အသက်လောက ကုန်တိုက်
Vol. 9 Ch. 119
“ဒီနိမ့်ကျတဲ့ ကျေးကျွန်က မိန်းကလေးကို အသိပေးခဲ့တာပါ”
အသံက ခင်မင် နှစ်လိုဖွယ် ကောင်းလှ၏။ ကြားရသူတိုင်းကို ဖိအားများ ပြေလျော့၍ လန်းဆန်း ပေါ့ပါးစေနိုင်စွမ်း ရှိသည်။
ဝေ့ဝူယင်က လှမ်းကြည့်လိုက်ရာ သန့်ရှင်းသည့် အနက်ရောင်နှင့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ယောက်ျားတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ ထိုလူကြီးသည် အသက် လေးဆယ်၊ ငါးဆယ်ခန့် လူလတ်ပိုင်း တစ်ဦး၏ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်။ သူသည် သွားဖြူဖြူများ ပေါ်လွင်သည် အထိ ဝေ့ဝူယင်တို့ကို ဖော်ရွေစွာ ပြုံးပြနေခဲ့၏။
“ခင်ဗျားက...”
ထိုလူကြီးမှာ အသက်လောက ကုန်တိုက်၏ ဝန်ထမ်းတစ်ယောက် ဖြစ်နိုင်ကြောင်း သူ ရိပ်မိသော်လည်း ထိုထက် အသေးစိတ် ကျကျ သူသိလိုသေးသည်။
“ကျုပ်နာမည်က ဟန်ပိုပါ... ၂၂ ထပ်မြောက် အလွှာရဲ့ မန်နေဂျာလို့ ဆိုနိုင်ပါတယ်... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”
လူကြီးက ပြုံးရွှင်စွာပင် မိတ်ဆက်လိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်လျှက် တုန့်ပြန်လိုက်သည်။ အလွှာတစ်ခု၏ မန်နေဂျာဆိုသော ရာထူးမှာ အတော်လေး အံ့အားသင့်စရာ ကောင်းပေသည်။ ထို့အပြင် ဝေ့ဝူယင်သည် မြင့်မြတ်သောချီ အငွေ့အသက် အချို့ကို ခံစားမိနေ၏။ ထိုအချင်းအရာက ဟန်ပိုမှာ အနည်းဆုံး ချီပျစ်ခဲခြင်း အလွှာ၏ အဆင့်ခုနစ်သို့ ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
“ကျုပ်က...”
ဝေ့ဝူယင်က ပြန်လည် မိတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ဟန်ပိုက ပြုံးကာ ဖြတ်ပြောလိုက်၏။
"ဆေဘာ အာဏာရှင်... ဝေ့ဝူယင်... ကျုပ် ခင်ဗျား အကြောင်းကို အတော်များများ ကြားဖူးပါတယ် အရှင်ဝေ့...”
ဝေ့ဝူယင်မှာ အံ့အားသင့် မနေတော့ချေ။ အသက်လောက အဖွဲ့အစည်း၏ သတင်းကွန်ယက် ကျယ်ပြန့်မှု အရဆိုလျှင် သူ ကျောက်စိမ်းကြာပန်းဂိုဏ်းတွင် လုပ်ဆောင်ခဲ့သည့် အကြောင်းအရာများကို သိရှိလောက်ပြီး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ကိုပါ တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ခြင်းကမူ ချီးမွမ်းဖို့ ကောင်းလွန်းသည်။
“ကောင်းပြီလေ...”
