← Chapters

ကြယ်မှုန်ဆိုင်

Vol. 26 Ch. 353

ကြယ်မှုန်ဆိုင်

Vol. 26 Ch. 353

ဟန်လိသည် ထိုအဘိုးအို စိတ်လောနေတာကို မြင်သည့်အခါ မသိမသာ ပြုံးမိသည်။ သူက သတ္တုအမယ်များနှင့် ပြည့်နေသော သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ သွန်ချပစ်သည်။ အဖြူရောင်အလင်းတစ်ခု ရုတ်တရက် တောက်ပသွားပြီး အဖြူရောင်ပင့်ကူနှင့် နတ်ဆိုးဓားခုတ်ကောင်ထံမှ သူ ရခဲ့သော အမယ်ပစ္စည်းများစွာတို့သည် ကြမ်းပြင်ပေါ်သို့ ကျရောက်သည်။

“ဒါက…”

ဆိုင်ရှင်သည် အဖြူရောင်ပင့်ကူ၏ ခြေခတံလက်တံများကို ငုံ့ကြည့်ပြီး စိတ်ဝင်စားစွာဖြင့် စူးစမ်းသည်။ သူက စဉ်းစားနေဟန် ပေါ်၏။

ထိုအဘိုးအိုသည် မှော်ပစ္စည်းသန့်စင်ခြင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်သော်လည်း သူက ရှားပါးထူးခြားသော အင်းဆက်များကိုတော့ နားမလည်ပေ။ သို့ဖြစ်၍ သူက သည်ပစ္စည်းများမှာ သာမန်ထက်ထူးကဲမှန်း မြင်နိုင်သော်လည်း စဉ်းစားတွေဝေနေတာ ဖြစ်သည်။

ဟန်လိသည် ခဏ ပြုံးနေပြီးနောက်မှာ သူ့ကို ရှင်းပြသည်။

“ဒီသတ္တုအမယ်အများစုဟာ ပင့်ကူဖြူတစ်ကောင်ရဲ့ အခွံနဲ့ ခြေတံလက်တံတွေက‌ပဲ။ ပြီးတော့ နတ်ဆိုးဓားခုတ်ကောင်ရဲ့ အတောင်ပံတွေနဲ့ လက်တံတွေလည်း ပါတယ်။ ဒီသားရဲတွေဟာ အဆင့်လေးနတ်ဆိုးသားရဲ ဖြစ်တယ်။ ဓားခုတ်ကောင်ကတော့ အဆင့်လေး အထွတ်အထိပ်ဖြစ်ပြီး အတော့်ကို အစွမ်းထက်တယ်။ မင်းက ဒီပစ္စည်းအမယ်တွေကို အသုံးပြုနိုင်စွမ်း ရှိဖို့ ကျုပ် မျှော်လင့်မိတယ်။ ကျုပ် ဒါတွေကို ရဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ရတယ်…”

“ အဆင့်လေးသားရဲတွေဆီကနေ ရခဲ့တဲ့ ပစ္စည်းအမယ်တွေလား…” ဆံပင်ဖြူများနှင့် ဆိုင်ရှင်အဘိုးအိုသည် အံ့အားထိတ်လန့်စွာ ထအော်မိသလို ချက်ခြင်းပင် သူက ပီတိဖြာသွားသည်။

အဆင့်လေး နတ်ဆိုးသားရဲများ မဆိုနှင့်အုံး၊ အဆင့်နှစ်သားရဲများထံမှ ပစ္စည်းအမယ်များကိုပင် မြင်ရခဲလှသည်။

“အမှန်ပဲ…ဆိုင်ရှင်ရှု၊ ဒါပေမဲ့ ကျုပ် အထူးတောင်းဆိုချင်တာကတော့ မှော်ပစ္စည်းအစုံလိုက် သန့်စင်နိုင်ဖို့ပဲ။ ခင်ဗျားအနေနဲ့ ကျုပ်တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်မယ်ဆို ကျုပ် ခင်ဗျားကို အလုပ်အပ်မယ်…။ ခင်ဗျား သန့်စင်ပြီး ကြွင်းကျန်ခဲ့တဲ့ ပစ္စည်းအမယ်တွေကိုတော့ စိတ်ကြိုက် ယူနိုင်မယ်…”

