ရင်းနှီးသော အငွေ့အသက်
Vol. 9 Ch. 121
ဖြစ်နိုင်ချေ နည်းလမ်းများ အကြောင်း ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် အင်ပါယာ အစောင့်အရှောက် များစွာမှာ ထိုနယ်မြေအတွင်း ဝင်ရောက်လာကြ၏။ အရေအတွက်အားဖြင့် တစ်ရာပင် ကျော်မည် ဖြစ်ပြီး တစ်ယောက်ချင်းစီမှာ ချီပျစ်ခဲခြင်း အဆင့်ငါး သို့မဟုတ် ထိုထက် ကျော်လွန်သူများ ဖြစ်ကြသည်၊။
အင်ပါယာ အစောင့်အရှောက်များ ရောက်ရှိမှုကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ပြာပြာသလဲ ဖြစ်သွားကြ၏။ ထိုအစောင့်များကား တော်ဝင်နန်းတော်၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ရာ အပြင်သို့ ထွက်ခဲလှသည်။ ကြည့်ရသည်က အင်ပါယာ မျိုးနွယ်မှာ ဤပြဿနာကို အတော်လေး အလေးအနက်ထားနေဟန် ရသည်။
အင်ပါယာ အစောင့်အရှောက် အားလုံးသည် ရင်ဘတ်တွင် ဝူမျိုးနွယ်၏ သင်္ကေတ ရေးထိုးထားသော အဖြူရောင် ချပ်ဝတ်များကို ဝတ်ဆင်ထားသည်။ သူတို့၏ ခေါင်းဆောင်မှု အစိမ်းရောင် မျက်လုံးများနှင့် လူငယ် တစ်ယောက် ဖြစ်၏။ သူ၏ ခပ်ချွန်ချွန် မေးစေ့နှင့် ကျားရဲကဲ့သို့ မျက်များက တိုက်ပွဲများကို မည်မျှ စွဲမက်ကြောင်း ဖော်ပြနေသည်။ သာမန် စိတ်ခွန်အား ရှိသူများဆိုလျှင် သူ၏ အကြည့်ကို ခံရရုံနှင့် ဒူးများ ခွေယိုင် သွားလောက်သည်။
လူငယ်သည် ချီပျစ်ခဲခြင်း အဆင့်ရှစ်တွင် ရှိနေပြီး အားလုံးထဲ၌ ကျင့်ကြံခြင်း အဆင့် အမြင့်ဆုံး ဖြစ်၏။
အင်ပါယာ အစောင့်အရှောက်များသည် ရောက်ရှိလာလာချင်းပင် ယောက်ျားတစ်ယောက် တိတ်တဆိတ် ရပ်နေသည်ကို တွေ့မြင် လိုက်ရသည်။ သူသည် အရောင်အဝါကို ထိန်းသိမ်းထားပြီး ကိုယ်ပိုင် ကမ္ဘာထဲတွင် ပျောက်ဆုံးနေပုံ ရသည်။
“ဒီနေရာကို ဘယ်သူမှ ဝင်ခွင့် မရှိဘူး”
ခေါင်းဆောင် လူငယ်၏ ညာဘက်ရှိ သံချပ်ကာဝတ် အမျိုးသမီးက အော်ဟစ်လိုက်၏။ ထိုအခါတွင်မှ နယ်ခြားစောင့် တပ်ဖွဲ့များမှာ သူတို့၏ အနီးအနားတွင် လူစိမ်းတစ်ယောက် ရောက်ရှိနေသည်ကို သတိထားမိသွားကြ၏။ သူတို့၏ အမူအရာများမှာ ရုပ်ဆိုးကာ ကြောက်ရွံ့သွားသည်။ အထပ်ထပ် ပိတ်ဆို့ထားသည့် ကြားမှပင် တစ်စုံတစ်ယောက်သည် သူတို့ ပိုင်နက်အတွင်းရှိ ဝင်ရောက်လာသည်။ ဤသည်ကို ပေါ့ဆမှု တစ်ခုဟု အင်ပါယာ မျိုးနွယ်က ယူဆပါက သူတို့ အပြစ်ပေး ခံရပေလိမ့်မည်။
တစ်စက္ကန့် အတွင်းမှာပင် သံချပ်ကာဝတ် အမျိုးသမီးသည် မီတာ ရာချီကို ဖြတ်သန်းကာ လူစိမ်း အနားသို့ ရောက်ရှိလာသည်။
“ကောင်စုတ်လေး... နင်က ဘယ်သူလဲ ပြောစမ်း”
“ဘုန်း...”
