ဒါအဓိပ္ပာယ်ရှိတယ်
Vol. 9 Ch. 130
လျန့်ယိုရှောင်ကလည်း ထိုကိစ္စကို တွေးနေတာ ဖြစ်သည်။ ဒီလိုပျော်ဖို့ကောင်းတဲ့ကိစ္စကို ဘယ်လိုလုပ် နှောင့်နှေးစေလို့ရမလဲ။
ဒါ့အပြင် ရှစ်ချင်းလျို့က ရိုးရှင်းသည့် အမျိုးသမီး မဟုတ်ကြောင်း သူပြောနိုင်သည်။
သူမ ဖွင့်ခဲ့တဲ့ အလုပ်ရုံတွေ၊ ဖန်တီးခဲ့တဲ့ ပစ္စည်းတွေ သို့မဟုတ် သူမရဲ့ ဉာဏ်ကောင်းပြီး ကောက်ကျစ်သည့် ဦးနှောက်တို့ ဖြစ်သည်။
အကယ်၍ သူသာ သူ့မိသားစုရဲ့ အချုပ်အနှောင်တွေကနေ ဝေးဝေးထွက်သွားပြီး သူကြိုက်တာလုပ်ပြီး အောင်မြင်မှု ရယူချင်ပါက ရှစ်ချင်းလျို့နှင့် ပူးပေါင်းဖို့လိုသည်။
သူတို့က အတူရှိတာ မကြာသေးသော်လည်း ရှောင်ဟန်ကျန့်ကလည်း ရိုးရှင်းသည့်လူ မဟုတ်ကြောင်း သူပြောနိုင်သည်။
မမျှော်လင့်ထားတာတွေ ဘာမှဖြစ်မလာပါက ရှောင်ဟန်ကျန့်ရဲ့ အနာဂတ်က အကန့်အသတ်မဲ့နေသည်။
အခု ရှောင်ဟန်ကျန့်နှင့် မိတ်ဆွေဖွဲ့ပြီး နက်ရှိုင်းသည့် ဆက်ဆံရေးတည်ဆောက်တာဟာလည်း ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။
ဒီကိစ္စကို အသုံးချပြီး ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်နှင့် ပူးပေါင်းရန်အတွက် သူ့ရဲ့ ရိုးသားစစ်မှန်မှုကို ဖော်ပြနိုင်သည်။
ခဏလောက်တွေးပြီးနောက် သူ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။ "ဟုတ်ပြီ ငါ့မှာ အကြံရှိတယ်။"
ရှစ်ချင်းလျို့က သူ့ကိုကြည့်ကာ သိချင်စွာ မေးခဲ့သည်။ "ဘာအကြံလဲ။"
လျန့်ယိုရှောင်က ပြောလိုက်သည်။ "ရှီလွေ့ဆီ လူတစ်ယောက်လွှတ်ပြီး မင်းအကြံတွေကို ပြောပြလိုက်မယ်။"
ရှစ်ချင်းလျို့က မေးလိုက်သည်။ "ရှီလွေ့က ဘယ်သူလဲ။"
ပိုအရေးကြီးတာက ဒီကိစ္စက ရှီလွေ့နဲ့ ဘာဆိုင်လို့လဲ။
ရှောင်ဟန်ကျန့်က ရှီလွေ့ကို သိတာကြောင့် သေချာတွေးနေသည်။
သူ့အတိတ်ဘဝတုန်းက ရှီလွေ့နှင့် သူ့ဆန်ကုန်မြေလေးအဖေက အချင်းချင်း အဆက်အဆံ မရှိသလို အမုန်းတရားလည်း မရှိပေ။
သူ မသိတာ တစ်ခုခုများ ဖြစ်သွားသေးတာလား။
