← Chapters

ရေကန်ဖြူတောင်

Vol. 26 Ch. 357

ရေကန်ဖြူတောင်

Vol. 26 Ch. 357

ရေကန်ဖြူတောင်တန်း၏ အနောက်ဘက် တောင်ထိပ်သည် ဟန်လိ ထင်ထားသည်ထက် ပိုကြီးမားနေသည်။

ထိုတောင်တန်း၏ထိပ်၌ ရှေးဟောင်းဗုဒ္ဓကျောင်းတော်တစ်ခု ရှိနေသည့်အပြင် အရွယ်အမျိုးမျိုးရှိသော ကျောက်ဖျာဆယ်ခုကျော်လည်း ရှိနေသည်။ ၎င်းတို့နားတွင် ကျင့်ကြံသူများက ဟိုတစ်စု၊ သည်တစ်စုဖြင့် စကားဝိုင်းဖွဲ့နေကြသည်။

ဟန်လိက တောင်ထိပ်အခြေအနေကို လေထဲကနေ အကဲခတ်ပြီးနောက်မှာတော့ ထောင့်တစ်နေရာထံ ဆင်းသက်လာ၏။

ထို့နောက်တွင် သူက ဝိညာဉ်သေနှင့်အတူ အနီးအနားရှိ ကျောက်ဖျာများထံ လျှောက်လာသည်။

ဟန်လိ၏ အားကောင်းသော စိတ်ဝိညာဉ်အာရုံကြောင့် သူသည် ဒီနေရာရှိ ကျင့်ကြံသူအုပ်စုများ ပြောနေ၊ဆွေးနွေးကြသော တီးတိုးစကားသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်စွမ်း ရှိ၏။ သည်စကားများထဲမှ တစ်ခုက ဟန်လိကို အာရုံစိုက်သွားစေသည်။

ဟန်လိသည် ယွဲ့ဒေသ၏ ကျင့်ကြံခြင်းဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် မိစ္ဆာတာအိုဂိုဏ်းတို့ကြား စစ်ပွဲအခြေအနေနှင့် ပတ်သတ်၍ ပြောနေသော လေးယောက်စကားဝိုင်းတစ်ခုအပေါ် အာရုံစိုက်သွားသည်။ သူ့ စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့်အတူ သူက ဆက်၍ တွေဝေမနေဘဲ လျှောက်လှမ်းလာ၏။

“အဲ့တာကတော့ မိစ္ဆာတာအိုအတွက် ကြီးမားတဲ့ အောင်ပွဲပဲ။ ယွဲ့ဒေသရဲ့ ဂိုဏ်းခြောက်ဂိုဏ်းဟာ သူတို့ရဲ့ မွေးရပ်ဒေသကနေ အသည်းအသန် ထွက်ပြေးခဲ့ရုံသာမက ကပ်ဘေးဟာ ကျီကျင်းဒေသနဲ့ ကျုပ်တို့ ယွမ်ဝူဒေသတို့အပေါ်လည်း ကျရောက်လာတော့မယ်…”

သက်လတ်ပိုင်းလူတစ်ယောက်သည် ထိုသို့ ပြောပြီးနောက်မှာ သက်ပြင်းလေးလံစွာ ချသည်။

“အမှန်ပါပဲ။ ပြီးခဲ့တဲ့ အဲ့တိုက်ပွဲကြီးတုန်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းဟာ ဆုံးရှုံးမှုတော်တော်များများ ခံစားခဲ့ရတယ်။ သူတို့နဲ့အတူ တိုက်ခိုက်ပေးခဲ့ နှစ်နိုင်ငံဟာလည်း သူတို့အင်အားစုတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးခဲ့ရတယ်။ ကောင်းကင်ကြယ်ဂိုဏ်းနဲ့ တခြားဂိုဏ်းတွေဟာ အခုဆို ကြီးမားတဲ့ ဖိအားတစ်ခုကို ရင်ဆိုင်နေရတယ်…”

အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိမည့် လူငယ်တစ်ယောက်သည် စိတ်အားငယ်စွာ ပြောလာသည်။

သည်ဆွေးနွေးပွဲတွင် ပါနေသော တခြားအဘိုးအိုနှစ်ယောက်၏ အမူအရာကမူ ပြောင်းလဲမသွားသလို တုန့်လည်း မတုန့်ပြန်ပေ။ ခုလေးတင် ပြောခဲ့သော သက်လတ်ပိုင်းလူတစ်ယောက်သည် ခါးသက်စွာ မရယ်မောမိဘဲ မနေနိုင် ဖြစ်ရသည်။ သူက တခုခု ထပ်ပြောချင်နေသည်။

သို့သော် ထိုအခိုက်အတန့်တွင် တစုံတစ်ယောက်၏ အသံက ကြားဖြတ်ဝင်လာသည်။

“ကောင်းကင်ကြယ်ဂိုဏ်းနဲ့ တခြားဂိုဏ်းကြီးတွေဟာ အကြပ်အတည်း ဆိုက်နေတာ အမှန်ပဲ။ ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေနဲ့ ကျင့်ကြံခြင်းဂိုဏ်းက သူတွေရဲ့ အခြေအနေကတော့ ပိုတောင် ဆိုးသွားနိုင်သေးတယ်။ မိစ္ဆာတာအိုဂိုဏ်းက သူတွေဟာ အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေကို နိုင်စားရလိမ့်မယ်လို့ ယုံကြည်ကြတယ်။ အဲ့အချိန်သာ ရောက်လာခဲ့ရင် ကျုပ်တို့ဟာ ကျိန်းသေပေါက် လွတ်လပ်မှု ခံစားရမှာ မဟုတ်တော့သလို လွယ်လွယ်ကူကူ အေးအေးဆေးဆေးလည်း ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး…”

ဟန်လိသည် ဖြည်းဖြည်းချင်း လှမ်းလာပြီး ထိုသက်လတ်ပိုင်းလူ ပြောချင်သော စကားများကို ဝင်ပြောလိုက်ခြင်းပင်။

ထိုလေးယောက်မှာ အပြင်လူတစ်ယောက်က သူတို့နားသို့ ရောက်လာတာကို သဘောပေါက်သည့်အခါ သူတို့သည် မင်သက်ကုန်ပြီး ချက်ခြင်း ငြိမ်သက်တိတ်ဆိတ်သွားသည်။

သို့သော် ဟန်လိ၏ ကျင့်ကြံမှုကို သူတို့ မမြင်နိုင်သည့်အခါ သူတို့အားလုံးထံ၌ စိတ်ပူဟန် အရိပ်အယောင် ပေါ်လာပြီး ဟန်လိကို တလေးတစား နှုတ်ဆက်ကြသည်။ ထို့နောက်တွင် သက်လတ်ပိုင်းလူက အလျင်စလို ဝင်ပြောလာသည်။

“စီနီယာ…အစောပိုင်းတုန်းက ကျနော့်ရဲ့ တူလေးဟာ မစဉ်းစားဘဲ ပြောခဲ့တာပါ။ သူဟာ ဂိုဏ်းကြီးတွေကို မလေးမစား ပြောတဲ့သဘော မဟုတ်ပါဘူး။ ဒါ့ကြောင့် စီနီယာ့အနေနဲ့ အပြစ်မယူဖို့ ကျနော် မျှော်လင့်ပါတယ်…”

ထိုသူများသည် ဟန်လိမှာ ယွမ်ဝူဒေသ၏ ကျင့်ကြံခြင်းဂိုဏ်းများမှ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မည်ဟု ယူဆသွားကြပုံ ပေါ်သည်။ စောစောက စကားပြောခဲ့သော လူငယ်မှာ အထူးသဖြင့် ပို၍ ပူပန်သွားသည်။

“ဟားဟား…တာအိုရောင်းရင်းတွေ နားလည်မှု လွဲနေပြီ။ ကျုပ်ကလည်း လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ။ ကျုပ်က ဒီစကားဝိုင်းကို ထပ်ဖြည့်ပြောခဲ့ရုံပဲ…”