ထိုအသံလှိုင်းသည် မုန်တိုင်းကြီး တစ်ခုအလား အရှိန်အဟုန်နှင့် အတူ တိုးဝင်လာ၏။ ထိုအခါတွင်မှ လူစိမ်းသည် အတွေးအာရုံမှ နိုးထလာပုံ ရ၏။ သူ၏ ငွေရောင် မျက်လုံးများက အရှေ့ရှိ အမျိုးသမီးထံသို့ ရွေ့လျားသွားသည်။ သူ၏ နောက်ထပ် လှုပ်ရှားမှုမှာ ရိုးရှင်း၏။ လက်တစ်ဖက်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရုံသာ။
သို့သော်လည်း သူ့ထံသို့ တိုးဝင်လာသည့် အသံလှိုင်း မုန်တိုင်းကြီးမှာမူ ရုတ်ချည်းပင် ကွယ်ပျောက်သွား၏။ မည်သည့် အရာမှ မဖြစ်ပွားခဲ့သလိုပင်။
“ဟမ်...”
ထိုမြင်ကွင်းကို ကြည့်ကာ အင်ပါယာ အစောင့်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို အံ့အားသင့် နေကြသည်။ ထိုလူစိမ်းမှာ မြင့်မားသော ကျင့်ကြံခြင်း အဆင့်တွင် ရှိနေနိုင်သည်။ သံချပ်ကာဝတ် အမျိုးသမီး၏ အမူအရာမှာ ပြောင်းလဲသွား၏။
သို့သော်လည်း ခေါင်းဆောင် လူငယ်မှာမူ မျက်မှောင် ကြုတ်ရုံသာ ကြုတ်သည်။ ညင်သာသော ခြေလှမ်းနှင့် အတူ သူသည် လူစိမ်း အရှေ့တွင် ပြန်ပေါ် လာ၏။ ထို့နောက် တဖိတ်ဖိတ် လက်နေသော မျက်လုံးစိမ်းများနှင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။
“မင်းက ဘယ်သူလဲ”
...
ဝေ့ဝူယင် ခေါင်းကို မော့ကာ ပတ်ဝန်းကျင်ကို ပြန်လည် အာရုံစူးစိုက်လိုက်၏။ ထိုလူများ အားလုံးမှာ အင်ပါယာ မျိုးနွယ်ကို ကိုယ်စားပြုသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။
“အင်ပါယာ အစောင့်အရှောက်တွေတောင် ရောက်လာကြတာလား...”
