အနီရောင်ကြိုးမျှင်အရိပ်အပ်များ
Vol. 26 Ch. 355
အမှန်တိုင်း ပြောရလျှင် ဟန်လိသည် ခြောက်ထပ်မြောက်ဆိုင်ရှင်နှင့် ပတ်သတ်ပြီး အတော်လေး သတိထားနေပေသည်။ ငါးထပ်မြောက်မှ ဆိုင်ရှင်သည်ပင် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေသည် မဟုတ်လား။ ခြောက်ထပ်မြောက်မှ တာဝန်ရှိသော ကျင့်ကြံသူသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်များ ဖြစ်နေနိုင်လား။ ဟန်လိသည် နည်းနည်းတော့ စိတ်လှုပ်ရှားနေသည်။
ထို့နောက်တွင် ဟန်လိသည် အမျိုးသမီးလန်နောက်တွင် ရပ်နေသော အသက်ဆယ့်ခုနစ်နှစ်လောက်ရှိမည့် မိန်းကလေးထံ အကြည့်ရောက်သွားပြီး သူ မင်သက်သွားလေသည်။ ထိုအမျိုးသမီးငယ်မှာ ရိုးရှင်းစွာသာ ဝတ်ထားပြီး သူမ၏အလှသည် ရွက်ကြမ်းရေကြိုထက် သာရုံမျှသာ။ သို့သော် မှော်စွမ်းအားနည်းနည်းလေးမျှ မပိုင်ဆိုင်ထားသော အနှီသေမျိုးမိန်းကလေးမှာ ခြောက်ထပ်မြောက်၏ ဆိုင်ရှင် ဖြစ်နေသည်။ ဟန်လိ လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။
သို့သော် ပို၍ ထူးခြားသည်မှာ ထိုမိန်းကလေးက ခြောက်ထပ်မြောက်သို့ တက်လာသော အမျိုးသမီးလန်ကို မြင်သည်နှင့် “ဒေါ်လေးလန်၊ ဒေါ်လေးလန်…” ဟု အဆက်မပြတ် ခေါ်နေခြင်းပင်။ တချိန်တည်းမှာ သူမက ဟန်လိကို လုံးဝ လစ်လျူရှုထားသေးသည်။
“ကဲ တော်လောက်ပြီ…ရှို့အာ…ဒီမှာ ဧည့်သည်ပါတယ်…” အမျိုးသမီးလန်၏ စကားများသည် ဆူဟန်ပေါက်နေသော်လည်း သူ့လေသံကမူ ကြင်နာဟန်တို့ ပါနေတာ သိသာသည်။
“ ဧည့်သည်လား…” ထိုမိန်းကလေးက ဟန်လိကို တစက်လေးမျှ ဂရုမစိုက်ဟန်ဖြင့် တချက် လှမ်းကြည့်သည်။
“ဟုတ်တယ်။ ဒီရောင်းရင်းဟန်က ဆေးလုံးဖော်စပ်နည်းနဲ့ မှော်ပစ္စည်းအစုံတို့ကို ဝယ်ချင်လို့တဲ့။ ဒါ့ကြောင့် ဒေါ်လေးက သူ့ကို ခြောက်ထပ်မြောက်ကို ခေါ်လာတာ။ တူမလေးက သူ့ကို လက်ခံထားလိုက်။ ငါကတော့ အောက်ကို ပြန်ဆင်းလိုက်အုံးမယ်။ ငါးထပ်မြောက်မှာလည်း နောက်ထပ် ဧည့်သည်တွေ ရောက်ချင်ရောက်နေလောက်ပြီလေ…”
အမျိုးသမီးလန်သည် နွေးထွေးစွာဖြင့် ဆိုသည်။
“ဟုတ်ပါပြီ။ ဒါပေမဲ့ ဒေါ်လေးလန် အားတာနဲ့ ဒီကို လာပြီး ကျမနဲ့ အဖော်ပြုပေးရမယ်နော်…”
မိန်းကလေးငယ်က ထိုသို့ ဆိုသည်။ အမျိုးသမီးလန်သည် သူမ၏ စကားကို ကြင်နာဟွာ ပြုံး၍ တုန့်ပြန်ပြီး အောက်သို့ ပြန်ဆင်းသွားလေသည်။
သည့်နောက်မှာ သူမက ဟန်လိထံ လှမ်းကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။