ဟန်လိက တည်တည်ငြိမ်ငြိမ် ပြော၏။

“စီနီယာ…ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ဒီအဘိုးအိုက သေချာပေါက် လုပ်ဆောင်ပါ့မယ်။ ခုလို ထိပ်တန်းအဆင့် သတ္တုအမယ်ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ သန့်စင်နိုင်ဖို့ မှော်ပစ္စည်းသန့်စင်ခြင်းပညာရပ်နောက်ကို ကျနော့် တဘဝလုံး လိုက်စားခဲ့တာပေါ့…”

ဆိုင်ရှင်ရှုသည် ဓားခုတ်ကောင်၏ လက်များကို ကောက်ယူကာ နှစ်လိုစွာ ကြည့်နေသည်။

ဟန်လိသည် သူ့ဟန်ပန် အမူအရာကို မြင်သည့်အခါ အံ့အားသင့်သွားသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ ပို၍ စိတ်အေးသွားသည်။ သူက ညင်သာသော လေသံဖြင့် ထိုအဘိုးအိုကို ပြောသည်။

“ကျုပ် မင်းကို သန့်စင်ခိုင်းတဲ့ မှော်ပစ္စည်းတွေက သာမန်မဟုတ်ဘူး။ ဒီပင့်ကူခြေထောက်တွေကို အကာအကွယ်မှော်ပစ္စည်းတစ်စုံအဖြစ် သန့်စင်စေချင်တယ်။ ဓားခုတ်ကောင်ကိုတော့…”

နှစ်နာရီလောက် ကြာပြီးနောက်မှာ ဟန်လိနှင့် ဝိညာဉ်သေတို့သည် သည်မှော်ပစ္စည်းသန့်စင်ခြင်းဆိုင်ခန်းထဲကနေ ထွက်လာခဲ့တော့သည်။

ဟန်လိသည် ဆိုင်ရှင်ရှုက သန့်စင်ရမည့် အမယ်ပစ္စည်းများကို စူးစမ်းပြီးနောက် သဘာတူညီမှုတစ်ခု ယူထားခဲ့ပြီး ဖြစ်သည်။ ရက်အတော်အတန် ကြာသည့်နောက် ဆိုင်ရှင်သည် သူတို့၏ သန့်စင်မည့် နည်းလမ်းများကို စီစဉ်တာ အပြီးသပ်ပေလိမ့်မည်။ ထိုအချိန်ကျမှ ဟန်လိသည် အမယ်ပစ္စည်းများနှင့်အတူ ဆိုင်သို့ ပြန်သွားမည် ဖြစ်ပြီး သူတို့၏ သန့်စင်ခြင်းကို တရားဝင် စတင်မည် ဖြစ်သည်။

သို့သော် ခုချိန်တွင်မူ ဟန်လိသည် ဈေးမြို့ထဲသို့ ပတ်သွားကာ ဘာအခွင့်အရေးများ ရှိမလဲဟု ရှာဖွေကြည့်အုံးမည် ဖြစ်သည်။

ထိုသို့ လှည့်ပတ်သွားနေရင်း သူ့စိတ်ထဲ ဖြစ်ပေါ်နေသော သံသယများမှာလည်း အဘိုးအိုတစ်ယောက်ကြောင့် သေချာသွားခဲ့လေပြီ။ ယွဲ့ဒေသနှင့် ၎င်း၏ မဟာမိတ်နိုင်ငံနှစ်နိုင်ငံတို့က မိစ္ဆာတာအိုဂိုဏ်းများကို ရှုံးနိမ့်သည့်သတင်းမှာ ယွမ်ဝူဒေသတွင် ပျံ့နှံ့နေပြီး ဖြစ်သည်။ ထိုသို့ ရှုံးနိမ့်၍ ပြေးလာသော သူများမှာ သူတို့သည် ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခုမှ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မည်သို့ပင်ဖြစ်စေ ယွမ်ဝူဒေသတွင် ထိုသူတို့အားလုံးမှာ မသေချာမှုများနှင့် ခက်ခဲမှုများကို ခံစားရမှာကတော့ ကျိန်းသေသည်။

ထိုတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အကျိုးဆက်အနေဖြင့် ကျင့်ကြံသူများစွာသည် သည်ဈေးမြို့မှာ ပွက်လောထနေပေသည်။ သူတို့သည် သူတို့ လိုအပ်သော ပစ္စည်းများနှင့် လဲလှယ်ဖို့ သူတို့၏ ရှားပါးရတနာများကို လဲလှယ်ဖို့ ယူဆောင်လာကြပေသည်။ သို့မှသာ လာမည့် ကပ်ဘေးများကို ရင်ဆိုင်ဖို့ သူတို့၏ ခွန်အားများ မြင့်နေမည် မဟုတ်လား။

ရက်အနည်းငယ်အတွင်း ယွမ်ဝူဒေသ၏ ဈေးမြို့များအားလုံးတွင် မှော်ပစ္စည်းများ၊ ဆေးလုံးများနှင့် တခြားပစ္စည်းမျိုးစုံတို့၏ သတင်းများသည် စတင် ပျံ့နှံ့နေတော့သည်။ သည်သတင်းကြောင့် ကျင့်ကြံသူများစွာကို စွဲဆောင်လေကာ သူတို့သည် ဈေးမြို့များထံ လာရောက်ကြတော့သည်။ ဟန်လိသည်လည်း ဤသို့သော ရွှေရောင်အခွင့်အရေးတစ်ခုကို လက်လွှတ်မခံမှာ သဘာဝပင်။

စိတ်ထဲ၌ ထိုအတွေးဖြင့် ဟန်လိသည် ဆိုင်များအားလုံးကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

သူ ထင်ထားသည့်အတိုင်းပင် အရည်အသွေးကောင်းလှသော ပစ္စည်းများစွာကို ရောင်းချနေကြလေ၏။ သို့သော် ဟန်လိကို များစွာ အံ့အားသင့်စေသည်ကတော့ ထိပ်တန်းမှော်ပစ္စည်းများကို ရောင်းချတာ အလွန်ရှားနေခြင်းပင်။

သူက တပတ်နီးပါး လှည့်ပတ်လျှောက်ကြည့်ပြီးနောက်မှာတော့ သူ အရင်တုန်းက မမြင်ဖူးခဲ့သော ဆေးအမယ်တချို့ကိုသာ ဝယ်ယူခဲ့ရသေးသည်။ ကျန်သည့် အများစုမှာ သူ့ကို စိတ်မဝင်စားစေပေ။ သူသည် သည်လိုဖြင့် သည်ဈေးမြို့၏ အထင်ကရ ဖြစ်သော ကြယ်မှုန်အဆောက်အဦထံ ဦးတည်လာမိတော့သည်။

ဈေးမြို့များမှာ အကြိမ်ကြိမ် အရောင်းအဝယ် ပြုလုပ်ဖူးပြီး ဖြစ်၍ ဟန်လိသည် ပိုကောင်းသော ပစ္စည်းများကို ဝယ်ယူချင်လျှင် ပိုကြီးမားသော ဆိုင်ခန်းများသို့ သွားဖို့ လိုမှန်း သိနှင့်ထားလေပြီ။ ယင်းသို့သော ဆိုင်များတွင်သာ ပစ္စည်းကောင်းများကို ရနိုင်သည့် စွမ်းအား ရှိသည် မဟုတ်လား။

ဆိုင်ခန်းငယ်များသည် ယင်းသို့သော ဆိုင်ခန်းကြီးတစ်ခု၏ စုဆောင်းထားနိုင်မှုကို မမှီနိုင်ပေ။ အရင်တုန်းကလည်း ဟန်လိသည် အဝါရောင်မေပယ်တောင်ကြားဈေးမြို့၏ ရတနာတစ်သောင်းခန်းမ ကနေ အရည်အသွေးကောင်းသော ပစ္စည်းများစွာ ရခဲ့ဖူးပေသည်။

ထိုသို့ အတွေးများစွာဖြင့် ဟန်လိသည် ဝိညာဉ်သေနှင့်အတူ ကောင်းကင်ကြယ်မှုန်ဆိုင်ခန်းထံ ရောက်လာခဲ့ပေသည်။ ထိုဆိုင်ခန်းကြီးထဲ ဝင်လာသည်နှင့် ဟန်လိမှာ ဆွံ့အမိရသည်။