ဝေ့ဝူယင်က လိုရင်းကို ပြောရန် ဆုံးဖြတ်လိုက်သည်။
“ကျုပ် ဒီကိုလာရတဲ့ အဓိက အကြောင်းရင်းက အမှောင်အလင်း နတ်ဘုရား ဆေဘာဓားကြောင့်ပါပဲ... ခင်ဗျားတို့ဘက်က စျေးပြောပါ”
စုမေ့မှာ ဝေ့ဝူယင်၏ နောက်တွင် ငြိမ်သက်စွာပင် ရပ်နေခဲ့၏။
“အဲဒီအကြောင်း မဆွေးနွေးခင် သက်တောင့်သက်သာ ရှိမယ့် နေရာလေး တစ်ခုကို ရွှေ့လိုက်ရင်ရော ဘယ်လိုသဘောရလဲ အရှင်ဝေ့”
ဟန်ပိုက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဆိုလိုက်သည်။ လက်ရှိ၌ သူတို့သည် ကုန်တိုက် အဝင်ဝတွင်သာ ရှိနေသေးသည်။ ဤနေရာ၌ များစွာသော ကျင့်ကြံသူများ ဝင်ထွက်သွားလာ နေကြရာ အရောင်းအဝယ် ပြုလုပ်ရန် နေရာကောင်း တစ်ခု မဟုတ်ချေ။
ဝေ့ဝူယင် သဘောတူလိုက်၏။ ထို့နောက် ဟန်ပို၏ ဦးဆောင်မှုနှင့် အတူ အတွင်းပိုင်းသို့ လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်၌ ဟန်ပိုက အသက်လောက ကုန်တိုက်၏ ဖွဲ့စည်းပုံ အကြောင်း ဝေ့ဝူယင်ကို ပြောပြသည်။ သူ၏ စကားအရဆိုလျှင် အသက်လောက ကုန်တိုက်တွင် ဝန်ထမ်း သုံးထောင် ရှိသည်ဟု ဆိုသည်။ သူတို့ တစ်ယောက်ချင်းစီမှာ ချီပျစ်ခဲခြင်း အဆင့်သုံးများ ဖြစ်ကြပြီး တစ်ယောက်မှ အသက် ငါးဆယ် မကျော်သေးချေ။ သူတို့ထဲမှ အများစုမှာ အသက်လောက အဖွဲ့ကြီး၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
မကြာခင်မှာပင် သူတို့သည် အသံလုံခန်း တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ဝေ့ဝူယင်သည် တံခါးထက်၌ လက်ကိုင်ဘုများ ရှိမနေကြောင်း ထူးဆန်းစွာ တွေ့လိုက်ရ၏။ ဟန်ပိုသည် တံခါးထက်ကို လက်ဝါးတင်ရင်း ဝိညာဥ် စွမ်းအင်များဖြင့် ဆက်သွယ်နေပုံ ရသည်။ တစ်ခဏ အတွင်းမှာပင် တံခါးမှာ အလိုအလျောက် ပွင့်ဟသွား၏။
“ကျေးဇူးပြုပြီး ရှေ့ကဝင်ပါ”
ဟန်ပိုက အပြုံးဖြင့် ဆိုလိုက်၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ အထဲသို့ ဦးတည်လိုက်၏။ စုမေ့နှင့် ဟန်ပိုတို့မှာ သူ့နောက်မှ လိုက်ကာ ဝင်ရောက်လာခဲ့ကြသည်။ အခန်းမှာ သိပ်မကျယ်ပဲ လူဆယ်ယောက် ရပ်လောက်ရုံမျှသာ ရှိသည်။ သုံးယောက်လုံး အထဲသို့ ရောက်သည်နှင့် တံခါးမှာ အလိုအလျောက် ပြန်လည် ပိတ်သွား၏။
“ကျုပ်တို့ ၂၂ ထပ်မြောက်ကို အခု သွားပါမယ်”
ဟန်ပိုက ပြောလိုက်သည်။ ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။ ဤအခန်းငယ်လေးက လှေကား ကဲ့သို့ ဆောင်ရွက်ပေးနိုင်သည့် အရာလော။ သူ တွေးတောနေစဥ်မှာပင် တံခါးမှာ ပြန်လည် ပွင့်ဟလာသည်။ သူတို့ကား ၂၂ ထပ်မြောက်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။
“၂၂ ထပ်မြောက် အလွှာမှာ တန်ဖိုးကြီး ချီလက်နက်တွေကို ရောင်းချပေးတယ်လေ... ဓား၊ ဆေဘာ၊ ဒိုင်းကာ၊ ဝတ်စုံက အစက ကြာပွတ်လက်နက် အထိ လိုချင်တာ အစုံရှိတယ်... နောက်ပြီး စိတ်ကြိုက်လက်နက်ကို ပုံစံပြောပြီး အပ်လို့ရတဲ့ ပန်းပဲဆရာတွေပါ အသင့်ရှိတယ်...”