သူ မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်က ဝူမျိုးနွယ်သည် ဤကိစ္စကို အရမ်း အလေးအနက်ထားနေဟန် ရသည်။ ရွာသားအချို့နှင့် ခရီးသွား ခရီးလာ အချို့ ပျောက်ဆုံးသွားသည့် ပြဿနာမှာ နတ်ဘုရား အရှင် ဦးဆောင်သည့် တပ်ဖွဲ့တစ်ဖွဲ့ကို လွှတ်ရလောက်အောင် အရေးမကြီးလှချေ။
လွန်ခဲ့သော ဆယ်နှစ်ကျော်... လူပေါင်းသောင်းချီ ပျောက်ဆုံးသွားခဲ့သည့် ပြဿနာအတွက်ပင် ဂိုဏ်းသုံးဂိုဏ်းသည် အဓိက အကြီးအကဲနှင့် အဓိက တပည့်များကိုသာ စေလွှတ်ခဲ့သည်။ ထိုစုံစမ်းရေး အဖွဲ့တွင် သေမျိုး နတ်ဘုရားများပင် ပါဝင်ခဲ့ခြင်း မရှိချေ။
သို့ဖြစ်ရာ ဝူမျိုးနွယ်တွင် ပိုမို တိကျ အသေးစိတ်သော အကြောင်းပြချက်များ ရှိနေနိုင်သည်။
“ကြည့်ရတာ အနက်ရောင် အရိုးစုရဲ့ လက်ချက်တော့ မဖြစ်လောက်ဘူး”
ဝေ့ဝူယင် တိတ်တဆိတ် မှတ်ချက်ချလိုက်၏။ ဤသို့ဆိုလျှင် ဖြစ်နိုင်ချေမှာ သုံးခုသာလျှင် ရှိတော့ပေသည်။ ထူးဆန်းသော လျှို့ဝှက် နေရာတစ်ခုကို ရောက်သွားခြင်း၊ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်မှ တိတ်တဆိတ် ခေါ်ဆောင်သွားခြင်းနှင့် မိစ္ဆာ ကျင့်ကြံသူတို့ပင်။
အင်ပါယာ အစောင့်အရှောက်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ တုန့်ပြန်မှု မရှိပဲ တွေဝေ ငေးငိုင်နေသည့် ဝေ့ဝူယင်ကို ကြည့်ကာ တိုက်ခိုက်ရန် သတိ အနေအထားသို့ ပြင်လိုက်ကြသည်။ ခေါင်းဆောင် လူငယ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
“ကြည့်ရတာ ဒီခရီးစဥ်က ငါတို့ ထင်ထားထက် ခပ်မြန်မြန်ပိုပြီး ပြီးဆုံးတော့မယ် ထင်တယ်”
ထိုစကားလုံးများ အရဆိုလျှင် သူသည် ဝေ့ဝူယင်ကို လူပျောက်ဆုံးမှုများ အတွက် တာဝန်ရှိသည့် အပြစ်သား အဖြစ် ယူဆလိုက်ပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ ပိုမို ကြမ်းတမ်း ခက်ထန်လာ၏။ တိုက်ခိုက်လိုစိတ်က ပြင်းထန်သော ဖိအားနှင့် အတူ ဝေ့ဝူယင် အပေါ် ကျဆင်းလာ၏။
သို့သော်လည်း ဝေ့ဝူယင်မှာ ထိုအရာကို စိတ်မဝင်စား။ သူ စိတ်ဝင်စားသည်က လူငယ်၏ စကားများထဲမှ အကြောင်းအရာသာ ဖြစ်သည်။
“ဒါဆို သူတို့က ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆထားတယ်ပေါ့... ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတော့တယ်”
သူ ဤနေရာသို့ ရောက်ရှိလာခဲ့သည့် အဓိက အကြောင်းရင်းမှာ အနက်ရောင် အရိုးစုကို နောက်တစ်ကြိမ် တွေ့လိုတွေ့ရငြား ဖြစ်သည်။ သို့သော်လည်း ဖြစ်နိုင်ချေများကို တွက်ချင့်ရပါက တရားခံမှာ အနက်ရောင် အရိုးစု မဖြစ်နိုင်တော့ချေ။
သို့ဖြစ်ရာ သူ ကောင်းကင်ဝူမြို့တော်ကို ပြန်လိုလျှင် ပြန်နိုင်ပြီ ဖြစ်သည်။ ဖိအားတစ်ခု ကျဆင်းသွားမှုကြောင့် ဝေ့ဝူယင် ပြုံးလိုက်၏။
“ကျုပ်က ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ”
သို့သော်လည်း သူ၏ မျက်နှာထက်ရှိ သက်တောင့်သက်သာ အပြုံးက အင်ပါယာ အစောင့်အရှောက်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့များကို ပိုမို စိုးထိတ်သွားစေ၏။ ခြိမ်းခြောက်ခံနေရသည့် အချိန်တွင်ပင် ပြုံးနိုင်ခြင်း... ထိုယုံကြည်မှုမျိုးက တော်ရုံတန်ရုံ မဟုတ်ချေ။
ခေါင်းဆောင် လူငယ်က ဝေ့ဝူယင်အား ဖော်ထုတ်ရန် အတွက် ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သို့သော် ကံဆိုးစွာပင် ကျင့်ကြံခြင်း အဆင့်ကိုပင် သူ ထိုးဖောက် မြင်နိုင်စွမ်း မရှိခဲ့။ လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်ခြင်းတွင် အကြောင်းရင်း နှစ်ရပ်ရှိသည်။ ပထမ တစ်ခုမှာ အထူးနည်းလမ်း တစ်ခုကို သုံး၍ ဖုံးကွယ်ထားခြင်းနှင့် ဒုတိယ တစ်ခုမှာ မိမိထက် ကျင့်ကြံခြင်း အဆင့် ပို၍ မြင့်မားနေခြင်းတို့ပင် ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင် ဝတ်ဆင်ထားသည့် ရွှေနက်ရောင် ဝတ်စုံကို မြင်သောအခါတွင်မူ သူ၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားခဲ့၏။
“ယန်ဝတ်စုံ...”
