← Chapters

တိုက်ခိုက်ကြစို့ ဝမ်ထျန်းယီ

Vol. 25 Ch. 365

တိုက်ခိုက်ကြစို့ ဝမ်ထျန်းယီ

Vol. 25 Ch. 365

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များက ပို၍ပင် အံ့အားသင့်သွားကြပါသည်။

"အားး ငါသေတော့မှာပဲ။ လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ တရုတ်စစ်တုရင်ပြိုင်ပွဲက တကယ်ကောင်းတာပဲ။ အင်မော်တယ်တွေကြားက တိုက်ပွဲကျနေတာပဲ"

"ဝမ်ထျန်းယီ အရမ်းစွမ်းအားကြီးတယ်။ လင်းဖန် ထပ်ရှုံးသွားမှာပဲ စိုးရိမ်မိတယ်"

"ဟူး။ ဘာမှမဖြစ်ပါဘူး။ စွမ်းရည်ချင်းမှ မတူတာ။ လင်းဖန်က တရုတ်စစ်တုရင် ကစားတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ ဝမ်ထျန်းယီက ဝါရင့်ကစားသမား ဖြစ်နေပြီလေ။ ဝမ်ထျန်းယီရဲ့ အစွမ်းအထက်ဆုံးကာလမှာ ဘယ်သူက ယှဉ်နိုင်မှာလဲ"

"အကောင်းဆုံး ကြိုးစားရင်ပဲ တော်ပါပြီ လင်းဖန်။ နင် လုပ်နိုင်တယ်"

"ဟုတ်တယ်။ အစ်ကိုဖန် လုပ်နိုင်တယ်"

[ကြိုးစားထားလင်းဖန်] ဟူသည့် ကောမန့်များ ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့ပါသည်။

တစ်ချိန်တည်းမှာပဲ တင်ဆက်သူ ပလက်ဖောင်းကလည်း လင်းဖန်အတွက် အားပေးနေသည်။

တရုတ်စစ်တုရင် ဂေါ့ဆစ်ပ်အပါအဝင် ပရိတ်သတ်များစွာလည်း ရှိသေးသည်။ လျို့ရှင်းယီလို ပရော်ဖက်ရှင်နယ် ကစားသမားများအားလုံးက လင်းဖန်အတွက် အားပေးနေကြပါသည်။

ဒီနှစ်ရဲ့ တရုတ်စစ်တုရင် ပြိုင်ပွဲမှာ ဝမ်ထျန်းယီ တစ်ပွဲတောင် မရှံးသေးပါ။

ဒါက သူ့ရဲ့ မတွန်းလှန်နိုင်သော ခွန်အား ဖြစ်သည်။

တရုတ်စစ်တုရင် ပြိုင်ပွဲများတွင် "ငါလည်း ဒါမျိုး လုပ်နိုင်တယ်" ဟူသည့် စကားမျိုး မပြောကြပါ။

ဘယ်လို ပရော်ဖက်ရှင်နယ်ကစားသမားကမှ ဝမ်ထျန်းယီကို အနိုင်မယူနိုင်ပါ။

နာမည်ကျော် ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတိုင်းကို သူ အနိုင်ယူထားပါသည်။

တရုတ်စစ်တုရင်အကြောင်း နားမလည်သည့် လူတွေက ဖုန်းပေါ်က App ကိုသုံးပြီး ဝမ်ထျန်းယီလို အဆင့်မျိုးရှိသည့် ဆရာကြီးကို အနိုင်ယူနိုင်သည်ဟု ပြောကြလိမ့်မည်။

တကယ်တမ်းတော့ ဝမ်ထျန်းယီ၏ အဆင့်မျိုးတွင် ဖုန်းပေါ်က တရုတ်စစ်တုရင် ဆရာကြီးများကတောင် ယှဉ်နိုင်ဖွယ် မရှိတော့ပါ။

လူသားတွေထက် AI ပိုတော်ရသည့် အကြောင်းအရင်းက AI တွင် စွမ်းအားကြီးသည့် ပုံသေနည်းများ ရှိသောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ဖုန်းပေါ်က MB အနည်းငယ်သာ ရှိသည့် တရုတ်စစ်တုရင် ဆော့ဖ်ဝဲတွေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားများကို အနိုင်ယူနိုင်မယ်လို့ ထင်နေကြတာလား။