ဟန်ပိုက ရှေ့မှ ဦးဆောင်ကာ လျှောက်ရင်း ဆိုလိုက်၏။ ထိုအလွှာ၌ လူများစွာ ရှိမနေသည့်တိုင် တွေ့ရသည့် လူတိုင်းမှာ သာမန်လူများ မဟုတ်ကြပဲ ကျင့်ကြံခြင်း အဆင့် အလွန်မြင့်မားသူများ ဖြစ်သည်။ ဝေ့ဝူယင်သည် အဂ္ဂိရတ် ပညာရှင် အချို့ကိုပင် တွေ့ရ၏။ သူတို့သည် အဂ္ဂိရတ် နှလုံးသားကို ပိုင်ဆိုင် မထားသည့်တိုင် အဂ္ဂိရတ် စွမ်းအင်နှင့် အဂ္ဂိရတ်ချီများကို ကျင့်ကြံထားကြသည်။ ဧဒင်ကမ္ဘာဂိုဏ်းတွင်လည်း ဂိုဏ်းချုပ် အပါအဝင် အားလုံးလိုလိုမှာ ထိုနည်းအတိုင်းပင် အဂ္ဂိရတ် ပညာရှင် ဖြစ်လာသူများ ဖြစ်ကြသည်။
“ရှေ့ဆို ရောက်ပါပြီ”
ဟန်ပိုက ဝေ့ဝူယင်တို့ကို နံရံကြီး တစ်ခု အနားသို့ ဦးဆောင်ကာ ခေါ်လာခဲ့၏။ ထိုနံရံတွင် လက်နက်မျိုးစုံကို ချိတ်ဆွဲထားသည်။ ထိုအထဲမှ အချို့မှာ မြင့်မြတ်သောချီများ ဖြာထွက်နေကာ အများစုမှာမူ ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့ကား သေမျိုးနတ်ဘုရားနှင့် နတ်ဘုရားအရှင် အဆင့်များ အတွက် သင့်တော်သော လက်နက်များပင် ဖြစ်သည်။ ကျင့်ကြံသူများ ကဲ့သို့ပင် ချီလက်နက်များကိုလည်း အဆင့်များ ခွဲခြားသတ်မှတ်ထားသည်။ အဆင့်ရှစ် ချီလက်နက်များမှာ နတ်ဘုရား အရှင် အဆင့်များ အတွက် သင့်တော်သည်။ ၎င်းတို့သည် ပိုင်ရှင်၏ တိုက်ခိုက်မှု စွမ်းအားကို နှစ်ဆ၊ သုံးဆခန့်တိုင် တိုးတက်သွားအောင် ကူညီပေးနိုင်စွမ်း ရှိသည်။
အကယ်၍ မိမိ ကျင့်ကြံခြင်း အဆင့်ထက် ကျော်လွန်နေသည့် လက်နက်များကို အသုံးပြုပါက မည်သည့် အကျိုးဆက်များ ဖြစ်မည်နည်း။ အဖြေကား ရှင်းသည်။ သင်၏ တိုက်ခိုက်မှု စွမ်းအားမှာ စိတ်ကူး မယဥ်နိုင်လောက်သည် အထိ မြင့်တက် သွားလိမ့်မည် ဖြစ်သည်။
“၂၂ လွှာမြောက်ရဲ့ မန်နေဂျာ ကိုယ်တိုင်က ကျုပ်ရဲ့ လက်အောက်ငယ်သားကို သူ ဝယ်ဖို့ မတတ်နိုင်တဲ့ လက်နက်တစ်ခုနဲ့ မြှူဆွယ်ပြီး ကျုပ်ရောက်လာတဲ့ အထိ စောင့်နေခဲ့တယ်... ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ မန်နေဂျာဟန်”
ဝေ့ဝူယင်က ပြုံးရင်း ဟန်ပိုကို ကြည့်လိုက်သည်။ စုမေ့ ကိုယ်တိုင်မှာလည်း ထိုလှည့်ကွက်ကို မသိသည် မဟုတ်။ ဝေ့ဝူယင်၏ စွမ်းအားနှင့် အသက်လောက ကုန်တိုက်၏ ဂုဏ်သတင်းကို ယုံကြည်သောကြောင့်သာ ဝေ့ဝူယင်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဟန်ပိုက အနည်းငယ် ရယ်မောလိုက်၏။ ချီပျစ်ခဲခြင်း အဆင့်ခုနစ်ဖြင့် နတ်ဘုရား အရှင်တစ်ပါးကို ဒုက္ခမပေးနိုင်ကြောင်း သူ ကိုယ်တိုင်နားလည်ထား သလို ဝေ့ဝူယင်လည်း နားလည်ပေလိမ့်မည်။
“မယဥ်ကျေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်... ကျုပ်တို့ စီးပွားရေး လောကမှာလည်း တစ်ခါတစ်ရံ သီးသန့် ဝန်ဆောင်မှု ပေးဖို့ အတွက် လှည့်ကွက်လေးတွေ သုံးရပါတယ်...”
