ချီယွမ်ရှောင်း၏ သေဆုံးမှ
Vol. 26 Ch. 351
ဟန်လိက ထိုစကားကို ကြားသည့်အခါ ခပ်ရေးရေး ပြုံး၍ ချက်ခြင်း ရှင်းပြသည်။
“မိန်းကလေးရှင်းက နားလည်မှု လွဲနေတာပါ။ ကျုပ် ဘေးမှာ ရှိနေတဲ့ အဲ့တစ်ယောက်က သက်ရှိလူတစ်ယောက် မဟုတ်ပါဘူး။ သူဟာ ကျုပ် သန့်စင်ထားတဲ့ အလောင်းတစ်လောင်းပါ။ မိန်းကလေးရှင်း သူ့ကို စိတ်ဝိညာဉ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်ရင် အဖြေရှင်းသွားပါလိမ့်မယ်…”
ဟန်လိသည် ထိုသို့ ပြောပြီးနောက် သူက ခြေလှမ်းရပ်ကာ ရှင်းယုယင်သည် ဝိညာဉ်သေကို ဖုတ်ကောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုရန် အေးဆေး စောင့်နေသည်။ ခဏအကြာတွင် ရှင်းယုယင်က ပြောလာသည်။
“အယ်…ကျမ အထင်မှားသွားတာ။ စီနီယာဟန်…ကျေးဇူးပြုပြီး အထဲ ဝင်လာပေးပါ…”
ရှင်းယုယင်၏ လေသံသည် တောင်းပန်သံ ပေါက်နေသည်။ သို့သော် ဟန်လိက စိတ်ထဲမထား၊ ပြုံး၍ သူ့နတ်လေလှေနှင့်အတူ ရှေ့ကို ဆက်၍ ပျံသန်းလာသည်။
ဟန်လိက ရှေ့သို့ လှမ်းလာရုံ ရှိသေး သူ့ရှေ့ရှိ မြင်ကွင်းသည် တောက်ပသွားကာ အရင်တုန်းက သူ မြင်ခဲ့ဖူးသော ဝါးခန်းဆောင်များသည် ထပ်မံ ပေါ်လာလေ၏။ အမျိုးသမီးနှစ်ယောက်ကတော့ ဝါးအဆောင်များရှေ့တွင် မတ်တပ်ရပ်နေသည်။ သူမတို့မှာ ရှင်းယုယင်နှင့် သူမ၏ လှပသော အစေခံကောင်မလေးတို့ ဖြစ်သည်။
သူမတို့ နှစ်ယောက်လုံးက အဖြူရောင်ဝတ်စုံများကို ဝတ်ထားလျက် ရှင်းယုယင်၏ ဝတ်ပုံစားပုံမှာ ဟန်လိကို မင်သက်သွားစေသည်။
“မုဆိုးမရှင်းက စီနီယာဟန်ကို လေးစားသမှု ပေးပါတယ်…”
ရှင်းယုယင်သည် ဟန်လိ ရောက်လာတာကို မြင်သည့်အခါ သူမက ရှေ့သို့ ခြေလှမ်းပြီး ကျက်သရေ ရှိစွာ နှုတ်ဆက်သည်။
“အမျိုးသမီးငယ်ရှင်းအနေနဲ့ အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး…” ဟန်လိက ထိုသို့ ပြောသည်။ ထိုအခိုက်တွင် ရှင်းယုယင်၏ နောက်မှ အစေခံမိန်းကလေးက ရှေ့သို့ လှမ်းလာပြီး ဟန်လိကို နှုတ်ဆက်သည်။ ဟန်လိသည် ခေါင်းညိတ်ကာ ပြန်တုန့်ပြန်သည်။
ရှင်းယုယင်သည် နေရာတွင် ရပ်ကာ ဟန်လိနှင့် စကားကြာကြာ မပြောလိုတာ သိသာသည်။ သူမက အားတင်းပြုံးပြီး ဟန်လိကို အတော်အတန်ကြီးသော ဝါးအဆောင်များထဲမှ တစ်ခုထံ ခေါ်သွားသည်။ အခန်းထဲ ဝင်လာပြီးနောက်မှာ ဟန်လိသည် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
