← Chapters

မထင်မှတ်ဘဲကြုံရဆုံရခြင်း

Vol. 26 Ch. 359

မထင်မှတ်ဘဲကြုံရဆုံရခြင်း

Vol. 26 Ch. 359

ဆုံးဖြတ်ပြီးသည့်နောက်မှာတော့ ဟန်လိသည် သည်တောင်ကနေ တိတ်တဆိတ် ပျံသန်းထွက်လာခဲ့တော့သည်။

ရေကန်ဖြူတောင်ကနေ ထွက်လာပြီးနောက်မှာ ဦးဆုံးအနေဖြင့် ဟန်လိသည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြုပြင်ဖို့ သူ့အတွက် လိုအပ်သော ပစ္စည်းအမယ်များကို ဝယ်ယူရန် ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့သို့ သွားခဲ့ပေသည်။ ထို့နောက်တွင်တော့ သူသည် ယွဲ့ဒေသထံ အလျင်အမြန် ထွက်လာခဲ့တော့သည်။

သည်တစ်ကြိမ်၌ ဟန်လိသည် ယွဲ့ဒေသသို့ တိုက်ရိုက်မဝင်ပေ။ သူက ယွမ်ဝူဒေသနှင့် ယွဲ့ဒေသတို့ကြားရှိ လူသူကင်းရှင်းသော နယ်စပ်နေရာကနေသာ ကွေ့ပတ်၍ ခိုးကြောက်ခိုးဝှက် ဝင်လာခဲ့သည်။ အခု ယွဲ့ဒေသမှာ မိစ္ဆာတာအို၏ အပိုင် ဖြစ်နေလေပြီ။ သူက ရန်သူများနှင့် မတွေ့အောင် အင်မတန် သတိထားကာ သွားလာနေရသည်။

သို့သော် မထင်မှတ်စွာဖြင့် ဟန်လိသည် မိစ္ဆာတာအိုဂိုဏ်းဝင်များကို ရှောင်ရှားနိုင်ခဲ့ပေသည်။

ခုလက်ရှိတွင် ယွဲ့ဒေသ၏ နယ်စပ်နေရာအများစုတွင် တင်းကြပ်သော ကင်းများ ရှိနေပေသည်။ သူသည် သူ၏မူလလမ်းကြောင်းအတိုင်း အဆင်အခြင်မဲ့စွာ ဝင်လာခဲ့ပါ သူတို့လက်ကနေ လွတ်နိုင်လိမ့်မည် မဟုတ်ပေ။ ရှောင်လွှဲမရဘဲ တိုက်လားခိုက်လား လုပ်ရဖို့များသည်။

ယွဲ့ဒေသထဲ ဘေးကင်းကင်းနှင့် ဝင်လာခဲ့ပြီးနောက်မှာတော့ ဟန်လိသည် သူ ရှာတွေ့သမျှ လူသူအကင်းမဲ့ဆုံးနေရာများကနေ လှည့်ပတ်လာခဲ့ပြီး နောက်ဆုံး၌ မည်သူမျှ သတိမပြုမိလေဘဲ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ရှိနေသော စိတ်ဝိညာဉ်ကျောက်မိုင်းနားသို့ ရောက်လာခဲ့တော့သည်။

သူသည် ထိုကျောက်မိုင်းကို အဝေးကနေ ပုန်းလျှိုးကွဲလျှိုး လေ့လာကြည့်နေသည်။ ခုဆို သည်မိုင်းတွင်းမှာ မိစ္ဆာတာအိုလက်ထဲ ကျရောက်နေလေပြီ။ သူက မိစ္ဆတာအိုတပည့်များကို မြင်သည်။ ထိုတပည့်များက အင်္ကျီလက်အိုးထောင့်များ၌ မက်မွန်ပန်းပုံ ထိုးထားသော အဖြူရောင်ဝတ်စုံနှင့် တပည့်များရယ်၊ အစိမ်းရင့်ရောင်အရိုးခေါင်းပုံနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားကြသော တပည့်များ ဖြစ်ကြသည်။ သူတို့သည် တစ္ဆေဝိညာဉ်ဂိုဏ်းနှင့် ဟာမိုနီနှောင်ကြိုးဂိုဏ်းတို့မှ ဖြစ်ပုံရသည်။

