← Chapters

လုံချန်

Vol. 9 Ch. 118

လုံချန်

Vol. 9 Ch. 118

ကောင်းကင်တာအို၏ စည်းမျဥ်းများမှာ အမြဲတမ်း အေးစက်ပြီး ရက်စက်လှသည်။ အကယ်၍ သူမ၏ ခန္ဓာကိုယ်ကို “ကမ္မ တန်ဖိုး ၀.၈ တန် ကံကောင်းမှု တစ်ခု” အဖြစ် ကောင်းကင်တာအိုမှ သတ်မှတ်ထားကြောင်းသာ သိပါက နာ့ရှင်းရီ မည်ကဲ့သို့ ခံစားရမည်ကို ဝေ့ဝူယင် မသိချေ။ အနည်းဆုံးတော့ သူမ ကောင်းကင်ကို ကြည့်ကာ ကျိန်စာတိုက်လောက်သည်။

ဝေ့ဝူယင်၏ စိတ်များမှာ ရှုပ်ထွေးနေ၏။ လုံချန်မှာမူ သိုလှောင်လက်စွပ်ကို ပွတ်ရင်း ဝေ့ဝူယင်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူသည် နာ့ရှင်းရီအား စော်ကားခဲ့သူကို သတ်ဖြတ်ပစ်ရန် ကျိန်ဆိုခဲ့သည်။ ယခုတွင် ထိုလူမှာ သူ၏ ရှေ့၌ ရောက်နေခဲ့ပြီ ဖြစ်သည်။

ချင်းချူမူမှာ အခြေအနေ ပို၍ တင်းမာလာနေသည်ကို အကဲခတ်မိ၏။ သူမက ဝင်ရောက် ဖျန်ဖြေရန် ကြိုးစားလိုက်သည်။

“ဝေ့ဝူယင်က ငါ့မိတ်ဆွေနော်... လုံချန်”

သို့သော်လည်း လုံချန်၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ် မပျောက်သွားပါချေ။ ချင်ချူးမူမှာ ခေါင်းခါကာ ဝေ့ဝူယင်အား လှမ်းကြည့်လိုက်သည်။ ထိုတစ်ယောက်မှာ သူမ၏ စိတ်ကို နားလည်မိရန် မျှော်လင့်မိသည်။

“ကျွန်မကို လိုက်ဖို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်... အခုက နည်းနည်းမှောင်နေပြီ ဆိုတော့”

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ သူက နွေးထွေးစွာပင် သူမကို ပြုံးပြလိုက်သည်။

“ကောင်းသောညပါ”

ထို့နောက် သူ လှည့်ကာ ထွက်ခွာလာခဲ့သည်။ လုံချန်မှာ မျက်တောင်တစ်ချက်ပင် မခပ်ပဲ ဝေ့ဝူယင်၏ နောက်ကျောကို ရွံရှာစွာ လှမ်းကြည့်နေခဲ့၏။ သို့သော်လည်း ဤနေရာမှာ ကောင်းကင်ဝူမြိုတော် ဗဟို ဖြစ်သည်။ မရေမတွက်နိုင်သည့် အဆင့်မြင့် ကျင့်ကြံသူများ ကျက်စားရာ နေရာ ဖြစ်သည်။ ဝေ့ဝူယင်အား လိုက်လံ သတ်ဖြတ်ခြင်းက ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ချေ။

“နာ့ရှင်းရီကို စော်ကားခဲ့တဲ့လူက အဲဒီကောင်ပဲ”

လုံချန်က ခပ်တိုတိုပင် ချင်ချူးမူကို အသိပေးလိုက်၏။  ချင်ချူးမူမှာ တစ်ခဏမျှ အတွေးများ ဂယောက်ဂယက် ဖြစ်သွားသည့်တိုင် မကြာခင်မှာပင် ပြန်လည် တည်ငြိမ်လာ၏။ မည်သို့ပင် ဆိုစေကာမူ... ဝေ့ဝူယင်မှာ သူ၏ အသက်သခင် ဖြစ်သည်။ သူမ သူ့အပေါ်တွင် နက်ရှိုင်းစွာ အကြွေးတင်နေပေသည်။

လုံချန်က ချင်ချူးမူအား ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“ချူအာ... ငါတောင်းပန်ပါတယ်... ဒီတစ်ကြိမ် မင်းမျက်နှာနဲ့ ငါ သူ့ကို မသတ်တော့ဘူး... ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်တွေ့ရင်တော့...”