တံခါး၏ ညာဘက်ဘေးတွင် နက်မှောင်နေသော တမ်းတခြင်းကျောက်ပြားတစ်ခု တင်ထားသော စားပွဲတစ်ခု ရှိနေသည်။ ထိုကျောက်ပြားပေါ်တွင် ‘ခင်ပွန်းချီယွမ်ရှောင်း’ ဟူသော စာသားကို ရေးထိုးထားပေသည်။ ထိုကျောက်ပြားရှေ့တွင် အမွှေးတိုင်အိုးငယ်တစ်ခု ထားရှိကာ အမွှေးတိုင်များမှ အခိုးအငွေ့များကို ဖြည်းဖြည်းချင်း ထုတ်လွှတ်နေသည်။
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် မည်သို့ဖြစ်ပျက်ခဲ့တာ မသိဘဲ ဘယ်နေပါတော့မည်နည်း။ ဟန်လိသည် ချီယွမ်ရှောင်းမှာ အမှန်တကယ် သေဆုံးသွားခဲ့ပြီးမှ သိလိုက်ရသည့်အခါ အံ့အားသင့်ရသည်ထက် ပိုလေသည်။
သူသည် တုန်လှုပ်နေရာကနေ ပြန်ကောင်းမွန်လာပြီးနောက် သက်ပြင်းခပ်သဲ့သဲ့ချကာ စားပွဲနား တိုးကပ်သွားသည်။ သူက အမွှေးတိုင်တစ်တိုင်ကိုယူ၊ မီးညှိပြီး လေးစားသမှုပေးကာ အမွှေးတိုင်အိုးအတွင်း၌ ထိုးစိုက်သည်။
“ အမျိုးသမီးငယ်ရှင်း…ဘာတွေများ ဖြစ်ခဲ့တာလဲ…” သူက လေးစားသမှု ပေးပြီးနောက်မှာ ဟန်လိသည် ခေါင်းလှည့်ကာ မေးလိုက်သည်။
“ပြောစရာတော့ အများကြီး မရှိပါဘူး။ စီနီယာဟန်ကို တခြားအခန်းတစ်ခု ရောက်မှ ရှင်းပြရင်ကော အဆင်ပြေနိုင်မလား…”
ရှင်းယုယင်သည် မျက်လုံးများ နီမြန်းလာပြီး စိတ်အားငယ်စွာ ပြောသည်။ ခုချိန်တွင် ရှင်းယုယင်သည် ဉာဏ်ရည်ထက်မြက်လှသော အမျိုးသမီးတစ်ယောက်၏ ပုံစံ မပေါက်တော့၊ သနားစရာကောင်းလှသော အမျိုးသမီးငယ်တစ်ယောက်အဖြစ်သာ ဟန်လိ မြင်ရလေသည်။
ဟန်လိသည် ခေါင်းညိတ်သည်။ ထို့နောက်တွင် ရှင်းယုယင်သည် ဟန်လိကို ဘေးနားရှိ အခန်းထံ ခေါ်သွားပြီး ထိုင်ချသည်။
အစေခံမိန်းကလေးကလည်း ဟန်လိအတွက် လဘ္ဘက်ရည်အိုးတစ်အိုး အလျင်အမြန် သွားယူကာ သူ့အတွက် တစ်ခွက်ငှဲ့ပေးသည်။
ဟန်လိသည် မွှေးရနံ့သင်းသင်း လဘ္ဘက်ရည်ခွက်ကို တငုံ့သောက်ပြီး လေးနက်စွာဖြင့် ပြောသည်။
“လအနည်းငယ်လောက် ကြာပြီးတဲ့နောက်မှာ တာအိုရောင်းရင်းချီဟာ ခုလိုမျိုး ကြုံရလိမ့်မယ်လို့ ကျုပ် တကယ်ပဲ မထင်ထားမိဘူး။ မိုးကောင်းကင်က လူတွေကို တကယ်ပဲ ကစားတာကို။ ကောင်းပါပြီလေ။ ရောင်းရင်းချီနဲ့ အမျိုးသမီးငယ်ရှင်းတို့က ဘယ်အချိန်တုန်းကများ လက်ထပ်ခဲ့ရတာလဲ။ ကျုပ်သာ သိခဲ့ရင် ကျိန်းသေပေါက် လက်ဆောင်တစ်ခု ပို့ပေးလိုက်မှာပေါ့…”
