နောက်တစ်ခါ ဖြစ်ပြန်ပြီ
Vol. 9 Ch. 120
ဝေ့ဝူယင်သည် အဂ္ဂိရတ် နှလုံးသားကို ပိုင်ဆိုင်ထားသည့် နတ်ဘုရား အရှင် တစ်ယောက် ဖြစ်သည်။ အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ အဂ္ဂိရတ် နှလုံးသား ပိုင်ရှင်များထဲတွင် တစ်ယောက်ပင်လျှင် ဆေမျိုး နတ်ဘုရား သို့မဟုတ် ထိုထက် ပိုမြင့်မားသော အဆင့်များကို မရောက်ကြချေ။ ထို့ကြောင့်ပင် ဟန်ပိုမှာ ကျောက်စိမ်းကြာပန်းဂိုဏ်းမှ သတင်းကြားကြားခြင်းပင် ကင်းထောက်များ စေလွှတ်ကာ ဝေ့ဝူယင်ကို စုံစမ်း စေခဲ့သည်။ နောက်ဆုံး ကောင်းကင်ဝူ မြို့တော်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ ဟန်ပိုမှာ လှည့်ကွက်တစ်ချို့ သုံးကာ ဝေ့ဝူယင်နှင့် တွေ့ခွင့်ရအောင် ဖန်တီးယူခဲ့သည်။
စျေးညှိနှိုင်းမှုမှာ မိနစ် အနည်းငယ် အတွင်းမှာပင် ပြီးဆုံးသွားခဲ့၏။ ဝေ့ဝူယင်ဘက်မှ ဝိညာဥ်ကမ္ဘာ အသက်ဆက် အဆင့်နိမ့် ဆေးတစ်လုံး၊ အဆင့်မြင့်ဆေး တစ်လုံးနှင့် အထွတ်အထိပ်ဆေး တစ်လုံးကို ပေးရ၏။ ထိုအတွက် သူသည် ဟန်ပိုထံမှ အမှောင်အလင်း နတ်ဘုရား ဆေဘာ၊ ယန်ဝတ်စုံတို့ အပြင် အမှောင်ဝိညာဥ် ချပ်ဝတ်၊ နတ်ဘုရားသတ် သံမဏိ ဆေဘာနှင့် အခြား အဆင့်ရှစ် ချီလက်နက် နှစ်ခုတို့ကိုပါ လက်ခံ ရရှိသည်။
နတ်ဘုရားသတ် သံမဏိ ဆေဘာသည် အဆင့်မြင့် ဆေဘာစွမ်းအင်၊ အစစ်အမှန် သံမဏိ သတ္တုတို့အပြင် သံမဏိ ခန္ဓာကို ကျင့်ကြံသည့် နတ်ဘုရား အရှင် တစ်ပါး၏ အရိုးတို့ဖြင့် ရောစပ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် အလွန်ပင် အစွမ်းထက်လှကာ ဝေ့ဝူယင်၏ အခြေတည် ဆေဘာ ဝိညာဥ် ဖြစ်သည့် “ဒြပ်စင်” ဝင်ရောက် ခိုအောင်းရန် အလွန် သင့်တော်သည်။
အမှောင် ဝိညာဥ် ချပ်ဝတ်မှာမူ ပေါ့ပေါ့ပါးပါး စစ်ဝတ်စုံတစ်ခု ဖြစ်ပြီး အမှောင်ချီ ကျင့်စဥ် ကျင့်ကြံသည့် ကျင့်ကြံသူများနှင့် အလွန် လိုက်ဖက်သည်။ ထိုသံချပ်ကာကို ဝတ်၍ အမှောင်အလင်းဆေဘာဓားကို ကိုင်ဆောင်ပါက စုမေ့၏ ခွန်အားမှာ အဆများစွာ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။
အကုန်အကျများခဲ့သည့်တိုင် လက်ခံ ရရှိလိုက်သော ဆေးလုံးများကို ကြည့်ရင်း ဟန်ပိုမှာ ပြန်လည် ပြုံးရွှင် လာခဲ့သည်။ ထိုဆေးလုံးများကို ရရှိရန် အတွက်ဆိုလျှင် သူ မည်မျှ ကုန်ကျစေကာမူ ပေးရန် အဆင်သင့် ရှိသည်။