လျန့်ယိုရှောင်က ပြန်ဖြေလိုက်သည်။ "ပြည်သူအုပ်ချုပ်ရေးစံအိမ်က အလိုလိုက်အခံရဆုံး သခင်လေး ရှီလွေ့၊ မြို့တော်က နံပါတ်တစ် လူပေါ်ကြော့လူချမ်းသာလေး၊ သူ့အန်တီကြီးက ဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးလေ၊ သူက အိမ်မှာ အလိုလိုက် အခံရဆုံးပဲ၊ ဟိုတုန်းက ရှောင်မိသားစု မြို့တော်ကို သွားတုန်းက ရှောင်မိသားစုက ရှီလွေ့နဲ့ ကတောက်ကဆဖြစ်ပြီး ရှောင်မိသားစုက ရှီလွေ့ကို ပါးရိုက်ခဲ့တာ၊ ရှောင်ယွမ်ရှစ်က ပြည်သူ့အုပ်ချုပ်ရေးစံအိမ်ကို လူလွှတ်ပြီး တောင်းပန်ခဲ့ပေမယ့် ရှီလွေ့က ရှောင်မိသားစုကို အခဲမကျေဖြစ်နေတုန်းပဲ၊ တစ်ခါက ရှောင်မိသားစုက မြို့တော်တရားရုံးကို သွားတိုင်ခဲ့ပေမယ့် အဲ့က မစုံစမ်းပေးချင်ခဲ့ဘူး၊ အဲသတင်းကို ရှီလွေ့ကြားသွားတော့ စံအိမ်ပြန်ပြီး မျိုးနွယ်စုခေါင်းဆောင်အမျိုးသမီးကို အကူအညီသွားတောင်းခဲ့တော့ အဲကိစ္စကို သူ့အဖေက ကူညီပေးခဲ့တယ်။"
ဒီလို မတော်တဆမှုမျိုး ဖြစ်ခဲ့လိမ့်မည်ဟု ရှစ်ချင်းလျို့ မထင်မိခဲ့ပေ။
ရှောင်မိသားစုရဲ့ ပြဿနာကောင်တွေက အခု ကောင်းကောင်းလုပ်ဆောင်နေရုံသာမက မြို့တော်ကို ပထမဆုံးရောက်ခဲ့သည့်အခါမှာပဲ အာဏာကြီးနေပြီဖြစ်သည်။
"ငါတို့က ရှီလွေ့ကို လုပ်ခိုင်းရမှာလား၊ ဒီလိုဆိုရင် စစ်သူကြီးရှောင်က ရှီလွေ့ကို အရမ်းမုန်းပြီး သူ့ကို လက်စားချေမှာ မဟုတ်လား။"
ဒီကိစ္စသာ ပေါ်သွားရင် ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက ကြိုးကိုင်သူကို သိသွားပြီး သူ့ကို အသေမုန်းနေလိမ့်မည်။
သူ့ဆန်ကုန်မြေလေးအဖေက သူ့နစ်နာမှုနှင့် ဂုဏ်သိက္ခာအတွက် သူ့ရဲ့ ဗီဇအရ ထိုလူ ကမ္ဘာမြေပေါ်က မထွက်မသွားမချင်း ရပ်တန့်မည် မဟုတ်ပေ။
သူ့ဆန်ကုန်မြေလေး အဖေကို အရူးလုပ်ချင်သော်လည်း တခြားတစ်ယောက်ကို သူနဲ့အတူ ဆွဲမချချင်သလို ရန်သူကြီးလည်း မလိုချင်ပေ။
လျန့်ယိုရှောင်က ထိုစကားကြားတော့ ရှစ်ချင်းလျို့က အနာဂတ်ပူပေါင်းဆောင်ရွက်မှုအတွက် ရှိသင်သည့် မိတ်ဆွေဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူမက ကောက်ကျစ်စဥ်းလဲသည့် အမျိုးသမီးဆိုပေမယ့် အကန့်အသတ်ရှိသည်။
သူမက ကောက်ကျစ်စဥ်းလဲသည့်လူကိုသာ ပြန်ပြီး ကောက်ကျစ်စဥ်းလဲတာ ဖြစ်သည်။
သူမရဲ့ လုပ်ဆောင်ချက်တွေက ရွာသားတွေရဲ့ ဘဝတွေကို တစ်နေ့ချင်း တိုးတက်စေချင်တာ ဖြစ်သည်။
ဒါက သူမ၏ ရပ်တည်ချက် ဖြစ်သည်။
ဥပမာအားဖြင့် သူက မုန့်ချိုခဲတွေနှင့် နွားနို့သကြားလုံးတွေ အကုန်ဝယ်ချင်ခဲ့ပေမယ့် သူမက သဘောမတူခဲ့ပေ။