ရှင်းယုယင်သည် ခါးသီးစွာဖြင့် ပြုံး၍ တုန့်ပြန်သည်။ သူမ စကားပြောတာကို စောင့်မနေလေဘဲ သူမ၏ အစေခံက ကြားကနေ ဝင်ဖြေပေးသည်။
“စီနီယာ…ကျမရဲ့ သခင်မလေးဟာ သခင်လေးချီ သေဆုံးသွားတဲ့နောက် သူ့ရဲ့ မုဆိုးမအဖြစ်နဲ့ပဲ နေထိုင်တော့မယ်လို့ သူ့ဟာသူ ဆုံးဖြတ်ခဲ့တာပါ…”
ဟန်လိသည် ပြောစရာ စကားမဲ့သွားရလေသည်။ သူက ရှင်းယုယင်ကို လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
“မိန်းကလေးမိုင် ပြောတာ အမှန်ပါပဲ။ ကျမက သခင်လေးချီရဲ့ မုဆိုးမအဖြစ် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ…”
ရှင်းယုယင်သည် ထိုသို့ ထပ်ပြောကာ ဟန်လိ၏ အံ့အားတသင့် ဖြစ်နေသော အကြည့်ထံ ဖြည်းဖြည်းချင်း ခေါင်းငုံ့ပြသည်။
“ဒါက…” ဟန်လိမှာ အမှန်တကယ် စွံ့အနေရသည်။
“ကျမက သခင်လေးချီရဲ့ ကြင်နာမှုတွေကို ရခဲ့တာ မနည်းပါဘူး။ ဒီအကြွေးတွေကို ပြန်ပေးလို့ကို မရနိုင်ပါဘူး။ သခင်လေးချီ အသက်ရှင်လျက် ရှိနေခဲ့ရင်လည်း သူနဲ့ ကျမ လက်ထပ်ဖို့ဟာ အချိန်တစ်ခုပါပဲ။ အခုတော့ ကျမ လုပ်သင့်တာကို လုပ်ခဲ့ရုံလေးပါ…”
သူမက တည်ငြိမ်စွာဖြင့် ထိုသို့ ပြောသည်။
ဟန်လိသည် သင့်တော်သော ဘာစကားကို ပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ ထို့နောက်တွင်တော့ ရှင်းယုယင်သည် ဟန်လိကို ချီယွမ်ရှောင်း မည်သို့မည်ပုံ သေဆုံးခဲ့ကြောင်းကို ရှင်းပြသည်။
အရင်တုန်းက ဟန်လိ ထွက်သွားပြီးနောက်မှာ ချီယွမ်ရှောင်းနှင့် ရှင်းယုယင်တို့သည် အလွန်သတိထားတတ်ကာ အပြင်သို့ ထွက်ခဲပေသည်။ သို့ပေမည့်လည်း နှစ်လကြာပြီးနောက်မှာ ရှင်းယုယင်းသည် မန္တာန်အစီအရင်ကို သုတေသန လုပ်ရန် သတ္တုအမယ်တချို့ လိုလာခဲ့သည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိလေဘဲ အပြင်ထွက်ရမလို ဖြစ်လာသည်။ သည်ကိစ္စကို ချီယွမ်ရှောင်းက မထင်မှတ်ဘဲ သိသွားခဲ့သည်။ ထိုအခါ ရှင်းယုယင်ကို အသည်းအသန် မြတ်နိုးနေသော ချီယွမ်ရှောင်းက သူမအတွက် အပြင်သို့ ထွက်ပေးခွင့်ရနိုင်မလားဟု တောင်းဆိုခဲ့သည်။
