← Chapters

ညတစ္ဆေ မကောင်းဆိုးရွား

Vol. 9 Ch. 122

ညတစ္ဆေ မကောင်းဆိုးရွား

Vol. 9 Ch. 122

ကြက်သီးထစရာ ရယ်မောသံကြီးနှင့် ရုတ်ချည်း ဖြစ်ပေါ်လာသော အမှောင်ထုက ရွာသားများ၏ အသက်ရှူသံကို လုယူကာ နှလုံးသားများကို ငြိမ်သက်သွားစေ၏။ ထိုအခိုက်၌ ကလေးများပင်လျှင် ငိုသံ မပြုကြချေ။ အမျိုးသမီးများမှာ နှစ်သိမ့်မှုတစ်ခု ရလိုရငြား ခင်ပွန်းများ၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။

ဝေ့ဝူယင် အပေါ်သို့ မော့ရင်း မည်းမှောင်နေသည့် ကောင်းကင်ကို ကြည့်လိုက်၏။ နေခင်းကြောင်တောင် ဖြစ်သည့်တိုင် အလင်းရောင်မှာ ညဘက်နီးပါး ဖြစ်နေသည်။ နေရောင်သည် ကမ္ဘာမြေပြင်ပေါ်သို့ ကျဆင်းခွင့် ရရန် အစွမ်းကုန် ကြိုးစားနေသော်လည်း တစ်စုံတစ်ခု၏ ပိတ်ဆို့မှုကို ခံထားရဟန် ရ၏။ ထိုကဲ့သို့ ဧရိယာမှာ သူ မြင်နိုင်သလောက်ဆိုလျှင် ကီလိုမီတာ တစ်ဒါဇင်ခန့်ပင် ရှိသည်။

“ဝိညာဥ်ချီအစီအရင်...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ယုဟိုင်မျိုးနွယ်သို့ သွားရောက်စဥ်က ကြယ်တာရာ အစီအရင် တစ်ခုကို သူမြင်တွေ့ဖူးသည်။ ထိုအစီအရင်ကြောင့်ပင် သူတို့ အဖွဲ့မှ အထွတ်အထိပ် သေမျိုး နတ်ဘုရား နှစ်ယောက် သေဆုံးကာ နတ်ဘုရား အရှင်မ တစ်ပါး အသက်လု ထွက်ပြေးခဲ့ရသည်။ သူတစ်ယောက်တည်း သာလျှင် ထိုခရီးစဥ်မှ အကျိုးအမြတ်များ ရရှိခဲ့သည်။

အလားတူပင် ဝိညာဥ်ချီ အစီအရင်မှာလည်း ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် အစီအရင်တစ်မျိုး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ စွမ်းအားမှာ ကြယ်တာရာ အစီအရင် ကဲ့သို့ ကြယ်တာရာ အမြုတေ အဆင့်တွင် ရှိမနေပဲ ချီပျစ်ခဲခြင်း အထွတ်အထိပ် အဆင့်တွင် ရှိ၏။ နတ်ဘုရား ဧကရာဇ်များသာလျှင် ထိုကဲ့သို့ အစီအရင်မျိုးကို တည်ဆောက်နိုင်ရန် မျှော်လင့်ချက် ရှိပေသည်။

ကောင်းကင်တွင် အမှောင်ထု စွမ်းအင်များမှာ ပို၍ စုဝေးလာနေ၏။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက အစီအရင် လွှမ်းခြုံနေသည့် နေရာတစ်ခုလုံးမှာ မကြာခင် အမှောင်အတိ ပြီးသွားလိမ့်မည် ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

ဝေ့ဝူယင် နောက်မှ လိုက်လာသည့် သံချပ်ကာ ဝတ်စုံဝတ် အမျိုးသမီးက တအံ့တသြ ရေရွတ်လိုက်၏။ သူမ၏ မျက်လုံးများမှာ မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေပြီး သူမ၏ နှလုံးသားမှာ အေးစက်နေသည်။

"ဘုန်း..."

