ဒီလို အချစ်ကြွားလို့ရကြေးလား
Vol. 25 Ch. 368
ပရိတ်သတ်တွေအားလုံးလည်း ဒီအခိုက်အတန့်မှာ အားလုံး ပေါက်ကွဲသွားကြပါသည်။
မီးအလင်းရောင်များ လင်းဖန်ပေါ်သို့ ကျရောက်လာသည်။
လင်းဖန်၏ ပုံရိပ်က LED ဖန်သားပြင်ကြီးပေါ်မှာ ပေါ်လာခဲ့သည်။
လင်းဖန်တစ်ယောက် အာရုံစိုက်မှု၏ ဗဟိုချက် ဖြစ်လာခဲ့ပါသည်။
"ချန်ပီယံ"
"ချန်ပီယံ"
"ချန်ပီယံ"
လင်းဖန်ကို အားပေးတဲ့လူတိုင်း အော်ဟစ်နေကြပါသည်။
ဒီအခိုက်အတန့်က အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။
ပြင်းထန်လှသည့် တိုက်ပွဲကို တစ်နေ့လုံး ဆင်နွှဲပြီးနောက် လင်းဖန် ဝမ်ထျန်းယီကို အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိသွားပါတော့သည်။
ပရော်ဖက်ရှင်နယ် ကစားသမားအားလုံး အံ့အားသင့်သွားရတော့သည်။
ဂေါ့ဆစ်ပ်၊ လျို့ရှင်းယီနဲ့ တခြားသူတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
ဂေါ့ဆစ်ပ်က ပြောလိုက်၏။ "ဘုရားရေ... လင်းဖန် တကယ် လုပ်နိုင်ခဲ့ပြီပဲ။ ၂ ပွဲဆက်တိုက် နောက်ကျ ကျန်ခဲ့တာတောင် မဖြစ်နိုင်တဲ့ တကျော့ပြန်မှုကို ရခဲ့တယ်။ ဝမ်ထျန်းယီဆိုတာလည်း ဘယ်လို တရုတ်စစ်တုရင် ပညာရှင်မို့လို့လဲ။ သူက ၅ နှစ်ဆက်တိုက် တရုတ်စစ်တုရင် ချန်ပီယံ ဖြစ်ခဲ့တာတောင် လင်းဖန်ကို ရှုံးနိမ့်သွားတုန်းပဲ"
လျို့ရှင်းယီလည်း ခေါင်းငြိမ့်လိုက်သည်။ "လင်းဖန်နဲ့ အရင်တစ်ခေါက် တရုတ်စစ်တုရင် ကစားခဲ့တုန်းက သူ တကယ် သန်မာတယ်လို့ ခံစားခဲ့ရတယ်။ အခု ဒီနေ့ မြင်လိုက်ရမှ တကယ် အစစ်အမှန် ဖြစ်နေတာကိုး။ ဒီလောက် တော်တဲ့လူမျိုး မမြင်ဖူးဘူး။ ထင်တဲ့အတိုင်းပဲ လင်းဖန်က ဝမ်ထျန်းယီနဲ့ ရာဇဝင်တွေကို အနိုင်ယူနိုင်ခဲ့ပြီ"
တခြား ပရော်ဖက်ရှင်နယ် ကစားသမားများလည်း သက်ပြင်းချလိုက်ကြပါသည်။
"ငါအမြင်မှားနေတာလား။ လင်းဖန်က တကယ်ကြီး ဝမ်ထျန်းယီကို နန်းချနိုင်ခဲ့တာပဲ။ လင်းဖန် ဒီလောက်ထိ တော်လာတာ ဘယ်သူ့အပြစ်လဲ..."