သည်စိတ်ဝိညာဉ်ကျောက်မိုင်းကို စောင့်ကြပ်နေမှန်း သိရပြီးနောက် ဟန်လိသည် ခိုးကြောင်ခိုးဝှက်ဖြင့် အနီးအနားရှိ လျှို့ဝှက်မြေအောက်ဝင်ပေါက်ထဲ ဝင်လာခဲ့သည်။

သူသည် အရင်တုန်းက ပြိုကျခဲ့သော ဖုံးကွယ်နေသည့်လှိုဏ်ဂူကို လွယ်လင့်တကူ ရှာတွေ့နိုင်ခဲ့သည်။ သူ၏ မှော်လက်နက်များဖြင့် ကျောက်စကျောက်နများကို ဖယ်ရှားပြီးသည့်နောက်မှာတော့ ဟန်လိသည် ထိခိုက်ထားသော ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အား ထပ်မြင်ရလေပြီ။ ထိုအစီအရင်သည် အရင်တုန်းကအတိုင်းသာ ရှိနေသေးတာကို မြင်ရမှ သူလည်း စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။

နောက်နေ့များတွင်တော့ ဟန်လိသည် အရင်ဆုံး သည်လျှို့ဝှက်နေရာကို ဖုံးကွယ်ဖို့ ပုံရိပ်ယောင်အစီအရင်အလံများကို ချခင်းနေရာချသည်။ ယင်းနောက် သူသည် ဒြပ်စင်ငါးခု အစီအရင်အလံများနှင့် အစီအရင်သတ္တုပြားများကို နေရာချကာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ရှိနေသော အနှီလှိုဏ်ဂူကို အကာအကွယ် ဖန်တီး၏။

သို့မှသာ မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများက သူ့ကို ရှာတွေ့သွားခဲ့လျှင်ပင် သူ့အနေဖြင့် လွယ်ကူစွာ ထွက်ပြေးနိုင်ဖို့ လုံလောက်သောအချိန် ရပေလိမ့်မည်။ စိုးရိမ်ပူပန်မှု ကင်းသွားသည်နှင့် ဟန်လိက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပြန်ပြုပြင်ဖို့ကို စတင်လေသည်။

ရှင်းယုယင်ထံမှ ရခဲ့သော ကျောက်စိမ်းပြားထဲ၌ သည်အစီအရင်ကို ပြန်ပြုပြင်ခြင်းသည် အလွန်တရာ တိကျသေချာဖို့ လိုသည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ နည်းနည်းပါးပါး မှားသွားခဲ့လျှင်ပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ ချို့ယွင်းချက်တစ်ခု ဖြစ်သွားနိုင်သည်။

ရက်အတော်အတန် ကုန်ဆုံးပြီးသည့်နောက်မှာတော့ ဟန်လိသည် ပြန်ပြုပြင်ခြင်းကို တဝက်ထိပင် မလုပ်ဆောင်နိုင်သေးပေ။ သည်ည၌ ဟန်လိမှာ ပြဿနာကြီးတစ်ခု ကြံရလေပြီ။ သူ ဝယ်ယူလာခဲ့သော အစီအရင် ပြုပြင်ဖို့ လိုအပ်သော ကုန်ကြမ်းအမယ်များသည် ကုန်သွားတာ ဖြစ်၏။ ဟန်လိမှာ မျက်ကလူးဆန်ပြာ ဖြစ်ရချေပြီ။ သူသည် အစတည်းက လိုအပ်သော ပစ္စည်းများထက် အနည်းငယ်ပို၍ ဝယ်ခဲ့တာ ဖြစ်သည်။ သို့သော် သူသည် အစီအရင်ကို ပြုပြင်နေစဉ်အတွင်း အမှားမှားအယွင်းယွင်းဖြစ်၍ သတ္တုအမယ်များ အချည်းနှီးဖြစ်ကုန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သူသည် မှော်ပစ္စည်းသန့်စင်ခြင်း၊ သို့မဟုတ် အစီအရင်မန္တာန်တို့တွင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ခဲ့ပေ။ သူ့၌ ထိုသို့သော ကျွမ်းကျင်မှု မရှိလေသည့်အခါ ပြုပြင်ခြင်းတွင် အမှားများစွာ လုပ်မိခဲ့ပြီး လုံလောက်သော သတ္တုအမယ်ကုန်ကြမ်းများ မကျန်တော့သည့်အထိ ဖြစ်နေတာပင်။ သူ သက်ပြင်းချ၏။ ကြည့်ရတာ သူ နောက်ထပ် ခရီးတစ်ထောက် ထွက်ရအုံးမည့်ပုံ ပေါ်သည်။