“ရှင်က ဘယ်လိုဆေးဖော်စပ်နည်းတွေကို လိုချင်တာလဲ။ ကျမတို့မှာ ဆေးလုံးဖော်စပ်နည်း ရှစ်မျိုး ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ နှစ်ခုကသာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေအတွက် သင့်တော်တာ။ ဒါ့အပြင် တန်ဖိုးကလည်း ကြောက်ဖို့ကောင်းလောက်အောင် မြင့်မားတယ်နော်။ စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်နဲ့ ရမယ် မထင်နဲ့…”
ဟန်လိသည် သူမ၏ သည်လေသံကို ကြားသည့်အခါ ဒေါသထွက်မည့်အစား ပြုံး၍ ဆိုသည်။
“ဆေးလုံးဖော်စပ်နည်းတွေက အမှန်အကန် ဖြစ်ရင်ရပါပြီ။ ဈေးက ပြဿနာ မဟုတ်ဘူး…”
ဟန်လိ၏ လေသံမှာ ထည်ဝါနေပေသည်။ သည်မိန်းကလေး၏ သူ၏ ထိုသို့ တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားရသည်။ သူမက သူ့ကို သေချာ စူးစမ်းကြည့်လေ၏။
“ဒါဆိုရင်လည်း ကျေးဇူးပြုပြီး ခဏ စောင့်ပေးပါ။ ဆေးလုံးဖော်စပ်နည်းနဲ့ မှော်ပစ္စည်းတစုံကို သွားယူခိုင်းလိုက်အုံးမယ်…”
ထိုမိန်းကလေး၏ အမူအရာမှာ ပျော့ပြောင်းသွားလေသည်။
သူက ခေါင်းလောင်းငယ်တစ်ခုကို ထုတ်ယူကာ စည်းချက်ကျကျဖြင့် ၎င်းကို ပေါ့ပေါ့ပါးပါး တောက်သည်။ ထို့နောက် သူမသည် ဟန်လိကို စိတ်ဝင်စားဟန် မရသည့်ဟန်ဖြင့် ထိုင်ခုံပေါ်မှာ အေးဆေးထိုင်နေတော့သည်။ ဟန်လိမှာ အံ့အားတသင့် ဖြစ်နေရသည်။ သူလည်း ထိုင်ခုံတစ်ခုကို ဆွဲယူကာ သည်မိန်းကလေးနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ သူတို့နှစ်ယောက်ကြား၌ စားပွဲတစ်ခုသာ ခြား၏။
ဟန်လိ၏ ထိုအပြုအမူကြောင့် သူမ၏ ဖြောင့်စင်းသော မျက်ခုံးမှာ မသိမသာ ပင့်သွားသည်။ သူမ၏ ပုံစံက အတော်လေး မပျော်မရွှင် ဖြစ်သွားသော်လည်း ဘာမှတော့ ထပ်ပြောမလာတော့ပေ။
ခဏအကြာတွင် အမျိုးသမီးငယ်တစ်ယောက်သည် လက်ထဲတွင် ကျောက်စိမ်းသေတ္တာနှစ်ခုကို သယ်၍ ဝင်လာသည်။ ကျောက်စိမ်းသေတ္တာတစ်ခုက ကြီးပြီး ကျန်တစ်ခုက သေးသည်။
“ဒီမှာ ထားလိုက်…” မိန်းကလေးက စားပွဲဘေးသို့ လက်ညှိုးထိုးကာ မထူးခြားနားဟန်ဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့ပါ…သခင်မလေး…” ထိုအမျိုးသမီးငယ် ကျင့်ကြံသူက တလေးတစားဖြင့် ပြန်ဖြေပြီး ကျောက်စိမ်းသေတ္တာများကို စားပွဲနားမှာ ချသည်။ ထို့နောက် သူမက ချက်ခြင်း ပြန်ထွက်သွားသည်။
ထိုအမျိုးသမီးငယ် ကျင့်ကြံသူက သေမျိုးမိန်းကလေးတစ်ယောက်ကို သည်လောက် လေးစားနေတာ မြင်သည့်အခါ ဟန်လိ၏ မျက်လုံးထဲ အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။