သို့သော် သူတို့နှစ်ယောက်သည် ရှင်းယုယင်ကို ကယ်တင်ဖို့အတွက် ဟန်လိ သတ်ခဲ့သော ကျင့်ကြံသူများသည် ယွမ်ဝူဒေသ၏ ကျင့်ကြံခြင်းဂိုဏ်းကြီးများထဲမှ တစ်ခု ဖြစ်သော ဖူဂိုဏ်း၏ ဂျူနီယာများ ဖြစ်နေသည်။
ထိုဂျူနီယာများ အကြောင်းရင်း မည်မည်ရရ မရှိလေဘဲ ပျောက်သွားသည့်အခါ ဖူဂိုဏ်းက သည်ကိစ္စကို အခဲမကြေဘဲ စုံစမ်းလာခဲ့သည်။ သို့ဖြစ်၍ ချီယွမ်ရှောင်း အပြင်သို့ ထွက်လာသည့်အခါ၌ အနီးအနားတွင် ရှိနေသော ဖူဂိုဏ်းမှ ကျင့်ကြံသူများက သူ့ကို တွေ့ခဲ့သည်။
ချီယွမ်ရှောင်းသည် အကင်းပါးလှသူ သို့မဟုတ် လုံလောက်သော အတွေ့အကြုံ ရှိသူ ဖြစ်ခဲ့ပါက သည်ကိစ္စကို ပိုကြီးထွားမလာအောင် ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် သူသည် ရိုးသားလွန်းကာ အတွေ့အကြုံ မကြွယ်ခဲ့ပေ။
တဖက်သူတို့ထံမှ မေးခွန်း နည်းနည်းပါးပါး အမေးခံရသည့်အခါ သူသည် အလွန်အမင်း ကြောက်လန့်ပုံ ပေါ်သွားခဲ့သည့်အတွက် ဖူဂိုဏ်းဝင်များက သူ့အပေါ် သံသယ ဝင်သွားခဲ့ပေသည်။ သူတို့က ချက်ခြင်းပင် ချီယွမ်ရှောင်းကို ဖမ်းကာ မေးမြန်းဖို့အတွက် ခေါ်သွားချင်ကြသည်။ ချီယွမ်ရှောင်းကလည်း သူ အဖမ်းခံရဖို့ စောင့်မနေမှာ သေချာသည်။ သူ့လက်ထဲရှိနေသော မှော်လက်နက်များဖြင့် ဖူဂိုဏ်း၏ ချီစုဆောင်းခြင်းကျင့်ကြံသူများ လက်ကနေ အတင်းအကြပ် ထွက်ပြေးနိုင်ခဲ့ပြီး သူ့ နေအိမ်ထံ ပြန်ပြေးလာခဲ့သည်။
ဖူဂိုဏ်းမှ ကျင့်ကြံသူများက သူ့နေအိမ်ကို အလျင်အမြန် ခြေရာခံနိုင်ခဲ့သည်။ သို့သော် သူ ခင်းကျင်းထားသော အစီအရင်ကြောင့် ဖူဂိုဏ်းမှ ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် အသက်ဆုံးခဲ့ရလေသည်။ ထိုအခါ ဒေါသပုန်ထသွားပြီး ဖူဂိုဏ်းက အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက်ကိုပါ စေလွှတ်ခဲ့လေသည်။
နေ့တစ်ဝက်လောက် အကြမ်းပတမ်း တိုက်ခိုက်ပြီးနောက်မှာတော့ ဖူဂိုဏ်းက သူ့မဟာအစီအရင်ကို အတင်းအကြပ် ချိုးဖျက်နိုင်ခဲ့ပေသည်။
သို့ပေမည့် မည်သူကမျှ ချီယွမ်ရှောင်းသည် သူ့ပထမဆုံး အစီအရင်၏ နောက်၌ ပိုကြမ်းလှသော ပုံရိပ်ယောင်အစီအရင်များကို အလျင်အမြန် ချခင်းထုတ်ဖော်လိမ့်မည်ဟု မထင်မှတ်ထားကြပေ။ သူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူကို ၎င်းပုံရိပ်ယောင်အစီအရင်များထဲ၌ ပိတ်လှောင်ထားနိုင်ခဲ့ကာ ထွက်ပြေးရန် အခွင့်အရေး ရခဲ့ပေသည်။ သို့သော် တခြားသော ဖူဂိုဏ်းမှ ကျင့်ကြံသူများက သူ့ကို အလွယ်တကူ မလွှတ်ပေးမှာ သဘာဝပင်။