သူမက လူတိုင်းကို ဒီသကြားလုံးတွေကို စားစေချင်တာ ဖြစ်သည်။
သူမရဲ့ အတွေးတွေကို တော်တော်လေး နားမလည်နိုင်သော်လည်း သူမကို လေးစားသည်။
သူက ပြုံးကာ ပြောခဲ့သည်။ "ရှီလွေ့နဲ့ရှီမိသားစုက မကြောက်ဘူး၊ ရှီလွေ့က ရှောင်မိသားစုကို အပြစ်ပေးချင်နေပေမယ့် အခွင့်မကြုံဘူးဖြစ်နေတာ၊ ပြီးတော့ ဒါက ရှောင်ယွမ်ရှစ်ကို ကိုင်တွယ်ဖို့ လူတစ်ယောက်ရှာရုံပဲကို၊ မခက်ပါဘူး။"
သူက ပြုံးခဲ့သည်။ "ကောက်ကျစ်စဥ်းလဲတဲ့ ဝါသနာလို့ပဲ သဘောထားပါတော့၊ ရှောင်ယွမ်ရှစ်က ဘာလုပ်နိုင်မှာလဲ၊ ရှီမိသားစုကို သတ်ပြီး ရှီလွေ့ကို ဖျက်စီးမှာလား၊ သူသာ လုပ်ရဲမယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးမှူးက သူ့ကို အရင်သတ်လိမ့်မယ်၊ မိဖုရားခေါင်ကြီးက အလွယ်တကူ အနိုင်ယူလို့ရတဲ့လူ မဟုတ်ဘူးလေ။"
ရှောင်ယွမ်ရှစ်သာ မရူးပါက သူက ဒီအရှက်ကွဲမှုကို ခံစားပြီး မကျေနပ်မှုတွေကို မျိုသိပ်ထားလိမ့်မည်။
သူအနာဂတ်မှာ လက်စားချေမည်ဆိုရင်တောင် ရှီမိသားစုက ကြောက်မည်လား။
"ရှီလွေ့ မပြောနဲ့။ ငါတောင် လုပ်ရဲတယ်။"
သူမိသားစုကလည်း အကြီးတန်း ပြည်သူ့အုပ်ချုပ်ရေးမှူး သုံးယောက်ထဲက တစ်ယောက် ဖြစ်သည်။
သူတို့က ရှီလွေ့မိသားစုလို မိဖုရားခေါင်ကြီးရဲ့ ထောက်ပံ့မှု မရှိသော်လည်း တပ်သားပေါင်းများစွာရဲ့ တာဝန်ခံဖြစ်ကာ အာဏာပိုကြီးသည်။
သူ့အဖိုးက ထိပ်တန်းအဆင့်မြင့်အရာရှိထဲက တစ်ဦး ဖြစ်သည်။
အရင်တုန်းက သူက အညတရလေးဖြစ်ပြီး အာသာချက်ကြောင့် အမြင့်ရောက်ခဲ့သည်။
ဘုရင်အသစ် ထီးနန်းတက်တော့ သူက ဘုရင်ကြီးဆီ သူ့ရဲ့ စစ်တပ်အာဏာကို အရင်ပြန်အပ်ခဲ့သည်။
သို့ပေမယ့် ဘုရင်အသစ်က သူ့ကို ယုံကြည်ကာ သူတို့မိသားစုရဲ့ တပ်အာဏာကို ပြန်မသိမ်းယူခဲ့ပေ။
သူတို့တွေက စစ်မှန်သည့် မျိုးရိုးမြင့်တွေ ဖြစ်တာကြောင့် နောက်ပေါက်လေး ရှောင်ယွမ်ရှစ်ကို သဘောမကျပေ။
ပျော်နေရင် အတူတူခေါ်မယ်။
မပျော်ရင် ဘယ်သူက အတူတူခေါ်မှာလဲ။
ရန်သူတွေဖြစ်ဖို့ မရွေးချယ်ခဲ့ပါက ပိုကောင်းသည်။
"ဘာပဲဖြစ်ဖြစ် ရှီလွေ့က မြို့တော်မှာ ရှောင်မိသားစုကို မကျေနပ်တာကို ဖော်ပြခဲ့ပြီး သူတို့ခံစားရအောင် လုပ်ချင်နေတယ်။"