“ဒီမှာ ဆေးလုံးဖော်စပ်နည်းနဲ့ မှော်ပစ္စည်းတွေ…။ ရှင် တချက်လောက် ကြည့်ကြည့်လေ။ ရှင် စိတ်ကျေနပ်တယ်ဆို ကျမ တန်ဖိုး ပြောမယ်…”
သူမသည် ကျောက်စိမ်းသေတ္တာနှစ်ခုကို ဟန်လိဘက်သို့ တွန်းပို့လိုက်သည်။
သူမက ထိုသို့ ဆိုလာမှတော့ ဟန်လိကလည်း အားနာမနေတော့ပေ။ သူက ကျောက်စိမ်းသေတ္တာအသေးကို အရင် လှမ်းယူပြီး ဖွင့်ကြည့်သည်။ ၎င်းအထဲ၌ အနီနှင့်အဖြူရောင် ကျောက်စိမ်းအဆောင်တစ်ခုစီ ရှိနေသည်။ ဟန်လိက သည်ကျောက်စိမ်းအဆောင်နှစ်ခုကို ထိကိုင်ကာ မျက်လုံးမှိတ်၍ သူ့စိတ်ဝိညာဉ်အာရုံကို ၎င်းတို့အတွင်းသို့ စီးဝင်စေသည်။
ထိုမိန်းကလေးက ဟန်လိသည် ဆေးလုံးဖော်စပ်နည်းများကို စူးစမ်းနေတာ မြင်သည့်အခါ သူမသည် ခပ်ပါးပါးစာအုပ်တစ်အုပ်ကို ထုတ်ကာ နည်းနည်းလေးမျှ ပူပင်ဟန် မရှိလေဟန်ဖြင့် ဖတ်ရှုနေလေသည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းကာ စဉ်းစားနေသည့်ပုံ ရသည်။
ထိုဆေးလုံးဖော်စပ်နည်းထဲမှ တစ်ခုသည် လိုင်ဝမ်ဟဲ သူ့ကို ပေးခဲ့သော ချီစုဆောင်းခြင်းဆေးလုံးဖော်စပ်နည်းနှင့် ဆင်၏။ ၎င်းက သူ့အတွက် အသုံးမဝင်ပေ။ တခြားတစ်ခုကမူ ရှေးဟောင်းဆေးလုံးဖော်စပ်နည်းတစ်ခုတော့ ဟုတ်မနေချေ။ ၎င်းကို အစစ်အမှန်အနှစ်သာရဆေးလုံးဟု ခေါ်၏။ သက်တမ်းတစ်ခုရှိသော ဆေးအမယ်များကို အသုံးပြုရန် လိုသည်ဟူသော အချက်ကလွဲ၍ ၎င်းမှာ သန့်စင်ဖို့ရာ လွယ်ကူသည်။ သည်ဆေးဖော်စပ်နည်းကတော့ သူ့အတွက် အတော်လေး သင့်တော်လှသည်။ သို့သော် ၎င်း၏ ဈေးကမူ ချီစုဆောင်းခြင်း ဆေးလုံးဖော်စပ်နည်းထက် အဆများစွာ ပိုလွန်နေတာကတော့ မထင်မှတ်စရာပင်။ ဟန်လိသည် ရှေးဟောင်းဆေးဖော်စပ်နည်းများနှင့် ခုလက်ရှိ ကျင့်ကြံခြင်းလောကတွင် အသုံးပြုနေသော ဆေးဖော်စပ်နည်းများကြား တန်ဖိုးချင်း ကွာတာကို နားလည်ထားပြီး ဖြစ်၏။
ထိုသို့ တွေးကာ ဟန်လိက ကျောက်စိမ်းပြားများကို သေတ္တာထဲ ပြန်ထည့်ပေးသည်။ ထို့နောက်တွင် သူက ပိုကြီးသော သေတ္တာကို ယူကာ ဖွင့်ကြည့်လိုက်၏။
သည်သေတ္တာထဲရှိ မှော်ပစ္စည်းများကမူ ဟန်လိကို တစက္ကန့်လောက် မင်သက်သွားစေသည်။ အနှီသေတ္တာထဲတွင် အနီရောင်လင်းလက်တောက်ပနေသော အပ်ဆယ့်သုံးစင်း ရှိနေပြီး ယင်းအပ်တစ်ခုစီသည် တစ်လက်မမျှ အရှည်ရှိသည်။ သို့သော် ယင်းတို့၏ ကိုယ်ထည်ကတော့ တလက်လက်တောက်ပနေ၏။