အကြောင်းကား ကျင့်ကြံသူ သုံးဆယ်ကျော်လောက်သည် သည်ဆိုင်၏ ပထမဆုံးထပ်မှာ ဆူညံပွက်လော ရိုက်နေသောကြောင့်ပင်။ သူတို့အားလုံးသည် အနီရောင်ဝတ်စုံဖြင့် ဆိုင်ဝန်ထမ်းများနှင့် စကား ပြောနေကြသည်။ မည်သူကမျှ ဟန်လိ ဝင်လာတာကို သတိမပြုမိကြပေ။

ဟန်လိသည် ခေါင်းကုတ်ကာ ခင်းကျင်းပြသထားသော စားပွဲစင်တစ်ခုထံ လျှော်ကလာပြီး ဒုတိယထပ်သို့ တက်နိုင်မည့် လှေကားကို ရှာသည်။ ထိုစားပွဲစင်ဘေးတွင် ချီစုဆောင်းခြင်း ကျင့်ကြံသူသုံးယောက် ရပ်နေလျက် ရှိ၏။ သူတို့ထဲမှ တစ်ယောက်သည် အဖြူရောင်အစီအရင်အလံတစ်ခုကို ဝေ့ယမ်းကာ ဆိုင်ဝန်ထမ်းတစ်ယောက်ကို မကျေမချမ်းဖြင့် ပြောဆိုနေသည်။

ကြယ်မှုန်ဆိုင်မှ ထိုဝန်ထမ်းသည် စိတ်ထဲမထားပေ။ သူက ပြုံး၍သာ သေချာ ရှင်းပြနေဩ။ သို့သော် ထိုကျင့်ကြံသူများက ဟန်လိနှင့် ဝိညာဉ်သေတို့ သူတို့နား လှမ်းလာတာကို မြင်သည့်အခါ ချက်ခြင်း တိတ်သွားသည်။

သူတို့က သူစိမ်းကျင့်ကြံသူတစ်ယောက်အပေါ် အတော်လေး သတိထားတာ သိသာသည်။

အလံကို ကိုင်ထားသော ကျင့်ကြံသူသည် ဟန်လိ လှမ်းလာတာ မြင်သည့်အခါ သူက အလျင်အမြန်ပင် စိတ်ဝိညာဉ်ကျောက်တုံးဆယ်ခုကျော်ကို ထုတ်၍ ဆိုင်ဝန်ထမ်းကို ပေးကာ သူ့မိတ်ဆွေများနှင့်အတူ ခပ်သွက်သွက် ပြန်ထွက်သွားသည်။ ဟန်လိသည် သူတို့ကို သုန်မှုန်စွာသာ ကြည့်မိလေတော့၏။

ထို့နောက် ခဏအကြာတွင် ဆိုင်ဝန်ထမ်းတစ်ယောက်က ဟန်လိကို ပျူငှာစွာ လှမ်းပြောလာသည်။

“စီနီယာ…ကျနော်တို့ရဲ့ လိုအပ်ချက်အတွက် တောင်းပန်ပါတယ်။ ဒါက ပထမထပ်ပါ။ စီနီယာအနေနဲ့ ဒီအထပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းအမယ်တွေ မတွေ့ဖို့ များပါတယ်။ စီနီယာကသာ သင့်တော်တဲ့ ပစ္စည်းအမယ်တွေကို ဝယ်ချင်တယ်ဆို တတိယအထပ်ရဲ့ အပေါ်ထပ်တွေကို သွားတာကတော့ အကောင်းဆုံးပေါ့။ ဒီအထပ်တွေဟာ အဆင့်မြင့်ကျင့်ကြံသူတွေကိုပဲ လက်ခံတာပါ…”

စစချင်းတော့ ဟန်လိက မင်သက်သွားသေး၏။ သို့သော် သိပ်မကြာခင် သူ သဘောပေါက်သွားသည်။ သူက မထူးခြားနားဟန်ဖြင့် မေးသည်။

“ကြယ်မှုန်ဆိုင်ခန်းရဲ့ အထပ်တွေအကြောင်း မင်းက ကျုပ်ကို မိတ်ဆက် ပြောပြပေးနိုင်မလား…”