ဝေ့ဝူယင်မှာ အသက်လောက ကုန်တိုက်မှ ချက်ချင်း ထွက်ခွာသွားခြင်း မရှိချေ။ ထို့အစား အလဲအလှယ် ပြုလုပ်ရန် စိတ်ဝင်စားသည့် အခြား မန်နေဂျာများ ရှိလိုရှိငြား ဟန်ပိုထံ စုံစမ်းလိုက်သည်။ ဟန်ပိုက သူ့အား အခြား မန်နေဂျာများနှင့် မိတ်ဆက်ပေး၏။
ထိုနေ့မှာ အသက်လောက ကုန်တိုက်မှ မန်နေဂျာအားလုံး ထီပေါက်သည့်နေ့ ဖြစ်သည်။ ဝေ့ဝူယင်သည် သူ့ထံတွင် ပိုလျှံနေသည့် ပစ္စည်းကို အသုံးပြုကာ အလွှာ အားလုံးကို ဝင်ရောက် စီးနင်းခဲ့သည်။
ဝိညာဥ် ချီကျင့်စဥ်တွေလား... ယူမယ်
ဝိညာဥ် ဝင်္ကပါ ပုံစံတွေ... ယူမယ်
ချီ အစီအရင်...ယူမယ်
အမှောင်အမတေ ကျောက်တုံး... ယူမယ်
အသွင်မဲ့ အလင်း အမတေ... ယူမယ်
အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ သေမျိုး နတ်ဘုရား၊ နတ်ဘုရားအရှင်၊ နတ်ဘုရား ဧကရာဇ်တွေရဲ့ အချက်အလက်တွေ... ယူမယ်
အနန္တ ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ အထင်ကရ နေရာတွေနဲ့ တားမြစ်နေရာတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ... ယူမယ်
ဝေ့ဝူယင်သည် မျက်စိကျသမျှ အရာတိုင်းကို လက်ညိုးဖြင့် ထိုးနေခဲ့၏။ ထိုအတွက် သူသည် အမတေ ကျောက်တုံး တစ်တုံးတစ်ပင် မကုန်ပဲ အကုန်လုံးကို မှော်ဆေးလုံးများဖြင့်သာ လဲလှယ် ရယူခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်၌ အဂ္ဂိရတ် ပညာရှင် ဖြစ်ချင်သူ အဘယ်ကြောင့် ပေါများသည်ကို နောက်ဆုံး၌ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
စုမေ့မှာ နောက်မှ တိတ်တဆိတ်သာ လိုက်ပါလာခဲ့သော်လည်း အံ့သြခြင်းတို့က သူမ၏ စိတ်ကို စိုးမိုးနေသည်။ အဂ္ဂိရတ် ပညာရပ်မှာ ထိုမျှ တန်ဖိုးရှိလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးချေ။ အဆင့်မြင့် ကျင့်ကြံသူ များစွာမှာ အဆင့်ခြောက် ဆေးတစ်လုံး ရရန် အတွက် လက်တစ်ဖက်ကိုပင် ဖြတ်ပေးရန် ဆန္ဒရှိကြပုံ ပေါ်သည်။
တစ်နေ့လုံး လှည့်ပတ် စျေးဝယ်ပြီးနောက် ဝေ့ဝူယင်သည် ယန်ဝတ်စုံကို ဝတ်ဆင်ကာ သံမဏိ နတ်ဘုရားသတ်ဓားကို ခါးတွင် ချိတ်ဆွဲလိုက်၏။ ယန်ဝတ်စုံသည် ရွှေနက်ရောင် ရှိပြီး ကိုယ်ကြပ် ဒီဇိုင်းမျိုး ဖြစ်ရာ ခန္ဓာကိုယ် ကြွက်သားများကို ဖော်ပြပေးနိုင်စွမ်း ရှိသည်။ သူသည် ထိုအရာကို အစောကတည်းကပင် မျက်စိကျနေခဲ့ခြင်း ဖြစ်၏။
“ခုလိုဆိုတော့လည်း ငါက ချမ်းသာတဲ့ သခင်လေး တစ်ယောက်လိုပါပဲလား... ကိုယ့်ကိုယ်ကိုတောင် တော်တော် ကြည့်ကောင်းတယ်လို့ ခံစားရတယ်”