"ဟုတ်တယ်။ လင်းဖန်က အခု တရုတ်စစ်တုရင်လောကမှာ နံပါတ် ၁ လို့တောင် ပြောလို့ရပြီ။ သူ အောင်မြင်သွားခဲ့ပြီ"
"လင်းဖန်က ထာဝရ ငါ့အိုင်ဒေါပဲ။ အခု သူ့ကို ကိုးတောင် ကိုးကွယ်ချင်လာပြီ။ ဒီလောက်ထိ လုပ်နိုင်ဖို့ အများကြီး အားစိုက်ထုတ်ခဲ့တာ ဖြစ်မယ်။ ငါသာ ၂ ပွဲဆက်တိုက် နောက်ကျကျန်ခဲ့ရင် ငါ့ယုံကြည်ချက်တွေလည်း တစ်စစီ ပြိုကွဲသွားလောက်တယ်"
"မင်းတို့ သတိထားလိုက်မိကြလား။ လင်းဖန်က ဝမ်ထျန်းယီကို တရုတ်စစ်တုရင်ပြိုင်ပွဲမှာ ၁ပွဲ ၂ ပွဲပဲ ရှုံးခဲ့တာ။ ကျန်တာ သူ့နိုင်ပွဲတွေချည်းပဲ"
အားလုံးသက်ပြင်းချနေစဉ် စုရှောင်းယွီက ဖန်သားပြင်ပေါ်က ဖိုင်နယ် ရလဒ်များကို ကြည့်ရင်း အားပေးလိုက်ပါသည်။ "ဆရာ ချန်ပီယံဖြစ်သွားပြီ~"
ဖန်တုံတုံလည်း ရယ်မောကာ သူ့လက်ထဲက မုန့်ကို စွန့်ပစ်လိုက်ပါသည်။ "ချန်ပီယံ ချန်ပီယံကွ။ အစ်ကိုဖန်က အတော်ဆုံးပဲ"
ရှုယန်လည်း သက်ပြင်းချကာ ပြောလိုက်သည်။ "ဘာလို့ လင်းဖန် လုပ်သမျှမှာ အရမ်းတော်နေရတာလဲ။ တရုတ်စစ်တုရင် ချန်ပီယံဆုကိုတောင် ရသွားပြီ"
"ဒါပေမယ့် ကံကောင်းတာတစ်ခုက လင်းဖန် တရုတ်စစ်တုရင် ကစားနေတာ ကြာပြီဆိုတော့ သူ့အချစ်ကို မကြွားနိုင်အားသေးဘူး။ တော်သေးတာပေါ့ တော်သေးတာပေါ့" ရှုယန်က ပြုံးလိုက်၏။
"ဟုတ်တယ်။ အစ်ကိုဖန်သာ သူ့အချစ်ကို လာကြွားရင် ငါသည်းခံနိုင်မှာ မဟုတ်ဘူး" ဖက်တီး တုံတုံက ပြောလိုက်ပါသည်။
ဝမ်ထျန်းယီက လင်းဖန်ကို ကြည့်လိုက်ပြီး လက်ဆန့်တန်းပေးလိုက်ပါသည်။ "လင်းဖန်။ ချန်ပီယံ ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ မင်းက တရုတ်စစ်တုရင်လောကမှာ နံပါတ် ၁ ဖြစ်သွားပြီ။”
လင်းဖန်က ဝမ်ထျန်းယီနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကာ ပြုံးလိုက်ပါသည်။ "အစ်ကိုကြီးဝမ်။ အခုဒီနေရာကို ရောက်လာနိုင်တာ အစ်ကိုကြီးဝမ်ရဲ့ ကျေးဇူးတွေပါပဲ။ တရုတ်စစ်တုရင် လောကမှာ နံပါတ် ၁ ဖြစ်တာ မဖြစ်တာ အရေးမကြီးဘူး။ ခဏနေရင် အစ်ကိုကြီးဝမ်ကို ကျွန်တော် စားတော်ပွဲနဲ့ ဧည့်ခံမယ်"
ဝမ်ထျန်းယီက ရယ်မောလိုက်၏။ "အေးပါကွာ"
စတိတ်စင်ပေါ်က တင်ဆက်သူလည်း လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "အားလုံးပဲ။ ၂၁ ကြိမ်မြောက် တရုတ်စစ်တုရင်ဆုဖလား ပြိုင်ပွဲမှာ ဖိုင်နယ် ချန်ပီယံ ဖြစ်လာတဲ့အတွက် လင်းဖန်ကို ဂုဏ်ပြုပေးလိုက်ကြရအောင်လားဗျာ"
"လင်းဖန်ကို ဆုချီးမြှင့်ဖို့အတွက် ဝန်ထမ်းကို ဖိတ်ကြားလိုက်ရအောင်"
"တစ်ချိန်တည်းမှာပဲ ချန်ပီယံဖြစ်လာတဲ့အတွက် ၁.၅ သန်းယွမ်ကိုလည်း ဆုချီးမြှင့်သွားမှာပါ"
စတိတ်စင်အလယ်တွင် ရပ်နေသည့် လင်းဖန်ကို အားလုံး အာရုံစိုက်ထားကြပါသည်။
ဒီအခိုက်အတန့်မှာ လင်းဖန်က အာရုံစိုက်မှုအားလုံးရဲ့ ဗဟို ဖြစ်သွားသည်။