ဟန်လိက ပြုံး၍ အေးဆေး ရှင်းပြသည်။

သည်စကားတို့ကို ကြားမှ သူတို့သည် စိတ်သက်သာရာ ရသွားသည်။ သူတို့သည် ဟန်လိမှာ လေလွင့်ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဟုတ်လား၊ မဟုတ်လား မသိသော်လည်း သူတို့သည် အစောပိုင်းတုန်းက သူတို့ ပြောခဲ့သော စကားများကြောင့် ပြဿနာ မတတ်နိုင်တော့မှန်း ကောင်းစွာ သိသွားသည်။

သို့ဖြစ်၍ သူတို့က ဟန်လိကိုလည်း တလေးတစား နှုတ်ဆက်ကြသည်။ ဟန်လိသည် ကျောက်စားပွဲတစ်ခုဘေးနားရှိ ခုံတစ်ခုကို ယူကာ ဝင်ထိုင်သည်။

“ကျနော်တို့ ဂျူနီယာတွေဟာ စီနီယာ ဒီကို ရောက်လာတဲ့အတွက် ဂုဏ်ယူရပါတယ်။ ဒါပေမဲ့လို့ စီနီယာဟာ ဘာကြောင့်များ ကျနော်တို့လို့ နိမ့်ကျတဲ့သူတွေရဲ့ စကားဝိုင်းထဲ ဝင်လာရတာလဲဗျ…”

မျက်နှာနီစပ်စပ်နှင့် အဘိုးအိုတစ်ယောက်သည် သတိထားကာ မေးလာသည်။

ထိုသူမှာ ဟန်လိ သူတို့ထံ ရောက်လာသည့်အတွက်ကြောင့် အံ့အားသင့်နေတာ ထင်ရှားသည်။ ပုံမှန်ဆို ကန်ဖြူတောင်ကဲ့သို့ အသေးအဖွဲ့ ဆွေးနွေးပွဲနေရာမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများကို စွဲဆောင်ဖို့ရာ ခက်လှပေသည်။ အဆင့်မြင့် ကျင့်ကြံသူများသည် ဆွေးနွေးစကား ပြောလိုပါက သူတို့သည် မြင့်မားသောအဆင့်ရှိသူများ စုဝေးသည့် နေရာထံ ပုံမှန်အားဖြင့် သွားတတ်ပေသည်။

“ပထမတစ်ချက်အနေနဲ့ ကျုပ် ကျင့်ကြံနေတဲ့ လူသူကင်းမဲ့တဲ့တောင်ကနေ ဒီကို လာခဲ့တာပဲ။ မကြာသေးခင်က ကျုပ်နိုင်ငံ ဖြစ်တဲ့ ယွဲ့ဒေသက ကျင့်ကြံသူတွေဟာ ဆိုးဝါးစွာ ဆုံးရှုံးခဲ့ရတယ်လို့ ကြားသိခဲ့ရတယ်။ ကျင့်ကြံခြင်းလောကဟာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေတယ်လို့ ကျုပ် ခံစားမိတယ်။ ဒါ့ကြောင့် သတင်းအချက်အလက် သိအောင်လုပ်ဖို့ တွေးခဲ့တယ်။ တာအိုရောင်းရင်းတို့ဟာ မိစ္ဆာတာအိုနဲ့ ယွဲ့ဒေသတို့ရဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကို သိထားကြတယ်မလား…”

ဟန်လိသည် ရိုးရိုးရှင်းရှင်း ရှင်းပြသည်။

ထိုလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။ ထို့နောက်တွင် သူတို့ထဲမှ သုံးယောက်သည် သူတို့ထဲမှ အဘိုးအိုအပေါ် အကြည့်ရောက်သွားကြသည်။