ချီယွမ်ရှောင်းသည် သူ့ကြွင်းကျန်သော အစီအရင်မန္တာန်များကို အသုံးပြုကာ သူတို့၏ ဝိုင်းဝန်းပိတ်ဆို့မှုကနေ ထွက်ပြေးနိုင်ခဲ့ပေသည်။ သို့သော်လည်း သူသည် ဒဏ်ရာအပြင်းအထန် ရခဲ့သလို သူ၏ သစ္စာရှိလူယုံတော် ဆိုင်ရှင်မှာလည်း သေဆုံးခဲ့ရသည်။ ရှင်းယုယင်၏ နေအိမ်သို့ ရောက်လာပြီး သိပ်မကြာခင်မှာပင် ချီယွမ်ရှောင်းသည် ဒဏ်ရာများကြောင့် အသက်ကုန်သွားခဲ့လေသည်။
ဖူဂိုဏ်းသည် ဤသည်ကို မသိခဲ့၊ ချီယွမ်ရှောင်းကို နေရာတိုင်းမှာ လိုက်ရှာခဲ့ပေသည်။ ထို့အပြင် သူတို့သည် ချီယွမ်ရှောင်းနေအိမ်ကို စောင့်ကြည့်နေဖို့ပါ လူလွှတ်ထားခဲ့သေးသည်။ ဤသို့ဖြင့် ဟန်လိသည် ဖူဂိုဏ်းမှ အဘိုးအိုနှင့် လူငယ်တို့ဖြင့် တွေ့ကြုံခဲ့ရတာ ဖြစ်ပြီး သူ့အနေဖြင့် ယင်းနှစ်ယောက်ကိုပါ သတ်ပစ်ခဲ့သေးသည်။
ရှင်းယုယင် အကြမ်းဖျဉ်း ရှင်းပြတာကို ကြားရပြိးနောက်မှာတော့ ဟန်လိသည် စိတ်မကောင်းဟန် မသိမသာ ဖြစ်ပေါ်သည်။ ချီယွမ်ရှောင်းသည် သူနှင့် တအား မရင်းနှီးလှသော်လည်း လူကောင်းတစ်ယောက်၊ ခင်ဖို့ကောင်းသောသူတစ်ယောက်အဖြစ် ဟန်လိမှာ ခံစားမိပေသည်။
“စီနီယာဟန် ဒီကို လာခဲ့တာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဖြစ်မယ် ထင်တယ်…”
ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောင်း ပြောပြပြီးနောက်မှာတော့ ရှင်းယုယင်သည် ရုတ်တရက် သည်အကြောင်းကို ထုတ်ပြောလာသည်။
“အို…အဲ့ကိစ္စက အရမ်း အလျင်လိုစရာ မရှိပါဘူး…”
ဟန်လိက အားနားဟန်ဖြင့် ထိုသို့ ပြောသည်။
တကယ်တော့ သူမ၏ ခင်ပွန်းဖြစ်သူမှာ သေသွားခဲ့တာ မကြာသေးပေ။ သူ့အနေဖြင့် ထိုကဲ့သို့ ကိစ္စများကို မေးမြန်းဖို့က မသင့်တော်လှသေးပေ။
“ကျမက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပြန်ပြုပြင်နိုင်တော့မှာပါ။ နောက်တစ်လလောက်ဆို ပြီးလောက်ပါပြီ…”
ရှင်းယုယင်သည် ဟန်လိ အားနားသွားတာကို စိတ်ထဲထားမနေဘဲ ဆက်ပြောသည်။
“ အဟုတ်ပဲလား…” ဟန်လိသည် စိတ်မလှုပ်ရှားဘဲ မနေနိုင် ဖြစ်ကာ ပျော်ရွှင်သွားဟန် ပေါ်သည်။