ထိုအရာမှာ အဆင့်ရှစ် အထွတ်အထိပ် ချီဝတ်စုံ တစ်ခု ဖြစ်ကာ နေရောင်ချီမှ ယန်စွမ်းအင်ကို စုပ်ယူ၍ ခန္ဓာကိုယ်အား သန့်စင်ပေးနိုင်စွမ်း ရှိသည်။ တန်ဖိုးချင်း သီးသန့် ဆိုပါက ၎င်းမှာ အဆင့်ကိုး ချီလက်နက်များကိုပင် ယှဥ်နိုင်သည်။
သူ တစ်သက်လုံး စုဆောင်းလာခဲ့သည့် စည်းစိမ်များ အားလုံး ပုံအောလျှင်ပင် ယန်ဝတ်စုံ တစ်ခု ဝယ်ယူရန် မလုံလောက်ချေ။ ယင်းကား နတ်ဘုရား ဧကရာဇ်များသာလျှင် တတ်နိုင်သော အရာ ဖြစ်၏။ ဤသို့ဆိုလျှင် ထိုလူငယ်မှာ နတ်ဘုရား ဧကရာဇ်တစ်ပါး ဖြစ်နေသည်လော။
ဝေ့ဝူယင်မှာ မည်သူ၏ အမြင်ကိုမှ ဂရုမစိုက်ပါချေ။ သူသည် တော်ဝင်မြို့တော်ကို ပြန်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ကံကြမ္မာတွင် အခြား အစီအစဥ် တစ်ခု ရှိနေခဲ့၏။ ဖြန့်ကျက်ထားသော ဝိညာဥ် အာရုံကို ပြန်သိမ်းလု သိမ်းဆဲတွင်ပင် ရွာငယ်လေး တစ်ရွာထဲ၌ အလွန့် အလွန် ရင်းနှီးခဲ့ရသော အငွေ့အသက် တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ရီဝေ လှိုက်မောမှုတို့နှင့် ပြည့်လျှံသွားသည်။ ချက်ချင်းပင် သူ၏ ခြေလှမ်းများမှာ ထိုရွာငယ်လေးဆီသို့ ဦးတည် ရွေ့လျားသွား၏။
သူသည် မြန်ဆန်ခြင်း မရှိချေ။ ပြင်းထန်သော ဆွဲအားတစ်ခု၏အောက် အသိစိတ်ပျောက်ကာ နစ်မြောသွားသည့် လူတစ်ယောက်လို ခပ်ဖြေးဖြေး ခပ်မှန်မှန်။
ခေါင်းဆောင် လူငယ်က မျက်မှောင်ကြုတ် လိုက်၏။ သူ၏ ဘဝတွင် ထူးဆန်းသော လူများစွာ တွေ့ခဲ့ဖူးသော်လည်း ယခုတစ်ယောက်က ပိုမို၍ ထူးဆန်းနေသည်။ တိုက်ခိုက်ကာ ဖမ်းဆီးလိုက်ချင်သော်လည်း နတ်ဘုရား ဧကရာဇ် ဖြစ်နိုင်သည် ဆိုသော အသိက သူ့အား တားဆီးထားသည်။
သူ ဘေးနားရှိ သံချပ်ကာဝတ် အမျိုးသမီးကို ကြည့်ကာ အမိန့်ပေးလိုက်၏။
“သူ့နောက်ကို လိုက်သွား...”