ထိုကဲ့သို့ AI မျိုးကိုလည်း အချိန်အကြာကြီး လေ့ကျင့်ပေးဖို့ လိုအပ်သည်။ ထို့အအပြင် အားကောင်းသည့် Database တစ်ခုဖြင့် ထောက်ပံ့ပေးထားဖို့လည်း လိုအပ်သည်။ ၁ စက္ကန့်အတွင်း ဘီလီယံ ရာနဲ့ချီသည့် တွက်ချက်မှုများကို လုပ်ရမည်ဖြစ်ပြီး စစ်တုရင် ကစားသမားကို အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ရမည်။

မကြာမီ ဒုတိယပွဲ စတင်ခဲ့ပါသည်။

လင်းဖန် ထိုင်လိုက်ပြီး အသက်ဝဝ ရှူလိုက်ပါသည်။

ပြိုင်ဘက်ကင်း ဝမ်ထျန်းယီနဲ့ ရင်ဆိုင်ရသည့်အခါ လင်းဖန် အလွန်အမင်း ဖိအားများရပါသည်။

အမှန်ပင်။ ဖိအားအပြင် အားတက်မှုလည်း ရှိပါသည်။

ဘာပဲဖြစ်ဖြစ် ဝမ်ထျန်းယီက ထိပ်တန်း တရုတ်စစ်တုရင် ကစားသမား ဖြစ်သည်။ သူ့ကို ရှုံးတာ ရှက်စရာ မဟုတ်ပါ။

အရေးအကြီးဆုံးက လင်းဖန် ဒီတရုတ်စစ်တုရင် ပြိုင်ပွဲမှ လင်းဖန် ပိုပြီး သင်ယူနိုင်ခဲ့ပါသည်။

တင်ဆက်သူ၏ အသံ ထွက်ပေါ်လာခဲ့၏။ "ကြည့်ရှုသူ ပရိတ်သတ်တို့ခင်ဗျား။ ဒီပြိုင်ပွဲက ၂၁ ရာစု တရုတ်စစ်တုရင်ဆုဖလား ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ ဒုတိယပြိုင်ပွဲ စတင်ပါတော့မယ်။ လောလောဆယ် ဝမ်ထျန်းယီက 1 : 0 နဲ့ ဦးဆောင်နေပါတယ် ခင်ဗျာ။ ပြိုင်ပွဲ စတင်ပြီဖြစ်ကြောင်း အားလုံးကို ကြေညာလိုက်ပါတယ်"

ပရိတ်သတ်များ ဆူညံပွက်လောရိုက်သွားခဲ့ကြသည်။

"လင်းဖန် မင်း လုပ်နိုင်တယ်"

"ဝမ်ထျန်းယီလည်း လုပ်နိုင်တယ်။ လင်းဖန်ကို အနိုင်ယူနိုင်ရင် ၆ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ပြီ"

"ဝမ်ထျန်းယီ ဝမ်ထျန်းယီ ဝမ်ထျန်းယီ"

စုရှောင်းယွီလည်း လူအုပ်ကြီးနဲ့အတူတူ ဝင်အော်လိုက်ပါသည်။ "လင်းဖန် နင် လုပ်နိုင်တယ်"

လင်းကျင်းကျင်းက သူမရဲ့ လက်ကိုင်ဆိုင်းဘုတ်ကို ယိမ်းနွဲ့လိုက်ပါသည်။ "လင်းဖန် အားတင်းထား"

လင်းချမ့်ဝေလည်း ပျော်ရွှင်စွာ အော်လိုက်သည်။ "သေချာပေါက် ဘော့စ် နိုင်လိမ့်မယ်"'

ပုံမှန်ဆို တိတ်တိတ်ဆိတ်ဆိတ် နေတတ်သည့် စုမူချင်းတောင် လင်းဖန်အတွက် စတင် အားပေးလိုက်ပါသည်။ "ဘော့စ် အားတင်းထား လုပ်ထား"

ရှားဝမ်ချွေ့က မအော်ပါ။ သူမ မတ်တပ်ရပ်လိုက်ပြီး လင်းဖန်ကို မျှော်လင့်စောင့်စားစွာ ကြည့်နေပါသည်။ သူမ အားလုံးရှေ့မှာ မတ်တပ်ရပ်နေပြီး လင်းဖန် နာမည်ပါသည့် လက်ကိုင်ဆိုင်းဘုတ်ကို လက်နှစ်ဖက်စလုံးနဲ့ ယိမ်းနေပါသည်။