သို့ပေမည့် သူက သည်ကျောက်မိုင်း၏ အရှေ့ဘက်သို့ ရက်အနည်းငယ် သွားလျှင် ကျင့်ကြံခြင်းဂိုဏ်းတချို့၏ မြို့လေးတစ်မြို့ ရှိတာကို အမှတ်ရသွားသည်။ ထိုမြို့သည် မကြီးမားသော်လည်း သံနှင့်သလင်းတို့ကိုတော့ ရနိုင်လောက်သည်။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အမြုတေ မပျက်စီးသွားသေးသ၍ သူသည် ၎င်းကို ပြုပြင်ဖို့အတွက် ပုံမှန်သတ္တုအမယ်တချို့သာ လိုအပ်လိမ့်မည် ဖြစ်သည်။

သူ့အတွက် တစ်ခုတည်းသော ပူပန်စရာကတော့ ခုလက်ရှိ ယွဲ့ဒေသကျင့်ကြံခြင်းလောကမှာ ဗရမ်းဗတာ ဖြစ်နေ၍ ထိုမြို့ငယ် မတည်ရှိတော့လောက်မှာ ဖြစ်၏။ ထိုသို့သာဆိုပါက သူ့အနေဖြင့် ပိုအန္တရာယ်များသော နေရာများကို သွားရပေလိမ့်မည်။

ညအမှောင်ကို အကာအကွယ်ယူကာ ဟန်လိသည် လှိုဏ်ဂူထဲကနေ ပျံသန်းထွက်လာပြီး ယင်းမြို့ငယ်ထံ တိုက်ရိုက် ဦးတည်လာသည်။ သူက ထိုမြို့ငယ် မတည်ရှိတော့ပါက ယွမ်ဝူဒေသသို့ ပြန်တာကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ထားပြီးပင်။ တစ်ဝက်လောက်သာ ပြင်၍ ပြီးသေးသော ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုတော့ သည်အတိုင်းသာ ထားခဲ့ရလိမ့်မည်။ မတတ်နိုင်တော့ပေ။

ဘေးကင်းဖို့အတွက် ဟန်လိသည် ညပိုင်းသာ ခရီးနှင်ဖို့ စီစဉ်ထားသည်။ နေ့ခင်းအခါတွင် သူက အနားယူအားဖြည့်ဖို့ နေရာများ ရှာပြီး တတ်နိုင်သမျှ အန္တရာယ်ကို လျော့နည်းစေသည်။

ထိုသို့ဖြင့် ဟန်လိသည် ညအမှောင်ကို အကာအကွယ်ယူကာ အရှေ့ဘက်သို့ ဆက်၍ ပျံသန်းလာခဲ့၏။ ‌နေအလင်းရောင်ခြည်က မိုးကုပ်စက်ဝန်း၌ သမ်းလာသည်နှင့် သူက အနားယူဖို့ နေရာတစ်ခု ရှာမည်။

သို့သော် ဟန်လိသည် အပေါ်သို့ မော့ကြည့်နေရင်း သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက အလျင်အမြန် တခြားနေရာတစ်ခုထံ ခေါင်းလှည့် ကြည့်၏။ တစုံတစ်ယောက်က သူ့ထံ အလျင်အမြန် ပျံသန်းလာသည်ဟု ဟန်လိက ခပ်ရေးရေး ခံစားမိသည်။ သူ့ရှိရာဘက်သို့ လာနေသူများမှာ တစ်ယောက်တည်း မဟုတ်လောက်ပေ။

