ကတိ
Vol. 26 Ch. 352
ဟန်လိသည် ချက်ခြင်းလည်း သဘောမတူ၊ ငြင်းလည်း မငြင်းဆန်ပေ။ ထိုအစား သူက မျက်မှောင်ကြုံ့ကာ ခေါင်းငုံ့၍ ငြိမ်သက်နေပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနေသည်။ အမှန်တိုင်း ပြောရပါက ဟန်လိသည် သဘောမတူချင်ပေ။
ခုလက်ရှိ၌ ဟန်လိသည် အစီအရင်မန္တာန်နှင့် မှော်ပစ္စည်းများ သန့်စင်ခြင်း ပညာရပ်များအပေါ် နည်းနည်းပါးပါးသာ စိတ်ဝင်စားသည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ပြီးမှသာ ယင်းအရာများကို လေ့လာမည်ဟု စိတ်ကူးထားသည်။ ထို့အပြင် သူက မည်သည့်အကြောင်းရင်းမှ မရှိပဲ အားကောင်းသော ဂိုဏ်းတစ်ခုကို ရန်စချင်စိတ် မရှိပေ။ သူ လုပ်နိုင်စွမ်း မရှိနေတာကိုတော့ ထည့်ပြောနေရန်ပင် မလိုပေ။
“ဒီတောင်းဆိုမှုက လွန်မှန်း ကျမ နားလည်ပါတယ်။ ဒါပေမဲ့ ယုယင်မှာ တခြားနည်းလမ်း မရှိတော့လို့ပါ…” ရှင်းယုယင်သည် ဖြူရော်သော ဟန်ပန်ဖြင့် အားတင်း ပြုံးကာ ပြော၏။
“ကျမကြောင့်သာ ဖူဂိုဏ်းကြောင့် အစ်ကိုကြီးချီ သေဆုံးသွားခဲ့တာ။ ကျမဟာ ကျမခင်ပွန်းအတွက် လက်စားမချေနိုင်ခဲ့ရင် ကျမ သေပြီးတဲ့နောက် သူနဲ့ ဘယ်လိုများ မျက်နှာချင်း ဆိုင်ပါ့မလဲ။ ကျမအတွက် ငရဲ သွားတာကမှ ပိုကောင်းအုံးမယ်…”
ရှင်းယုယင်သည် တောင်းပန်တိုးလျသော လေသံဖြင့် ခပ်တိုးတိုး ရေရွတ်သည်။
ဟန်လိသည် သူမထံမှ ‘သေ’ ဟူသော စကားကို ကြားသည့်အခါ မျက်ခုံးပင့်ကာ လှမ်းကြည့်မိပြီး တစုံတခုကိုလည်း တွေးမိသွားသည်။ ရုတ်တရက် သူက ခေါင်းမော့ကာ ရှင်းယုယင်၏ အသားအရေကို သေချာ ကြည့်သည်။ ရှင်းယုယင်သည် မင်သက်စွာဖြင့် တု့န်ပြန်သည်။
“နင့်ရဲ့ အသားအရေနဲ့ ပတ်သတ်ပြီး မူမမှန်ဘူး။ ကျုပ်ကို နင့်ရဲ့ သွေးကြောတွေကို စမ်းသပ်ခွင့် ပြုပါ…”
ဟန်လိက ထိုသို့ ပြောလာသည့်အခါ ရှင်းယုယင်သည် ကြီးစွာ အံ့အားသင့်သွားသည်။
ခဏလောက် တွေဝေနေပြီးနောက်မှာတော့ သူမသည် ဟန်လိထံ နာနာခံခံဖြင့် လက်ကမ်းပေးသည်။ ဟန်လိလည်း အားနာမနေဘဲ သူမ၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ သူမ၏ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်ချီအမျှင်တန်းတစ်ခုကို စီးဆင်းစေသည်။
အချိန်အတော်အတန် ကြာပြီးနောက် ဟန်လိသည် မျက်နှာပျက်လာသည်။
