အဆုံးမဲ့ပင်လယ်၊ မောက်လန်
Vol. 26 Ch. 358
ထို့နောက်တွင် ဟန်လိက ညင်သာစွာ ပြုံး၍ ရုတ်တရက် ပြောလိုက်သည်။
“ကောင်းပါပြီ။ ယွဲ့ဒေသရဲ့ အခြေအနေကို ခုလောက်ထိ သိလိုက်ရတာ ကျုပ် အတွက် လုံလောက်ပြီ..”
ဟန်လိ၏ နားလည်ရခက်သော စကားများကြောင့် ထိုလေးယောက်မှာ တမျိုးဖြစ်ကျန်ခဲ့သည်။ သူတို့သည် အားတင်း၍ ဟန်လိကို ပြန်ပြုံးပြကြသည်။
ဟန်လိက ခင်ခင်မင်မင်ဖြင့် ပြောလိုက်သည်။
“မင်းတို့အားလုံး စကားဆက်ပြောကြပါ။ ကျုပ် တခြားနေရာကို သွားလိုက်အုံးမယ်…”
“စီနီယာ သဘောအတိုင်းပါ…”
……
ထိုလေးယောက်က ဟန်လိကို အလျင်အမြန်ပင် တလေးတစား ပြန်ပြောကြသည်။
ဟန်လိသည် ပေါ့ပေါ့ပါးပါး လက်ဟန်လှုပ်ရှားကာ သည်စကားဝိုင်းအပြင်ဘက်တွင် ရပ်နေသော ဝိညာဉ်သေကို လှမ်းခေါ်သည်။ ထို့နောက်တွင် သူတို့သည် တခြားကျောက်သားအမိုးအဆောင်တစ်ခုထံ လှမ်းသွားကြသည်။
……
လေးနာရီလောက် ကြာပြီးနောက်မှာ ဟန်လိသည် သည်တောင်၏ ထောင့်တစ်နေရာတွင် ရပ်နေပြီး ခေါင်းငုံ့ကာ စဉ်းစားခန်းဝင်နေသည်။ သူသည် ယွဲ့ဒေသ၏ ခုလက်ရှိ အခြေအနေများနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲများစွာတွင် ပါဝင်ခဲ့ကြသည်။ သို့ဖြစ်၍ သူသည် ယွဲ့ဒေသ၏ ခုလက်ရှိ အခြေအနေမှာ ဗရမ်းဗတာဆူပွက်နေသည်ဟူ၍ ကောက်ချက် ချမိတော့သည်။
ထိုကဲ့သို့ အခြေအနေများအောက်၌ သူသည် ရွေးချယ်စရာနှစ်ခုသာ ရှိနေသည်။ တစ်ခုမှာ သူသည် ယွဲ့ဒေသနှင့် ဝေးကွာလှသော နိုင်ငံတစ်ခုကို ပျံသန်းခြင်းမှော်ပစ္စည်းအသုံးပြု၍ သွားကာ ကျင့်ကြံခြင်းအတွက် သင့်တော်မည့် နေရာတစ်ခုကို ရှာရန်ပင်။
တခြားတစ်ခုမှာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်ပြီး ယင်းအစီအရင်က သူ့ကို မည်သည့်နေရာသို့ ခေါ်သွားလေမလဲဟု အလောင်းအစား ထပ်ကြည့်ရန်ပင်။ တကယ်တော့ ထိုကဲ့သို့ အဖိုးတန်သော အစီအရင်ကို မြေအောက်တွင် ဆောက်ထားခြင်းမှာ အကြောင်းတစ်ခုတော့ ရှိရပေမည်။ ၎င်းအစီအရင်သည် ဝေးကွာလွန်းလှသော နေရာတစ်ခုနှင့် ချိတ်ဆက်ထားမှာ သေချာသလောက် ရှိသည်။
သူ့အနေဖြင့် ပထမဆုံး ရွေးချယ်မှုက ပို၍ သင့်တော်မည်ဟု ခံစားမိသည်။ သို့သော် သေချာထပ်စဉ်းစားကြည့်ပြီးနောက် ဟန်လိသည် ဤသည်မှာ အန္တရာယ်များလှသည်ဟု ခံစားမိ၏။