ဟန်လိက သူ၏ နတ်လေလှေပေါ်ကနေ ချက်ခြင်း ခုန်ဆင်းကာ အောက်ဘက်သို့ ပျံသန်းလာ၏။ မျက်စိတမှိတ်အတွင်း သူက ညအမှောင်ထုထဲ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

သူက သူ့ကိုယ်သူ ပုန်းကွယ်ပြီး သူ၏ စိတ်ဝိညာဉ်ချီတို့ကို ထိန်းချုပ်ထားပြီးရုံ ရှိသေး မျက်စိစူးလောက်မည့်အလင်းတစ်ခုက သူ့ကို ဖြတ်ကျော်သွားလေ၏။

ထို့နောက်တွင် ယင်းအလင်းတန်းနောက်သို့ ဆယ်မီတာလောက်အကျယ်ရှိမည့် သွေးတိမ်တိုက်တစ်ခုက တစ္ဆေငြီးသံများကို ထုတ်လွှတ်လျက် သူ့အပေါ်ကနေ ဖြတ်သန်းသွားသည်။ ခပ်တိုးတိုး အော်သံများကို ထုတ်လွှတ်နေသော ပန်းရောင်အလင်းတန်းတစ်ခုသည်လည်း အလားတူသာ။

အောက်ဘက်ရှိ တောအုပ်ထဲ၌ ပုန်းကွယ်နေသော ဟန်လိက အဖြူရောင်အလင်းတန်းကို အရေးမထား၊ သွေးတိမ်တိုက်ကိုသာ အာရုံစိုက်နေ၏။ သူက ထိုသွေးတိမ်တိုက်ကို အတော်လေး ရင်းနှီးသလို ခံစားနေရသည်။ ယင်းနတ်ဆိုးပညာရပ်ကား တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေး၏ အကာအကွယ် ပညာရပ် မဟုတ်လား။

ထိုသခင်လေး ဖြစ်သူ၏ ရက်စက်မှု၊ ကြမ်းလှမှုတို့ကို ခက်ခဲလှစွာ ဖြတ်ကျော်ခဲ့ရဖူးသည့်အကြောင်း ပြန်အမှတ်ရသွားပြီး ဟန်လိ၏ အမူအရာမှာ သုန်မှုန်လာတော့သည်။

ဟန်လိသည် ထိုသို့တွေးနေစဉ် ယင်းအလင်းတန်းများသည် ကောင်းကင်ထက်ကနေ အလျင်အမြန် ဆင်းသက်လာသည်။ ရှေ့မှ အဖြူရောင်အလင်းက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက်တွင် တောက်ပသော အလင်းသည် အလျင်အမြန် လွင့်ပြယ်သွားကာ ဓားပျံပေါ်တွင် ရပ်နေသော အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်၏အသွင် ပေါ်လာသည်။

ထိုအမျိုးသမီးသည် သွယ်လျသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမက ပေါ်လာသည်နှင့် နောက်မှ လိုက်လာသူများထံ အေးစက်စက် လှမ်းပြောသည်။

“ဂျူနီယာတွေ…ကြည့်ရတာ နင်တို့က ငါ့ကို မလွှတ်ပေးချင်တဲ့ပုံပဲ။ နင်တို့ သေချင်နေတာလား…”

ထိုအမျိုးသမီး၏ အသံက လှလည်းလှ အေးလည်း အေးစက်၏။ သူမ၏အသံကို ကြားရသည့်အခါ ဟန်လိသည် အလန့်တကြားဖြင့် ထခုန်မတတ် ဖြစ်မိသွားသည်။

ကြီးစွာ တုန်လှုပ်သွားပြီး ဟန်လိက တွေးလိုက်မိသည်။ “ဒါက နတ်သမီး နန်းကုန်းရဲ့ အသံများလား။ တကယ်ပဲ သူမလား…”