လင်းဖန်သာ ဒီတစ်ခေါက် တကယ် အနိုင်ယူနိုင်ပါက... အနာဂတ်တွင် တစ်ခါတစ်လေ သူ့ကို အထက်စီးက နေခွင့်ပေးမည်ဖြစ်သည်။

ဒုတိယပွဲ စတင်ခဲ့ပါသည်။

လင်းဖန်က အရင်ဆုံး တိုက်ခိုက်လိုက်၏။

ပထမတော့ လင်းဖန် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။

သူ့ရဲ့ ဆက်တိုက် တိုက်ခိုက်မှုများက လူတွေကို အသက်ရှူမဲ့သွားစေသည်။

လက်ရှိ လင်းဖန်က ထိပ်တန်း ပရော်ဖက်ရှင်နယ် စစ်တုရင် ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။

လင်းဖန် အခွင့်အရေးကို ယူလိုက်တာနဲ့ မုန်တိုင်း တစ်ခုလို တိုက်ခတ်လိမ့်မည်။

တင်ဆက်သူကလည်း စိတ်လှုပ်ရှားဖွယ် အော်နေပါသည်။ "အခု လင်းဖန်တိုက်ခိုက်ရမယ့် အလှည့်ရောက်ပါပြီ။ လင်းဖန်ရဲ့ အမြှောက်က ရှေ့တက်သွားပါတယ်။ မြင်းကလည်း ခုန်လိုက်ပြီ။ ရထားလည်း ပါသေးတယ်။ ချက်ခ်"

"ဒါက လင်းဖန် ဝမ်ထျန်းရီကို ပထမဆုံး ချက်ခ် လုပ်လိုက်တာပါ။ ဖိအား အရမ်းများနေပြီ။ သူ လင်းဖန်ရဲ့ တိုက်ခိုက်မှုကို ဘယ်လို ကာကွယ်မလဲ"

"ဟာ ဝမ်ထျန်းယီ ကာကွယ်လိုက်ပါပြီ"

"ဘုရားရေ ဝမ်ထျန်းယီက အကွက်ကောင်း ရွှေ့လိုက်တာပဲ။ လင်းဖန်ရဲ့ ရထား အစားခံလိုက်ရပြီ"

"လင်းဖန်ရဲ့ ပြောင်မြောက်တဲ့ တန်ပြန်တိုက်ခိုက်မှုကလည်း ဝမ်ထျန်းယီရဲ့ ရထားကို စားသွားပါပြီ။ နှစ်ဖက်စလုံး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရောက်လာခဲ့ပါပြီ"

"မိနစ် ၂၀ လောက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေတာပါ။ လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးသေးဘူး။ ဒီကစားပွဲ ဘယ်လို ဆက်ဖြစ်သွားမလဲ"

"အားလုံးပဲ ဒါပြိုင်ပွဲစတင်တဲ့ အချိန်ကတည်းက ဝမ်ထျန်းယီကို တစ်ယောက်ယောက် ဒီအတိုင်းတာအထိ တွန်းအားပေးနိုင်တာ ပထမဆုံးအကြိမ်ပါပဲ။ လင်းဖန် အခု အားသာချက် ရသွားခဲ့ပါပြီ"

"ဘုရားရေ လင်းဖန်ရဲ့ မြင်းနဲ့ အမြှောက် အစားခံလိုက်ရပြီ။ လင်းဖန် ပြန်ပြီး အားနည်းသွားပါပြီ"

"ဝမ်ထျန်းယီ စစ်တုရင်ကို ဘယ်လိုများ ကစားနေတာလဲ။ ဘာလို့ ကျွန်တော်နားမလည်နိုင်ရတာလဲ။ လင်းဖန် ရုတ်တရက်ကြီး အခွင့်မသာတဲ့လူ ဖြစ်သွားပြီ။ ဝမ်ထျန်းယီက အစကတည်းက ထောင်ချောက်တစ်ခု ဆင်ထားတဲ့ပုံပဲ။ လင်းဖန် ဝမ်ထျန်းယီကို မခန့်မှန်းနိုင်ခဲ့ဘူး။ ဟူး။ လင်းဖန် အမှားလုပ်မိသွာားပြီ"

"ထပ်ပြီး ရှေ့မတိုးနောက်မဆုတ်အခြေအနေ ရောက်လာပြန်ပါပြီ။ ဝမ်ထျန်းယီလည်း လင်းဖန်ကို အနိုင်မယူနိုင်ပါဘူး။ ဒါပေမယ့် လင်းဖန် တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရပါပြီ"

၁၀ မိနစ်ကြာသောအခါ...

