကွယ်ပေးခဲ့သည်။ ကြားထဲတွင် မည်သည့် အကြောင်းအရာများ ဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း ကြီးစွာသော အမုန်းတရားများ ကြားမှ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းကိုမူ သူ ယခုထိ အဖြေထုတ်၍ မရခဲ့ချေ။
ဝေ့ဝူယင် အတွေးများမှ ပြန်လည် နိုးထလာခဲ့၏။ သူ မြစိမ်းရောင် မျက်ဝန်းများနှင့် မိန်းကလေးကို နောက်တစ်ဖန် ပြန်ကြည့်လိုက်သည်။ ကျူးလန်သည် ထိုမိန်းကလေး၏ နှလုံးသားသွေး အမတေများကို ခိုးယူကာ ကိုယ်ပိုင် ကျင့်ကြံခြင်းတွင် အသုံးပြုခဲ့ဖူးသည်။ သူတို့ နှစ်ယောက်၏ အငွေ့အသက်များ တူညီနေသည်က အံ့အားသင့်စရာ မရှိတော့ချေ။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။
“တောင်းပန်ပါတယ်... ကျုပ် နာမည်က ဝေ့ဝူယင်ပါ... နေသွေးနီနီဂိုဏ်းမှာတုန်းက အဖြစ်အပျက်တွေကြောင့် မင်းကို မှတ်မိနေတာပါ”
ဇာပုဝါအောက်ရှိ မိန်းကလေး၏ မျက်လုံးများက အရောင်ပြောင်းလဲသွား၏။
“ဝေ့ဝူယင်... ရှင်က ကျွန်မကို ကယ်ခဲ့တဲ့ တစ်ယောက်လား”
သူမ၏ အသံက သေခြင်းတရားမှ ရှင်သန်ထမြောက်လာသူ တစ်ယောက်ကို မြင်ရသည့် အလား အံ့အားသင့်ခြင်းတို့နှင့် ပြည့်နှက်နေသည်။
“ဟဟ... အဲ့လိုပြောလို့လည်း ရပါတယ်”
ဝေ့ဝူယင်က ခေါင်းကို အနည်းငယ် ကုတ်ရင်း ဆိုလိုက်၏။ မိန်းကလေးမှာ စိတ်လှုပ်ရှားလာသော ပုံစံဖြင့် အနည်းနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ထို့နောက် သူမက ကိုယ်ကို အနည်းငယ် ယို့ကာ ဦးညွှတ်လိုက်၏။
“ကျေးဇူးတင်ပါတယ်”
ဝေ့ဝူယင်မှာ သူမ၏ ကျေးဇူးတင်မှုကို ငြင်းဆိုခြင်း မပြုချေ။ သူက ပြုံးလိုက်၏။
“ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”
***