ယွဲ့ဒေသ၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ထျန်လောမိစ္ဆာတာအိုဒေသနှင့် ဖန်းတောက် လမ်းမှန်တာအိုမဟာမိတ်အဖွဲ့ဒေသတို့ ရှိလေသည်။ သို့ဖြစ်၍ သူသည် မြောက်ပိုင်း သို့မဟုတ် တောင်ပိုင်းသို့သာ သွားနိုင်လိမ့်မည်။
သူသာ ယွမ်ဝူဒေသ၏ မြောက်ဘက်ကို ပျံသန်းခဲ့လျှင် နိုင်ငံငယ်ဆယ်ခုကျော်များနှင့် အလယ်အလတ်အစား နိုင်ငံများ ရှိနေသည်။ သို့သော် ထိုကျင့်ကြံသူများသည် မိစ္ဆာတာအို သို့မဟုတ် လမ်းမှန်တာအိုတို့၏ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း မရှိမှန်း ဟန်လိက သိသည်။ သူတို့ထဲမှ အချို့သည် ထိုအင်အားစုကြီးနှစ်ခုနှင့် ပတ်သတ်ပြီး ရုပ်သေးများပင် ဖြစ်နေလောက်ပေပြီ။ မဟုတ်ပါက ထျန်လောဒေသနှင့် ဖန်းတောက်ဒေသတို့သည် ကျယ်ပြန့်လှသော စစ်မျက်နှာပြင်ချင်း ထိတွေ့ရင်ဆိုင်နေဖို့ မဖြစ်နိုင်လောက်ပေ။ အထူးသဖြင့် သည်လမ်းမှန်နှင့် မိစ္ဆာ အင်အားစုနှစ်စုကြား နယ်စပ်ချင်းတွင်သာ ဖြစ်ခဲ့သော တိုက်ပွဲသည် ခုလောက်ထိ ကျယ်ပြန့်လာစရာ မရှိလေပေ။
ထိုနိုင်ငံများမှာ မိစ္ဆာတာအိုနှင့် လမ်းမှန်တာအိုမဟာမိတ်အဖွဲ့တို့၏ တိုက်ပွဲကွင်းပြင်များအဖြစ်သို့ သိပ်မကြာခင် ပြောင်းလဲသွားပေလိမ့်မည်။ ဟန်လိသည် ထိုနေရာများတွင် နေ၍မရမှာ သဘာဝပင်။ သို့သော် သူက ယင်းနိုင်ငံများကို အန္တရာယ်ကြားကနေ ရဲဝံ့စွာ ခရီးသွားခဲ့လျှင်တော့ သူ့အနေဖြင့် ကောင်းကင်တောင်ပိုင်းဒေသကြီး၏ မြောက်ဘက်အကျဆုံးဖြစ်သော အဆုံးမဲ့ပင်လယ်များ ဟူသော နေရာသို့ ရောက်သွားနိုင်လိမ့်မည်။ ယင်းပင်လယ်မှာ ကျင့်ကြံသူ အနည်းငယ်သာ ခရီးသွားလာဝံ့သော နေရာ ဖြစ်ချေ၏။
ထိုပင်လယ်ကား အလွန်အမင်း နက်မှောင်၊ အကန့်အသတ်မဲ့ ရုံသာမက ရှားပါးငါးမျိုးစိတ်များစွာ နေထိုင်သည်။ ယင်းငါးများမှာ အလွန်အမင်း ရန်လိုကာ ကုန်းမြေပေါ်ရှိ အဆင့်မြင့်နတ်ဆိုးသားရဲများထက် ရက်စက်သည့်အရာတွင် မလျော့ပေ။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည်ပင် သူတို့သာ ဒီပင်လယ်ထဲ ကျသွားခဲ့ပါက အလွန်တရာ အန္တရာယ်များမှန်း တွေ့ရှိကြသည်။