တင်ဆက်သူ သက်ပြင်းချလိုက်မိသည်။ "လင်းဖန် ရှုံးသွားပါပြီ။ ကစားပွဲအစတုန်းက တိုက်စစ်အားသာချက်ကောင်းကောင်းကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ဝမ်ထျန်းယီက အတွေ့အကြုံ များလွန်းတယ်။ တက်သစ်စ တစ်ယောက်ကို သင်ခန်းစာ ပေးလိုက်ပြန်ပါပြီ။ လင်းဖန် ဒီပွဲကို ရှုံးနိမ့်သွားပါပြီ"

"ထပ်ပြီး အနိုင်ရရှိသွားတဲ့အတွက် ဝမ်ထျန်းယီကို ဂုဏ်ပြုပေးလိုက်ကြရအောင်ဗျာ"

"အခု အားလုံးကို အသိပေးချင်ပါတယ်..."

"လက်ရှိ ပြိုင်ပွဲမှဦ ဝမ်ထျန်းယီက လင်းဖန်ကို 2 : 0 နဲ့ ဦးဆောင်နေပါတယ်။ ပြီးတော့ ဝမ်ထျန်းယီက ပြိုင်ပွဲရဲ့ နိုင်မှတ်ကို ရောက်နေပါပြီ ဝမ်ထျန်းယီသာ နောက်တစ်ပွဲ အနိုင်ထပ်ရဦးမယ်ဆိုရင် ၆ နှစ်ဆက်တိုက် တရုတ်စစ်တုရင် ချန်ပီယံ ဖြစ်လာမှာပါ"

"ဧကန္တ... လင်းဖန်တောင် ဝမ်ထျန်းယီကို မတားနိုင်တော့ဘူးလား"

"အချိန်တွေ အခုထိ မပြောင်းလဲသေးဘူးပဲ"

"ဝမ်ထျန်းယီက ဒီပြိုင်ပွဲကြီးမှာ တစ်ပွဲတောင် သရေပွဲ မကျခဲ့ပါဘူး။ အခုချိန်ထိ တစ်ပွဲမှလည်း မရှုံးခဲ့ဘူး။ ဒါရဲ့ ဝမ်ထျန်းယီရဲ့ ကြမ်းတမ်းတဲ့ စွမ်းအားပဲ"

"ပြိုင်ပွဲရဲ့ နောက်တစ်ချီကိုတော့ ၁ နာရီနေရင် ဆက်ကျင်းပပေးသွားမှာပါ။ လင်းဖန်အကောင်းဆုံး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လင်းဖန် ဒုတိယပွဲကို ရှုံးနိမ့်သွားပြီးနောက် အနည်းငယ် ပင်ပန်းသွားခဲ့ပါသည်။

ဒီတစ်ပွဲမှာလည်း သူ တကယ် အကောင်းဆုံး ကြိုးစားခဲ့ပါသည်။

ကံမကောင်းစွာဖြင့် သူ့အတွက်အချက်စကေးများက ဝမ်ထျန်းယီကို မယှဉ်နိုင်ဘဲ ဝမ်ထျန်းယီက သူ့ကို လှည့်စားကာ အားသာချက်ကို အရေးနိမ့်မှုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ နောက်ဆုံးမှာတော့ ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပါသည်။

ဝမ်ထျန်းယီမှာ ဘာပြစ်ချက်မှ မရှိဘဲ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမားတွေ ဘယ်လောက် အားကောင်းသလဲဆိုတာကို လင်းဖန် ခံစားနိုင်ပါသည်။

နားနေခန်းဆီကို ပြန်လာတော့ လင်းဖန် ဘယ်သူ့ကိုမှ မတွေ့ခဲ့ပါ။ မျက်လုံးကိုမှိတ်လိုက်ပြီး အားလုံးကို ဂရုတစိုက် တွေးကြည့်လိုက်ပါသည်။