...
မကြာခင်မှာပင် ဝေ့ဝူယင်မှာ ရွာငယ်လေးသို့ ရောက်ရှိလာသည်။ သူသည် နောက်မှ မည်သူ လိုက်လာသည်ကိုမှ ဂရုမစိုက်ချေ။ သူ၏ ငွေရောင် မျက်လုံးများမှာ ရွာငယ်လေးကို ရီဝေစွာ ငေးမောနေ၏။
“တိုင်လင်း...”
သူ၏ နှလုံးသားက နာမည်တစ်ခုကို တိုးတိုးညှင်းညှင်း ရေရွတ်လိုက်သည်။
ထိုအချိန် ရွာငယ်လေးထဲ၌ အသက် သုံးဆယ်ကျော်ခန့် ရှိမည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ရှိနေခဲ့သည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ထျန်းတျန် တည်ဆောက်ခြင်းတွင်သာ ရှိနေသေး၏။ သူမသည် မျက်လုံးများနှင့် လိုက်ဖက်သည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ လက်များမှာ သွယ်လျကာ လှပသော်လည်း အသားမာများ တက်နေခဲ့သည်။
သူမ၏ ရွှေရောင် ဆံပင်များကို ပျော့ပျောင်းသော ဖဲကြိုးတစ်ခုဖြင့် မြင်းမြီး သဏ္ဌာန် စည်းနှောင်ထား၏။ သို့သော်လည်း ထိုဆံပင်များမှာ လည်ကုပ်ကျော်လောက်ထိသာ ရှည်လျားသည်။ ဆံမြိတ်သည် နဖူးပေါ်တွင် တိတိကျကျ နေရာယူနေ၏။ သူမသည် အလှပဆုံး၊ အနုပျိုဆုံး အရွယ်အရွယ်၌ ရှိမနေတော့သည့်တိုင် ကြည့်ကောင်းနေဆဲ ဖြစ်သည်။
“ဟုတ်တယ် သူက တိုင်လင်းပဲ...”
ဝေ့ဝူယင် ခြောက်ကပ်ကပ် ရေရွတ်လိုက်၏။ အတိတ်ဆီမှ တိုင်လင်း... နှလုံးသားထဲတွင် မေ့ဖျောက်ထားခဲ့သည့် တိုင်လင်း
...
“အဲဒီလို လုပ်နိုင်မယ် နင် တကယ်ကြီး ထင်နေတာလား...”
ရွှေရောင် ဆံနွယ်၊ အပြာရောင် မျက်လုံးများနှင့် ပါးချိုင့်နှစ်ဖက် ရှိသည့် ကောင်မလေးက တခစ်ခစ် ရယ်မောရင်း မေးလိုက်၏။ သူမ၏ အရှေ့တွင်မူ ငွေရောင် မျက်လုံးများနှင့် ကောင်လေး တစ်ယောက် ရှိသည်။
သူတို့ နှစ်ယောက် စလုံးမှာ အသက် ဆယ်နှစ်ပင် မကျော်ကြသေးချေ။
“ဒါပေါ့ဟ... တစ်နေ့ကျရင် ငါ့အကိုကြီးလို တိုင်းပြည် အနှံ့ လျှောက်သွားမှာ”
ကောင်လေးက စိတ်ထက်သန်သော အမူအရာနှင့် ပြောလိုက်သည်။ ထို့နောက် နှာခေါင်းကို အနည်းငယ် ပွတ်ရင်း ကောင်မလေးကို မထီတရီ ကြည့်လိုက်၏။
“လက်တွဲဖော်လေး တစ်ယောက်လောက် ပါရင် ပိုပျော်စရာ ကောင်းမယ် ထင်တယ်”
“လက်တွဲဖော်... နင် မိန်းမယူပြီး သူ့ကို ခေါ်သွားလေဟာ”
“မိန်းမ... အင်း အင်း ဒါပေါ့... ငါ့မိန်းမကို ခေါ်သွားရမယ်”
“ဒါဆို နင် ငါ့ကို ခေါ်သွားပါလား”
“အာ...”