“နင့်ရဲ့ သွေးကြောတွေ လုံးဝ သွေ့ခြောက်နေတာကို မသိဘူးလား။ အဲ့အတိုင်းသာဆို နင်ဟာ နှစ်နှစ်အတွင်း သေရလိမ့်မယ်…”
ဟန်လိသည် လက်ပြန်ရုတ်ပြီးနောက်မှာ ထိုသို့ အေးစက်စက် ပြောသည်။ ရှင်းယုယင်သည် ဟန်လိ၏ မာန်မဲမှုကို အပြုံးနှင့်သာ တုန့်ပြန်၏။
“ကျမ သိတာပေါ့။ ကျမ ခန္ဓာကိုယ်အကြောင်း ကျမ မသိဘဲ ဘယ်နေပါ့မလဲ။ ကျမဟာ အမျိုးသားခန္ဓာကိုယ်နဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မှားယွင်းမွေးဖွားလာခဲ့တာလေ။ ဒီလို တည်ဆောက်ပုံနဲ့ တစုံတစ်ယောက်ဟာ အတင်းအကြပ် ကျင့်ကြံမယ်ဆို သူတို့ရဲ့ သွေးကြောတွေဟာ သူတို့ရဲ့ သက်တမ်းနဲ့အတူ တဖြည်းဖြည်း သွေ့ခြောက်သွားလိမ့်မယ်။ ကျမအနေနဲ့ ကံကောင်းလို့သာ ခုလောက်ထိ အသက်ရှင်နေသေးတာ။ အစတုန်းက ကျမဟာ ဒီရောဂါကို ကုသနိုင်ဖို့အတွက် ရှေးဟောင်းဆေးနည်းတစ်ခုခုကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျမ မအောင်မြင်ခဲ့ဘူး။ အစ်ကိုကြီးချီ ရှာဖွေပေးခဲ့တဲ့ စိတ်ဝိညာဉ်ဆေးပင်အများစုဟာ အချည်းနှီး ဖြစ်ခဲ့ရတယ်…”
ရှင်းယုယင်သည် သူ့ကိုယ်သူ လှောင်ပြောနေသောဟန်ဖြင့် ထိုသို့ ပြောသည်။
“သခင်မလေး…” ရှင်းယုယင်၏ နောက်မှ အစေခံမိန်းကလေးသည် ဝမ်းနည်းစွာဖြင့် ထိုသို့ လှမ်းခေါ်မိလေသည်။
“ဘာမှ မဖြစ်ဘူး…မိုင်လေး…။ ငါဟာ အစ်ကိုချီနောက်ကို သိပ်မကြာခင် လိုက်သွားတော့မှာ။ ဒါက ငါ ဖြစ်ချင်တဲ့ဟာ အတိအကျပဲလေ…”
ရှင်းယုယင်သည် သူမ၏ အစေခံမိန်းကလေးကို အေးချမ်းသည့်ဟန်ပန်အသွင်ဖြင့် နှစ်သိမ့်ပေးလေသည်။ ဟန်လိ၏ အမူအရာသည် မည်သည့်အတွက်ကြောင့်မှန်းမသိ ပျော့ပျောင်းသွားသည်။ သူသည် သူမကို အမှန်တကယ် သနားမိနေသည်။ သို့သော် ကံဆိုးစွာဖြင့် သူလည်း သူမ ခံစားနေရသော ထူးဆန်းသည့် ဝေဒနာကို ကုသပေးနိုင်သည့် နည်းလမ်း ရှိမနေခဲ့ပေ။
“ စီနီယာဟန်က ဒီကိစ္စကို သိမှတော့ ကျမအနေနဲ့ အစောပိုင်းတုန်းကလို ဘာကြောင့် ပြုမူခဲ့လဲ နားလည်လောက်ပါပြီ။ စီနီယာအနေနဲ့ ခုလက်ရှိမှာ အခြေခံတည်ဆောက်ခြင်း အဆင့်ဆိုပေမယ့် အစ်ကိုချီနဲ့လည်း ရှင်က ရင်းနှီးတယ်လေ။ ဒါ့ကြောင့် ကျမက ကတိတစ်ခု တောင်းဆိုခဲ့တာပါ။ စီနီယာအနေနဲ့ ကျိန်ဆိုပေးဖို့ ကျမတောင်းဆိုမှာ မဟုတ်ပါဘူး။ ကျမက ကတိတစ်ခု လိုချင်ရုံပါ။ အဲ့ကျမှ ကျမအနေနဲ့ စိတ်ဖြောင့်ဖြောင့် သေနိုင်မှာ မလို့ပါ…”
သူမသည် ထိုသို့ တည်ငြိမ်စွာ ဆိုသည်။