ထိုပင်လယ်ကို ဖြတ်သန်းသွားမည် ဟူသော အတွေးမှာ စိတ်ကူးယဉ်ရုံသပ်သပ်သာ။ တခါတုန်းက ဤပင်လယ်၏အဆုံးသပ်ကို သိဖို့အတွက် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် စူးစမ်းခဲ့ဖူးသည်။ သူသည် အပြည့်အဝ ပြင်ဆင်ပြီးနောက် သည်ပင်လယ်ကို ဖြတ်၍ ပျံသန်းလာခဲ့သည်။ တစ်နှစ်ကျော်လောက် ပျံသန်းလာပြီးသည့်အထိ သူသည် ထိုပင်လယ်၏ အဆုံးသပ်ကို မတွေ့နိုင်ဆဲ၊ ကုန်းမြေ၏ အရိပ်အယောင်ကိုပင် မမြင်ရသေးဘဲ ရှိခဲ့၏။
သည်အခါတွင် သူ့ဆေးလုံးများနှင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ဝက်ကျော်တို့မှာ ကုန်ခမ်းသွားခဲ့လေပြီ။ သို့ဖြစ်၍ သူသည် မကျေမနပ်ဖြင့်သာ ပြန်လှည့်လာရတော့သည်။ မဟုတ်ပါက သူသည် စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသည့်အချိန်ရောက်လာခဲ့ပါက သည်ပင်လယ်၌ သေသွားနိုင်ပေသည်။ သူ့အနေဖြင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လျှင်တောင်မှပေါ့။
ဟန်လိက ယင်းသို့သော ပင်လယ်ကို ဖြတ်ကူးမည် မဟုတ်မှာ သဘာဝပင်။ သူက တောင်ဘက်အရပ်သို့ ဦးတည်သွားလျင်ကောဟု အတွေးသာ ရှိတော့သည်။
ယွဲ့ဒေသ၏ တောင်ပိုင်းတွင် ဇီကျင်းဒေသနှင့် တခြားနိုင်ငံခြောက်နိုင်ငံတို့ကို ဖြတ်ကျော်လာခဲ့လျှင် ကိုးနိုင်ငံပြည်ထောင်စုသို့ ရောက်လိမ့်မည်။
သည်ပြည်ထောင်စုမှာ အရွယ်အစားမျိုးစုံသော နိုင်ငံကိုးနိုင်ငံတို့က မဟာမိတ်ဖွဲ့ထားကြတာ ဖြစ်သည်။ အကြောင်းကား သူတို့က မောက်လန်မျိုးနွယ်စု၏ မန္တာန်တပ်သားများ ကျူးကျော်လာမည်ကို စိုးရိမ်သောကြောင့် စုပေါင်း၍ ခုခံရမည်ဟူသော ရည်ရွယ်ချက်ကြောင့် ဖြစ်ဖို့များသည်။
မောက်လန်မျိုးနွယ်စုနှင့် သူတို့၏ မှော်တပ်သားများအကြောင်း ပြောသည့်အခါ လူတစ်ယောက်သည် မောက်လန်မြက်ခင်းလွင်ပြင်ဒေသများကို မဖော်ပြ၍ မရပေ။ ယင်းမြက်ခင်းလွင်ပြင်ဒေသမှာ မောက်လန်မျိုးနွယ်စုများ၏ မွေးရပ်ဒေသ ဖြစ်ကာ ကိုးနိုင်ငံပြည့်ထောင်စုနှင့် နယ်နိမိတ်ချင်း နီးကပ်ပေသည်။
မောက်လန်မျိုးနွယ်စုသည် ယွမ်ဝူနှင့်ယွဲ့ဒေသမှာ သူများနှင့် လုံးဝ ကွာခြားကြ၏။ သူတို့သည် ရေကြည်ရာမြက်နုရာကို လှည့်လည်သွားလာပြီး အကြောက်အလန့်ကင်းကြသည်။ ဓားမော့များနှင့် လှံများကို မြတ်နိုးကြသည်။ မောက်လန်မျိုးနွယ်စုကြီးတွင် မျိုးနွယ်ငယ်များစွာနှင့် မျိုးနွယ်ကြီးများစွာ ပါဝင်သည်။
