← Chapters

အမျိုးသမီးလန်

Vol. 26 Ch. 354

အမျိုးသမီးလန်

Vol. 26 Ch. 354

ဟန်လိနှင့် ထိုသူတို့သည် လေးထောင့်စားပွဲဘေး မတူညီသော ထောင့်များမှာ ထိုင်နေကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် လှမ်းအကဲခတ်ကြည့်သည်။ သို့သော် မည်သူကမျှ စကားပြောဖို့ စိတ်ကူးမရှိကြပေ။ သည်နေရာသို့ လာရောက်သော ကျင့်ကြံသူများသည် အရောင်းအဝယ်ကိစ္စလုပ်ဖို့သာ။ တခြားသူစိမ်းများနှင့် ရင်းရင်းနှီးနှီးနေဖို့ စိတ်ကူး မရှိကြပေ။

သို့ပင်မည့်လည်း ထိုသူသည် သည်အခန်းဝ၊ လှေကားထစ်ထိပ်မှာ ရပ်နေသော ဝိညာဉ်သေထံသို့သော သိချင်စူးစမ်းသည့် အကြည့်များ ရောက်ရောက်သွားတတ်သည်။

သူ့အမြင်အရတော့ ဝိညာဉ်သေမှာ သန့်စင်မွန်းမံထားသော အလောင်းကောင်တစ်ခုသာ ဖြစ်သည်။ သို့သော် သူသည် ထိုဝိညာဉ်သေထံမှ စိတ်ဝိညာဉ်ချီလှိုင်းကို ခံစားမိပြီး စဉ်းစားမရ ဖြစ်သွား၏။

တကယ်တော့ ကျင့်ကြံသူများ သန့်စင်ထားသော သံကြေးခွံနှင့် အလောင်းများသည် ကြီးမားသော ခွန်အားရှိတာကတော့ သဘာဝပင်။ သို့သော် ယင်းတို့၌ မှော်စွမ်းအား ပိုင်ဆိုင်ဖို့ကတော့ မဖြစ်နိုင်ပေ။

ထိုသူသည် မေးခွန်းများ မေးကြည့်ချင်စိတ်ကို မနည်း ဖိနှိပ်ထားရ၏။ ဟန်လိသည် သူကဲ့သို့ပင် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ့ကို ရှိန်နေစေ၏။

ဟန်လိသည် လဘ္ဘက်ရည် တော်တော်များများ သောက်ပြီးနောက်မှာ စောနက အမျိုးသမီးသည် အခန်းထဲ ပြန်ရောက်လာသည်။

သည်တစ်ကြိမ်၌ သူမ၏ နောက်တွင် လူသန်ကြီးနှစ်ယောက် ပါလာသည်။ သူတို့နှစ်ယောက်သည် မည်သည့်မှော်စွမ်းအားကိုမျှ မပိုင်ဆိုင်ထားကြပေ။ သူတို့သည် မထင်မှတ်စွာဖြင့် အစစ်အမှန်ဆန်လွန်းသော ရုပ်သေးများ ဖြစ်နေချေသည်။

ထိုရုပ်သေးများသည် ပိုးသားအဝတ်စဖြင့် ထွေးပတ်ထားသော လင်ဗန်းတစ်ခုကို ကိုင်ထားကြသည်။ ၎င်းလင်းဗန်းအတွင်း၌ အဖိုးတန်ပစ္စည်းများကို ကွယ်ဖုံးထားတာ ဖြစ်နိုင်၏။

ဟန်လိ၏ မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ အနီရောင်ပိုးသားစအောက်၌ မည်သည့်အရာ ရှိသနည်းဟု ကြည့်ရန် ဟန်ပြင်သည်။ သို့ပေမည့် မထင်မှတ်စွာဖြင့် ထိုပိုးသားစက သူ့စိတ်အာရုံကို ဟန့်တားသည်။ အံ့အားသင့်သွားခြင်းနှင့်အတူ ဟန်လိသည် ခေါင်းလှည့်ကာ သူ့ဘေးမှ သူထံ လှမ်းကြည့်မိသည်။ ထိုသူမှာလည်း အံ့အားသင့်ထိတ်လန့်ဟန် ဖြစ်ပေါ်နေသည်သာ။ သူလည်း ဟန်လိကဲ့သို့ ပြုမူခဲ့တာ သိသာသည်။