ဟန်လိသည် ခက်ခဲနေလေပြီ။ ခဏလောက် အပြင်းအထန် စဉ်းစားပြီးနောက်မှာ သူက ရုတ်တရက် မေးလိုက်သည်။
“ရောင်းရင်းချီရဲ့ ဂိုဏ်းက သူတွေကကော…”
“ဟက်…ချီဂိုဏ်းကလား။ သူတို့ဟာ ယွမ်ဝူဒေသရဲ့ သာမန်ဂိုဏ်းတစ်ခုပဲ။ သူတို့က ဖူဂိုဏ်းက ဘယ်လိုလုပ် ရင်ဆိုင်ရဲပါ့မလဲ။ ဒါ့အပြင် အစ်ကိုချီဟာ ဂိုဏ်းကနေ မောင်းထုတ်ခံထားရတဲ့ အပြင်ဂိုဏ်းခွဲက တပည့်တစ်ယောက်ပဲ။ သူတို့ဟာ နည်းနည်းလေးမှ စိတ်ပူနေမှာ မဟုတ်ဘူး။ ကျမ သိသမျှ အရာအားလုံးကတော့ အမည်မဲ့ မန္တာန်အစီအရင်ဆရာသခင်တစ်ယောက်ရှိကနေ သင်ယူနိုင်ခဲ့တာပါ။ သူဟာ လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဆုံးပါးသွားခဲ့တာလည်း ကြာပါပြီ…”
သူမက ဟန်လိ၏ ဆိုလိုရင်းကို နားလည်သဖြင့် ဟန်လိကို ချီယွမ်ရှောင်း၏နောက်ခံအား လေသံတိုးတိုးဖြင့် ရှင်းပြလာသည်။ ဟန်လိသည် ထိုအမျိုးသမီးမှာ တမူထူးသူတစ်ယောက်ဟု အမှန်တကယ် တွေးမိသွားသည်။
“ကောင်းပါပြီလေ…ကျုပ်အနေနဲ့ မိန်းကလေးရှင်းကို အဲ့ကတိ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ် လုပ်နိုင်စွမ်းရှိမှပဲ လုပ်ဆောင်ပေးမှာ။ ကျုပ် သက်တမ်းမှာ အဲ့လို အခွင့်အရေးတစ်ခုမှ မပေါ်လာခဲ့ရင်ကော မိန်းကလေးရှင်းအနေနဲ့ နောင်တရလေမလား…”
အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှာ ဟန်လိက အသက်ဝဝရှိုက်သွင်းပြီး လေးလေးနက်နက် ဆိုသည်။
“ဒါဆို လုံလောက်ပါပြီ။ စီနီယာက ကျမကို မျှော်လင့်ချက် ပေးနိုင်တာနဲ့ကို အဆင်ပြေပါတယ်။ စီနီယာ့ကို ကျေးဇူးတင်ပါရစေ…”
ရှင်းယုယင်သည် အားရရွှင်လန်းစွာ ပြုံး၍ တုန့်ပြန်သည်။ ထိုအခါ သူမ၏ အလှတရားမှာ ရုတ်တရက် လှစ်ဟပေါ်၏။
ဟန်လိသည် သူမ၏ အလှကြောင့် မင်သက်သွားရသည်။ သို့သော် ခဏအကြာတွင် သူက ခေါင်းယမ်းကာ စားပွဲပေါ်သို့ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ၎င်းပေါ်ရှိ ကျောက်စိမ်းသေတ္တာနှစ်ခုမှာ သဲလွန်စမရှိလေဘဲ သူ့သိုလှောင်အိတ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
“မိန်းကလေးရှင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပြန်ပြုပြင်ဖို့ နောက်တစ်လလောက် အချိန်ယူရအုံးမယ်ဆိုတော့ နောက်တစ်လကြာမှပဲ ကျုပ်က မိန်းကလေးရှင်းကို ဒုက္ခလာပေးပါတော့မယ်…။ အခုတော့ ကျုပ် ပြန်အုံးမယ်….”