ထို့ကြောင့် သူ့ထက်စာရင် ဒီကိစ္စကို ရှီလွေ့လုပ်ဖို့ ပိုသင့်လျော်သည်။
လျန့်ယိုရှောင်ရဲ့ စကားကိုနားထောင်ပြီးနောက် ဒီလူက ခေါင်းပုံဖြတ် အမြတ်ကြီးစားဖို့ အလားအလာရှိကြောင်း ရှစ်ချင်းလျို့က တွေးလိုက်သည်။
"ရှီလွေ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာလား။"
မဟုတ်ရင် ဘယ်လိုလုပ် ခိုင်းနိုင်မည်နည်း။
လျန့်ယိုရှောင်က ခပ်ဖွဖွ ရယ်ခဲ့သည်။ "ငါတို့ ငယ်ငယ်ကတည်းက ခဏခဏ အတူတူ ကစားကြတာ။"
သူက သောက်စား၊ ပျော်ပါးရတာကြိုက်သည့် လူပေါ်ကြော့သူဌေးသားလေးအဖြစ်လည်း မြို့တော်မှာ နာမည်ကျော်သည်။
ရှစ်ချင်းလျို့က ခဏလောက် အသံတိတ်သွားခဲ့သည်။
"ရှင်က ရှင့်သူငယ်ချင်းကောင်းကို လှည့်စားနေတာသူသိလား။"
သူမ စကားကိုကြားတော့ လျန့်ယိုရှောင်က နှာခေါင်းပွတ်လိုက်သည်။ "ဘယ်မှာ လှည့်စားလို့လဲ၊ သူက ရှောင်ယွမ်ရှစ်ကို သဘောမကျတာကြာပြီလေ၊ ငါက ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြံလေး ပေးပြီး ကူညီလိုက်ရုံပါ၊ ဘာမှမဟုတ်ဘူး၊ ဒါ့အပြင် မြို့တော်က မျိုးရိုးမြင့်တွေက အရမ်းပျင်းရိနေတာ၊ သူတို့ စိတ်လှုပ်ရှားစရာ ကောင်းတာလေးတွေ လုပ်ရတာ ကြိုက်မယ်ဆိုတာ သေချာတယ်။"
သူက ထပ်ပြောခဲ့သည်။ "အရင်တုန်းကဆိုရင် သူက မင်းသမီးရဲ့ ဆံပင်ကို မီးရှို့တာမျိုးတောင် လုပ်ခဲ့ဖူးတယ်၊ အဲတော့ ရှောင်ယွမ်ရှစ်ကို အကောက်ကြံတာ ဘာဖြစ်လဲ။"
ရှစ်ချင်းလျို့က ဆွံ့အသွားပြီး ရှီလွေ့က အလွန် အရည်အချင်းရှိကြောင်း တွေးလိုက်သည်။
တတ်နိုင်မည်ဆိုပါက နောက်တစ်ကြိမ်ကျရင်သူနှင့် မိတ်ဆွေဖွဲ့ရမည်။
သူမက သိချင်စွာ မေးခဲ့သည်။ "တကယ်လို့ သူလုပ်ခဲ့ရင် သူ့မိသားစုတွေက သူ့ခြေထောက်ကို မရိုက်ချိုးဘူးလား။"
ဘာပဲဖြစ်ဖြစ် ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက စစ်တပ်အာဏာနှင့် မျိုးရိုးမြင့်အသစ် ဖြစ်သည်။
သခင်ကြီးရှီနှင့် တခြားလူတွေက သူ့ကို သိပ်အာရုံမစိုက်ဘဲ သူ့ကို ပြဿနာ မရှာချင်တာလည်း ဖြစ်နိုင်သည်။
လျန့်ယိုရှောင်က ပြုံးပြီးမေးခဲ့သည်။ "ဒါပေါ့၊ ဒါပေမယ့် သူ့အဖွားနဲ့သူ့အမေရှိရင် သူ့အဖိုးနဲ့သူ့အဖေက သူ့ခြေထောက်ကို ရိုက်ချိုးဖို့ မလွယ်ပါဘူး၊ ဒါ့အပြင် သူတို့က အချင်းချင်း ဆန့်ကျင်ပြီး သဘောထားကွဲလွဲမှုတချို့ရှိပြီးသားမလို့ နည်းနည်းလောက် ထပ်ဆန့်ကျင်ရဖို့ သူ မကြောက်တော့ဘူးလေ။"