သူက ထိုအမျိုးသမီးဟုသာ ပြောလိုက်ရုံ ဖြစ်သော်လည်း သူမနှင့် အတူတူ အိပ်ခဲ့ပြီးနောက် သူမမှာ ဟန်လိ၏ ဘဝတွင် အရေးပါဆုံးသော အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပြီးပင်။ သူမနှင့် အတူရှိခဲ့ဖူးသော မှတ်ဉာဏ်တို့က သူ့စိတ်ထဲမှာ ရှင်းလင်းစွာ ရှိနေသေးသည်။ ထို့အပြင် သည်အမျိုးသမီး၏ အသံက နန်းကုန်းဝူ၏ အသံနှင့် အလွန်တူနေသော်လည်း သူ့ကို နည်းနည်းတော့ သံသယ ဖြစ်မိစေသည်။

ထိုစဉ်မှာပင် သွေးတိမ်တိုက်နှင့် ပန်းရောင်တိမ်တိုက်တို့သည် သူမ၏ ချိန်းခြောက်မှုကို တုန့်ပြန်သည့်အနေဖြင့် မီတာလေးဆယ်လောက်အကွာမှာ ရပ်သွားကြသည်။ ၎င်းတို့ လွင့်ပြယ်သွားပြီးနောက် အတွင်းရှိ လူသုံးယောက် ပေါ်လာသည်။

ထင်ထားသည့်အတိုင်းပင် သွေးတိမ်တိုက်သည် တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေး ဝမ်ချန် ဖြစ်နေသည်။ ပန်းရောင်အလင်းကမူ ဟန်လိကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်နေသည်။

သူသည် ထိုနှစ်ယောက်လုံးကို ယန်လင်းမျှော်စင်တွင် နောက်ဆုံးအကြိမ် မြင်ခဲ့ရတာ ဖြစ်၏။ တစ်ယောက်မှာ အမျိုးသမီးတစ်ယောက်နှယ် လှပချောမောသော နတ်ဆိုးဆန်သည့် အမျိုးသားတစ်ယောက် ဖြစ်သည်။ အမျိုးသမီးဖြစ်သူကတော့ ပျောက်နေတာ အချိန်အတော်ကြာပြီ ဖြစ်သော မိစ္ဆာတာအို၏ လက်ထဲ ကျရောက်သွားသည်ဟု ယူဆ၍ရသော တုန်ရွှမ်အာ ဖြစ်နေချေသည်။

တုန်ရွှမ်အာသည် အေးစက်စက်ဟန်ပန်ဖြင့် ရှိနေ၏။ သူမ၏ အရင်တုန်းက ကလက်တက်တက်ဟန်အမူအရာသည် လုံးဝ ပျောက်ကွယ်နေသည်။ သို့သော် ဟန်လိကို အံ့အားသင့်စေသည်မှာ သူမ၏ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်သို့ ရောက်နေတာ ဖြစ်၏။ ဟန်လိသည် တုန်ရွှမ်အာက နတ်ဆိုးဆန်သောလူ၏ ဘေးတွင် ရပ်နေတာ မြင်သည့်အခါ မျက်မှောင်တင်းကြပ်စွာ မကြုံ့မိဘဲ မနေနိုင် ဖြစ်ရသည်။

ထိုအခိုက်တွင် တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးနှင့် ကျက်သရေ ရှိလှသော ထိုအမျိုးသားတို့သည် မျက်နှာဖုံးတပ်ထားသော အမျိုးသမီးကို အေးတိအေးစက် စိုက်ကြည့်နေလျက် ချီတုံချတုံ ဖြစ်နေသည့်ဟန် ပေါ်သည်။ နတ်သမီးနန်းကုန်းသည် တစ္ဆေဝိညာဉ်ဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ပြီး စွမ်းအား ကင်းမဲ့နေလောက်ပြီ ဖြစ်သော်လည်း သူမသည် အရင်တုန်းက လမျက်နှာဖုံးဂိုဏ်းအတွက် မိစ္ဆာတာအိုအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများစွာကို သတ်ဖူးခဲ့သူ မဟုတ်လား။ သူမကို သုတ်သင်နိုင်ဖို့အတွက် သူတို့အသက်ပါ ရင်းရမည်ဆိုလျှင်တော့ ထိုက်တန်လိမ့်မည် မဟုတ်ပေ။