“အပ်ပျံ မှော်လက်နက်တွေလား…” ဟန်လိသည် အံ့အားသင့်စွာဖြင့် ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
မှော်ပစ္စည်းမျိုးစုံကို မြင်ဖူးသော အတွေ့အကြုံများသည် ဟန်လိသည်ပင် ဤသို့သော အပ်ပျံမှော်လက်နက်များကို မြင်ဖူးတာ အခုက ပထမဆုံး ဖြစ်နေသည်။ သူသည် စိတ်လှုပ်ရှားလာမိ၏။ သည့်အရင်တုန်းက သည်မှော်အပ်အစုံကို မည်သူကမျှ အပြည့်အဝ အသုံးမပြုနိုင်ခဲ့တာကိုတော့ ဟန်လိ မသိမြင်လေပေ။
မိန်းကလေးငယ်က ဟန်လိ၏ တီးတိုးစကားသံများကို ကြားသည့်အခါ သူမသည် ခေါင်းငဲ့ကာ မကျေမချမ်းဖြင့် တချက်လှမ်းကြည့်လာသည်။ ထို့နောက်တွင်တော့ သူမက စာအုပ်ကိုသာ ဆက်ဖတ်နေပြီး ဟန်လိကို အာရုံစိုက်မနေတော့ပေ။
ဤအခိုက်တွင် ဟန်လိသည် အနီရောင်အပ်များထဲမှ တစ်ခုကို လှမ်းယူကိုင်ကြည့်ကာ စူးစမ်းသည်။ သူက မိန်းကလေးငယ်၏ မကျေမချမ်းဖြစ်သွားမှုကို အရေးစိုက်မနေပေ။ အခု သူသည် သည်အပ်ကိုသာ စူးစိုက်ကြည့်နေလျက် အလေးအနက်ဟန်ပန် ပေါ်နေသည်။
ဟန်လိက သည့်အရင်မှာ အပ်အမျိုးအစား မှော်ပစ္စည်းများကို မမြင်ဖူးခဲ့သော်လည်း သည်အပ်ပျံများသည် အလစ်အငိုက်တိုက်ခိုက်ရာတွင် ကြမ်းလှသည်ဟူသော သတင်းစကားများကိုတော့ ကြားဖူးခဲ့ပြီးသားပင်။
ယင်းတို့၏ စွမ်းအားကား သာမန်မှော်ပစ္စည်းများနှင့် ယှဉ်ပါက အရွယ်အစားကြောင့် အကာအကွယ်ဘက်တွင် လိုအပ်ချက် ရှိသော်လည်း အလစ်အငိုက်တိုက်ခိုက်ရာတွင်မူ အသင့်တော်ဆုံးလက်နက်တစ်ခုဟု သူ့အနေဖြင့် ကြားဖူးထားသည်။ သည့်အတွက်ကြောင့် ကျင့်ကြံသူများစွာသည် အပ်များမှာ လက်နက်ပုန်းများဟု တင်စားကြပေသည်။ သို့ဖြစ်၍ ကျင့်ကြံခြင်းလောကတွင် အပ်ပျံများ၏ ဂုဏ်သတင်းက အတော်အတန် ကြီးမားသည်။
ယင်းသို့သော အပ်များကို သန့်စင်ရာတွင် ထူးခြားသော သတ္တုအမယ်များကို အသုံးပြုရရုံသာမ သန့်စင်ဖို့လည်း ခက်ခဲလှသည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောက၌ အပ်အမျိုးအစား လက်နက်များကို မြင်ရခဲလေ၏။
ဟန်လိမှာ သူ့ရှေ့၌ ဤကဲ့သို့သော မှော်အပ်ဆယ့်သုံးစင်းပါသည့် မှော်လက်နက်တစုံ ပေါ်လာသည်ကို မြင်ရသည့်အခါ တုန်လှုပ်အံ့အားသင့်နေမိသည်။
“မိန်းမပျို…ဒီအပ်အစုံမှာ အမည်ရှိလား…” ဟန်လိမှာ အတော်လေး ကျေနပ်အားရနေ၏။ သို့သော် သူ့အမူအရာကမူ တည်ငြိမ်နေလျက်သာ။ သူက မိန်းကလေးငယ်ကို ထိုသို့ မေးလိုက်သည်။
သူမက ဟန်လိ၏ စကားကို ကြားသည့်အခါ လက်ထဲရှိ စာအုပ်ကိုချပြီး မထူးခြားနားလေဟန်ဖြင့် ပြောလာသည်။
“အနီရောင်ကြိုးမျှင်အရိပ်အပ်...”