“ဆိုလိုတာက ခင်ဗျားဆီမှာ ကျုပ်အတွက် ရည်ရွယ်ထားတဲ့ သီးသန့် ဝန်ဆောင်မှု တစ်ခု ရှိတယ်ပေါ့”
ဝေ့ဝူယင် မေးလိုက်၏။
“အရှင်ဝေ့... ရှင်းရှင်းပဲ ပြောတော့မယ်ဗျာ... ကျုပ် ခင်ဗျားနာမည်ကို စသိတာ ကြာလှပြီ... ခင်ဗျားနဲ့ အပေးအယူ တစ်ခုလုပ်ဖို့ ကျုပ်တို့ဘက်က ဆန္ဒရှိတယ်... အဲဒါ ဘယ်လို သဘောရလဲ”
“ကျုပ်သဘောက အပေးအယူမှာ ဘာတွေပါလဲ ဆိုတဲ့ အပေါ် မူတည်တယ်”
ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ ဟန်ပိုက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“ကျုပ်တို့ဘက်က အမှောင်အလင်း နတ်ဘုရား ဆေဘာရယ်၊ ယန်ဝတ်ရုံရယ် ပါမယ်... နှစ်ခုစလုံးက အဆင့်ရှစ် ထိပ်ဆုံး အဆင့် ရတနာတွေချည်းပဲ... အမှောင်အလင်းနတ်ဘုရား ဆေဘာမှာ သန့်စင်တဲ့ အလင်းနဲ့ အမှောင်ချီတွေ ပါဝင်နေတယ်... အမှောင်အလင်းချီ ကျင့်ကြံတဲ့ လူတွေအတွက် အလိုက်ဖက်ဆုံး လက်နက် တစ်ခုပေါ့... ယန်ဝတ်ရုံကတော့ အကာအကွယ် အနေနဲ့ သုံးနိုင်တဲ့ အပြင် နေအလင်းက ယန်စွမ်းအင်ကို စုပ်ယူပြီး ခန္ဓာကိုယ်ကိုပါ သန်မာလာအောင် သန့်စင်ပေးနိုင်တယ်”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ကျုပ်ဆီကရော ဘာလိုချင်တာလဲ”
“အရှင်ဝေ့... ခင်ဗျားက အဂ္ဂိရတ် ဝိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားအရှင် တစ်ပါး ဖြစ်တဲ့ အကြောင်း ကျုပ်တို့ သိထားပါတယ်... ဒါပေမဲ့ သေချာအောင် အတည်ပြုပါရစေ... အရှင်ဝေ့ တကယ်ပဲ အဆင့်ခြောက် ထိပ်ဆုံး အဆင့်ဆေးတွေကို ဖန်တီးနိုင်တာလား”
နောက်ဆုံး၌ ဟန်ပိုမှာ သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ဖော်ပြသလာ၏။ ဝေ့ဝူယင်သည် ကျောက်စိမ်းကြာပန်းဂိုဏ်းတွင် ရှိစဥ်က ဂိုဏ်းချုပ် အတွက် အဆင့်ခြောက် ဆေးလုံးများ ဖော်စပ်ပေးခဲ့ဖူးသည်။ ကြည့်ရသည်က ထိုကိစ္စအရပ်ရပ်အား သူတို့ ခရေစေ့တွင်းကျ သိရှိထားပုံ ပေါ်သည်။
သူ အနည်းငယ် စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကျုပ်လုပ်နိုင်ပါတယ်”
ဟန်ပို၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်... ကျုပ်ဆီမှာ ဝိညာဥ်ကမ္ဘာ အသက်ဆက်ဆေးလို့ ခေါ်တဲ့ ဆေးညွှန်းတစ်ခု ရှိတယ်... အဲဒါက...”