ဝေ့ဝူယင် အင်္ကျီလက်များကို ခါရင်း ရေရွတ်လိုက်၏။ ထို့အပြင် ဝတ်စုံထဲတွင် နေရောင်ခြည်မှ သန့်စင်ထားသော ယန်စွမ်းအင် အများအပြား ရှိနေသေး၏။ အတွေးတစ်ချက်ဖြင့်ပင် ထိုစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲ တိုးဝင်လာကာ အကြောနှင့် ကြွက်သားများကို ပြုပြင်ပေးသည်။ ဝေ့ဝူယင် ဝတ်စုံအပေါ် အတော်လေး သဘောကျနေ၏။
“ကျွန်မလည်း အရှင်ဝေ့ ပိုကြည့်ကောင်းနေတယ်လို့ ထင်တယ်”
စုမေ့ကလည်း ဆိုလိုက်သည်။ သူမသည် အရိပ်များ ဖုံးကွယ်နေသယောင် ထင်ရသည့် အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ တစ်ချိန်တည်း၌ မိုးခိုးရောင် ဓားအိမ်တစ်ခုကို လွယ်ထား၏။ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးနှင့် ငြိမ်သက်သော အကြည့်များကို ထည့်ပေါင်းပါက သူမ၏ ပုံစံမှာ ဒဏ္ဍာရီများထဲမှ မိစ္ဆာသူရဲကောင်းမလေး တစ်ဦးနှင့်ပင် တူနေသေးသည်။
ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလာလေလေ စုမေ့၏ အသွင်အပြင်မှာ ပို၍ ပြီးပြည့်စုံလာလေလေ ဖြစ်သည်။ သူမ၏ အသားအရေနှင့် ခန္ဓာကိုယ် အချိုးအဆစ်တို့မှာ အပြစ်အနာဆာ ကင်းမဲ့နေ၏။
ဝေ့ဝူယင် သူမကို ပြန်လည် ချီးကျူးရန် ဟန်ပြင်လိုက်စဥ်မှာပင် ဟန်ပိုမှာ ရောက်ရှိလာသည်။ သူတို့ နှစ်ယောက်သည် အသက်လောက ကုန်တိုက်မှ ထွက်ခွာလာခဲ့ပြီး ဖြစ်သည်။ ထိုနေရာနှင့် အတော်ပင် အလှမ်းကွာ နေခဲ့ပြီ ဖြစ်၏။
ဝေ့ဝူယင် မျက်ခုံးကို ပင့်လိုက်၏။ ဟန်ပို အဘယ်အကြောင်းကြောင့် လိုက်လာရသနည်း။
“အရှင်ဝေ့... ခင်ဗျား စိတ်ဝင်စားမလား စိတ်မဝင်စားဘူးလား မသေချာပေမဲ့ ကျုပ် သတင်းအချို့ကို ရရှိထားပါတယ်”
သို့သော်လည်း အလောသုံးဆယ် ဖြစ်နေသော သူ၏ အမူအရာကမူ ထိုသတင်း မည်မျှ အရေးကြီးကြောင်း ဖော်ပြနေသည်။
“ဘာသတင်းများလဲ”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ဟန်ပိုက ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ဝူဗဟိုနယ်နေမြေရဲ့ အရှေ့ဘက် နယ်စပ်မှာ လူတွေ လျှို့ဝှက် ပျောက်ဆုံးနေတယ်လို့ ကျုပ် သတင်းရထားတယ်... ဘာခြေရာ လက်ရာမှ မကျန်ခဲ့ပဲနဲ့ပေါ့”
ဟန်ပိုက ပြောရင်း ဝေ့ဝူယင်၏ အမူအရာ ပြောင်း၊ မပြောင်း အကဲခတ်လိုက်သည်။ အမှန်အတိုင်း ဆိုရလျှင် ယခု သူ၏ အရှေ့၌ ရပ်နေသည့် ဝေ့ဝူယင်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က လျှို့ဝှက်စွာ ပျောက်ဆုံးသွားခဲ့သည့်၊ နေသွေးနီနီဂိုဏ်းမှ သေပြီဟု ကြေညာခဲ့သည့် ဝေ့ဝူယင် ဟုတ်၊ မဟုတ် သူ မသိချေ။ ရုပ်ရည်နှင့် ပုံပန်း သွင်ပြင် အနီးစပ်ဆုံး တူသည့်တိုင် ဆယ်နှစ်ခန့် ကာလအတွင်း ချီပျစ်ခဲခြင်း အဆင့်ငါးမှ နတ်ဘုရား အရှင် တစ်ပါး ဖြစ်လာခဲ့ခြင်းမှာမူ ယုံကြည်ရန် ခက်ခဲလှသည်။