တရုတ်စစ်တုရင် ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးနောက် လင်းဖန် ၁.၅ သန်းယွမ်ကို ရရှိခဲ့ပါသည်။
တင်ဆက်သူက လင်းဖန်ကို ကြည့်ကာ မေးလိုက်ပါသည်။ "လင်းဖန် အခု ကျေးဇူးတင်စကား ပြောစရာရှိလား"
လင်းဖန်က ကြယ်ပွင့်တစ်ပွင့်ဖြစ်သည်။ ဇာတ်ညွှန်းများကို ရေးသားခဲ့သည်။ ဒါရိုက်တာ တစ်ယောက်လည်းဖြစ်ကာ သရုပ်ဆောင်လည်း ဖြစ်ပါသည်။ ယခု လင်းဖန်က ရုတ်တရက်ကြီး တရုတ်စစ်တုရင်ဘက်ကို ကူးပြောင်းလာပြီး ချန်ပီယံဆုကိုတောင် ဆွတ်ခူးခဲ့ပါသည်။
လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "တကယ်တော့ အစတုန်းက ကျွန်တော် တရုတ်စစ်တုရင်ဆိုတာ ဘာမှန်းတောင် မသိပါဘူး။ ကျွန်တော့်ကို ဒီနေ့ ဒီလို ဖြစ်လာစေခဲ့တာ ရှားဝမ်ချွေ့ ဆက်တိုက် အားပေးခဲ့ပြီး ကူညီပေးခဲ့တာကြောင့်ပါ"
"သူ ကျွန်တော့်အနားမှာ ရှိနေလို့ ကျွန်တော် ဒီနေ့ ဒီအထိ လျှောက်လှမ်းလာနိုင်တာ ဖြစ်ပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ"
"ဒီနေ့လည်း သူ ဒီကို ရောက်နေပါတယ်။ ကျွန်တော် သူ့ကို စင်မြင့်ပေါ် ဖိတ်ကြားပါရစေ"
လင်းဖန် ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့လည်း သူ့ကို ပြန်ကြည့်လိုက်ပါသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် နှစ်လိုစွာ ကြည့်လိုက်သည်။
ရှားဝမ်ချွေ့ စင်မြင့်ပေါ်ကို တစ်လှမ်းချင်း တက်လာပြီး လင်းဖန် ဘေးမှာ ရပ်လိုက်ပါသည်။
ဒီနေ့ ရှားဝမ်ချွေက ရိုးရိုးရှင်းရှင်း အင်္ကျီလက်တို၊ ဂျင်းပြာဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး သူမရဲ့ ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက်ကို အထင်းသား ပေါ်လွင်စေပါသည်။
သူမ မိတ်ကပ်လည်း ပါးပါး လိမ်းထားသဖြင့် အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
စတိတ်စင်ပေါ်မှာ ပို၍ပင် လှပလာခဲ့ပါသည်။
လှပသည့် ရှားဝမ်ချွေ့ကို မြင်လိုက်ရသောအခါ လင်းဖန် တောက်ပစွာ ပြုံးလိုက်ပြီး သူမလက်ကို နူးညံ့စွာ ကိုင်လိုက်ပါသည်။ "နင့်ရဲ့ အားပေးမှုနဲ့ ထောက်ပံ့မှုတို့အတွက် ကျေးဇူးတင်ပါတယ်။ ငါ အောင်မြင်သွားခဲ့ပြီ"
ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်သည်။ သူမ ပါးပြင်များက အနည်းငယ် နီမြန်းနေပါသည်။ "မဟုတ်ပါဘူး။ ဒါတွေအားလုံးက နင့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ"
လင်းဖန် လေးလေးနက်နက် ပြန်ပြောလိုက်ပါသည်။ "မဟုတ်ပါဘူး။ နင်သာ မရှိရင် ဒီနေ့လို အောင်မြင်မှုမျိုး ရနိုင်မှာ မဟုတ်ဘူး။ အောင်မြင်တဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အရမ်းတော်တဲ့ ဇနီးတစ်ယောက် ရှိတတ်တာပဲ"
ရှားဝမ်ချွေ့ ပို၍ပင် ရှက်သွေးဖြာသွားပြီး မျက်နှာ လွှဲလိုက်ပါသည်။ "လူဆိုးကောင်"
တင်ဆက်သူ "..."
ဝမ်ထျန်းယီ "..."
ရှုယန် "..."
တုံတုံ "..."
