ကံဆိုး၊ ကံကောင်း
Vol. 26 Ch. 356
နောက်ထပ် မိနစ်နှစ်ဆယ်လောက် အကြာ၌ ဟန်လိသည် ကြယ်မှုန်ဆိုင်ထဲကနေ တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းထွက်လာသည်။
သူက ခေါင်းလှည့်ကာ ကြီးမားခမ်းနားသော သည်ဆိုင်ကို ပြုံး၍ ပြန်လှည့်ကြည့်သည်။ ထို့နောက်တွင်တော့ သူသည် ရှေ့သို့ ဆက်၍ ခရီးနှင်လာတော့သည်။ ခုလက်ရှိတွင် ဟန်လိသည် အစစ်အမှန်ဆေးလုံးဖော်စပ်နည်းနှင့် အနီရောင်အမျှင်အရိပ်အပ်တို့ကို ပိုင်ဆိုင်ထားလေပြီ။
ပြီးခဲ့သော အချိန်ခဏက ဟန်လိသည် သက်တမ်းတစ်ထောင်ရှိသော စိတ်ဝိညာဉ်ဆေးပင်တစ်ခု၏ တန်ကြေးကို မေးမြန်းခဲ့၏။ သို့သော် သူက မည်သည့်ဆေးပင်ကိုမှ မထုတ်ခဲ့။ ထိုအစား သူက နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်များနှင့် ဖော်စပ်ထားသော ရုပ်သွင်နုပျိုဆေးလုံးတစ်လုံးစီ ပါသည့် သေတ္တာနှစ်ခုကိုသာ ထုတ်ခဲ့ပြီး မိန်းကလေးငယ်ကို ပေးခဲ့သည်။
သူက သည်ရုပ်သွင်နုပျိုဆေး၏ အံ့အားသင့်ဖွယ် ရုပ်ရည်ကို ထိန်းသိမ်းထားပေးနိုင်သော စွမ်းရည်အကြောင်း ပြောပြချိန်၌ ထိုမိန်းကလေးငယ် ဖြစ်ပေါ်သော အမူအရာကို ခုထိ မှတ်မိနေသေးသည်။ ဟန်လိ၏ သည်ဆေးလုံးကြောင့် သူမ၏ အေးတိအေးစက်အသွင်မှာ အံ့ဩတကြီး ဖြစ်ဟန် ပေါက်ခဲ့ရလေသည်။
တအောင့်အကြာတွင် ထိုမိန်းကလေးသေည် ကြယ်မှုန်ဆိုင်မှ ဆေးလုံးသန့်စင်ခြင်းကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ကာ ဟန်လိ၏ ဆေးလုံးနှင့် ပတ်သတ်ပြီး ကြည့်ရှုစစ်ဆေးခိုင်းခဲ့သည်။ သို့သော်လည်း မည်သူကမျှ ဤကဲ့သို့သော ဆေးလုံးမျိုးကို အရင်က မမြင်ဖူးခဲ့ကြပေ။
နောက်ဆုံးတွင်တော့ သူမသည် ငါးထပ်မြောက်မှ အမျိုးသမီးလန်ထံ သည်ရုပ်သွင်နုပျိုးဆေးများ၏ အကြောင်းကို အတည်ပြုနိုင်ဖို့အတွက် ဟန်လိ၏ ဆေးလုံးနှစ်လုံးကို ယူသွားခဲ့လေသည်။
သူမတို့နှစ်ယောက် ခဏ တီးတိုးဆွေးနွေးပြီးနောက်မှာ ထိုအမျိုးသမီးလန်သည် ဟန်လိကို ဆေးလုံးဖော်စပ်နည်းနှင့် မှော်ပစ္စည်းတစ်စုံတို့ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်နှင့် ထိုရုပ်သွင်နုပျိုဆေးနှစ်လုံးတို့ဖြင့် လဲလှယ်ရန် ဆုံးဖြတ်ခဲ့ပေသည်။
အခုအချိန် ထိုအကြောင်းကို ပြန်တွေးမိနေပြီး ဟန်လိမှာ အတော်လေး ရယ်ချင်နေမိသည်။