ဟန်လိသည် ထရပ်ကာ ထိုသို့ ဆိုသည်။ ရသည့်အချိန်အတွင်း သူသည် တချို့ကိစ္စများကို လုပ်ရအုံးမည် ဖြစ်၏။
“ကျမက စီနီယာ့ကို လေးစားသမှု ပေးပါတယ်…” ရှင်းယုယင်သည် တလေးတစား ပြန်ပြောသည်။
ထို့နောက်တွင်တော့ ဟန်လိသည် ဝိညာဉ်သေကိုပါ ခေါ်၍ ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့သို့ ဦးတည်၍ လာခဲ့လေသည်။
တစ်ရက်ကြာပြီးနောက်မှာ ဟန်လိသည် ဈေးမြို့ဝန်းကျင်သို့ ရောက်လာခဲ့သည်။ သူက သိုလှောင်အိတ်ထဲကနေ မျက်နှာဖုံးတပ် ဝတ်ရုံရှည်ကို ထုတ်၍ ဝတ်ဆင်ပြီး ဈေးအတွင်းသို့ ဝင်လာခဲ့သည်။ ဝိညာဉ်သေကိုပါ သူနှင့်အတူ ခေါ်လာသည်။ ဟန်လိသည် ဈေးလမ်းများကို ဖြတ်လျှောက်နေရင်း ကျင့်ကြံသူများစွာက အရောင်းအဝယ်များ ပြုလုပ်နေတာကို မြင်သည့်အခါ အံ့အားတသင့် ဖြစ်သွားသည်။ သည်နေရာသို့ သူ နောက်ဆုံးအကြိမ် ရောက်ခဲ့ချိန်တုန်းကနှင့် အခု ကျင့်ကြံသူအရေအတွက်က သိသိသာသာ ကွာဟလွန်းလှသည်။ အခုက ကျင့်ကြံသူများ အလွန်များပြားနေသည်။ ထို့အပြင် သည်ဈေးမြို့အတွင်း၌ ပုံမှန်ဆို မြင်ရခဲသော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အနည်းငယ်ပါ ရှိလို့နေ၏။
ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ဟန်လိ၏ မျက်လုံးထဲ အတွေးတို့ ဖြတ်ပြေးသွားသည်။ တအောင့်အကြာတွင် သူက အရင်တုန်းက ရောက်ခဲ့ဖူးသော သူ့မှော်ပစ္စည်းများကို သန့်စင်ပေးသော ဆိုင်ထံ တန်း၍ လျှောက်လာသည်။ သူသည် အသုံးဝင်သော မှော်ပစ္စည်းအချို့ကို သန့်စင်ဖို့အတွက် သတ္တုအမယ်များ ရှိနေသည်မလား။ ထိုသို့ မှော်ပစ္စည်းများ သန့်စင်ခြင်းဖြင့် သူ့ခွန်အားကို ပိုတိုးစေလိမ့်မည်။
ထိုမှော်ပစ္စည်းဆိုင်မှာ အရင်တုန်းက အတိုင်းသာ။ ၎င်း၏ မောက်မာမော်ကြွားသော ဆိုင်းဘုတ်သည်လည်း အရင်တိုင်းပင်။ ဟန်လိက ဆိုင်ထဲသို့ ပြုံး၍ ဝင်လာသည်။
ဆိုင်ထဲရှိ အခြေအနေကြောင့် ဟန်လိမှာ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။ သည်ဆိုင်အတွင်း၌ လူခြောက်ယောက်လောက် ဝိုင်းဖွဲ့ထိုင်နေကြသည်။ ဟန်လိ ဝင်လာသည့်အခါ သူတို့က လှမ်းကြည့်၏။