“သတင်းအချက်အလက်တွေကို အသိဆုံးကတော့ ကျုပ်တို့ရဲ့ အစ်ကိုကြီးဆုံးဖြစ်တဲ့ အစ်ကိုကြီးတင်ပဲ။ တင်ဂိုဏ်းဟာ ယွဲ့‌‌ဒေသရဲ့ သေမျိုးလောကမှာ ပိုင်ဆိုင်မှုတွေ အများအပြား ရှိတယ်လေ…”

မျက်နှာနီးစပ်စပ်နှင့် အဘိုးအိုက အလျင်အမြန် ပြောလိုက်သည်။ တခြားနှစ်ယောက်ကလည်း သဘောတူသည်။

အဘိုးအိုတင်သည် အတန်ငယ် ဟန့်သွားသည့်အမူအရာဖြင့် တုန့်ပြန်သည်။ သူက အကူအညီမဲ့စွာ ပြောလေသည်။

“ယွဲ့ဒေသရဲ့ ကျနော်တို့ တင်ဂိုဏ်းသားတွေက မကြာသေးခင်က အခြေအနေတွေနဲ့ ပတ်သတ်တဲ့ သတင်းတွေကို တကယ်ပဲ ပေးခဲ့ပါတယ်။ တကယ်တော့ ကျနော်တို့ ဂိုဏ်းက ဒီသတင်းတွေကို မဖြန့်စေချင်ပါဘူး။ မင်းတို့အားလုံးဟာ ကျုပ်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တဲ့အပြင် ဒီစီနီယာကလည်း သိချင်တယ်ဆိုမှတော့လည်း ကျုပ် ပြောပြမယ်။ ဒါပေမဲ့ မင်းတို့အနေနဲ့ ဒီအကြောင်းတွေကိုတော့ အလွယ်တကူ မဖြန့်ဖို့ မျှော်လင့်ပါတယ်…”

တခြားသုံးယောက်မှာလည်း စိတ်လှုပ်ရှားသွားကြသည်။ ဟန်လိလည်း ခေါင်းညိတ်ပြ၏။

ထိုအဘိုးအိုသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြောသည်။

“လွန်ခဲ့တဲ့ ရက်အချို့တုန်းက ကျုပ်က ဒီသတင်းကို ရခဲ့တာ။ ခုလက်ရှိ…ယွဲ့ဒေသမှာ ပွက်လောရိုက်နေတယ်။ မိစ္ဆာတာအိုဟာ ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ မဟာမိတ်တွေကို အနိုင်ယူခဲ့ပြီး ဂိုဏ်းခြောက်ဂိုဏ်းဟာ ယွဲ့ဒေသကနေ အသည်းအသန် ထွက်ပြေးကြတယ်။ ကျုပ် ကြားတာကတော့ နောက်မဆုတ်တဲ့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတချို့ဟာ မိစ္ဆာတာအိုဂိုဏ်းတွေကို အလုပ်ရှုပ်စေခဲ့တယ်။ တကယ်တော့ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတွေဟာ ရင်ဆိုင်ဖို့ မလွယ်ဘူးလေ။ ဒါ့အပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းဟာ ယွဲ့ဒေသမှာ တည်ရှိခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ သူတို့မှာ ပုန်းကွယ်နေတဲ့ စွမ်းအားတွေ ရှိတယ်။ မိစ္ဆာတာအိုဂိုဏ်းဟာ ယွဲ့ဒေသကို အတော်လေး ဒုက္ခများပြီးမှ သိမ်းပိုက်နိုင်ခဲ့တာ…”