လူတစ်ယောက်၏ ရုပ်ရည်ကို ထာဝရ တည်မြဲအောင် လုပ်ပေးနိုင်စွမ်း ရှိသော ကိစ္စသည် အမျိုးသမီးများအဖို့ မငြင်းဆန်နိုင်သော၊ ခုခံဖို့မစွမ်းသာသော ကိစ္စပင်။ အမျိုးသမီးလန်ကဲ့သို့ ကျင့်ကြံမှုအဆင့် နက်နဲသောသူလည်း ဟန်လိ၏ ရုပ်သွင်နုပျိုဆေးအကြောင်း ကြားရသည့်အခါတွင် မိန်းကလေးငယ် တုန့်ပြန်ခဲ့သည့် ဟန်အမူအရာမျိုးနှင့် အတူတူသာ ဖြစ်ခဲ့ရလေသည်။ ဤသို့ဖြင့် ဟန်လိသည် အမျိုးသမီးများသည် သူတို့၏ ရုပ်ရည်နှင့် ပတ်သတ်ပြီး အင်မတန် ဂရုစိုက်တာကို လုံးဝ သဘောပေါက်သွားတော့သည်။
သို့သော် ရုပ်သွေးနုပျိုဆေးလုံးများကနေ ရခဲ့သော ပမာဏသည် ဟန်လိ ထင်ထားသည့်ထက် ပိုနေသည်။ အစတုန်းက သူသည် ထိုဆေးလုံးများက အများဆုံးမှ သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်လောက်သာ ပေးနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် အမျိုးသမီးလန်တို့၏ ကမ်းလှမ်းမှုက ဟန်လိကို လုံးဝ စိတ်ကျေနပ်စေခဲ့ပေသည်။ သူမတို့၏ ရက်ရောလှသော ကမ်းလှမ်းမှုကို ဟန်လိအနေဖြင့် မငြင်းဆန်ခဲ့မှာ သဘာဝသာ။
ထိုဆိုင်ရှင်နှစ်ယောက်က အမျိုးသမီးများ ဖြစ်နေတာ အတော်လေး ကံကောင်းခဲ့သည်ဟု ဆိုရလေမည်။ ဆိုင်ရှင်ကသာ အမျိုးသားတစ်ယောက် ဖြစ်နေခဲ့ပါက သူသည် အတော်လေး ကံကောင်းမှ သူတို့ထံကနေ ရုပ်သွင်နုပျိုဆေးလုံးများအတွက် စိတ်ဝိညာဉ်ကျောက်တုံးရာချီလောက်သာ ရနိုင်ပေလိမ့်မည်။
ဟန်လိသည် အရောင်းအဝယ် ပြီးသည်နှင့် အမျိုးသမီးလန်မှာ သည်ဆေးလုံးများ၏ ဇစ်မြစ်အကြောင်းကို မမေးမြန်းမိဘဲ မနေနိုင် ဖြစ်ကာ မေးခဲ့သေးသည်။ ဟန်လိကတော့ “ဒီဆေးလုံးတွေဟာ မရည်ရွယ်ပဲ ရှာတွေ့ခဲ့တာ” ဟူ၍သာ ပြန်ဖြေခဲ့သည်။
ဟန်လိသည် ထိုကြယ်မှုန်ဆိုင်ထဲကနေ လှမ်းထွက်လာပြီးနောက် နှမြောတသမှုတချို့ကို ခံစားမိနေသေး၏။
သူသည် ကြယ်မှုန်ဆိုင်မှာ ဆေးလုံးဖော်စပ်နည်းများနှင့် မှော်အပ်အစုံတို့ကိုပါ ထုတ်ရောင်းနိုင်စွမ်း ရှိသည်ဖြစ်၍ သူတို့တွင် ထိုနှစ်ခုထက် ပို၍ အဖိုးတန်သော ပစ္စည်းအမယ်များ ရှိနေဖို့ သေချာသလောက်ရှိမှန်း သိထားသည်။ သို့သော် သူ့အနေဖြင့် နောက်ထပ် ဆေးလုံးများနှင့် စိတ်ဝိညာဉ်ဆေးပင်များကို ထုတ်သုံး၍ မရတော့ပေ။ အကြောင်းကား လူတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုကို ထုတ်ပြခြင်းက အန္တရာယ်ကို လက်ယက်ခေါ်သည်နှင့် တူမှန်း ကောင်းကောင်း သဘောပေါက်သောကြောင့်ပင်။
သူ့စိတ်ထဲ မချင့်မရဲ ဖြစ်နေခြင်းနှင့်အတူ ဟန်လိသည် ကျင့်ကြံသူများ တည်းလေ့တည်းထရှိသော တည်းခိုခန်းတစ်ခုကို ရှာကာ ထိုနေရာတွင် နေအုံးမည်ဟု ဆုံးဖြတ်လိုက်၏။