သက်လတ်ပိုင်းအမျိုးသမီးက ဟန်လိနှင့် နောက်တစ်ယောက်တို့နား ခြေလှမ်းအနည်းငယ်အကွာထိ လှမ်းလာသည်။ သူမက စကားမဆိုဘဲ အရင်ပြုံးသည်။ ထို့နောက်မှ စကားဆိုလာသည်။

“တာအိုရောင်းရင်းဖန်နဲ့တော့ ကျမက စကားပြောပြီးပြီ။ ရှင်ရဲ့ နာမည်ကိုကော သိလို့ရမလား…တာအိုရောင်းရင်း…။ ကျမရဲ့ မျိုးရိုးနာမည်ကတော့ လန်ပါ။ တာအိုရောင်းရင်းတို့နှစ်ယောက်က ကျမကို အမျိုးသမီးလန်လို့ ခေါ်နိုင်ပါတယ်…”

ထိုအမျိုးသမီးသည် သူမကိုယ်သူမ ကောင်းကောင်းမိတ်ဆက်တတ်သူပင်။ ဟန်လိသည်လည်း နှုတ်ဆိတ်နေလို့ မဖြစ်၍ ပြောရလေ၏။

“ကျုပ် မျိုးရိုးနာမည်ကတော့ ဟန်ပါ…”

ထို့နောက်တွင် သူက ဘာအပိုစကားမှ ထပ်မပြောတော့ပေ။ အေးစက်စက်ဟန်ပန်ဖြင့် စကားထပ်မံ ပြောချင်စိတ် မရှိသည့်ပုံစံဖြင့် ရှိနေသည်။

အမျိုးသမီးလန်က ဟန်လိ၏ ထိုပုံစံကို စိတ်ထဲမထား။ တကယ်တော့ သည်ကို လာခဲ့သော ကျင့်ကြံသူအများစုမှာလည်း ဟန်လိကဲ့သို့သာ မဟုတ်လား။ သူမအဖို့ သည်အပြုအမူများနှင့် အသားကျနေပြီး ဖြစ်သည်။

သို့ဖြစ်၍ သူမက မသိမသာ ပြုံးကာ သူမနောက်မှ ရုပ်သေးများကို အမိန့်လှမ်းပေးသည်။ ရုပ်သေးတို့သည် ချက်ခြင်း ရှေ့သို့ လှမ်းလာသည်။ ယင်းနောက် အမျိုးသမီးလန်က သူမ၏ ပြစ်မျိုးမှဲ့မထင်လက်ဖြင့် အနီရောင်ပိုးသားစကို လှစ်ဟသည်။ ထိုအခါ လင်းဗန်းအတွင်း၌ ပစ္စည်းအမယ်များကို မြင်ရလေ၏။

ဟန်လိကော၊ ဖန်မျိုးရိုးနှင့်သူကောက လင်းဗန်းပေါ်ရှိ ပစ္စည်းအမယ်များထံ အကြည့်ရောက်ကုန်သည်။ သူတို့၏ မျက်လုံးတို့က အာရုံစိုက်နေမှုကြောင့် အရောင်လက်နေကြသည်။

ဓားရှည်တစ်လက်၊ ဓားတိုတစ်လက်၊ လှံတိုတစ်ချောင်း၊ ကွင်းတစ်ခုနှင့် ချပ်ဝတ်နက်တစ်စုံတို့ကို လင်ဗန်းပေါ်၌ တဆက်တည်း ခင်းကျင်းထားသည်။ ထိုပစ္စည်းများထံမှ အလင်းတို့ ဖြာထွက်နေလေသည်။ ယင်းတို့မှာ သာမန်ထက်သာသော ပစ္စည်းအမယ်များဟု တချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။

ယင်းမှော်ပစ္စည်းများကို မြင်ရသည့်အခါ ဟန်လိနှင့် ဖန်မျိုးရိုးတို့သည် မတူညီစွာ တုန့်ပြန်ကြသည်။ ဖန်မျိုးရိုးကျင့်ကြံသူက လင်ဗန်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်။ သို့သော် ဟန်လိကမူ တချက်သာ ကြည့်ပြီး သူ့အကြည့်ကို ချက်ခြင်း ပြန်ဖယ်ရှားကာ စိတ်မဝင်စားဟန် ပြသ၏။ သည့်အတွက် အမျိုးသမီးလန်မှာ အံ့အားသင့်သွားပြီး ဟန်လိကို ပို၍ အာရုံစိုက်မိသွားသည်။