“ဟုတ်ပါတယ်…တကယ်ပါ။ ကျမအနေနဲ့ အဲ့တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်နိုင်ရုံသာမကပါဘူး။ စီနီယာဟန်ကို လက်ဆောင်နှစ်ခု ပေးချင်ပါသေးတယ်…”
ထိုသို့ တည်ငြိမ်စွာ ပြောပြီး သူမသည် သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းသေတ္တာနှစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်သည်။
“ ဒါတွေက ဘာများလဲ…” ဟန်လိသည် အံ့အားသင့်သွားသည်။
“ဒီသေတ္တာနှစ်ခုထဲက တစ်ခုမှာ ကျမခင်ပွန်း ယွမ်ရှောင်းရဲ့ ဉာဏ်အသိအမြင်တွေ၊ မှော်လက်နက်သန့်စင်တာနဲ့ ပတ်သတ်ပြီး သူ စုဆောင်းထားတဲ့ မှတ်တမ်းတွေ ပါဝင်ပါတယ်။ တခြားတစ်ခုထဲမှာတော့ အစီအရင်မန္တာန်တွေအပေါ် ကျမရဲ့ အတွေ့အကြုံတွေရယ်၊ အစီအရင်မန္တာန် တာအိုနဲ့ ပတ်သတ်တဲ့ စာအုပ်များစွာတို့ ပါဝင်ပါတယ်…။ စီနီယာဟန်အနေနဲ့ ဒါတွေကို လက်ခံပေးဖို့ ကျမ မျှော်လင့်မိပါတယ်…”
ရှင်းယုယင်သည် ခပ်တိုးတိုး ဆိုသည်။
ဟန်လိ၏ စိတ်ထဲ တုန်ရင်သွားသည်။ သူက ကျောက်စိမ်းသေတ္တာနှစ်ခုကို တချက် ကြည့်ပြီးနောက်မှာ ရှင်းယုယင်ကို တည်ငြိမ်သောဟန်ပန်ဖြင့် လှမ်းကြည့်ပြီး မေးသည်။
“မိန်းကလေးရှင်းက ဘာများ လိုချင်တာလဲ။ ကျုပ်ကို ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဘာကြောင့်များ ပေးချင်နေတာလဲ။ ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ…”
ဟန်လိ၏ အသံတွင် အေးစက်မှု အရိပ်အမြွက်ပါ ပါလာသည်။
“ကျမ ဒီဟာတွေကို စီနီယာဆီ လက်ဆောင်အဖြစ် ပေးတာဟာ ကတိတစ်ခု ရချင်လို့ပါ…”
ရှင်းယုယင်သည် ဟန်လိ၏ အကြည့်ကို မရှောင်၊ သူမက မတုန်မလှုပ်ဟန် ဖြစ်ပေါ်သည်။
“ဘာ ကတိများလဲ…” ဟန်လိသည် သူမ လိုချင်သော အရာကို ခပ်ရေးရေး ခန့်မှန်းမိသော်လည်း သူမကို တလေးတနက် လေသံဖြင့် မေးလိုက်တုန်းပင်။
“တကယ်လို့ တနေ့မှာ စီနီယာဟန်ကသာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့ရင် စီနီယာဟန်ဟာ ကျမနဲ့ ချီယွမ်ရှောင်းတို့ ကိုယ်စား ယွမ်ဝူဒေသရဲ့ ဖူဂိုဏ်းကို ရှင်းထုတ်ပေးစေချင်တာပါ…”
ရှင်းယုယင်၏ အသံသည် ရေခဲတမျှ အေးစက်လှသည်။ ဟန်လိက သည်စကားကို ကြားသည့်အခါ သူမ၏ စကားထဲ၌ ပါဝင်နေသော မကျေမနပ်မှုများက သူ့စိတ်နှလုံးကိုပါ တုန်ရင်သွားစေသည်။