ချင်ချူးမူမှာ ငြိမ်သက်နေ၏။ အရာရာက ကံကြမ္မာအလို အတိုင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူမတွင် လုံချန်အား တာဆီးရန် အခွင့်အရေး မရှိသလို အာဏာလည်း မရှိပါချေ။

ဝေ့ဝူယင် ထွက်ခွာသွားသည့် အရပ်သို့ လှမ်းကြည့်ရင်း သူမ၏ မျက်ဝန်းများမှာ ရီဝေသွား၏။ အဘယ်ကြောင့် သူ ဖြစ်နေရသနည်း။

...

နောက်တစ်နေ့ နံနက်...

ဝေ့ဝူယင်သည် အရောင်အသွေး စုံလင်သည့် ငါးကလေးများ ကူးခပ်နေသည့် ရေကန် နံဘေးတွင် တရားထိုင် နေခဲ့သည်။ သူ၏ မျက်လုံးများသည် မှုန်မှိုင်းနေကာ သူ၏ အရောင်အဝါမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ သူ၏ စိတ်ထဲတွင်မူ များစွာသော အကြောင်းအရာများမှာ နေရာယူနေ၏။

“ငါ နောင်တရလား...”

သူ နာ့ရှင်းရီကို ပြန်လည် မြင်ယောင်ရင်း ခေါင်းခါလိုက်သည်။ သူသည် ထိုမေးခွန်းကို တစ်ညအတွင်း ၂၃၄၁ ကြိမ် တိတိ ကိုယ့်ကိုယ်ကို ပြန်မေးနေခဲ့ခြင်း ဖြစ်သည်။ အကြိမ်တိုင်း၌ “နောင်တ မရဘူး” ဆိုသည့် ပြတ်ပြတ်သားသား အဖြေကိုသာ သူ ရခဲ့သည်။

သူမသည် သူ၏ အသက်ကို ကယ်တင်ခဲ့သည်။ အကယ်၍ သူမထံမှ ယင်စွမ်းအင်ကြောင့်သာ မဟုတ်လျှင် သူ ယနေ့ထိ အသက်ရှင်လိမ့်မည် မထင်ချေ။

တွေးကြည့်ရလျှင် သူတို့ နှစ်ယောက် အကြား ပတ်သက်မှု၌ အကျိုးရှိခဲ့သည်က သူတစ်ယောက်တည်း မဟုတ်ချေ။ အကယ်၍ သူနှင့် မတွေ့ခဲ့ပါကလည်း နာ့ရှင်းရီမှာ နေသွေးနီနီဂိုဏ်း၏ ကျေးကျွန်ဘဝနှင့် ဘဝဆုံးသွားလောက်ပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေ သူမသည် သုံ့ပန်းတစ်ယောက် ဖြစ်ပေသည်။ ထိုအရာကို စိတ်ဖြေစရာ ဆင်ခြင်တစ်ခုဟု ယူဆကောင်း ယူဆနိုင်သော်လည်း အမှန်တရား ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ကျင့်ကြံခြင်း လောကသည် ရက်စက်သည်။ လူသားများသည် ရက်စက်ကြသည်။ နေသွေးနီနီဂိုဏ်းသည် ရက်စက်သည်။ စုမေ့သည်လည်း ရက်စက်သည်။ သေမျိုး နတ်ဘုရား ချိုက်ထူသည် ရက်စက်သည်။ သူ ကိုယ်တိုင်မှာလည်း ရက်စက်သည်။ မရက်စက်၍လည်း မရ။ ကိုယ်ပိုင် စွမ်းအားကို ရှာဖွေရာ၌ ရက်စက်ခြင်းမှာ အလွန် အရေးပါသည်။