“ဒီပစ္စည်းကို အေးစက်သလင်းဓားသွားလို့ ခေါ်တယ်။ ရှားပါးလှတဲ့ သလင်းနဲ့ ရေခဲကျောက်စိမ်းတို့ကို အသုံးပြုပြီး ဒါကို သန့်စင်ထားတာ။ ဒီကောင်ရဲ့ တိုက်ခိုက်မှုတွေဟာ ပြင်းထန်ရုံသာမက နက်မှောင်အေးစက်တဲ့ချီကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒါ့ကြောင့် တိုက်ပွဲအတွင်းမှာ ရန်သူရဲ့ စွမ်းအားကို မသိလိုက်မသိဘာသာနဲ့ လျော့နည်းသွားအောင်လည်း လုပ်နိုင်တယ်။ ဒါဟာ ထိပ်တန်းမှော်ပစ္စည်းတွေကြားထဲမှာတော့ တကယ် အရည်အသွေး ရှိတဲ့ လက်နက်တစ်ခုပဲ…”

ထိုအမျိုးသမီးသည် လင်းဗန်းထံမှ ဓားတိုကို လှမ်းယူပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မိတ်ဆက်ရှင်းပြသည်။

ထို့နောက်တွင် သူမက ၎င်းဓားသွားကို လက်ထဲ၌ ဝေ့ယမ်းသည်။ ချက်ခြင်းပင် အေးစက်စက်ချီလှိုင်းငယ်တစ်ခုကို ထုတ်လွှတ်လေ၏။ ထိုအခါ သည်အခန်းထဲရှိ ချီစုဆောင်းခြင်း အစေခံမလေးများမှာ တုန်တုန်ရင်ရင် ဖြစ်ကုန်ကြသည်။

“အမျိုးသမီးလန်…ကျုပ် ဒီဓားတိုကို တချက်လောက် ကြည့်လို့ ရနိုင်မလား…”

ဖန်မျိုးရိုးကျင့်ကြံသူက စိတ်လှုပ်တရှားဖြင့် ၎င်းဓားတိုကို လှမ်းကြည့်သည်။

အမျိုးသမီးလန်သည် အလိုက်သင့် ပြုံးပြကာ တွေဝေမနေလေဘဲ ၎င်းဓားတိုကို လှမ်းပေးသည်။ ယင်းနောက် သူမက ဟန်လိကို မသိမသာ ဖြတ်ခနဲ ကြည့်၏။

သူမသည် ဟန်လိမှာ မထူးခြားနားဟန်ဖြင့်သာ ရှိနေတာကို မြင်ရ၏။ သူသည် ခေါင်းငုံ့လျက် လက်ထဲရှိ လဘ္ဘက်ရည်ခွက်အလွတ်ကို ကြည့်နေရုံသာ။ သည်မှော်လက်နက်အကြောင်း နည်းနည်းလေးမျှ စိတ်ဝင်စားဟန် ပြမနေ။ သည့်အတွက်ကြောင့် အမျိုးသမီးလန်မှာ နည်းနည်းတော့ စိတ်ပျက်မှုကို ခံစားရမိသည်။

ကျင့်ကြံသူဖန်သည် လက်ထဲ၌ ဓားတိုကို ကစားကြည့်နေရင်းကနေ အသံကျယ်ကျယ်ဖြင့် ပြောလာသည်။

“ဟုတ်ပြီ။ ကျုပ်တော့ ဒီအေးစက်သလင်းဓားသွားကိုပဲ ဝယ်ချင်သွားပြီ။ ဒီအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ…”

အမျိုးသမီးလန်သည် သည်စကားကို ကြားသည့်အခါ နည်းနည်းတော့ အံ့အားသင့်ဟန် ဖြစ်သွားသော်လည်း သူမက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

“ရောင်းရင်းဖန်က တခြားမှော်ပစ္စည်းတွေကိုကော မကြည့်တော့ဘူးလား…”