“ကောင်းပြီ။ ကျုပ် အစစ်အမှန်အနှစ်သာရဆေးလုံး ဖော်စပ်နည်းရယ်၊ ဒီအပ်တစုံရယ်ကို လိုချင်တယ်…” ဟန်လိသည် တွေဝေမနေတော့ဘဲ ထိုသို့ ပြောလိုက်သည်။
မိန်းကလေးငယ်သည် ထူးခြားသော ဟန်ပန်ဖြစ်ပေါ်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလာသည်။
“အန်…ရှင်က ဒီမှော်အပ်အစုံကို တကယ်ပဲ လိုချင်တာလား…”
“ဘာများ ဖြစ်လို့လဲ။ ဒီမှော်လက်နက်တစ်စုံဟာ ချိုယွင်းချက်များ ရှိလို့လား၊ ဒါမှမဟုတ် မင်းတို့ရဲ့ ဆိုင်က ဒါကို မရောင်းချင်တာလား…”
ဟန်လိသည် မျက်ခုံးပင့်ကာ မကျေမချမ်းလေသံဖြင့် ပြောသည်။
“လူကြီးမင်း…နားလည်မှု လွဲနေပါပြီ။ ဒီအနီရောင်အမျှင်အရိပ်အပ်တွေဟာ အင်မတန်အဖိုး တန်ပေမယ့် ကျမတို့ ကြယ်မှုန်ဆိုင်ဟာ ဒါကို ထိန်းသိမ်းထားချင်စိတ် မရှိပါဘူး။ ကျမက ရှင့်ကို တစ်ခု ပြောပြချင်လို့သာ ခုလိုမျိုး မေးလိုက်တာပါ။ ဒီအပ်ပျံအစုံဟာ သာမန်မှော်ပစ္စည်းအစုံတွေနဲ့ မတူဘူး။ ရှင့်အနေနဲ့ ဒီအိပ်တွေကို အသက်သွင်းချင်ရင် ဆယ့်သုံးစင်းလုံးကို ထိန်းချုပ်မှ ရလိမ့်မယ်။ မဟုတ်ရင် ဒီအပ်တွေက အသုံးမတည့်လှဘူး…”
ထိုမိန်းကလေး၏ မျက်လုံးအကြည့်ကော၊ လေသံကောက အေးစက်နေလေသည်။
“ကျုပ်က ဒီအပ်အားလုံးကို ထိန်းချုပ်နိုင်ရမှာလား…” ဟန်လိသည် ရုတ်တရက် တစုံတစ်ခုကို သဘောပေါက်သွားမိသည်။ သည်ရှားပါးအပ်များသည် ခုထိ အရောင်းပြ၍ ရနေတာ အံ့အားသင့်စရာ မရှိတော့ပေ။ ၎င်းကို အသုံးပြုဖို့အတွက် လူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံသည် မြင့်မားလွန်းမှ ရပေလိမ့်မည်။
မိန်းကလေးငယ်က ထပ်ပြောလာသည်။
“အမှန်ပါပဲ။ ဒေါ်လေးလန်နဲ့ တခြားသူတချို့ကတောင် ဒီအပ်အစုံကို သဘောကျပေမယ့် သူတို့ဟာ အပ်ကိုးစင်းလောက်ထိပဲ ထိန်းချုပ်နိုင်တာကြောင့် ဒါကို လက်လျော့ခဲ့ကြရတယ်…”
“ အပ် ဆယ့်သုံးစင်းလုံးကိုလား…” ဟန်လိသည် တဟားဟား ရယ်မောလျက် ရုတ်တရက် သူ့လက်ကို ပင့်မြှောက်သည်။ ထိုအခါ သေတ္တာထဲရှိ ကျန်သည့်အပ်များအားလုံးမှာ မြှောက်တက်လာကြ၏။ အနီရောင်အလင်း လင်းလက်မှုနှင့်အတူ အပ်ပျံအားလုံးသည် လေထဲမှာ တပြိုင်နက်တည်း လွင့်မြောလာသည်။ ယင်းအပ်အားလုံးမှာ ဟန်လိ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်လျက် မျက်စိဖြင့် မြင်ဖို့ပင် ခက်ခဲလှသော အနီရောင်အမျှင်တန်းဆယ့်သုံးခုအဖြစ်သို့ အသွင်ပြောင်းကာ ချက်ခြင်းလက်ငင်း အနီရောင်ပိုက်ကွန်တစ်ခု ဖြစ်သွားချေသည်။