ထိုဆိုင်ဝန်ထမ်းမှာ နည်းနည်းတော့ အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသေးသည်။ သို့သော် သူက တလေးတစားဖြင့် ပြန်ပြောလာ၏။

“ရတာပေါ့။ စီနီယာအနေနဲ့ ခုမှ ဒီဆိုင်ခန်းကို ရောက်ဖူးတာ ဖြစ်မယ်။ ဒါ့ကြောင့် ကျနော်က ကျနော်တို့ ဆိုင်အကြောင်းကို မိတ်ဆက်ပေးရမှာ သဘာဝပဲလေ…”

ကျနော်တို့ ကြယ်မှုန်ဆိုင်မှာ စုစုပေါင်း ကိုးထပ် ရှိပါတယ်။ ပထမဆုံးထပ်ကတော့ လူတိုင်း ဝင်ထွက်သွားလာနိုင်ပါတယ်။ နောက်ဆုံးနှစ်ထပ်ကိုတော့ အပြင်လူတွေ ဝင်ခွင့် မရှိပါဘူး။ ပထမဆုံး သုံးထပ်ကတော့ ချီစုဆောင်းကျင့်ကြံသူတွေ အတွက်ပါ။ လေးထပ်မြောက်ကနေစလို့ ခြောက်ထပ်မြောက်ထိကတော့ စီနီယာတို့လို့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက်ပါ။ ခုနစ်ထပ်မြောက်နဲ့ ကျန်တဲ့ အထပ်တွေကတော့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေအတွက်ပဲ ဝန်ဆောင်မှု ပေးတာပါ…”

ထိုဝန်ထမ်းက ဟန်လိကို အကြမ်းဖျဉ်း မြန်မြန်ဆန်ဆန် ရှင်းပြသည်။ ဟန်လိက ခေါင်းညိတ်ပြသည်။ ထို့နောက်တွင် သူက စကားမဆိုလေတော့ဘဲ ဒုတိယထပ်သို့ တန်း၍ တက်သွားသည်။ ဒုတိယထပ်နှင့် တတိယထပ်တို့သည် ပထမထပ်နှင့်စာလျှင် ပိုသေးသယောင် ရှိသည်။ သို့သော် ခင်းကျင်းပြသထားမှုကတော့ ပိုခန်းနားသည်။ ကြည့်ရတာ အထက်ပိုမြင့်လေလေ ရောင်းချသည့် ပစ္စည်းအမယ်များက ပို၍ အဖိုးတန်လေ ဖြစ်ရမည်။

ထိုအတွေးဖြင့် ဟန်လိသည် ဒုတိယထပ်နှင့် တတိယထပ်တို့ကို အလျင်အမြန်ပင် ကျော်လာပြီး စတုတ္ထထပ်ထိ ရောက်လာခဲ့လေသည်။

ဟန်လိသည် ခြောက်ထပ်မြောက်ထိ တန်းသွားမည်ဟု စိတ်ကူးထားပေသည်။ သို့သော် အနီရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က သူ့လမ်းကို လာတားသည်။

“ဆိုင်စည်းကမ်းအရ…ခင်ဗျားဟာ ငါးထပ်မြောက်က ဆိုင်ရှင်ရဲ့ သဘောတူညီမှုကို အရင်ဆုံး ရပြီးမှ ခြောက်ထပ်မြောက်ကို သွားနိုင်မှာ ဖြစ်ပါတယ်…”

သည်ကြည့်ကောင်းလှသော ဆိုင်ဝန်ထမ်းလူငယ်လေးက အမူအရာကင်းမဲ့စွာ ထိုသို့ ပြောသည်။ သူက ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်သော ဟန်လိကို နည်းနည်းလေးမျှ ကြောက်နေဟန် မရှိလေပေ။

ဟန်လိက မျက်မှောင်ကြုံ့သွားပြီး သူသည် ဒေါသထွက်မည့်အစား ငါးထပ်မြောက်သို့ ပြန်ဆင်းသွား၏။

သည်ငါးထပ်မြောက်က ကြီးမားလှခြင်း မရှိသော်လည်း လှပသောအမျိုးသမီးဝန်ထမ်းများ ရှိနေကြသည်။ ဟန်လိ သည်အထပ်သို့ ဝင်လာသည့်အချိန်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က အကြောင်းအရာတစ်ခုကို အေးဆေး ပြောဆိုနေကြသည်။