“ယွဲ့ဒေသရဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေကတော့ အင်အားစုသုံးစုအဖြစ် ခွဲထုတ်ကြတယ်။ တစ်စုကတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်း ရှုံးနိမ့်တာနဲ့ သစ္စာဖောက်တွေအဖြစ် ပြောင်းကုန်တာ။ သူတို့ဟာ စောစောစီစီး လက်နက်ချပြီး မိစ္ဆာတာအိုဘက်ကို ပူးပေါင်းတယ်။ နောက်အုပ်စုတစ်စုကတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ အတော်လေး နီးကပ်တဲ့ သူတွေလို့ ယူဆလို့ ရတယ်။ မိစ္ဆာတာအိုဘက်က လက်စားချေလာမှာကို ကြောက်ပြီး သူတို့ဟာ ဂိုဏ်းကြီးခြောက်ဂိုဏ်းလိုမျိုး ယွဲ့ဒေသနေ ပြေးကြတယ်။ နောက်ဆုံးအုပ်စုကတော့ လှုပ်ရှားမှု မလုပ်ခင် စောင့်ကြည့်ကြတဲ့သူတွေပဲ…”

“ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ တည်ရှိတာ ကြာပြီ ဖြစ်တဲ့ အဓိကနေရာတွေထဲမှာတော့ လမျက်နှာဖုံးဂိုဏ်းနဲ့ ဓားဘီလူးဂိုဏ်းတို့ကလွဲလို့ ကျန်တဲ့ ဂိုဏ်းတွေရဲ့ နေရာတွေဟာ ဖျက်စီးခံရပြီးပြီး။ ဒါပေမဲ့ မိစ္ဆာတာအိုဘက်ကတော့ သူတို့ အဓိကနေရာတွေက ရလိုက်တာတော့ သိပ်မရှိလိုက်ဘူး။ ရှားပါးပစ္စည်းအမယ် အများစုကို ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ တပည့်တွေက ရွှေ့ပြောင်းယူသွားခဲ့ကြတယ်…”

“ကျနော် မြင်သလောက်ဆို မိစ္ဆာတာအိုဂိုဏ်းတွေ ယွဲ့ဒေသတစ်ခုထဲတင် မဟုတ်ဘူး။ ယွမ်ဝူ ဒါမှမဟုတ် ဇီကျင်းတို့ကိုပါ တိုက်ခိုက်လာနိုင်တယ်။ တကယ်တော့ သူတို့ရဲ့ အရေအတွက်က မနည်းမနောလေ။ သူတို့ဟာ နိုင်ငံငယ်နှစ်ခုနဲ့ အလယ်အလတ်အဆင့် နိုင်ငံတစ်ခုကိုတောင် တခါတည်း သိမ်းပိုက်နိုင်ခဲ့တာပဲ။ သူတို့တွေ ကျုပ်တို့ရှိ ရောက်လာဖို့ကတော့ အချိန်တစ်ခုပဲ လိုတော့မှာ။ ဒါ့ကြောင့် အချိန်ကျလာရင် ဖျက်စီးခံလိုက်ရတဲ့ ယွဲ့ဒေသရဲ့ ကျင့်ကြံခြင်းဂိုဏ်းကြီးခြောက်ဂိုဏ်းကသူတွေကို ဖြေရှင်းဖို့ဟာ သူတို့အတွက် ပြဿနာ မဟုတ်တော့ဘူး…”

ထိုအဘိုးအိုသည် သူ့အမြင်ကိုပါ ဖြည်းဖြည်းချင်း ပြောပြလာသည်။

မျက်နှာနီစပ်စပ်နှင့် အဘိုးအိုသည် ကြားဖြတ်ကာ မမေးဘဲ မနေနိုင် ဖြစ်ကာ မေးလာသည်။

“ အစ်ကိုကြီးတင်။ မိစ္ဆာတာအိုဂိုဏ်းတွေရဲ့ တိုက်ခိုက်လာမှုအတွက် ကျုပ်တို့ နိုင်ငံက ဂိုဏ်းတွေ ကြိုပြင်ဆင်လို့ ရအောင်လို့ သူတို့က အချိန်ပေးလိမ့်မယ်လို့ ခင်ဗျားထင်လား…”

“ပြောဖို့တော့ ခက်တယ်။ တကယ်တော့ ကျုပ်လည်း အပေါ်ယံဘဲ သိထားတာလေ။ အဲ့ကိစ္စတွေရဲ့ တကယ့် အမှန်တရားကိုတော့ ဂိုဏ်းကြီးတွေရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေလောက်ပဲ သိနိုင်လောက်မှာ…”