ထိုမျိုးနွယ်စုများအတွင်း၌လည်း ကျင့်ကြံသူများ ရှိကြ၏။ သို့သော် သူတို့ကို ‘ကျင့်ကြံသူများ’ အစား မန္တာန်တပ်သားများဟုသာ ခေါ်ဝေါ်ကြသည်။ သူတို့သည် ပုံမှန်ကျင့်ကြံသူများနှင့် မကွဲပြားဟု ပြောနိုင်၏။ သူတို့၏ ကျင့်ကြံခြင်းပညာရပ်များမှာလည်း ခပ်ဆင်ဆင်သာ။ တစ်ခုတည်းသော ကွာခြားချက်ဟူ၍ အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် သူ့ထက် မြင့်သော အဆင့်သို့ ရောက်သွားသော တပ်သားများသည် မှော်လက်နက်များ၊ မှော်ပစ္စည်းများနှင့် အဆောင်များကဲ့သို့ ပြင်ပအရာများကို အရေးမစိုက်ကြခြင်းပင်။ သူတို့က သူတို့၏ အခြေခံအကျဆုံး မှော်ပညာရပ်များကိုသာ ပြီးပြည့်စုံစေရန်သာ လေ့ကျင့်အာရုံစိုက်ကြသည်။ သူတို့၌ သည်မြက်ခင်းလွင်ပြင်ဒေသနှင့် ပေါင်းစပ်ချိန်တွင် လျှို့ဝှက်မြေကမ္ဘာပညာရပ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူတို့သည် ထိုမွေးရာပါ ပညာရပ်များကို လေ့လာခဲ့ကြပြီး ၎င်းရလဒ်အနေဖြင့် အလွန်ထူးခြားလှသော မှော်ပညာရပ်များကို ထုတ်ဖော်လာနိုင်ကြသည်။ သည်လိုဖြင့် မောက်လန်နှင့် ကွဲပြားသည့် ဝိညာဉ်ပညာရပ်များဟု သူတို့ ခေါ်ကြသော မှော်ပညာရပ်များ၏ ကျောင်းတော်သစ်တစ်ခုကို ဖန်တီးခဲ့ကြသည်။
ထိုဝိညာဉ်ပညာရပ်များကို အားထားပြီး မောက်လန်မျိုးနွယ်စုကြီး၏ မန္တာန်တပ်သားများသည် ကျင့်ကြံခြင်းအဆင့်တူသူများကို အသာစီးကနေ တိုက်ခိုက်နိုင်ကြလေသည်။
မောက်လန်မျိုးနွယ်စုကြီး၏ မန္တာန်တပ်သားများသည် အရေအတွက် ပိုများလာသည်နှင့်အမျှ စိတ်ဝိညာဉ်ကြောနေရာများ၊ စိတ်ဝိညာဉ်ကျောက်တုံးများဟူသည် ကျင့်ကြံခြင်းရင်းမြစ်များသည် ရှားပါးလာခဲ့ပေသည်။
ထိုသို့ ရင်းမြစ်ပြက်လပ်မှုတို့ကြောင့် မောက်လန်မျိုးနွယ်စုကြီး၏ မန္တန်တပ်သားများသည် သူတို့နှင့် နယ်နိမိတ်ချင်း နီးသော နိုင်ငံကိုးနိုင်ငံ၏ ပေါကြွယ်ဝသော စိတ်ဝိညာဉ်ချီနှင့် ရင်းမြစ်များအပေါ် မျက်စိကျလာခဲ့ကြသည်။ သူတို့သည် စိတ်ဝိညာဉ်အကြောများ၊ စိတ်ဝိညာဉ်ကျောက်တွင်းများနှင့် တခြားရင်းမြစ်များကို ရှာဖွေနိုင်ဖို့၊ ရနိုင်ဖို့ငှာ ယင်းနိုင်ငံများကို မကြာမကြာ အလစ်အငိုက်တိုက်ခိုက်ကြလေသည်။