သည်နေ့၏ ကျန်သည့်အချိန်တွင် ဟန်လိသည် တရားထိုင်ပြီး ချီသန့်စင်နေလေသည်။ နောက်နေ့တွင်တော့ သူ့အတွက် မှော်ပစ္စည်းများကို သန့်စင်ပေးမည့် ဆိုင်ရှင်ရှုထံ သူ သွားရလိမ့်မည်။
နောက်နေ့ မနက်ခင်း၌ ဟန်လိသည် မှော်ပစ္စည်းသန့်စင်ခြင်းဆိုင်ထံ ချိန်းဆိုထားသော အချိန်တိုင်း ရောက်လာသည်။
ဆိုရှင်ရှုက သူ့ကို စောင့်နေတာ အတော်လေး ကြာနေလောက်ပြီ။ သူက ဟန်လိကို မြင်သည်နှင့် ချက်ခြင်းပင် စိတ်လှုပ်တရှားဖြင့် သူ့ကို လှမ်းခေါ်ပြီး ခြံနောက်ဘက်ထံ အလျင်စလို ခေါ်ချလာတော့သည်။ ဟန်လိသည်လည်း အနည်းငယ် ပြုံး၍ လိုက်ဝင်လာ၏။
လဝက်ခန့်ကြာပြီးနောက်မှာတော့ ဟန်လိသည် ထိုဆိုင်ထဲကနေ နောက်ဆုံးမှာ ပြန်ထွက်လာ၏။
သို့သော် သည်တစ်ကြိမ်၌ ဟန်လိသည် ဝင်သွားတုန်းကနှင့် ဆန့်ကျင်ဘက်၊ သူ့အသွင်မှာ သုန်မှုန်နေပေ၏။ သူသည် အတော်လေးကို စိတ်ခံစားမှု မကောင်း ဖြစ်နေသည်။ ဆိုင်ရှင်ရှုက သူ့နောက်ကနေ အရှက်ရသည့်ဟန်ဖြင့် လိုက်ပါလာသည်။ သူသည် ဟန်လိ နောက်ကနေ လိုက်လာနေရင်း တစုံတစ်ခုကို ခပ်တိုးတိုး ပြောနေ၏။
ထို့နောက်တွင် ဟန်လိသည် သက်ပြင်းရှည်ကြီးချမိတော့၏။ တအောင့်အကြာတွင် သူက ဆိုင်ရှင်ရှုကို ခင်ခင်မင်မင်လေသံဖြင့် နှုတ်ဆက်ပြီး ဈေးမြို့ကနေ ဖြည်းဖြည်းချင်း လှမ်းထွက်လာတော့သည်။ ဆိုင်ရှင်ရှုကတော့ အနောက်မှာ မှုန်ရီစွာ ကျန်ခဲ့လေသည်။
တအောင့်အကြာမှာ ဟန်လိသည် ဈေးမြို့ဝန်းကျင်ကနေ ထွက်လာပြီး ရှင်းယုယင်၏ နေအိမ်ရှိသော တောင်ငယ်ထံ ဦးတည်ပျံသန်းလာ၏။
နတ်လေလှေပေါ်တွင် ရပ်နေရင်း ဟန်လိ၏ အမူအရာမှာ ရုပ်ဆိုးနေလေသည်။ သူသည် လွန်ခဲ့သော လဝက်က မှော်ပစ္စည်းသန့်စင်ခြင်း ထပ်ခါထပ်ခါ ကျရှုံးမှုများအကြောင်း တွေးမိပြီး ထိုသို့ မျက်နှာမသာမယာ ဖြစ်နေခြင်းသာ။
သူက ဆိုင်ရှင်ရှု၏ မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်အပေါ် အထင်ကြီးလွန်းခဲ့တာပင်။ သည့်အတွက် ရလဒ်ကတော့ သူ၏ အဖိုးတန်လှသော ကုန်ကြမ်းအမယ်ပစ္စည်းအားလုံးနီးပါး အချည်းအနှီး ဖြစ်ပြီးမှ မှော်လက်နက်တစ်စုံသာ ရနိုင်ခဲ့ပေသည်။ သူ တန်ဖိုးအထားရဆုံး ကုန်ကြမ်းအမယ်ဖြစ်သော ဓားခုတ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ သန့်စင်ခြင်းဖြစ်စဉ်အတွင်း လုံးဝ ဆုံးရှုံးသွားခဲ့ရသည်။