“အဲဒါက ဝိညာဥ် ထိခိုက်မှုတွေကို ပြန်လည် ကောင်းမွန်စေနိုင်စွမ်း ရှိတယ်... ဒုတိယ အနေနဲ့ လူတစ်ယောက်ရဲ့ သက်တမ်းကိုလည်း ဆွဲဆန့်ပေးနိုင်တယ်... ကျုပ် အဲဒီဆေးကို သိတယ်”
ဝေ့ဝူယင်က ကြားဖြတ်ပြောလိုက်၏။ ထိုထက်ပို၍ ဆိုရလျှင် သူသည် ထိုဆေးကို သိရုံသာ မကချေ။ အကြိမ် အနည်းငယ်ပင် ဖန်တီးခဲ့ဖူးသည်။ လတ်တလောတွင်ပင် သူ့ထံ၌ အဆင့်နိမ့်ဆေး ခုနစ်လုံး၊ အဆင့်မြင့်ဆေး သုံးလုံးနှင့် အထွတ်အထိပ်ဆေး နှစ်လုံး ရှိပေသည်။
ဝေ့ဝူယင်ထံ၌ သူ့အတွက် အသုံးမဝင်သည့် ဆေးလုံးများစွာ ရှိပေသည်။ သူသည် ရည်ရွယ်ချက် ကြီးကြီးမားမား မရှိသော်ငြား ပျင်းရိတိုင်း ဆေးအမျိုးမျိုးကို ဖော်စပ်လေ့ ရှိသည်။ ထိုအရာက ဧဒင်ကမ္ဘာဂိုဏ်းချုပ်၏ “အမြဲတမ်း ပြင်ဆင်ထားပါ” ဟူသော ဆုံးမ စကားကို ရိုးရိုးရှင်းရှင်း လိုက်နာခဲ့ခြင်းသာ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် နည်းပါးလှသည့်တိုင် သူကိုယ်တိုင် အတွက်လည်း တစ်ချိန်ချိန်တွင် အသုံးလိုကောင်း လိုလာနိုင်သည် မဟုတ်ပါလား။
ဟန်ပိုမှာ ဝေ့ဝူယင်၏ ဗဟုသုကြောင့် ကျေနပ်သွား၏။ သူက အပေးအယူ အကြောင်း ဆက်လက် ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်က နောက်တစ်ကြိမ် ဖြတ်၍ ပြောလိုက်ပြန်၏။
“ကျုပ် ဆေးတွေ လဲပေးလို့ရတယ်... ဒါပေမဲ့ အဆင့်ရှစ် လက်နက် နှစ်ခုက နည်းနည်း နည်းသေးတယ်လို့ ထင်တယ်...”
သူ၏ မျက်နှာထက်၌ မချိုမချင် အပြုံးတစ်ခုက နေရာယူနေ၏။ ထိုအပြုံးက “မင်းရဲ့ ပိုက်ဆံအိတ်ကို ဖွင့်လိုက်၊ အခွံပဲကျန်တဲ့ အထိ ငါနှိုက်တော့မယ်” ဟု အသံတိတ် ပြောနေသလိုပင်။
ဟန်ပိုမှာ ဖြူရော်စွာ ပြုံးလိုက်၏။ ဝိညာဥ်ကမ္ဘာ အသက်ဆက်ဆေး ကဲ့သို့ ဆေးလုံးမျိုးကို အလွန် အတွေ့အကြုံ ရင့်ကျက်သည့် ထိပ်တန်း အဂ္ဂိရတ် သခင်များသာ ဖန်တီးနိုင်ကြသည်။ သို့တိုင်အောင် အဂ္ဂိရတ် နှလုံးသား သို့မဟုတ် အဂ္ဂိရတ် ဝိညာဥ် မရှိပါက သူတို့၏ အောင်မြင်မှုနှုန်းမှာ အလွန် နိမ့်ပါးပေလိမ့်မည်။ ဆေးတစ်လုံး ရရှိရန် အနည်းဆုံး ဆယ်စုနှစ် တစ်ခုလောက်ပင် အချိန်ယူရပေလိမ့်မည်။
အဆင့်ခုနစ် အဂ္ဂိရတ် ဧကရာဇ်များသာလျှင် အချိန်တိုတိုအတွင်း ဖန်တီးနိုင်စွမ်း ရှိသည်။ ကံမကောင်းစွာပင် အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် အဂ္ဂိရတ် ဧကရာဇ်များမှာ မရှိသလောက် ရှားသည်။ ဝူတိုင်းပြည်တွင် ဆိုလျှင် တစ်ယောက်မျှ မရှိချေ။
အဂ္ဂိရတ် ထုတ်ကုန်တိုင်းမှာ သေးသေးမွှားမွှားက အစ အလွန်တရာ တန်ဖိုး ကြီးမားလှ၏။ ဥပမာ ပြရလျှင် အဆင့်လေး အမတေ ဆေးတစ်လုံးလျှင် အမတေ ကျောက်တုံး တစ်တုံးတန်သည်။ သို့သော်လည်း အမတေ ကျောက်တုံးတစ်တုံးဖြင့် အမတေ ဆေးလုံးတစ်ရာ ပြုလုပ်နိုင်သည့် ရင်းမြစ်များကို ဝယ်ယူ၍ရသည်။ ထိုအရာမှာ အဂ္ဂိရတ် ပညာရှင်များ ရတနာ ကဲ့သို့ တန်ဖိုးထားခံရသည့် အကြောင်းရင်းလည်း ဖြစ်၏။
အဆင့်လေး ဆေးတစ်လုံးပင်လျှင် ထိုမျှ တန်ဖိုးရှိလျှင် ဝိညာဥ်ကမ္ဘာ အသက်ဆက်ဆေး ကဲ့သို့ အဆင့်ခြောက် ထိပ်ဆုံး အဆင့်ဆေးများဆိုလျှင် ပြောစရာ မရှိတော့ချေ။
***