ထိုကိုးနိုင်ငံ၏ ကျင့်ကြံခြင်းလောကမှာလည်း သူတို့၏ ရင်းမြစ်များကို သည်မန္တာန်တပ်သားများ(ဝါ) အရိုင်းအစိုင်းကျင့်ကြံသူများ သိမ်းပိုက်ခြင်းကို ခွင့်မပြုချင်တာ သဘာဝသာ။ အဆုံးသပ်၌ သွေးလွှမ်းသော မှော်စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့လေတော့သည်။
စစချင်းတုန်းက နိုင်ငံကိုးခုသည် တသီးတခြားစီ ခုခံခဲ့ကြသည်။ သို့သော် သူတို့သည် မောက်လန်မျိုးနွယ်စုများ၏ စုစုစည်းစည်းရှိသော တပ်ဖွဲ့များ၏ လက်ချက်ကြောင့် အရှုံးကို အလျင်အမြန် ခံစားခဲ့ရသည်။ သူတို့၏ ရင်းမြစ်များစွာနှင့် ကုန်းမြေများကို ပေးလိုက်ရသည်။
မောက်လန်မျိုးနွယ်စုများ၏ ကြမ်းလှမှုကို အတွေ့အကြုံ ရသွားသည့်အခါတွင်တော့ သူတို့၏ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူကာ သူတို့သည် ကိုးနိုင်ငံပြည်ထောင်စုအဖြစ် အလျင်အမြန် ဖွဲ့စည်းခဲ့ကြပေသည်။ ဤသို့ စုပေါင်းပြီးမှသာ သူတို့သည် မောက်လန်မျိုးနွယ်စုများ၏ မန္တာန်တပ်သားများကို တဖြည်းဖြည်း အရေးနိမ့်စေကာ သူတို့၏ ကုန်းမြေများကို ပြန်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်သည်။
သို့သော် မောက်လန်တို့ဘက်မှလည်း ရိုးရိုးရှင်းရှင်း လက်မလျော့ချင်မှာ သဘာဝပင်။ နှစ်ပေါင်းများစွာ စစ်ပွဲများ၊ ပဋိပက္ခများ ဖြစ်ခဲ့ကြပြီးနောက် နှစ်ဖက်လုံး၏ အပြန်အလှန်မုန်းတီးမှုသည် အမြစ်တွယ်လာခဲ့တော့သည်။ ဤအမုန်းတရားက မောက်လန်နှင့် ကိုးနိုင်ငံတို့၏ သေမျိုးများထိပင် လွှမ်းမိုးမှု ရှိခဲ့ပေသည်။
ခုချိန်တွင်မူ မောက်လန်မှ လူများသည် ကိုးနိုင်ငံ၏ နယ်စပ်များထံ ခြေမချဝံ့ကြတော့ပေ။ အလားတူပင် ကိုးနိုင်ငံမှ သူများသည်လည်း မောက်လန်မြက်ခင်းလွင်ပြင်ဒေသ၏ ပိုင်နက်ထဲ မသွားရဲ၊ မလာရဲကြတော့ပေ။
မောက်လန်မျိုးနွယ်စုများ လူဦးရေ မည်မျှ ရှိသနည်းကိုတော့ မည်သူကမျှ အမှန်တကယ် မသိကြချေ။ မောက်လန်မြက်ခင်းလွင်ပြင်ဒေသမှာ ကြီးမားလွန်းလှပြီး ကိုးနိုင်ငံသည် မောက်လန်မျိုးနွယ်စုကြီးတစ်ခုလုံး၏ အစိတ်အပိုင်းငယ်တစ်ခုနှင့်သာ ပဋိပက္ခ ဖြစ်ခဲ့တာပင်။