အဘိုးအိုတင်သည် ခေါင်းယမ်းကာ ဟန်လိကို တချက် လှစ်ခနဲ လှမ်းကြည့်လိုက်သည်။

ဟန်လိသည် နိုင်ငံတစ်ခု၏ ဂိုဏ်းတစ်ခုမှ ကျင့်ကြံသူတစ်ယောက်ဟု သူက ထင်နေတာ သိသာသည်။

အဘိုးအိုတင်မှာ သည်ကိစ္စကို ဆက်မပြောချင်တော့ပေ။ ရုတ်တရက် သူက ပြုံး၍ တစုံတစ်ခုကို ပြောလိုက်သည်။

“ ဂိုဏ်းကြီးခြောက်ဂိုဏ်းဟာ အသည်းအသန် နောက်ဆုတ်ချင်တဲ့အတွက်ကြောင့် သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်အမြှီးကို ဖြတ်တောက်တဲ့ ဗျူဟာ အသုံးပြုခဲ့ကြတယ်။ သူတို့နဲ့အတူ ပါရမီရှိတဲ့ ထိပ်တန်းတပည့်တွေကိုပဲ ခေါ်လာပြီး ကျန်တဲ့ တပည့်ပေါင်းများစွာကိုတော့ မိုက်မဲစွာနဲ့ စတေးခံဖို့ ချန်ထားခဲ့တယ်လေ။ ဒီဗျူဟာကို ရက်ရက်စက်စက် အသုံးပြုခဲ့ဆုံး သူတွေကတော့ အဝါရောင်မေပယ်တောင်ကြားရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေပဲ။ သူတို့ဟာ ကျန်တဲ့ တပည့်အုပ်စုနှစ်စုကို စတေးခံခိုင်းရင် ထိပ်တန်းတပည့်တွေကတော့ ယွဲ့ဒေသကနေ လွယ်လွယ် လွတ်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဟူး…သူတို့ရဲ့ နည်းလမ်းကတော့ တကယ့်ကို အထင်ကြီးစရာပါပဲ…”

သူ့သည်စကားများကြောင့် ဟန်လိမှာ တုန်လှုပ်သွားရသည်။ ထိုအဘိုးအိုသည် မထူးခြားနားဟန်ဖြင့် ပြောလိုက်တာသာ ဖြစ်သော်လည်း ဟန်လိ၏ စိတ်ထဲ၌ အမူဟန်ပန် ပျက်သွားပြီး သူ့မျက်နှာသည်ပင် မသိမသာ ရှုံ့တွသွားသည်။ သို့သော် ကံကောင်းသည်မှာ တခြားသူများက သူ့ကို အကြာကြီး စိုက်ကြည့်မနေဝံ့ကြသောကြောင့် မည်သူကမျှ သူ့မျက်နှာပျက်သွားတာကို သတိမပြုမိလိုက်ကြပေ။

အံ့အားသင့်ထိတ်လန့်မှုကို ဖိနှိပ်ပြီး ဟန်လိသည် တည်ငြိမ်စွာ မေးလိုက်၏။

“တာအိုရောင်းရင်းတင်း…ခင်ဗျားဟာ အဝါရောင်မေပယ်တောင်ကြားက သူတို့ရဲ့ တပည့်အုပ်စုနှစ်ခုကို စတေးခဲ့တယ်လို့ ပြောခဲ့တယ်နော်။ ဘယ်လိုများ ဖြစ်ခဲ့တာလဲ။ ကျုပ် အတော်လေး စိတ်ဝင်စားသွားပြီ…”