မိန်းကလေးငယ်မှာ ပါးစပ်အဟောင်းသား ဖြစ်ရလေ၏။
ခဏအကြာတွင် ဟန်လိက သူ့လက်ကို နောက်ထပ် ဝေ့ယမ်း၍ သည်အပ်များကို ကျောက်စိမ်းသေတ္တာထဲသို့ ပြန်ရောက်သွားစေသည်။
မထုံတတေးအမူအရာဖြင့် ဟန်လိက လေးလေးနက်နက် မေးလိုက်သည်။
“အခုကော ကျုပ်က ဒီအပ်အစုံကို ဝယ်လို့ ရနိုင်ပြီလား…”
“လူကြီးမင်းက ဒီအပ်အားလုံးကို အသုံးပြုနိုင်စွမ်း ရှိမှတော့ ရှင် ဝယ်ယူနိုင်ပါပြီ။ အစစ်အမှန်အနှစ်သာရဆေးလုံးဖော်စပ်နည်းနဲ့ ဒီအပ်အစုံနဲ့ဆို စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံးလေးထောင် ကျသင့်ပါမယ်…”
ထိုမိန်းကလေးငယ်သည် တည်ငြိမ်မှု ပြန်ရလာပြီးနောက် သူမက ထိုသို့ ဆိုလာသည်။
“ စိတ်ဝိညာဉ်ကျောက်တုံးလေးထောင်…” ဟန်လိသည် နှာခေါင်းပွတ်ကာ သည်မိန်းကလေးကို လှမ်းကြည့်သည်။ ဤတန်ဖိုးမှာ သူ မျှော်လင့်ထားတာထက် ပိုများနေသည်။
“ဒီဆေးဖော်စပ်နည်းဟာ စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာ၊ အပ်အစုံကတော့ နှစ်ထောင့်ငါးရာ ကျတယ်…”
ယင်းမိန်းကလေးက ချက်ခြင်း ဈေးတွက်ပြသည်။
အမှန်တိုင်း ပြောရပါက သူမသည် စိတ်ဝိညာဉ်ကျောက်တုံးလေးထောင်သည် အလွန်အမင်းများလှသည်ဟု မမြင်မိပေ။ တကယ်တော့ သည်ပစ္စည်းအမယ်များကား ကျင့်ကြံခြင်းလောက၌ မြင်ရခဲ၊တွေ့ရခဲလှ၏။ မိစ္ဆာတာအိုဂိုဏ်းများနှင့် တိုက်ခိုက်နေသော မဟာမိတ်အင်အားစုသုံးစုက ရှုံးနိမ့်သွားမှုကြောင့်သာ မဟုတ်ပါက ဤကဲ့သို့ အဖိုးတန်သော မှော်ပစ္စည်းများကို သူတို့သည် လုံးဝ ရောင်းချခဲ့လိမ့်မည် မဟုတ်ပေ။
ယင်းအခိုက်မှာ ဟန်လိသည် ရုတ်တရက် ထိုင်ခုံပေါ်မှာ ပြန်ထိုင်ပြီး အလေးအနက်ဟန်ပန်ဖြင့် ပြောသည်။
“မင်းတို့ ဆိုင်ဟာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်တွေကို တန်ကြေး ဘယ်လောက်ပေးပြီး ဝယ်ယူလဲ…”