“မလိုတော့ဘူး။ ကျုပ်က တခြားပစ္စည်းတွေ ပိုကောင်းနိုင်တာ သိပါတယ်။ ဒါပေမဲ့ ရှက်ရှက်နဲ့ပဲ ပြောရရင် ကျုပ်မှာ ငွေစကြေးစ အဲ့လောက် မတတ်နိုင်ဘူး။ ဒီဓားကိုပဲ ဝယ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဒါ့ကြောင့် တခြားပစ္စည်းအမယ်တွေကိုတော့ ကြည့်မနေတော့ပါဘူး။ ဒါမှသာ ကျုပ်လည်း လိုချင်တပ်မက်စိတ် မဖြစ်တော့မှာ…”

ထိုကျင့်ကြံသူဖန်က ဟာသနှောကာ ပွင့်ပွင့်လင်းလင်း ပြောလာသည်။ လှပသော အမျိုးသမီးလန်မှာ ပြုံးယောင်ယောင် ဖြစ်မှုကို ဖုံးကွယ်ဖို့ သူမ၏ မျက်နှာကို လက်ဖြင့် ကာလိုက်လေ၏။

သူမက ထိုအပြုံးကို အလျင်အမြန် ဖိနှိပ်ကာ ပြောနေဆိုနေကျ လေသံဖြင့် ပြောလာသည်။

“ဒီအေးစက်သလင်းဓားသွားဟာ စိတ်ဝိညာဉ်ကျောက်တုံးရှစ်ရာ ကျသင့်ပါတယ်။ တာအိုရောင်းရင်းက ဒီပမာဏကို ပေးပြီးတာနဲ့ ဒီဓားတိုကို ယူပြီး ထွက်သွားနိုင်ပါပြီ…”

“ကောင်းပြီ။ ကျုပ်ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏ ပြည့်၊မပြည့် တချက်လောက် စစ်ပေးပါ…”

ကျင့်ကြံသူဖန်သည် ထိုသို့ ပြောကာ သိုလှောင်အိတ်တစ်ခုကို ပစ်ပေးလိုက်သည်။ မျက်စိတမှိတ်အတွင်း စားပွဲပေါ်၌ အရောင်အသွေးစုံလင်လှသော စိတ်ဝိညာဉ်ကျောက်တုံးများစွာ ပုံသွားလေသည်။

အမျိုးသမီးလန်သည် စားပွဲပေါ်သို့ အသာအယာ တချက် ဝေ့ကြည့်သည်။ သူမ၏ နှာခေါင်းထောင့်သည် မသိမသာ မြင့်တက်သွားပြီး သူမက ပြောသည်။

“ ကျမက ရှင့်ကို မယုံဘဲ ဘယ်နေပါ့မလဲ။ စစ်ဆေးကြည့်ဖို့ မလိုပါဘူးလေ…”

ထိုသို့ ပြောကာ သူမက သိုလှောင်အိတ်ကို လှမ်းယူပြီး စားပွဲပေါ်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူလိုက်သည်။ အမျိုးသမီးလန်၏ အပြုအမူက ကျင့်ကြံသူဖန်ကို အတော်လေး ကျေနပ်သွားစေသည်။ ထို့နောက်တွင် သူက ခင်ခင်မင်မင်ဟန်ပန်ဖြင့် ထွက်သွားသွားတော့သည်။

သို့သော် ဟန်လိကမူ ဤမြင်ကွင်းကို မြင်သည့်အခါ စိတ်ထဲကနေ လှောင်ရယ်လေ၏။

“စစ်ဆေးစရာ မလိုဘူးတဲ့လား။ ဒီ စိတ်ဝိညာဉ်ကျောက်တုံးတွေအပေါ် စိတ်ဝိညာဉ်အာရုံနဲ့ ခြုံလွှမ်းလိုက်တာက ဘာ အဓိပ္ပာယ်များလဲ…”

အမျိုးသမီးလန်၏ စိတ်ဝိညာဉ်အာရုံသည် ပုံမှန်ကျင့်ကြံသူများထက် များစွာပိုအားကောင်းတာ သိသာပေသည်။ သူမက မည်သူကမျှ သတိမထားမိလေဘဲ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို ချက်ခြင်း ရေတွက်နိုင်စွမ်း ရှိနေလေ၏။ ထို့ကြောင့် ဟန်လိသည် စိတ်ထဲကနေ လှောင်ပြောင်လိုက်တာပင်။