မောက်လန်ဒေသကြီးသည် မိစ္ဆာနက်ပင်လယ်ကဲ့သို့ အဆုံးမရှိတာ မဟုတ်သော်ငြားလည်း သည်လွင်ပြင်ဒေသ၏ တခြားအဆုံးသပ်နေရာကို ရောက်ဖို့ တစ်စုံတစ်ယောက်သည် ငါးနှစ်လောက် ခရီးနှင်ဖို့ လိုလိမ့်မည်ဟု ပြောနိုင်သည်။ ထို့အပြင် မောက်လန်မြက်ခင်းလွင်ပြင်ဒေသသည် မောက်လန်မျိုးနွယ်စုများသာ ပေးထားသော အမည်တစ်ခုမျှသာ။ သည်မြက်ခင်းလွင်ပြင်၏ တခြားသော အဆုံးတွင် သူတို့၏ အစစ်အမှန်ရန်သူ ဖြစ်သော လေဟုန်စီးမျိုးနွယ်စု ရှိနေပေသည်. ၎င်းလေဟုန်စီးမျိုးနွယ်စုကြီးမှာလည်း နောက်ထပ် ရေကြည်ရာမြက်နုရာ လှည့်သွားနေသော မျိုးနွယ်စုတစ်စု ဖြစ်၏။ ထိုလေဟုန်စီးမျိုးနွယ်စုကတော့ မောက်လန်မြက်ခင်းလွင်ပြင်ဒေသကို ကောင်းကင်ဒီရေ မြက်ခင်းလွင်ပြင်ဒေသဟု ခေါ်ဝေါ်ကြပေသည်။ အကြောင်းမှာ သူတို့၏ နာယကနတ်ဘုရားဖြစ်သော ကောင်းကင်ဒီရေသားရဲ အပေါ် ရှည်ကြာလှစွာသော ယုံကြည်ကိုးကွယ်မှုကြောင့် ထိုသို့ အမည်ပေးခေါ်ဝေါ်တာ ဖြစ်ချေသည်။
ရေကြည်ရာမြက်နုရာ လှည့်သွားတတ်သော မျိုးနွယ်စုကြီးနှစ်ခုသည် တူညီသော မြက်ခင်းလွင်ပြင်ဒေသ၌ အတူတကွ ရှင်သန်နေထိုင်ဖို့ အကြောင်းရင်း မရှိလေပေ။ သူတို့မျိုးနွယ်စုနှစ်ခုသည် ကံကြမ္မာက သတ်မှတ်ထားသော ရန်သူတော်များ ဖြစ်ကြ၏။ မျိုးနွယ်တစ်ခုစီတို့၏ တပ်သားများ၊ ကျင့်ကြံသူများသည် တိုက်ခိုက်ခဲ့ကြတာ မည်မျှ ကြာခဲ့လေပြီမှန်းကိုပင် မသိရလေပေ။
မည်သို့ပင်ဖြစ်စေ သည်မြက်ခင်းလွင်ပြင် ဗဟိုချက်၌ တိုက်ပွဲကြီးတစ်ခုသည် နှစ်ပေါင်းရာချီကြာတိုင်း ဖြစ်နေခဲ့တာတော့ သေချာသည်။ သေမျိုးတပ်သားသန်းနှင့် ချီ၍ တိုက်ခိုက်ကြသလို ကောင်းကင်ထက်တွင်တော့ ကျင့်ကြံသူထောင်သောင်းချီ၏ တိုက်ပွဲပင်။ ကောင်းကင်ထက်ရှိ တိုက်ပွဲကနေသာ အနိုင်ရသူကို ဆုံးဖြတ်နိုင်မှာကတော့ အသိအသာကြီးပင်။
ဟန်လိသည် ရှေးဟောင်းမှတ်တမ်းများနှင့် ကောလဟာလ သတင်းစကားများကနေ သည်အကြောင်းများကို သိရှိခဲ့တာ ဖြစ်သည်။
မောက်လန်မြက်ခင်းလွင်ပြင်ဒေသ၏ အဆုံး၊ တခြားဘက်တွင်တော့ မဟာအင်ပါယာတစ်ခု တည်ရှိသည် ဟူ၏။ ကောင်းကင်တောင်ပိုင်းဒေသတစ်ခုလုံးသည်ပင် ၎င်းမဟာအင်ပါယာဒေသကြီးနှင့် ယှဉ်ပါက ၎င်း၏ ဆယ်ပုံတစ်ပုံလောက်ပင် ရှိလိမ့်မည် မဟုတ်ပေ။
ဟန်လိသည် ထိုကဲ့သို့ သတင်းစကားများသည် ယုံကြည်ဖို့ ခက်လှမှန်း သိခဲ့သည်။ သူ့အဖို့ ကောင်းကင်တောင်ပိုင်းဒေသတစ်ခုလုံး၏ ဆယ်ဆကျော်လောက် ပိုကြီးမားသော နိုင်ငံတစ်ခု ရှိနေတာကို စိတ်ကူးကြည့်ဖို့ရာပင် ခက်ခဲလှချေသည်။