ပေါက်ကွဲသံ တစ်ခုမှာ မနီးမဝေးမှ ထွက်ပေါ်လာသည်။ ကြမ်းတမ်း ခက်ထန်သော ကိုယ်ရောင်ကိုယ်ဝါများမှာ အမှောင်ကို ထိုးဖောက်လျှက်  တောက်ပလာ၏။

သံချပ်ကာဝတ် အမျိုးသမီးမှာ ထိုအရပ်သို့ လှမ်းကြည့်လိုက်သည်။

"ဗိုလ်ချုပ်ရှန်း…"

ထိုကိုယ်ရောင်ကိုယ်ဝါများမှာ သူမတို့ တပ်ဖွဲ့ ခေါင်းဆောင်၏ ထူးခြားသော သင်္ကေတပင် ဖြစ်သည်။ သူ တစ်ခုခု ဖြစ်နေပြီလော။

သူမ တစ်ချက်ပင် တုန့်ဆိုင်းခြင်း မရှိပဲ မြေပြင်အား ခြေထောက်ဖြင့် ကန်ကာ ထိုအရပ်ကို ပြေးထွက်သွား၏။ သူမ၏ ခန္ဓာကိုယ်က ချီမီးတောက်များဖြင့် ဝန်းရံနေရာ အပြာရောင် အလင်း ဖျော့ဖျော့ပင် တောက်ပနေသည်။

ဝေ့ဝူယင် လက်နှင့် မျက်နှာကို ကာလိုက်၏။ အစီအရင်မှ စွမ်းအင်များမှာ သူ၏ ဝိညာဉ် အာရုံကို ဖိနှိပ်နေသလို ခံစားနေရသည်။ စက္ကန့်တိုင်း၌ အမှောင်ထု စွမ်းအင်များမှာ ပိုမို အားကောင်းလာနေခဲ့သည်။

"အမှောင်ထုချီ…"

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ကြည့်ရသည်က မိစ္ဆာကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်သည်။ သူ ရွာလေးဘက်သို့ လှမ်းကြည့်လိုက်ရာ တိုင်လင်း၏ တုန်လှုပ်နေသော အငွေ့အသက်များကို ခံစားလိုက်ရ၏။ သူ၏ နှလုံးသားမှာ အနည်းငယ် ယားယံလာသည်။

သို့သော်လည်း ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချကာ စိတ်ကို ပြင်လိုက်သည်။ လက်ရှိ သူ၏ ရည်ရွယ်ချက်မှာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ဖြစ်သည်။ အရှုပ်အထွေးနှင့် ပဋိပက္ခများ အကြား၌ ဝင်ပါခြင်းမှာ ကောင်းသော ကိစ္စ မဟုတ်ချေ။

မကြာသေးခင်ကပင် သူသည် မင်းသား တစ်ပါး လုပ်ကြံခံရသည့် ကိစ္စတွင် မရည်ရွယ်ပဲ ဝင်ပါမိသည်။ ယခုတစ်ဖန် အင်ပါယာ အစောင့်အရှောက်များ ရှင်းလင်းခံရမည့် ပြဿနာနှင့် ထပ်မံ ကြုံတွေ့ရပြန်သည်။ ကံကြမ္မာမှာ ထူးဆန်း လွန်းလှ၏။

သို့သော်လည်း ဝေ့ဝူယင်၏ သဘောထားမှာ ရှင်းလင်းနေသည်။ သူ မကြာခင် ဤနေရာမှ ထွက်ခွာသွားမည် ဖြစ်သည်။ အင်ပါယာ အစောင့်များ၏ သေရေးရှင်ရေးမှာ သူနှင့် လားလားမျှ မဆိုင်။ အားလုံး သူ့ထိုက်နှင့် သူ့ကံသာ။

သူ ရွာငယ်လေးကို တစ်ချက် ပြန်ကြည့် လိုက်၏။ တိုင်လင်းမှာ သူ၏ အချစ်ဦး ဖြစ်သည်။ သူ၏ နှလုံးသားကို ပထမဆုံး ခိုးယူ သွားခဲ့သည့် မိန်းမဖြစ်သည်။  သို့သော်လည်း ထိုအဖြစ်အပျက်များက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်၏ ဘဝများမှာလည်း တစ်လမ်းစီ ကွဲပြားခဲ့ပြီး ဖြစ်၏။ သူမ၏ နှလုံးသားတွင်လည်း "ဝေ့ဝူယင်" ဆိုသော လူငယ်လေး တစ်ယောက် ရှိချင်မှ ရှိပေတော့မည်။

အစီအရင်မှ ထွက်လမ်းကို  ရှာဖွေရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ အထက်၌ အရိပ် လက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ဖြည်းညင်းစွာပင် လက်ကြီးက အိမ်တစ်လုံးလောက် ရှိမည့် လက်သီးကြီးကို ဆုပ်လိုက်သည်။ ဝေ့ဝူယင် အထက်သို့ မော့ကြည့်လိုက်ရာ ထိုလက်သီးကြီးမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အတူ သူ့အပေါ် ကျဆင်းလာသည်ကို တွေ့မြင် လိုက်ရ၏။