အမျိုးသမီးလန်ကတော့ သူမ၏ သည်လှည့်ကွက်လေးကို ဟန်လိက ဖြတ်မြင်နိုင်စွမ်း ရှိနေတာကို သဘောမပေါက်ပါ။ သူမက ကျင့်ကြံသူဖန် ထွက်ခွာသွားတာကို ပြုံး၍ ကြည့်နေပြီးနောက်မှာ သူမ၏အကြည့်သည် ဟန်လိထံသို့ ရောက်လာသည်။

“တာအိုရောင်းရင်းဟန်ကကော ဒီပစ္စည်းတွေကို စိတ်မဝင်စားတာများလား။ ဒီမှော်ပစ္စည်းတွေက ရောင်းရင်းရဲ့ အာရုံစိုက်မှုကို ရဖို့ မထိုက်တန်တာများလား…”

အမျိုးသမီးလန်သည် ပေါ့ပေါ့ပါးပါး ပြုံး၍ မေးသည်။

အတော်လေးတော့ ထူးခြား၏။ သူမသည် ဟန်လိမှာ သူမထက် ကျင့်ကြံမှု အဆင့်နိမ့်မှန်းကို သိသည်။ သို့သော် မည်သည့်အတွက်ကြောင့်မှန်း မသိ။ သူမသည် ဟန်လိထံမှ ထူးခြားသော အန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။ သို့ဖြစ်၍ သူမက ဟန်လိကို မစော်ကားဝံ့ဘဲ ရှိနေသည်။

“ဒီမှော်ပစ္စည်းတွေက ဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကျုပ်က ဒီထက် ပိုကောင်းတဲ့ဟာတွေကို ရှာနေတာပဲ။ ပြီးတော့ အဲ့တာတွေကလည်း ကျုပ်ရဲ့ ပညာရပ်တွေနဲ့လည်း သင့်တော်မှ ဖြစ်မယ်။ ဒါ့အပြင် ကျုပ်ဟာ မှော်ပစ္စည်းတွေ၊ အဆောင်တွေကို ရှာနေရုံတင် မဟုတ်ဘူး၊ ရှားပါးပစ္စည်းအမယ်တွေကိုလည်း စိတ်ဝင်စားမှု ရှိပါတယ်…”

ဟန်လိက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“အို…ရောင်းရင်းဟန်မှာ ဒီလို တောင်းဆိုချက်တွေရှိရင် ပြောသာပြောပါ။ ကျမအနေနဲ့ ရောင်းရင်းဖန်လိုမျိုးပဲ ရှင့်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်…”

အမျိုးသမီးလန်သည် တခစ်ခစ်ရယ်မောကာ ဆို၏။ ထို့နောက်တွင်တော့ သူမက ယုံကြည့်မှုအပြည့်ဖြင့် ဆက်ပြောသည်။

ဟန်လိသည် ခြောက်ကပ်ကပ် ရယ်မောကာ တိုက်ရိုက် ပြန်ဖြေသည်။

“အမျိုးသမီးလန်က မေးလာမှတော့ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ကျုပ်က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေအတွက် အသုံးဝင်မယ့် ဘယ်ဆေးဖော်စပ်နည်းကိုမဆို လိုချင်တယ်။ ဒါမှမဟုတ် တခြား မှော်ပစ္စည်းအစုံတွေကိုပေါ့။ မှော်ပစ္စည်းအစုံက အရေအတွက် ပိုများလေလေ ပိုကောင်းလေပဲ…”

အမျိုးသမီး၏မျက်နှာထက်တွင် စိတ်ခံစားချက် အနည်းငယ် ဖြစ်ပေါ်သွားသည်။ သို့သော် သူမက ချက်ခြင်းပင် တည်ငြိမ်မှု ပြန်ရ၏။