ဒီအချိန်တောအတွင်း သူ့ရဲ့ ကြိုးစားအားထုတ်ခဲ့မှုများ၊ ပရော်ဖက်ရှင်နယ် စင်မြင့်ထက်က အတွေ့အကြုံများ၊ တရုတ်စစ်တုရင် အသိပညာအားလုံး လင်းဖန်ရဲ့ စိတ်ထဲကို ဝင်ရောက်လာပါသည်။

သူ့စွမ်းရည်က ဒီလောက်နဲ့ အဆုံးသတ်မသွားသင့်ပါ။

သူက ငယ်သေးကာ သူ့အတွက်အချက် စွမ်းရည်ကလည်း ကျိန်းသေ ဝမ်ထျန်းယီအောက် မညံ့လောက်ပါ။

သို့သော် ဘာကြောင့် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာလဲ။

နောက်တစ်ပွဲသာ ထပ်ရှုံးပါက လင်းဖန် ၃ ကြိမ်ဆက်တိုက် ရှုံးနိမ့်ကာ ဝမ်ထျန်းယီ ချန်ပီယံ ဖြစ်လာနိုင်ပါသည်။

လင်းဖန် ဖုန်းကိုဖွင့်ကြည့်လိုက်သောအခါ ကျားရှင်းဖျော်ဖြေရေးမှ ဆယ်လီများစွာ ဝေ့ပေါ် မှာ ပို့စ်တင်ထားကြတာကို မြင်လိုက်ရပါသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်၊ လင်းကျင်းကျင်း၊ စုမူချင်း၊ လင်းချမ့်ဝေ၊ ထန်ရှင်းရန်၊ ဖန်တုံတုံ၊ ရှုယန်၊ လင်းချင်းရွှမ်...

ဆယ်လီအားလုံးက လင်းဖန်ကို အားပေးနေကြသည်။

ရှားဝမ်ချွေ့က ဆယ်လ်ဖီဓာတ်ပုံတစ်ပုံကိုပင် တင်ပြီး လင်းဖန်ကို Tag တွဲထားသည်။

[လင်းဖန် အားတင်းထား~~]

ထိုရိုးရိုးရှင်းရှင်း စကားလေးတစ်ခွန်းက လင်းဖန်ကို အားပေးဖို့ အဆုံးမဲ့ စွမ်းအားများစွာ ရှိပါသည်။

လင်းဖန် ရုတ်တရက်ကြီး ဖိုင်နယ်မှာ ရှုံးလို့ မဖြစ်ဘူး ဟူသည့် ခံစားချက်မျိုးကို ရလိုက်ပါသည်။

သူ့နောက်မှာ ရှားဝမ်ချွေ့ ရှိနေသည်။ ရှုံးလို့ ဖြစ်ပါ့မလား။

သူသာ ဒီမှာ ရှုံးနိမ့်သွားပါက ခံပြင်းစရာ ဖြစ်သွားမည်။

လင်းဖန် ပြန်ထွက်လာပြီး ပရိတ်သတ်တွေကို မြင်လိုက်ရပါသည်။

"လင်းဖန် အားတင်းထား"

"လင်းဖန် အားတင်းထား"

"လင်းဖန် အားတင်းထား"

အခမ်းအနားတစ်ခုလုံးတွင် ပရိတ်သတ်များက လင်းဖန်၏ နာမည်ရေးထိုးထားသော ဆိုင်းဘုတ်များ ကိုင်ရင်း လင်းဖန်ကို အားပေးနေကြပါသည်။

ရှားဝမ်ချွေ့က ရှေ့ဆုံးမှာ ရပ်နေပြီး လင်းဖန်ကို ကြည့်နေပါသည်။

လင်းဖန် ပြုံးကာ စိတ်ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ယခု သူရှုံးနိမ့်ခါနီးဆဲဆဲ အချိန်ကိုရောက်ပါပြီ။

နောက်တစ်ပွဲ ထပ်ရှုံးလို့ မဖြစ်ပါ။

လင်းဖန် မော့ကြည့်လိုက်ပြီး သူ့အကြည့်က ပို၍ပင် ခိုင်မာသွားခဲ့ပါသည်။

ဒီတစ်ခေါက် ဝမ်ထျန်းယီကို တိုက်ခိုက်ဖို့ သူလေ့လာထားသမျှ အသိပညာအားလုံးကို အသုံးပြုမည်။

ဝမ်ထျန်းယီ တိုက်ခိုက်ကြစို့။

All Chapters