"လာနောက်နေတာလား…"

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ လျှပ်စီးများဖြင့် ပြည့်နှက်သွားကာ အခြား နေရာတစ်ခုသို့ ရွေ့လျားသွား၏။

ဘုန်း…

လက်သီးကြီးမှာ မြေပြင်ထက်သို့ ကျဆင်းသွားသည်။ ငလျင်လှုပ် သကဲ့သို့ တုန်ရီမှုနှင့် အတူ ပင့်ကူအိမ် ကဲ့သို့ အက်ကွဲကြောင်းများမှာ ဝေ့ဝူယင် ရပ်ခဲ့သော နေရာကို ဗဟိုပြုကာ ဖြန့်ကျက်သွားသည်။ ထိုတိုက်ခိုက်မှု အပြီးတွင် လက်သီးကြီးမှာ မိမိ၏ တာဝန် ပြီးမြောက်သွားသယောင် လေထုထဲ၌ ဖုန်မှုန့်များလို ပျောက်ကွယ် သွားလေတော့သည်။

"ထာဝရညချီ…"

မီတာ ဆယ်ဂဏန်းခန့် အကွာအဝေးမှ နေ၍ ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ ထာဝရည အမတေသည် အမှောင် အမတေ တစ်မျိုး ဖြစ်သည်။ ၎င်းသည် အဆင့်မြင့် အမတေ တစ်ခု မဟုတ်သော်လည်း ဝိညာဉ် စွမ်းအင်ကို ဖိနှိပ်ကာ အမှောင်ထုကို စိုးမိုး ခြယ်လှယ်နိုင်စွမ်း ရှိသည်။

"အား…"

ထိုအချိန်တွင်ပင် သေခြင်းတရား၏ အသံ တစ်ခုကို သူ ကြားလိုက်ရ၏။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ ကြည့်ရသည်က တိုက်ခိုက်ခံရသည်မှာ သူ တစ်ယောက်တည်း မဟုတ်လောက်ချေ။

ဝှစ်… ဝှစ်…

ဝေ့ဝူယင် ထိုအရပ်သို့ လျှင်မြန်စွာ ရွေ့လျားသွားသည်။ သို့သော် သူမြင်လိုက်ရသည့် အရာကား ပြန့်ကျဲနေသည့် သံချပ်ကာ အပိုင်းအစများ၊ သွေးအိုင်များ၊ အရိုးများနှင့် ကိုယ်တွင်း အင်္ဂါများပင် ဖြစ်သည်။

ထိုပုဂ္ဂိုလ်မှာလည်း သူ့ကဲ့သို့ပင် အရိပ် လက်သီးကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရဟန် ရသည်။ သူသည် ခုခံရန် အကောင်းဆုံး ကြိုးစားခဲ့မည် ဖြစ်သော်လည်း အဆုံးသတ်၌ ကြောက်လန့်တကြား အော်ဟစ်ရင်းသာ ကျဆုံးသွားခဲ့ရသည်။

အဝေးတစ်နေရာတွင်မူ ရှန်းကျူးသည် တောက်ပသော အစိမ်းရောင် အလင်းများကို ထုတ်လွှတ်လျှက် ရှိနေ၏။ သူ၏ အရှေ့တွင်မူ အနက်ရောင် အဝတ်အစားများနှင့် ခေါင်းစွပ် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရှိသည်။ ရှုံ့တွနေသော လက်အရေပြားများနှင့် ခန္ဓာကိုယ် အချိုးအစားတို့အရ ၎င်းမှာ လူအိုကြီး တစ်ယောက် ဖြစ်နိုင်၏။

သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ခန့်မှန်းရန် ခက်ခဲလှသည်။ သို့သော်လည်း ရှန်းကျူးအား မရှုံးသေးသည်ကို တွက်ချင့်ရပါက နတ်ဘုရား အရှင် တစ်ပါး သို့မဟုတ် ထိုထက် ပိုမြင့်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေနိုင်သည်။