လူငယ်လေး၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။
“ဟီးဟီး... စတာပါဟဲ့”
ကောင်မလေးက လျှာထုတ်ကာ တခစ်ခစ် ရယ်ရင်း ခုန်ပေါက် ထွက်ပြေးသွားလေတော့သည်။
...
“တိုင်ဖေး... သူတို့ အားလုံးက လူဆိုးတွေလို့ ငါ မထင်ဘူး”
အနက်ရောင် ဆံပင်၊ ငွေရောင် မျက်လုံးများနှင့် ဆယ်ကျော်သက် လူငယ်လေးက ခိုင်ခိုင်မာမာ ပြောလိုက်သည်။ ကလေးရုပ် မပျောက်သေးသည့်တိုင် ချောမောမှုတို့က သူ၏ မျက်နှာတွင် စတင်ကာ နေရာယူလာနေခဲ့၏။
“ဝေ့ဝူယင်... သူတို့က လူတွေကို နာကျင်အောင် လုပ်ကြတယ်လို့ အမေက ပြောတယ်... ဘယ်လိုလုပ်ပြီး လူးကောင်းတွေ ဖြစ်နိုင်မှာလဲ... နင်ကလည်း တုံးကို တုံးတယ်”
ကောင်မလေးမှာလည်း လှပသော အပျိုပေါက်စလေး အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အပြာရောင် မျက်ဝန်းလေးများမှာ ကြည်လင်ကာ အပြစ်ကင်းစင်နေ၏။
“ငါ...”
လူငယ်လေးမှာ မည်ကဲ့သို့ ပြန်ပြောရမှန်း မသိပဲ ထစ်ငေါ့နေခဲ့လေ၏။
...
“ငါနင့်ကို ချစ်တယ် ဝေ့ဝူယင်...”
နဖူးတွင် ချွေးစများ စို့နေသည့် မိန်းမပျိုလေးသည် ခုတင်ထက်၌ အဝတ်ဗလာနှင့် ဘေးတစ်စောင်း လှဲလျောင်းနေ၏။ သူမ၏ အပြာရောင် မျက်ဝန်းလေးများကမူ ချစ်ခြင်း အငွေ့အသက်များနှင့် ရီဝေ လှိုက်မောကာ အရှေ့ရှိ လူငယ်ကို စိုက်ကြည့်နေခဲ့၏။
"ငါ...”
ယခုတစ်ကြိမ်တွင်လည်း လူငယ်လေးမှာ ဆွံ့အ နေခဲ့ပြန်လေ၏။
...
“ငါနင့်ကို မုန်းတယ်... အရမ်းမုန်းတယ် သိလား...”
မိန်းကလေးမှာ နာကျည်းစွာ အော်ဟစ်ရင်း ပစ္စည်းများဖြင့် လူငယ်ကို ပစ်ပေါက်နေ၏။
“ငါနင့်ကို ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး... အားလုံးက နင့်အပြစ်... အကုန်လုံး နင့်အပြစ်တွေချည်းပဲ”
...
ဝေ့ဝူယင်၏ အတွေးအာရုံများမှာ ပစ္စုပ္ပန်သို့ ပြန်လည် ရောက်ရှိလာ၏။ ပြီးဆုံးသွားခဲ့သည့် အချို့ မှတ်ဉာဏ်များမှာ နာကျင်စွာဖြင့် ထာဝရ စွဲထင် ကျန်နေတတ်သည်။ နားမလည်နိုင်စွာ သက်ပြင်းတစ်ချက် ချလိုက်ရင်း သူ နောက်ပြန်လှည့်လိုက်၏။
ဤနေရာတွင် သူ ရှိမနေသင့်ချေ။
“ဟီး ဟီး ဟီး... နောက်ဆုံးတော့ သားကောင်လေးတွေ ရောက်လာပြီပေါ့”
ရုတ်ချည်းပင် ကြောက်စရာကောင်းသည့် ရယ်မောသံများနှင့် အတူ ကောင်းကင်ကြီးမှာ မည်းမှောင်သွားလေတော့၏။
***