ကောင်းကင်တာအိုသည် သဘာဝ တရားကြီးကို ထိုကဲ့သို့ ရက်စက်အောင် ဖန်တီးထားသည်။ ပထမဆုံး အပြစ်သား ပုန်ကန်ခဲ့သည်က အံ့သြစရာ မရှိတော့ချေ။ သူပင်လျှင် ထိုကဲ့သို့ ဆန္ဒရှိ၏။

“ငါ ကိုယ်တိုင်ရော ပုန်ကန်နေမိပြီလား...”

သူနှင့် ပထမဆုံး အပြစ်သား အကြား၌ လေးနက်သော ချိတ်ဆက်မှု တစ်ခု ဖြစ်ပေါ်လာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်၏။

“ဘယ်သူသိနိုင်မလဲ... တစ်နေ့မှာ ငါကောင်းကင်ကို ပျံတက်ပြီး အရာအားလုံးကို ပြောင်းလဲနိုင်တဲ့ တစ်နေ့ ရောက်ကောင်း ရောက်လာလိမ့်မယ်... အဲဒီ အခါကျရင် အခြား လွှမ်းမိုးမှုတွေ မပါပဲ ကိုယ်ပိုင် ရွေးချယ်နိုင်တဲ့ လမ်းစဥ်တစ်ခုကို ငါ ချမှတ်မယ်”

ထိုအခိုက်၌ ဝေ့ဝူယင်သည် သူ ကြုံတွေ့ရမည့် သေခြင်းတရားနှင့် ငရဲ၏ ကပ်ဘေးများကို မေ့လျော့ နေခဲ့၏။ ကောင်းကင်တာအို စီးဆင်းမှုကို ပြောင်းလဲပစ်လိုသည့် ဆန္ဒမှ လွဲ၍ သူ့တွင် မည်သည့် အတွေးမျှ မရှိတော့ချေ။ ထိုအခိုက်တွင်ပင် သူ၏ ညာဘက်လက်မောင်းမှာ ဆတ်ခနဲ တုန်ရီသွား၏။

တစ်ညလုံး ရှုပ်ထွေးနေခဲ့သည့် ဝေ့ဝူယင်၏ စိတ်များမှာ အနည်းငယ် ကြည်လင်ကာ ပေါ့ပါးသွားသည်။ သူ ဆေးလုံး ထပ်မံ ဖော်စပ်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ ဝိညာဥ်များ အတွက် ကြယ်တာရာ ကမ်းပါးငှက် မှော်ဆေးလုံးများ လိုအပ်နေပေသည်။

သုံးချောင်းထောက် မှော်ဆေးအိုးအား ထုတ်ယူရန် ဟန်ပြင်လိုက်စဥ်မှာပင် စုမေ့ ရောက်ရှိလာသည်။ ဝေ့ဝူယင် ချက်ချင်းပင် သတိထားမိသွား၏။

“ဘာကိစ္စရှိလို့လဲ စုမေ့...”

“အရှင်ဝေ့ အတွက် လိုအပ်မယ် ထင်လို့ ဒီမြို့တော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အတွက် ကျွန်မ မနေ့ကတည်းက စုစည်းနေခဲ့တာ... ဒါပေမဲ့”

သူမက အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။

“နင် ဘာတွေ့ထားလို့လဲ... ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”

ဝေ့ဝူယင်က ပြောလိုက်သည်။ စုမေ့က ပင့်သင်တစ်ချက် ရှိုက်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် အားထုတ်လိုက်၏။