အမျိုးသားဖြစ်သူမှာ သာမန်အသွင်အပြင်သာ ရှိ၏။ အသက်သုံးဆယ်ငါးဝန်းကျင်လောက် ရှိသည်။ အမျိုးသမီးကမူ အသက်လေးဆယ်ဝန်းကျင်လောက် ရှိဟန်တူပြီး ကျက်သရေရှိသော အသွင်ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။ သူမ ငယ်ရွယ်စဉ်တုန်းက ချောမောလှပခဲ့လိမ့်မည်ဟု ပြောနိုင်၏။

သူတို့နှစ်ယောက်မှာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများ ဖြစ်ကြသည်။ အမျိုးသမီးဖြစ်သူမှာ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ဖြစ်နေမှန်း မြင်သည့်အခါ ဟန်လိမှာ အံ့အားသင့်သွားရ၏။

“တာအိုရောင်းရင်း…ရှင် ဘာများ လိုအပ်ပါသလဲ….”

ထိုသက်လတ်ပိုင်းအမျိုးသမီးက ဟန်လိ ဝင်လာတာ မြင်သည့်အခါ ခေါင်းလှည့်၍ သူ့ထံ စွဲဆောင်မှု ရှိစွာ ပြုံးပြ၏။ သူမ၏ စကားသံမှာ ကြားရသူအဖို့ နားဝင်ချိုလှသည်။

“ကျုပ် အဖိုးတန်ပစ္စည်းတချို့ကို ဝယ်ချင်တယ်။ ခင်ဗျားတို့မှာ အဲ့လို ပစ္စည်းများ ရှိပါသလား။ မှော်ပစ္စည်းဖြစ်ဖြစ်၊ အဆောင်ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ရတယ်…”

ဟန်လိ၏ အတော်အတန် မောက်မာလှသော လေသံကို ကြားသည့်အခါ အမျိုးသားဖြစ်သူက ဟန်လိကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်လာသည်။

“ဟီး…တာအိုရောင်းရင်းက ပစ္စည်းကောင်း ဝယ်ချင်တယ်ဆိုရင်တော့ နေရာမှန်ကို ရောက်လာတာပါပဲ။ ရှင့်မှာ လုံလောက်တဲ့ ငွေကြေး ရှိသ၍ ကျမတို့က ရှင့်ကို ကျိန်းသေပေါက် စိတ်ကျေနပ်စေမှာပါ…”

ထိုအမျိုးသမီးသည် မငယ်ရွယ်တော့သော်လည်း သူမ၏ ရယ်သံကတော့ မိန်းမပျိုလေးများနှယ် စွဲဆောင်မှု ရှိလှပါသည်။

“ဒါပေမဲ့ ဒီက တာအိုရောင်းရင်းကလည်း ပစ္စည်းကောင်းတချို့ ဝယ်ချင်နေတယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါအုံး။ ပြီးရင် ကျမက ရှင့်ကို ပြသပေးပါ့မယ်…”

ထိုအမျိုးသမီးသည် ရွှန်းလဲ့စွာ ပြုံး၍ ထိုသို့ ဆိုသည်။

ထို့နောက်တွင်တော့ သူမက ခေါင်းလှည့်ကာ အလေးအနက်ဟန်ပန်ဖြင့် အမိန့်တစ်ခု ပေးသည်။

“ခရမ်းကြာပန်း…ဒီဧည့်သည်တော် နှစ်ယောက်ကို လဘ္ဘက်ရည်နဲ့ လာဧည့်ခံချေ…”

“ဟုတ်…” သည်အမျိုးသမီး၏ နောက်တွင် ရပ်နေသော အစေခံကောင်မလေးတစ်ယောက်က တလေးတစားဖြင့် ပြန်ဖြေ၏။

သက်လတ်ပိုင်းအမျိုးသမီးကတော့ ဟန်ပါပါနှင့် လှမ်းထွက်သွားစဉ် အစေခံမိန်းကလေးက ဟန်လိနှင့် အစောပိုင်းတုန်းက ရှိနေသောသူတို့ထံ လဘ္ဘက်ရည်တခွက်စီ လာငှဲ့ပေးသည်။

All Chapters