ထိုအခါ ဟန်လိသည် အတော့်ကို နှမြောတသ ဖြစ်ကာ သည်ဆိုင်ရှင်အဘိုးအိုရှုကို ကြိမ်းမောင်းရန် တာဆူခဲ့သည်။ သို့သော် အဆုံးသပ်မှာတော့ သူက ထိုအဘိုးအို၏ အရှက်တရားရနေပုံကို မြင်သည့်အခါ သည်ကိစ္စကို လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပေသည်။ သူ ထွက်ခွာလာသည့်အချိန်တွင်ပင် သူက ထိုအဘိုးအိုကို ခင်ခင်မင်မင်ဟန်ပန်ဖြင့် နှစ်သိမ့်ပေးခဲ့သေးသည်။
သက်ပြင်းချကာ ဟန်လိသည် သူ့သိုလှောင်အိတ်ကို ထိပုတ်၏။ သိုလှောင်အိတ်အတွင်းမှ အဖြူရောင်ဓားငါးစင်းမှာ ပျံသန်းထွက်လာပြီး ဟန်လိ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။
သည်ဓားများမှာ အဖြူရောင်ပင့်ကူ၏ ခြေလက်များကနေ သန့်စင်ထားသော မှော်ပစ္စည်းတစုံ ဖြစ်၏။ သည်မှော်ဓားတစုံကို ကြည့်ကာ ဟန်လိ၏ စိတ်အခြေအနေ နည်းနည်းတော့ ပိုကောင်းလာသည်။
ခုချိန်၌ ထိုပင့်ကူ၏ ခြေလက်များထဲမှ သုံးခုသည် ပျက်စီးသွားရုံသာမက ချပ်ဝတ်အဖြစ် သူ သန့်စင်ရန် ရည်ရွယ်ထားသော အဖြူရောင်ပင့်ကူ၏ ကြေးခွံမှာလည်း ဆုံးရှုံးသွားခဲ့လေပြီ။ ဓားခုတ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးမှာ လုံးဝ အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ ကံကောင်းမှုကြီးကနေ အကြီးအကျယ်ကံဆိုးမှုတစ်ခု ဖြစ်လာခဲ့တာဟု ယူဆနိုင်သည်။ ဟန်လိသည် ခါးသီးစွာပြုံး၍ သည်အကြောင်းကို တွေးကြည့်ရုံသာ တတ်နိုင်တော့သည်။
သို့သော် ထိုအတွေ့အကြုံက ဟန်လိကို သတ္တုအမယ်များသည် ပို၍ ရှားပါးလေ၊ ထူးကဲလေ ယင်းတို့ကို မှော်လက်နက်များအဖြစ် သန့်စင်မည့်သူ၏ ပညာရပ်မှာလည်း ပိုကျွမ်းကျင်ဖို့ လိုလေဟု သင်ပေးခဲ့ပေသည်။
ပျံသန်းနေရင်း ဟန်လိသည် ဆင်ခြင်စဉ်းစားနေလေသည်။
ရက်အတော်အတန်ကြာပြီးနောက်မှာ သူသည် အမည်မသိတောင်တန်းငယ်တစ်ခု၏ အထက်သို့ ထပ်မံ ရောက်လာခဲ့ပြီ။ သည်တစ်ကြိမ်တွင် ဟန်လိသည် အသံပို့လွှတ်ခြင်းအဆောင်တကို အသုံးပြုရန် မလိုတော့ပေ။ အစီအရင်မန္တာန်မှာ ဟန်လိအတွက် အလိုအလျောက် လမ်းကြောင်းတစ်ခု ဖွင့်ပေးထားပြီး ဖြစ်၏။
ဟန်လိက ပြုံးမိ၏။ ရှင်းယုယင်သည် သူ ပြန်လာမှာကို စောင့်နေပုံ ပေါ်သည်။ တကယ်တော့ သူတို့ သဘောတူထားသော နေ့မှာလည်း ရောက်တော့မည် ဖြစ်၏။
ခဏကြာပြီးနောက်မှာ ဟန်လိသည် ဝါးအိမ်တစ်ခုထဲ၌ ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်နေလျက် ရှိသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ရိုးရိုးရှင်းရှင်း ဝတ်စားထားသော ရှင်းယုယင် ထိုင်နေ၏။
ရှင်းယုယင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ဟန်လိထံ လှမ်းပေးသည်။ ညင်သာနူးညံ့သော အသွင်ဟန်ပန်ဖြင့် သူမက ဆိုသည်။