စတိတ်စင်ပေါ်မှာ ဘာတွေ လာလုပ်ပြနေတာလဲ။
ထို့အပြင် လူတွေအများကြီးနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူ သန်းပေါင်းများစွာရဲ့ ရှေ့မှာလည်း ဖြစ်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အားလုံးရှေ့မှာ ထပ်မံ ချစ်ပြနေကြပြန်ပါပြီ။
သူမလက်ကိုကိုင်ပြီး မိန်းမဟုပင် ခေါ်ခဲ့သေးသည်။
ရှားဝမ်ချွေ့ကလည်း ချွဲနွဲ့တတ်သည့် ကောင်မလေး တစ်ယောက်လို ပြုမူကာ သူ့ကို လူဆိုးကောင်ဟု ခေါ်ခဲ့၏။
ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ။
ဒီလို လူရှေ့သူရှေ့ ချစ်ပြတာက ကြည့်နေသည့် ဆယ်ဂယ်တိုင်းကို အသေသတ်နိုင်သည်။
တရုတ်ချစ်သူများနေ့ပြီးခါစဖြစ်နေတာတောင် ဆင်ဂယ်တွေကို ဒီလို အနိုင်ကျင့်လို့တော့ မရပေ။
တင်ဆက်သူလည်း ရင်နာသွားသည်။ သို့သော် အခမ်းအနားကြီးကို တိတ်ဆိတ်သွားအောင် လုပ်လို့ မဖြစ်ပါ။
ဆုများကို ကြေညာပြီးနောက် သတင်းမီဒီယာများစွာ သူတို့ကို ဝန်းရံလိုက်ကြသည်။
ဒါက အင်တာဗျူးဖို့ အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။
ကောင်မလေးတစ်ယောက်က မိုက်ခရိုဖုန်းကို ကိုင်လျက် လင်းဖန်ကို ကြည့်ကာ မေးလိုက်ပါသည်။ "လင်းဖန် ဘာကြောင့် တရုတ်စစ်တုရင်ကို စလေ့လာဖြစ်ခဲ့တာလဲ။ ဝါသနာကြောင့်လား"
လင်းဖန်က ပြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး။ တရုတ်စစ်တုရင်ကို လေ့လာတာက ဉာဏ်ရည် တိုးမြင့်စေတယ်လေ။ ပိုအရေးကြီးတာက ကျွန်တော့်ရဲ့ ယောက္ခမလောင်းကလည်း တရုတ်စစ်တုရင် ကစားပြီး အရမ်းတော်တာ။ နောက်ပိုင်း ကျွန်တော် ယောက္ခမလောင်းနဲ့ တွေ့လို့ ရအောင် ကျွန်တော်လေ့လာဖြစ်ခဲ့တာပါ"
ကောင်မလေး "..."
သူမ ထိခိုက်မှု ၁၀,၀၀၀ လောက် ခံလိုက်ရသည်ဟု ခံစားမိသည်။
ယောက္ခမဟုတောင် သူ ထည့်ပြောသွားသေး၏။
သတင်းသမားတစ်ယောက်က လင်းဖန်ကို ကြည့်ကာ မေးလိက်သည်။ "လင်းဖန် ဆုကြေးငွေ ၁.၅ သန်းကို ရရှိသွားပြီဆိုတော့ ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ"
လင်းဖန် "တကယ်တော့ ကျွန်တော် ငွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော် သန်းချီပြီး နည်းနည်းလောက် ရလိုက်လည်း ဘာမှ မခြားနားသွားဘူး။ ပမာဏနည်းနည်းလေး အတက်အကျ ဖြစ်သွားရုံပဲ ရှိမှာပါ။ တကယ်တော့ တရုတ်စစ်တုရင်ကနေ ငွေရှာဖို့ထက် ဇာတ်ညွှန်းရေးတာက ပိုတောင် ရပါသေးတယ်"
သတင်းသမား - "...."
သတင်းသမားတွေပဲ မဟုတ်ဘဲ ကြည့်ရှုသူနဲ့ ပရိတ်သတ်များစွာပါ ဆွံ့အသွားကြသည်။
လင်းဖန် ချမ်းသာမှန်း သူတို့အားလုံး သိကြသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က စူပါစတားတစ်ယောက် ဖြစ်ပြီး ကုမ္ပဏီတစ်ခုကိုတောင် တည်ထောင်ထားသည်။
သို့သော်လည်း လင်းဖန်က ချမ်းသာလွန်းသဖြင့် ဆုကြေးငွေကိုတောင် ဂရုမစိုက်ဘူးဟု ထင်မထားကြပေ။
တရုတ်စစ်တုရင်ပြိုင်ပွဲမှ ဆုကြေးငွေ ၁.၅ သန်းကိုတောင် စိတ်မဝင်စားပါ။
၁.၅ သန်း ယွမ်ဆိုတာ သူတို့ ၁၀ နှစ်၊ နှစ် ၂၀ လောက် ကြိုးစားမှ ရနိုင်မည့် ပမာဏမျိုး ဖြစ်သည်။
လူပေါင်းများစွာက တစ်သက်လုံး ကြိုးစားမှ ၁.၅ သန်း ရနိုင်လိမ့်မည်။ တချို့ဆို ရတောင် မရနိုင်လောက်ပါ။
သို့သော်လည်း လင်းဖန်ကတော့... ၁.၅ သန်းဆိုတာ ဘာမှ မပြောပဘူးဟု ခံစားလိုက်ရပါသည်။
တကယ်တော့... သူ ငွေလိုချင်ပါက ဇာတ်ညွှန်းရေးတာကမှ ပိုကောင်းပါလိမ့်မည်။
ဒါ သူဌေးတစ်ယောက်ရဲ့ ဘဝမျိုးလား။