“ဒီမြို့တော်ထဲမှာ အသက်လောက ကုန်တိုက်လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ်... အဲဒီ ကုန်တိုက်ကို အသက်လောက ဆိုတဲ့ အဖွဲ့အစည်းက ဖွင့်ထားတာပါ”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ သူ မည်ကဲ့သို့ မသိပဲနေမည်နည်း။ အသက်လောက အဖွဲ့ကား ဝူတိုင်းပြည်၏ နံပတ်တစ် ကုန်သည် အဖွဲ့အစည်းကြီး ဖြစ်သည်။ သူတို့သည် နိုင်ငံ ခုနစ်နိုင်ငံ၌ အခြေစိုက်ထားကာ ခေါင်းဆောင်မှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

သူတို့သည် အမျိုးမျိုးသော ကျင့်ကြံရေးဆိုင်ရာ ရင်းမြစ်များကို ရောင်းဝယ် ဖလှယ်ရုံသာ မက အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် အမျိုးမျိုးသော သတ်မှတ်ချက်များကိုလည်း ထုတ်ပြန်ပေးသည်။ ထိုအထဲ၌ ခုနစ်ပြည်ထောင် မိန်းမလှ သတ်မှတ်ချက်မှာ အလွန် ကျော်ကြား၏။

စုမေ့မှာ ထိုအရာများကို ရှင်းပြရန် ရှင်းမပြသလို ရှင်းပြရန်လည်း မလိုအပ်ချေ။ သူမက ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောပြ၏။

“ဒီရက်ပိုင်းအတွင်း အသက်လောက ကုန်တိုက်မှာ  အမှောင်အလင်း ဆေဘာလို့ ခေါ်တဲ့ ဆေဘာတစ်စင်းကို ရရှိထားတယ်တဲ့... အဲဒါက အထွတ်အထိပ်အဆင့် ချီလက်နက် တစ်ခုလို့ ပြောတယ်”

“ဟုတ်လား...”

ဝေ့ဝူယင်မှာ ချက်ချင်းပင် နားလည်သွား၏။ သူ ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကောင်းတယ်... နင်က အမှောင်အလင်းချီကို ကျင့်ကြံနေတာဆိုတော့ ကွက်တိပဲပေါ့...အသက်လော ကုန်တိုက်မှာ အဆင့်မြင့် အမတေ တွေတောင် ရှိရင် ရှိနေလောက်မှာ... နောက်ပြီး မိန်းမလှ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ငါသိချင်တာလေးတွေလည်း ရှိချင်သေးတယ်”

ထို့နောက် သူ ချက်ချင်းပင် ထိုင်ရာမှ ထရပ်လိုက်၏။

“ခုချက်ချင်း သွားလိုက်ရအောင်... နောက်ကျရင် သူများနောက် ပါသွားလိမ့်မယ်”

...

တော်ဝင်မြို့တော်၌ ခွင့်ပြုချက် မရှိပဲ ပျံသန်းခြင်းကို တားမြစ်ထား၏။ ထို့ကြောင့်ပင် ပိုင်လင်မှာ တော်ဝင် နန်းတော် ခြံဝင်းအတွင်း၌ ကျန်ရစ်ခဲ့ရသည်။ သို့သော်လည်း သူမသည် ထိုအရာကို စိတ်မရှိပါချေ။ ဝေ့ဝူယင် စီစဥ်ပေးထားသည့် အသားကင်များကို စားသောက်လိုက်၊ အိပ်လိုက်နှင့် ဇိမ်ကျကျ ကျန်ရစ်ခဲ့၏။

ပျင်းရိစွာ လမ်းလျှောက်လာပြီးနောက်၌ စုမေ့နှင့် ဝေ့ဝူယင်တို့သည် အသက်လောက ကုန်တိုက်သို့ ရောက်ရှိလာခဲ့ကြသည်။ ဝေ့ဝူယင်သည် အလွန် ခမ်းနားလှသော ကုန်တိုက်ကြီးကို ငေးရင်း မချီးကျူးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ရွှေရောင်နို့နှစ်မြို့တော်ရှိ စူရဗီ ကုန်တိုက်ပင်လျှင် ၎င်းနှင့် နှိုင်းယှဥ်ပါက သာမန် စျေးဆိုင်ငယ်လေး အလား ဖြစ်သွားရသည်။