သူ့တွင် ဝေ့ဝူယင် အစစ် ဟုတ်၊ မဟုတ် စစ်ဆေးရန် နည်းလမ်းတစ်ခု ရှိနေ၏။
မှတ်တမ်းများ အရဆိုလျှင် ယခုကဲ့သို့ လျှို့ဝှက်စွာ လူပျောက်ဆုံးမှုမျိုး လွန်ခဲ့သော ဆယ်နှစ်ကျော်က တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ ထိုကိစ္စကို စုံစမ်းရန် အတွက် မဟာဂိုဏ်းကြီး သုံးဂိုဏ်းသည် စုပေါင်းကာ ရှာဖွေရေး ခရီး ထွက်ခဲ့သည်။ ထိုအထဲ၌ နေသွေးနီနီဂိုဏ်းမှ ဝေ့ဝူယင်လည်း အပါအဝင် ဖြစ်၏။ ထိုခရီးစဥ်၌ သူသည် ထူးထူးဆန်းဆန်း ချီသွေဖည်မှု ဖြစ်ပွားကာ အဖွဲ့မှ ထွက်ပြေးသွားခဲ့ဖူးသည်။ နှစ်ပတ်သုံးပတ်ခန့် အစအန ရှာမရအောင် ပျောက်ဆုံးပြီးနောက်မှ ဂိုဏ်းသို့ သူ ပြန်လည် ရောက်ရှိလာသည်။
ထိုအဖြစ်အပျက်တွင် နက်ရှိုင်းသော လျှို့ဝှက်ချက်များ၊ ပတ်သက် ဆက်နွယ်မှုများ ရှိနေနိုင်သည်။ အကယ်၍ ယခုတစ်ယောက်သာ ထိုစဥ်က ဝေ့ဝူယင်ဆိုပါက လူပျောက်သည့် ကိစ္စကို ကျိန်းသေ စိတ်ဝင်စားပေလိမ့်မည်။ ဟန်ပို မျက်တောင်တစ်ချက် မခပ်ပဲ ဝေ့ဝူယင်၏ တုန့်ပြန်မှုကို စောင့်နေလိုက်၏။
ဝေ့ဝူယင်မှာ တည်ငြိမ်နေသည်။ တစ်ခဏမျှ စဥ်းစားပြီး နောက်မှ သူက ပြောလိုက်၏။
“အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံး ကျုပ် ယူမယ်...”
တစ်ဆက်တည်းပင် ဝိညာဥ်ဆက်ဆေး ဟု ခေါ်သည့် အဆင့်ခြောက် ဆေးတစ်လုံးကို သူ ဟန်ပို၏ လက်ထဲ ထည့်ပေးလိုက်၏။ ထိုဆေးသည် ဝိညာဥ်နှင့် အမြုတေ ပေါင်းစပ်ခြင်းကို အားပေးကာ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ရောက်အောင် ထောက်ပံ့ပေးနိုင်စွမ်း ရှိသည်။
ဆေးလုံးကို ကြည့်ရင်း ဟန်ပို၏ မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပသွား၏။ သူသည် ကျောက်စိမ်းပုလင်း တစ်ခုကို ထုတ်ယူကာ ရိုရိုသေသေပင် သိမ်းဆည်းလိုက်သည်။ သူကား ဝေ့ဝူယင် အစစ် ဟုတ်၊ မဟုတ် စစ်ဆေးရန် ဟူသော မူရင်း ရည်ရွယ်ချက်ကိုပင် မေ့လျော့သွားခဲပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင် တစ်ယောက်မှာလည်း နက်ရှိုင်းသော အတွေးနွံ အတွင်း နစ်မြောသွားခဲ့လေ၏။
“နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ... အခြား အမွေခံ အပြစ်သား တစ်ယောက်များ ပေါ်လာတာလား”
...