သူက နည်းလမ်းကျစွာ ပြောခဲ့သည်။ "ငါ့အဖိုးကလည်း ငါ့ခြေထောက်ကို ချိုးမှာလေ၊ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူက ဒီတိုင်းကြည့်နေမှာလား၊ ငါ့ခြေထောက် ချိုးခံရမယ်ဆိုရင် သူ့ခြေထောက်လည်း ချိုးခံရမှာပေါ့။"
အဓိပ္ပာယ်ရှိတယ်ဟု ရှစ်ချင်းလျို့က တွေးလိုက်လေသည်။
သူ့လို သူငယ်ချင်းကောင်းရှိသည့် ဟိုးအဝေး မြို့တော်က ရှီလွေ့အတွက် သူမ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပေးလိုက်လေသည်။
လျန်ရုံရှောင်က ပြောခဲ့သည်။ "စိတ်မကောင်းဖြစ်ရင်လည်း အရသာရှိပြီး စားကောင်းတာလေး ပြောပြလေ၊ မြို့တော်က လူနဲ့ လုပ်ခိုင်းလိုက်မယ်။"
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "သူ့နာမည်ကို သုံးပြီး ရှင်ယူချင်တာမလား။"
လျန့်ယိုရှောင်က ပင့်သက်ရှိုက်လိုက်ပြီး ဒီအမျိုးသမီးက သိပ်ဉာဏ်ကောင်းတာပဲဟု တွေးလိုက်လေသည်။ တစ်ခါတစ်လေတော့လည်း ဒါက မကောင်းပေ။
သူက ချောင်းခြောက်ဆိုးလိုက်သည်။ "သိရင်လည်း ထုတ်မပြောနဲ့လေ၊ ဒါပေမဲ့ ရှီလွေ့က ကစားရတာကြိုက်တယ်၊ မင်းမှာ သူ့အတွက် ဆန်းသစ်ပြီး စမ်းစရာရှိရင် နောက်တစ်ခါ မြို့တော်ကိုသွားရင် သူ့ကို တာဝန်ယူခိုင်းလိုက်။"
ရှီလွေ့က နည်းနည်း နိုင့်ထက်စီးနင်းဆန်သည်။
သူက ဘာမှ မကြောက်ပေ။
သူက ပြဿနာရှာသည့်နေရာမှာ ပထမ ဖြစ်သည်။
လူတိုင်းက ကျင့်သားရနေပြီဖြစ်သည်။
တကယ်တော့ မြို့တော်က လူအများစုက သူ့ကို မုန်းကြသည်။
သူ့ကို သတ်ချင်သည့်လူတွေတောင်ရှိနိုင်သည်။
သို့ပေမယ့် ထိုလူက အဆင့်မြင့် မြို့စားမင်းကြီးရဲ့ ပြည်သူ့အုပ်ချုပ်ရေးစံအိမ်မှာ မွေးဖွားလာဖို့အထိ ကံကောင်းခဲ့သည်။
သူက အလွန်အပြောကောင်းသည်။
မိဖုရားခေါင်ကြီးနှင့် ပြည်သူ့အုပ်ချုပ်ရေးစံအိမ်က မျိုးနွယ်စုခေါင်းဆောင်ကို အပြောချိုချိုလေးတွေပြောပြီး သူ့ကို အဖိုးတန် ရတနာ တစ်ပါးလို ဆက်ဆံအောင် ပြောတတ်သည်။
လူတွေ ရှီလွေ့ကို ဘယ်လောက်ပဲမုန်းပါစေ သူတို့ သူ့ကို ဘာမှ မလုပ်နိုင်ကြပေ။
သေချာပေါက် ဒီအစီအစဥ်အောင်မြင်သွားရင်လည်း ရှောင်ယွမ်ရှစ်က ထိုအုပ်စုထဲ ပါဝင်ရမည်သာဖြစ်သည်။