“ဟားဟား…စီနီယာက မေးလာမှတော့ ဂျူနီယာလည်း အမှန်တိုင်း ဖြေရမှာပေါ့။ ကျုပ် ကြားတာကတော့ ယွဲ့ဒေသရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေဟာ ရှေ့တန်းစစ်မျက်နှာမှာ သူတို့ရှုံးတဲ့ သတင်းလည်း ကြားရော အဝါရောင်မေပယ်တောင်ကြားဟာ ချက်ခြင်း ထွက်ပြေးဖို့ စီစဉ်ခဲ့တယ်တဲ့။ ပထမဆုံး သူတို့ရဲ့ တပည့်အုပ်စုတစ်စုကို အလျင်အမြန် ထွက်ခိုင်းတယ်။ ဒါပေမဲ့လည်း မိစ္ဆာတာအိုဂိုဏ်းဟာ သူတို့ရဲ့ သူလျှိုတွေကနေ တဆင့် ဒီအကြောင်းကို သိသွားခဲ့ကြတယ်။ အဲ့အုပ်စုဟာ သူတို့နဲ့အတူ စိတ်ဝိညာဉ်ကျောက်တုံး မြောက်များစွာနဲ့ သတ္တုအမယ်မျိုးစုံတို့ကို ကိုလည်း ယူလာခဲ့ကြတယ်။ မိစ္ဆာတာအိုဘက်က သူတွေကို လုံးဝ အပြည့်အဝ အာရုံစွဲဆောင်နိုင်တာပေါ့။ တချိန်တည်းမှာ သူတို့ဟာ မသိနားမလည်တဲ့ တပည့်တွေကိုတော့ ချန်ထားခဲ့ပြီး မဟာအစီအရင်ကို အသုံးပြုပြီး မိစ္ဆာတာအိုဂိုဏ်းဝင်တွေကို ထိပ်တိုက်ရင်ဆိုင် ခိုင်းတယ်။ ဒီအုပ်စုနှစ်စုဟာ ရန်သူတွေရဲ့ အာရုံကို လုံးဝ စွဲဆောင်တဲ့အချိန်မှာပဲ အဝါရောင်မေပယ်တောင်ကြားရဲ့ အဆင့်အတန်းအမြင့်ဆုံးသူတွေဟာ သူတို့ ယုံကြည်ရတဲ့ တပည့်တွေနဲ့အတူ ဂိုဏ်းရဲ့ နှစ်ထောင်ကျော် စုဆောင်းထားမှုတွေကို ယူပြီး တခြားဆန့်ကျင်ဘက်အရပ်ကို ထွက်ခဲ့ကြတယ်…”

“ကျုပ် ကြားတာကတော့ အဝါရောင်မေပယ်တောင်ကြားဟာ အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့တဲ့သူ အရေအတွက် အနည်းဆုံး ဆိုပေမယ့် သူတို့က အဆင်အပြေဆုံးနဲ့ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောတယ်။ တခြားဂိုဏ်းငါးဂိုဏ်းကတော့ လူအများအပြားနဲ့ နောက်ဆုတ်နိုင်ခဲ့ပေမယ့် မိစ္ဆတာအိုဘက်က ရန်သူတွေရဲ့ ထပ်ခါထပ်ခါ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဒါ့ကြောင့် သူတို့ရဲ့ သူတွေဟာ ရန်သူ့လက်ထဲမှာ အများအပြား အသက်ပေးခဲ့ကြရတယ်။ ဒီကိစ္စကို မိစ္ဆာတာအိုဂိုဏ်းတွေက ယွဲ့ဒေသအနှံ့ ဖြန့်ခဲ့ကြတာပဲ…”

နည်းနည်းလေးမှ မလိမ်ဝံ့ဘဲ ထိုအဘိုးအိုသည် ဟန်လိကို အပြည့်အစုံ ရှင်းပြလိုက်သည်။

ဟန်လိ၏ အမူအရာက မပြောင်းလဲသွားပေ။ သူက လေသံမှန်မှန်ဖြင့်သာ ပြောလိုက်၏။

“အို…ဒီလိုကို။ အဝါရောင်မေပယ်တောင်ကြားရဲ့ တပည့်များစွာကို စွန့်ပစ်ခဲ့တဲ့သူတွေဟာ တကယ့်ကိုပဲ ရူးမိုက်လှပါလား…”

All Chapters