ဟူး... ဟူး...
ဝေ့ဝူယင်သည် ကောင်းကင်ဝူမြို့တော်မှ ထွက်ခွာကာ အရှေ့ဘက် နယ်စပ်ကို အရိပ်တစ်ခုနှယ် ပြေးလွှားနေခဲ့သည်။ သူ၏ အမြန်နှုန်းမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှရာ လမ်းတစ်လျှောက်၌ လေချွန်သံများပင် ဖြစ်ပေါ် ကျန်ရစ်ခဲ့၏။
သူ စုမေ့နှင့် ပိုင်လင်တို့ကို မြို့တော်ထဲတွင်ပင် နေရစ်စေခဲ့၏။ အကယ်၍ ဤအဖြစ်အပျက်သာ အနက်ရောင် အရိုးစုနှင့် တစ်စုံတစ်ရာ ပတ်သက်နေပါက ဝေးဝေးနေသည်ကသာ သူတို့ အတွက် အကောင်းဆုံး ဖြစ်သည်။
“ဟန်ပိုဆီက အချက်အလက်တွေ အရဆိုရင် လူထု အုံကြွမှုကို ရှောင်လွှဲဖို့ အတွက် အင်ပါယာ အစောင့်တွေဟာ တိတ်တဆိတ် စုံစမ်းနေကြတယ် တဲ့... ဘာတွေဖြစ်ပျက်နေတယ် ဆိုတာ သူတို့ အနည်းနဲ့ အများတော့ သိမှာ သေချာတယ်”
ဝေ့ဝူယင်၏ အတွေးများမှာ ရိုးရှင်း၏။ အင်ပါယာ အစောင့်များ ပင်လျှင် ခြေရာလက်ရာ တစ်ခုမှ ရှာမတွေ့ပါက ထိုအရာမှာ အနက်ရောင် အရိုးစု၏ လက်ချက် ဖြစ်နိုင်ချေ ရှိသည်။
ဝေ့ဝူယင် ညာဘက်လက်ရှိ တက်တူးကို ငုံ့ကြည့်လိုက်၏။ ထိုအရာအကြောင်း လုံးစေ့ပတ်စေ့ နားမလည်သည့်တိုင် ပထမဆုံး အပြစ်သားနှင့် ပတ်သက်နေကြောင်း သူသိသည်။
ဝေ့ဝူယင်သည် ကြောက်စရာ အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။ လူထူထပ်သော နေရာများနှင့် အသွားအလာများသည့် လမ်းမများကို ရှောင်ကွင်းကာ တောလမ်းများကိုသာ သူ ရွေးချယ်ထားသည်။ တစ်စက္ကန့်တိုင်း၌ သူ၏ ခြေလှမ်းများမှာ နှစ်မိုင်ခန့် အကွာအဝေးကို ဖြတ်ကျော်သွား၏။ ထိုအမြန်နှုန်းကား ကောင်းကင်တွင် ပျံသန်းသည့် ပိုင်လင်ထက်ပင် အဆများစွာ သာသည်။
နာရီအနည်းငယ် အတွင်းမှာပင် ဝူဗဟိုနယ်မြေ၏ အရှေ့ဘက် နယ်စပ်သို့ သူ ရောက်ရှိလာခဲ့သည်။ ဝူဗဟိုနယ်မြေသည် ကီလိုမီတ သိန်းပေါင်းများစွာကို လွှမ်းခြုံထားကာ ကောင်းကင်ဓားဂိုဏ်း ပိုင်နက် နယ်မြေထက်ပင် ပို၍ ကျယ်ပြန့်သည်။ ထို့အပြင် ပိုမို စိမ်းလန်းစိုပြေကာ သယံဇာတလည်း ပိုမို ကြွယ်ဝသည်။ နယ်စပ်ဒေသတွင်ပင် ကောင်းကင်နှင့် မြေကြီး အမတေမှာ အခြား နေရာများထက် သုံးဆယ် ရာခိုင်နှုန်းခန့် ပိုမို သန့်စင်လှ၏။