တကယ်တော့ သည်အခြင်းအရာများအားလုံးမှာ ခုလက်ရှိ ဟန်လိ၏ အစီအစဉ်များနှင့် လားလားမျှ မသပ်ဆိုင်ချေ။ ယင်းမျိုးနွယ်စုများမှာ သူ့စိတ်ထဲ ဟိုတွေးဒီတွေး တွေးမိကာ ပေါ်လာရုံမျှသာ။
သူ၏ အတွေးချော်နေမှုများကို ခဏထားပြီးနောက်မှာတော့ ဟန်လိသည် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ လွတ်မြောက်အောင် ထွက်ပြေးမှုက အနီးအနားနိုင်ငံများအတွင်းလောက်တွင်သာ အဆုံးသပ်လိမ့်မည်ဟု မဟုတ်ဟု ကောက်ချက်ချမိသည်။ သူတို့သည် ကျိန်းသေပေါက် ကိုးနိုင်ငံပြည်ထောင်စုထိ ရောက်အောင် ကွေ့ပတ်သွားပေလိမ့်မည်။ တကယ်တော့ ကိုးနိုင်ငံမှ ကျင့်ကြံသူများသည် နှစ်စဉ် မောက်လန်မန္တာန်တပ်သားများနှင့် တိုက်ပွဲအသေးများ ဖြစ်နေကာ ဆယ်နှစ်ကြာတိုင်း စစ်ပွဲကြီးတစ်ခု ဖြစ်နေကြသည်။ သူတို့သည်လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်းကို ကျိန်းသေပေါက် ကြိုဆိုပြီး သူတို့အတွက် ကြီးမားသော အကူအညီအထောက်အပံ့ ဖြစ်စေလိမ့်မည်ပင်။ စိတ်ဝိညာဉ်သွေးကြောများနှင့် တခြားသော တန်ဖိုးရှိသော နေရာများကို ဂိုဏ်းကြီးခြောက်ဂိုဏ်းအနေနှင့် ရ၊မရကတော့ သူတို့၏ စွမ်းရည်များပေါ်၌သာ မူတည်ပေလိမ့်မည်။
အကယ်၍ ဟန်လိသာ အဝါရောင်မေပယ်တောင်ကြား၏ တပည့်တစ်ယောက် ဖြစ်နေခဲ့ပါက သူသည် စတေးခံတစ်ယောက်မျှသာ ဆက်ဖြစ်နေအုံးမည်။ ဆိုလိုသည်ကား သူ့အနေဖြင့် တောင်ဘက်ပိုင်းသို့လည်း သေချာပေါက် သွား၍ မဖြစ်တော့ချေ။
သူသည် မည်သို့လုပ်သင့်မှန်း ရှင်းလင်းသည့် အဖြေတစ်ခု ရလာပြီ ဖြစ်သော်လည်း ထိုအကြောင်းကို ထပ်စဉ်းစားသည်နှင့် ကြီးစွာ ခေါင်းကိုက်ရလေသည်။ စစချင်းတုန်းကတော့ သူ့အနေဖြင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်နိုင်၊ မနိုင်သာ ကြည့်ရှုဖို့ ဖြစ်သည်။ သူက ၎င်းအစီအရင်ကို အောင်မြင်စွာ ပြန်ပြုပြင်နိုင်ခဲ့ပါက ၎င်းကို အသုံးပြု၊ မပြု ထပ်စဉ်းစားကြည့်အုံးမည်သာ။ အခုတော့ သူ့မှာ ထိုအစီအရင်ကိုသာ အသုံးပြုရမည့်ကိန်း ဆိုက်နေလေပြီ။
“အကောင်းဆုံးကတော့ ငါ အဆင်မပြေရင် ပြန်လာရုံပေါ့။ အဆိုးဆုံးကတော့…။ အင်း…တကယ်တော့ ဒီရွေးချယ်မှုဟာလည်း အန္တရာယ်တော့ ရှိနေသေးတာပါပဲ…”
ဟန်လိသည် ခါးသက်သက်ပြုံး၍ ထိုသို့ တွေးမိလေတော့သည်။