“စီနီယာဟန်…ရှင် ရောက်လာတာ အချိန်ကွက်တိလောက်ပဲ။ မနေ့တုန်းကမှ ကျမဟာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်လို့ ပြီးသွားတာ။ စီနီယာကသာ ကျမ ပြင်ဆင်ထားတဲ့ ပုံစံအတိုင်း အဲ့အစီအရင်ကို ပြန်ပြုပြင်ရင် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ အလုပ်လုပ်ပါလိမ့်မယ်…”
သူမ၏အမြင်အရ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုခြင်းမှာ ခက်ခဲလှသော စိန်ခေါ်မှုတစ်ခုပင်။ သည့်အတွက်ကြောင့် သူမမှာ သူမ၏ အောင်မြင်မှုကြောင့် အတော်လေး ကျေနပ်ပျော်ရွှင်ရပေသည်။
ဟန်လိသည် ကျောက်စိမ်းပြားကို လှမ်းယူ၏။ သူ အတော်လေး ကျေနပ်နေသည်။ ပြုံး၍ပင် နေသေး၏။
သူက သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ချက်ခြင်း အသုံးပြုရန် မရည်ရွယ်ထားသော်လည်း ၎င်းမှာ အရန်အစီအစဉ်ကောင်းတစ်ခု ဖြစ်တာတော့ သေချာ၏။ ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ ကြည့်ရှုသည်။ ထင်ထားသည့်အတိုင်းပင် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း ပြန်ပြုပြင်နိုင်မည့် အသေးစိတ်ညွှန်ကြားချက်များကို ဟန်လိ မြင်လိုက်ရသည်။
“ဒီအတွက် ကျေးဇူးတင်ပါတယ်…အမျိုးသမီးငယ်ရှင်း…” ဟန်လိသည် ရှည်ရှည်ဝေးဝေး ကျေးဇူးတင်မနေ။ သူက ကျေးဇူးတင်ကြောင်း စကားအနည်းငယ်သာ ပြောပြီး ထိုကျောက်စိမ်းပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
“ကိစ္စမရှိပါဘူး။ ကျမကိုယ်တိုင်လည်း ဒီအစီအရင်ကို အတော်လေး စိတ်ဝင်စားလို့ပါ…”
ရှင်းယုယင်သည် မသိမသာ ပြုံး၍ တုန့်ပြန်သည်။
ခဏအကြာ၌ သူမက တစုံတခုကို တွေးမိပြီး သိုလှောင်အိတ်ငယ်တစ်ခုကို ထုတ်ယူပြီး ဟန်လိကို လှမ်းပေးသည်။ သူမက ဖြည်းဖြည်းမှန်မှန်ဖြင့် ပြောလာ၏။
“ကျမက အသက်ရှင်ရ အများဆုံးမှ နောက်ထပ် တစ်နှစ်၊နှစ်နှစ်လောက်ပေါ့။ ဒီသိုလှောင်အိတ်ထဲမှာ အစ်ကိုချီနဲ့ကျမတို့ စုဆောင်း သန့်စင်ထားတဲ့ အစီအရင်အလံတွေနဲ့ သတ္တုပြားတွေ ပါပါတယ်။ ကျမက ဒါတွေကို အသုံးမပြုနိုင်မှတော့ စီနီယာဟန်ကိုပဲ လက်ဆောင်အဖြစ် ပေးလိုက်ပါတော့မယ်။ ဒါတွေက စီနီယာဟန်ရဲ့ အနာဂတ်ကျင့်ကြံမှုမှာ အထောက်အကူ ဖြစ်စေဖို့ ကျမ မျှော်လင့်ပါတယ်…”
ရှင်းယုယင်သည် သည်မျှ ကောင်းမွန်လှသော လက်ဆောင်တစ်ခုကို ပေါ့ပေါ့ပါးပါး ပြော၍ ပေးပစ်လာသည်ကို မြင်သည့်အခါ ဟန်လိမှာ မင်သက်ရလေသည်။