အမျိုးသမီးလန်သည် ဟန်လိကို သူမ၏ လှပသောမျက်လုံးတို့ဖြင့် ကြည့်ပြီးမှ စကားဆိုလာသည်။

“ရောင်းရင်းရဲ့ တောင်းဆိုမှုတွေဟာ ထူးခြားပါပေတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းကဆို ကျမအတွက် တကယ်ပဲ အကူအညီမဲ့စေမှာပါ။ ဒါပေမဲ့ ခုချိန်မှာတော့ ကျမတို့ဆိုင်မှာက ဆေးဖော်စပ်နည်းနှစ်ခုနဲ့ အရည်အသွေးမြင့် မှော်ပစ္စည်းတစုံကို ပိုင်ဆိုင်ထားပါတယ်။ ဒီအရာတွေရဲ့ တန်ဖိုးကတော့ အတော်လေးကို မြင့်မားတယ်။ ဒါက ကျမ ရောင်းပေးနိုင်တဲ့အရာတွေ မဟုတ်တော့ဘူး။ ရောင်းရင်းအနေနဲ့ ခြောက်ထပ်မြောက်မှာ စကားစမြည် ဆက်ပြောကြမလား…”

ဟန်လိသည် ထိုအမျိုးသမီးက ဤသို့ ပြောလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သူက မထူးခြားနားဟန်ဖြင့် ပြောလိုက်၏။

“ဒီတော့ ကျုပ် အနေနဲ့ ခြောက်ထပ်မြောက်ကို ဝင်ခွင့်ရပြီပေါ့…”

အမျိုးသမီးလန်က သူမ၏ ဆံပင်ကို အသာအယာသပ်ကာ ညင်သာစွာပြုံး၍ ဆိုသည်။

“ရတာပေါ့။ ဒါပေမဲ့ ဆိုင်ရဲ့ စည်းမျဉ်းအရ အရင်ဆုံး ကျမအနေနဲ့ ရောင်းရင်းဟာ အရည်အချင်း ပြည့်မှီရဲ့လားတော့ စစ်ဆေးကြည့်မှ ဖြစ်မယ်…”

“ဘယ်လို အရည်အချင်းမျိုးတွေလဲ…” ဟန်လိက မေးလိုက်သည်။

“ရိုးရှင်းပါတယ်။ ရောင်းရင်းအနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင် ပိုင်ဆိုင်ထားလား၊ ဒါမှမဟုတ် အလားတူ တန်ဖိုးညီတဲ့ တစ်ခုခုကို ပိုင်ဆိုင်ထားရင်လည်း ရပါပြီ…”

သူမက ထိုသို့ ဆိုသည်။

“အာ့ဆို လုံလောက်ပြီလား…” ဘာမှ ရှည်ရှည်ဝေးဝေး ပြောမနေဘဲ ဟန်လိသည် သူ့စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်သိမ်းထားသော သိုလှောင်အိတ်ကို ထုတ်ကာ ထိုအမျိုးသမီးလန်ထံ ပစ်ပေးလိုက်သည်။

ဟန်လိ စုဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံးအရေအတွက်မှာ တစ်ထောင်တိတိသို့ ရောက်နေတာ ကြာလှနေပြီ ဖြစ်သည်။ ခုချိန်၌ သူ့မှာ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး ပိုင်ဆိုင်ထားလေသည်။

အမျိုးသမီးလန်သည် သိုလှောင်အိတ်ကို ယူကာ သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် တချက် စစ်ကြည့်သည်။ ထို့နောက် သူမက ခေါင်းညိတ်ပြကာ ပြောသည်။

“ကျေးဇူးပြုပြီး ကျမနောက်ကို လိုက်လာခဲ့ပေးပါ။ ကျမအနေနဲ့ ရှင့်ကို ခြောက်ထပ်မြောက်ဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးပါ့မယ်…”

ဟန်လိသည် သူမက လှေကားထစ်များထံ လှမ်းသွားတာ မြင်သည့်အခါ သူမနောက်ကနေ တိတ်တဆိတ် လိုက်ပါလာသည်။

ခြောက်ထပ်မြောက် လှေကားထစ်အဆုံးမှာ စောင့်နေသော အနီရောင်ဝတ်စုံနှင့်လူငယ်သည် အမျိုးသမီးလန် လှမ်းလာတာကို မြင်သည့်အခါ ရှေ့သို့ လှမ်းလာသည်။ ထို့နောက်တွင် ဟန်လိနှင့် အမျိုးသမီးလန်တို့မှာ ခြောက်ထပ်မြောက်သို့ ဝင်လာကြလေသည်။

All Chapters