ဟန်လိက သူတို့ကို မြင်သည့်အခါ တစက်လေးမျှ အားနာမနေဘဲ အေးစက်စက် လှမ်းကြည့်သည်။ သူတို့မှာ ချက်ခြင်း ခေါင်းငုံ့သွားသည်။ ချီစုဆောင်းခြင်း ကျင့်ကြံသူများအနေဖြင့် သူတို့သည် ဟန်လိကို မစော်ကားဝံ့ကြပေ။
သို့သော် ထိုင်ခုံပေါ်တွင် ထိုင်နေသော မိစ္ဆာဆန်သည့်အသွင်အပြင်ဖြင့် လူတစ်ယောက်ကတော့ ဟန်လိကို နည်းနည်းလေးမျှ ကြောက်ရွှံ့ဟန်မရှိလေဘဲ လှမ်းကြည့်သည်။ သူသည် အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်သာ ရှိသော်လည်း သူ့အကြည့်ကို မဖယ်ပေ။
ဟန်လိသည် သူ့ကို စိတ်ထဲ၌ ထည့်မထား၊ စကားစမြည် ပြောနေကြသော ဆိုင်ဝန်ထမ်းနှစ်ယောက်ထံ လှမ်းလာသည်။
“ဆိုင်ရှင်ရှု ဒီမှာ ရှိလား…” ဟန်လိသည် တာဟိုင်ဟုခေါ်သော ဗလတောင့်တောင့်နှင့်သူကို တည်ငြိမ်စွာ မေးသည်။
“စီနီယာက…ဘယ်သူ…” ဗလတောင့်တောင့်နှင့်သူသည် သံသယဝင်ဟန် အကြည့် ဖြစ်ပေါ်သည်။ ဟန်လိက သက်ပြင်းချကာ နဂါးနက်လက်သည်းတစုံကို ထုတ်၍ ပြသည်။ ထိုဗလတောင့်တောင့်နှင့်သူသည် သည်မှော်ပစ္စည်းကို ဖန်တီးခဲ့ချိန်က ဘေးတွင် ကူညီပေးသူ ဖြစ်ခဲ့ဖူးသည်။ သူ့အဖို့ သည်မှော်လက်နက်ကို မမှတ်မိစရာ မရှိပေ။
“စီနီယာကို။ ကျနော် ဆရာ့ကို သွားခေါ်လိုက်ပါ့မယ်…” ထိုသူသည် ဟန်လိကို ပြုံးဖြီးဖြီးဖြင့် ချက်ခြင်း တောင်းပန်ကာ အနောက်ဘက်ခြံဝန်းထဲ ခပ်မြန်မြန် ပြေးသွားလေတော့သည်။
သည်မြင်ကွင်းကို မြင်သည့်အခါ တခြားသူများသည် တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်စွာဖြင့် ကြည့်မိကုန်သည်။ သို့ပေမည့် မည်သူကမျှ ဟန်လိကို လာ၍ မစပ်စုဝံ့ကြပေ။ ခဏအကြာတွင် ဆံပင်ဖြူများနှင့် ဆိုင်ရှင်က ဟန်လိထံ အပြုံးနှင့် ရောက်ချလာသည်။ ပြီးခဲ့သော အကြိမ်တုန်းက ဟန်လိသည် ရှားပါးသတ္တုအမယ်များစွာကို သူ့အတွက် ချန်ထားပေးခဲ့လေ၏။ သည်အဘိုးအိုက သူ့ကို နွေးထွေးစွာ ပြုံး၍ ကြိုဆိုမှာ သဘာဝသာ။