သူက သူမကို သေချာ အလေးအနက်လှမ်းကြည့်သည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာ သူက ထိုသိုလှောင်အိတ်ကို ယူပြီး အလေးအနက် ပြောသည်။
“ကျုပ် ဟန်လိက ရိုးသားလှတဲ့သူ၊ စိတ်ထားကောင်းလွန်းတဲ့သူ၊ သူရဲကောင်းတစ်ယောက်တော့ မဟုတ်ပေမယ့် ကျုပ်မှာ ခွန်အား ရှိလာခဲ့ရင် ရှင်းယုယင်ကို ပေးထားတဲ့ ကတိကို ပိုတည်နိုင်အောင် လုပ်ဆောင်ပါမယ်။ ကျုပ် လုပ်နိုင်စွမ်း ရှိတာနဲ့ ဖူဂိုဏ်းကို ကျင့်ကြံခြင်းလောကကနေ ပျောက်ကွယ်သွားအောင် လုပ်ပေးပါ့မယ်…”
ရှင်းယုယင်က ပြုံး၍ တုန့်ပြန်၏။ သူမ၏ ကြီးမားသောလက်ဆောင်အဖြစ် ပေးခဲ့သော ရည်ရွယ်ချက်က အောင်မြင်ခဲ့လေပြီ။
“စီနီယာမှာ ထွေထွေထူးထူး ကိစ္စမရှိဘူးဆို ကျမရဲ့ နိမ့်ကျတဲ့ ဒီနေရာမှာ ရက်အနည်းငယ်လောက် နေနိုင်ပါတယ်…။ ကျမက စီနီယာဟန်နဲ့ အစီအရင်မန္တာန်တာအိုအကြောင်းကို စကားစမြည် ပြောဖို့ မျှော်လင့်မိပါတယ်…”
……
သုံးရက်ကြာပြီးနောက်မှာတော့ ဟန်လိသည် သည်အမည်မဲ့တောင်တန်းငယ်ကနေ သူ၏ နတ်လေလှေနှင့်အတူ ထွက်လာခဲ့ပြီး အနီးအနားတွင် ကျင့်ကြံသူများ စုဝေးနေသော ရေကန်ဖြူတောင်ထံသို့ ရောက်လာခဲ့သည်။
လေလွင့်ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်းဂိုဏ်းဝင်များမှာ ကျင့်ကြံခြင်းလောက၏ သတင်းအချက်အလက်များကို ဖလှယ်ဖို့၊ အရောင်းအဝယ်များ ပြုလုပ်ဖို့အတွက် သည်နေရာတွင် မကြာဆိုသလို စုဝေးလေ့ ရှိပေသည်။
ယွဲ့ဒေသ သို့မဟုတ် ဂိုဏ်းကြီးခုနစ်ဂိုဏ်းတို့၏ အခြေအနေကို သိရဖို့ ဟန်လိသည် ဒီနေရာကို ရောက်လာခဲ့တာ ဖြစ်သည်။ လိုအပ်သော သတင်းအချက်အလက်ကို သိမှ ဟန်လိသည် နောက်လှုပ်ရှားမည့် အစီအစဉ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်လား။
သည်ရေကန်ဖြူတောင်သည် ရှင်းယုယင်၏ အမည်မဲ့တောင်နှင့် သိပ်မဝေးလှပေ။ သူမနှင့် ချီယွမ်ရှောင်းတို့မှာ ထိုတောင်ထံ လေးငါးခြောက်ကြိမ်လောက် ရောက်ဖူးသည်။ သည်တောင်တွင် တွေ့ဆုံကြသူများမှာ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်က အများစု ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် သည်တောင်မှာ ပေါ်လာခဲသည်။
တစ်ရက်လောက် ကြာပြီးနောက် ဟန်လိသည် အဖြူရောင်တောင်၏ တောင်ခြေသို့ ရောက်လာခဲ့လေသည်။ ၎င်းတောင်မှာ အတော်လေး ကြီးသည်ဟု ဆိုရမည်။ တောင်ထွတ်သုံးခု ရှိ၏။
ဟန်လိသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ တောင်ထိပ်ထံ ဦးတည်လာခဲ့သည်။