အဆိုပါ နယ်မြေကို နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းချုပ်ထား၏။ ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက် စစ်ဆေးလိုက်ရာ သူနှင့် မနီးမဝေးတွင် ချီပျစ်ခဲခြင်း အဆင့်လေး စစ်သည်တော် တစ်ဒါဇင်ခန့်ကို တွေ့မြင်ရ၏။ သူတို့သည် သတိ အနေအထားဖြင့် ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။
ထို့အပြင် သူသည် ရွာငယ်အချို့ကိုလည်း အနီးအနား၌ တွေ့မြင်ရ၏။ သို့သော်လည်း လမ်းမများထက်၌ လူမဆိုထားနှင့်၊ ခွေးတစ်ကောင် ကြောင်တစ်မြီးပင် မတွေ့ရချေ။ သူ ဝိညာဥ်အာရုံမှာ လမ်းမများမှ နေ၍ အိမ်များထဲ အထိ ထိုးဖောက်သွား၏။ ထိုအခါတွင်မှ တံခါးများကို မင်းတုပ်ထိုးကာ အမှောင်ထဲတွင် ကြောက်လန့်စွာ ပုန်းအောင်းနေသည့် ရွာသားများကို သူ တွေ့လိုက်ရ၏။
“ကြည့်ရတာ လူတွေ ပျောက်နေတဲ့ ကိစ္စကတော့ လွဲစရာ မရှိနိုင်တော့ဘူး... မဟုတ်ရင် ခုလို ပုန်းနေစရာ အကြောင်း မရှိဘူး”
ဝေ့ဝူယင်၏ ဝိညာဥ် အာရုံကိုမှာ ကီလိုမီတာ ရာချီသော ဧရိယာကို ဆက်လက် ရွေ့လျားသွားသည်။ အပြန်ပြန် အလှန်လှန် စေ့စေ့စပ်စပ် စစ်ဆေးခဲ့သော်လည်း ထိုဧရိယာ အတွင်း၌ အလောင်း တစ်လောင်း၊ သို့မဟုတ် ဖမ်းဆီးခံထားရသော လူတစ်ယောက် တစ်လေကိုပင် မမြင်ရချေ။
သူ မျက်မှောင်ကြုတ်လိုက်၏။
“ဖြစ်နိုင်ချေ လေးခုရှိတယ်... ပထမ ဖြစ်နိုင်ချေ အနက်ရောင် အရိုးစုက သူတို့ကို ဖမ်းဆီးပြီး ကမ္မတန်ဖိုးတွေ ယူဆောင်နေတာ... ဒုတိယ ဖြစ်နိုင်ချေ သူတို့က အနန္တ စစ်တာအို နန်းတော်လို သီးသန့် နေရာတစ်ခုကို ရောက်သွားတာ... တတိယ ဖြစ်နိုင်ချေ... အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က ခြေရာလက်ရာ မကျန်အောင် သူတို့ကို ခေါ်သွားတာ... စတုတ္ထ ဖြစ်နိုင်ချေကတော့ မိစ္ဆာ ကျင့်ကြံသူ...”
နောက်ဆုံး ဖြစ်နိုင်ချေကြောင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ မိစ္ဆာ ကျင့်ကြံသူများမှာ တစ်ခါတစ်ရံမှသာ ပေါ်ထွက်လာတတ်ကြပြီး သူတို့၏ နည်းလမ်းများမှာ လျှို့ဝှက် ဆန်းကြယ်ကာ ထူးခြားကြသည်။ ဘယ်တော့မှ သူတို့ကို လျှော့တွက်၍ မရချေ။
ထို့အတူ တတိယ ဖြစ်နိုင်ချေမှာလည်း လျစ်လျူ၍ မရနိုင်သော အရာ ဖြစ်သည်။ အကယ်၍ သူသာ အလိုရှိပါက လူအများမှာ မည်သည့် ခြေရာလက်ရာမှ မချန်ပဲ ခေါ်ထုတ်သွားနိုင်စွမ်း ရှိသည်။
***