“စီနီယာ ကျနော့်ဆိုင်ကို ထပ်လာတဲ့အတွက် ဂုဏ်ယူရပါတယ်။ စီနီယာအနေနဲ့ နောက်ထပ် သန့်စင်ချင်တဲ့ မှော်ပစ္စည်းတွေများ ရှိပါသလားဗျ…”
အာလာပသလာပ နည်းနည်းပါးပါး ပြောပြီးနောက်မှာ အဘိုးအိုရှုသည် ဟန်လိကို မျှော်လင့်ချက်အပြည့်ဖြင့် ထိုသို့ မေးလာသည်။
ဟန်လိသည် မသိမသာ ပြုံးသည်။ သူ့အကြည့်က အခန်းထဲရှိ တခြားကျင့်ကြံသူများထံသို့လည်း ရောက်သွားသည်။
ဆိုင်ရှင်ရှုက ဟန်လိ၏ အကြည့်ကို သဘောပေါက်သည်။ ထို့နောက်တွင် သူက အိမ်နောက်ဘက် ခြံဝန်းထံ ဖိတ်ကြားပြီး စိတ်လှုပ်တရှားဖြင့် ခေါ်ဆောင်လာလေ၏။
တခြားကျင့်ကြံသူများမှာ ဘာမှ မပြောကြပေ။ မိစ္ဆာအသွင်ဟန်ပန်ရှိသော ကျင့်ကြံသူကတော့ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့၏။ သူသည် ဟန်လိနှင့် ယှဉ်ပါက သိသာကွဲပြားစွာ ပြုမူဆက်ဆံခံရသည့်အပေါ် အကြီးအကျယ် ဒေါသထွက်နေသည်။ သူကိုယ်တိုင်လည်း အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် မဟုတ်လား။
ထိုသူ၏ နှာခေါင်းရှုံ့သံကို တုန့်ပြန်သည့်အနေဖြင့် ဟန်လိက ထိုသူ့ထံ အေးတိအေးစက် တချက် လှမ်းကြည့်၏။ ဟန်လိ သတ်ခဲ့သော ကျင့်ကြံသူ အရေအတွက်မှာ မနည်းလှပေ။ သို့ဖြစ်၍ သူ့ထံ၌ အသတ်အဖြတ် အရှိန်အဝါတစ်ခုကတော့ ရှိနေလေပြီ။ ထိုအကြည့်တချက်ဖြင့်ပင် ထိုသူမှာ သူ့ခန္ဓာကိုယ် အေးစက်သွားသည့်နှယ် ခံစားလိုက်ရပြီး ကြောက်လန့်ဟန် မဖြစ်ပေါ်ဘဲ မနေနိုင် ဖြစ်သွားရလေ၏။
ထိုသူ၏ အမူအရာ ပြောင်းလဲသွားတာ မြင်သည့်အခါ ဟန်လိက သူ့ကို ထပ်မံ၍ အရေးစိုက်မနေတော့၊ ဝိညာဉ်သေကိုခေါ်ကာ ခြံနောက်ဘက်သို့ လှမ်းလာတော့သည်။
ထိုအခိုက်တွင် တာဟိုင်က ရှေ့သို့ လိမ်မာပါးနပ်စွာဖြင့် လှမ်းလာပြီး တခြားသူများကို တောင်းပန်သည်။
“စီနီယာ နောက်ထပ် သတ္တုအမယ်တွေ ပါလာသေးတာလား….”
ဟန်လိနှင့် ဝိညာဉ်သေတို့က ခြံဝန်းအနောက်ဘက်သို့ လှမ်းဝင်လာစဉ် ဆိုင်ရှင်ရှုက ဝိညာဉ်သေကို အံ့အားသင့်ဟန်ဖြင့် တချက်လှမ်းကြည့်ပြီးနောက် ဟန်လိကို ထိုသို့ မေးလေတော့သည်။