အသက်လောက ကုန်တိုက်ကြီးမှာ အထပ်ပေါင်း လေးဆယ်ကျော် ရှည်လျားပြီး မိုးမျှော်တိုက်ကြီး တစ်ခု သဖွယ် တည်ဆောက်ထားသည်။ ၎င်းသည် အဖြူရောင် ဆွတ်ဆွတ်ဖြစ်သော်လည်း မျက်နှာပြင်တစ်ခုလုံး၌ မည့်သည့် စွန်းထင်မှုမျှ ရှိမနေချေ။ ပြတင်းပေါက်များမှာ နေရောင်ပြန်ဟပ်မှုဖြင့် တဖိတ်ဖိတ် တောက်ပနေ၏။ ထိုကြီးကျယ်ခမ်းနားလှသော အဆောက်အဦ အတွင်း၌ အဖိုးအတန်ဆုံး အရာများ ရှိနေလိမ့်မည် ဖြစ်ကြောင်း ဝင်မကြည့်လျှင်ပင် ခန့်မှန်းနိုင်ပေသည်။

“ဒါက ငါမြင်ဖူးသမျှထဲမှာ အထင်ကြီးစရာ အကောင်းဆုံး အဆောက်အဦပဲ”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ တစ်နေ့၌ သူသည်လည်း ထိုကဲ့သို့ အဆောက်အဦ တစ်ခုမျိုးကို ပိုင်ဆိုင်နိုင်ရန် ဆန္ဒရှိပေသည်။

စုမေ့က သဘောတူစွာ ခေါင်းညိတ်လိုက်၏။ သူမသည်  ဒုတိယ အကြိမ်အဖြစ် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည့်တိုင် ညှို့ငင် ဖမ်းစားမှုကို ခံစားနေရဆဲ ဖြစ်သည်။

မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် တံခါးပေါက်နားသို့ ရောက်ရှိလာ၏။ တံခါးများမှာ အလိုအလျောက် ပွင့်သွားရာ ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။ ကိုယ်တိုင် အပိတ်အဖွင့် ပြုလုပ်နိုင်သည့် တံခါးမျိုးကို သူ ယခုမှသာ ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူ ဝိညာဥ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ အစီအရင် တံခါးများမှာ တစ်ခုနှင့် ချိတ်ဆက်နေကြောင်း တွေ့လိုက်ရ၏။

“ဖန်တီးခဲ့တဲ့လူက တကယ်တော်တာပဲ”

ဝေ့ဝူယင် နောက်တစ်ကြိမ် ထပ်မံ ချီးကျူးပြီးနောက် အထဲသို့ ဦးတည်လိုက်၏။ တံခါးအား ကျော်လွန်ပြီးသည်နှင့် ပထမထပ်သို့ သူတို့ ရောက်ရှိလာခဲ့သည်။ ဝင်ပေါက်အနီးတွင် နေနှင့် လတို့အား လက်ရာမြောက်စွာ ထွင်းထုထားသည်ကို သူ တွေ့မြင်ရ၏။

“ဒီမှာ ဆေဘာဓား ရှိတယ်ဆိုတာ နင့်ကို ဘယ်သူပြောတာလဲ”

ဝေ့ဝူယင်က စုမေ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ စုမေ့ ပြန်ဖြေရန် ဟန်ပြင်လိုက်စဥ်တွင်ပင် အသံတစ်ခုမှာ ထွက်ပေါ်လာသည်။

“ဒီနိမ့်ကျတဲ့ ကျေးကျွန်က မိန်းကလေးကို အသိပေးခဲ့တာပါ”

***

All Chapters