ရှန်းကျူးသည် ထိုပုဂ္ဂိုလ်ကို သိနေဟန် ရ၏။

"မကောင်းဆိုးရွား ညတစ္ဆေကောင်… အစောတည်းက မင်းဖြစ်နေမယ်လို့ ငါ ထင်သားပဲ… ငါတို့ရဲ့ နယ်စပ် ဒေသမှာ ဒီလို ထင်ရာစိုင်းနိုင်မယ်လို့ ထင်နေတာလား"

ရှန်းကျူးက သွားကြားမှ ထွက်လာသော လေသံဖြင့် ပြောလိုက်သည်။ သူ၏ အစိမ်းရောင် မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်ဖြင့် တဖိတ်ဖိတ် တောက်ပနေ၏။

"ဟီး ဟီး ဟီး…"

မကောင်းဆိုးရွား ညတစ္ဆေဟု အခေါ်ခံရသည့် ဝတ်စုံနက်က ရယ်မောလိုက်၏။

"ကျူးလေး… ကျူးလေး… ငါတို့ မတွေ့ရတာတောင် ကြာပြီနော်…"

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ထိုစကားလုံးများ အရဆိုလျှင် သူတို့ အကြား၌ သမိုင်းကြောင်း တစ်ခုခု ရှိခဲ့ဟန် ရသည်။

"မုန်တိုင်း၏ အနွယ်…"

ရှန်းကျူးက အေးစက်စွာ ရေရွတ် လိုက်၏။ ရုတ်ချည်းပင် သူ၏ ကိုယ်ရောင် ကိုယ်ဝါမှာ ပိုမို ကြမ်းတမ်း ခက်ထန်လာကာ ပတ်ဝန်းကျင်မှ လေများမှာ တရကြမ်း စုဝေးလာသည်။ သူက လက်သီးကို ဆုပ်ကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ထိုးနှက် လိုက်၏။

ဘုန်း…

မီတာ ရာဂဏန်းခန့် ရှိမည့် မုန်တိုင်း တစ်ခုမှာ သူ၏ လက်ထိပ်တွင် ဖြစ်ပေါ်လာသည်။ ၎င်းသည် ကြောက်မက်ဖွယ် ဖိအားကို သယ်ဆောင်ကာ အနက်ရောင်ဝတ် လူထံ ကျဆင်းသွားလေ၏။

ညတစ္ဆေက ခေါင်းကို မော့လိုက်၏။ တဟီးဟီး တဟားဟား ရယ်မောသံများမှာ ဆက်တိုက် ဆိုသလို ထွက်ပေါ်နေသည်။

"ငယ်ရွယ်တဲ့ပုံပေါက်အောင် ဘာလို့ ကျင့်ကြံခြင်း အဆင့်ကို သုံးရတာလဲ… မင်းက စွမ်းအားတွေကို အလဟသတ် ဖြုန်းတီးပစ်နေဝာာပဲ… ဟီး ဟီး"

အူလှိုက်သည်းလှိုက် ရယ်မောရင်းပင် သူက အင်္ကျီလက်ကို ခါယမ်း လိုက်၏။ အမှောင်ထု မြစ်တစ်စင်းမှာ သူ၏ လက်အိုး အတွင်းမှ စီးထွက်လာကာ မုန်တိုင်းထံ ထိပ်တိုက် တိုးဝင်သွားသည်။

ထာဝရည ချီကျင့်စဉ်… အမှောင်ထု မြစ်များ စီးဆင်းခြင်း…

စွမ်းအား နှစ်ခုသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ သွား၏။ အမှောင်ထုနှင့် လေချီများမှာ နွယ်လိမ်ယှက်လျှက် တိုးဝှေ့ကာ ပတ်ဝန်းကျင်ကို မွှေနှောက် ဖျက်ဆီးသွားသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဆိုရင် မင်းက ငါ့ကို ယှဉ်ကောင်း ယှဉ်နိုင်လိမ့်မယ်… ဒါပေမဲ့ ဒီနေ့မှာတော့ မင်းဟာ ငါ့သားကောင်ပဲ"

မကောင်းဆိုးရွား ညတစ္ဆေ၏ အသံက ကောင်းကင်ကို ပဲ့တင်ထပ်ကာ ပျံ့နှံ့လာ၏။ သူ၏ ဝိညာဉ်ချီမှာ ကမ္ဘာနှင့် တစ်သားတည်း ဖြစ်သွားကာ လောက အင်အားမှာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။

"ချီအမတေ…"

ထိုအရာကား နတ်ဘုရား ဧကရာဇ် တစ်ပါး၏ အရှိန်အဝါပင် ဖြစ်သည်။

***

All Chapters