ထိုအတွေးဖြင့် သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားသည်။ သူတို့ထဲက မည်သူကမျှ စမလှုပ်ရှားချင်ကြပေ။

ကျက်သရေရှိလှသော အမျိုးသားသည် မျက်နှာဖုံးနှင့်အမျိုးသမီးကို ပြုံးယောင်ယောင် လုပ်၍ လှမ်းကြည့်ကာ ပြော၏။

“အတိတ်တုန်းကဆိုရင်တော့ စီနီယာအစ်ကိုဝမ်နဲ့ ကျုပ်တို့က နတ်သမီးနန်းကုန်းကို မြင်တာနဲ့ ထွက်ပြေးရမှာ သေချာတာပေါ့။ ဒါပေမဲ့ ခုတော့ ကျုပ်က လမျက်နှာဖုံးဂိုဏ်းနဲ့ ဟာမိုနီနှောင်ကြိုးဂိုဏ်းတို့ကြား အရင်က ပတ်သတ်မှုကို ထည့်စဉ်းစားပြီး ခင်ဗျားကို လွှတ်ပေးချင်ဆယ်ဆိုရင်တောင် တစ္ဆေဝိညာဉ်ဂိုဏ်းက စီနီယာအစ်ကိုဝမ်ကတော့ ဒါကို လက်ခံနိုင်လိမ့်မယ် မထင်ဘူး…”

ရုပ်ချောချောသူသည် တစ်ယောက်နှင့်တစ်ယောက် အတော်လေး ရင်းနှီးနေသည့်အလား ထိုသို့ ပြောလာသည်။ သို့သော် သူသည် တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးကိုတော့ သူ့ရှေ့မှာ ဒိုင်းတစ်ခုဖြစ်စေရန် ဆွဲထည့်ကာ ပြောလာ၏။

ဝမ်ချန်က သည်စကားကို ကြားသည့်အခါ ဒေါသပုန်ထသွားသည်။

သို့သော် သူသည် စိတ်ခံစားချက်များကို ပြတတ်သောသူ တစ်ယောက် မဟုတ်ပေ။ သူက သူမထံ အေးစက်စက် လှမ်းကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ကျုပ် ကြားတာကတော့ ဟာမိုနီနှောင်ကြိုးဂိုဏ်းမှာ လနက်ယင်စုပ်ယူခြင်းလို့ ခေါ်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခု ရှိတယ်တဲ့။ အမျိုးသားကျင့်ကြံသူတစ်ယောက် အမျိုးသမီးတစ်ယောက်ရဲ့ မူလယင်ဓာတ် အစိတ်အပိုင်းတစ်ခုကို စုံတွဲကျင့်ကြံမှုပညာရပ်ကနေ တဆင့် စုပ်ယူနိုင်တယ်တဲ့။ အဲ့လိုဆို ခုလက်ရှိ သခင်လေးထျန် ကြုံနေရတဲ့ အဆင့်တစ်ဆို့မှုကို ချိုးဖျက်ပြီး အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်ကို ရောက်ဖို့ လုံလောက်မယ် မဟုတ်လား…”

ကျက်သရေရှိစွာ ချောမောလှသော ထိုအမျိုးသား၏ အမူအရာမှာ မသိမသာ ဖြူရောသွားသည်။ သူသည် ထိုအမျိုးသမီးနန်းကုန်နောက်သို့ အသည်းအသန် လိုက်လာရသော အကြောင်းရင်းကို ဝမ်ချန်က ဖြတ်မြင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူသည် ရှက်သွားရာကနေ ဒေါသပါ မထွက်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ထိုအခိုက်တွင် လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီးသည် မကျေမချမ်းဖြင့် သူတို့ထံ တချက်လှမ်းကြည့်သည်။ သူမက အံတင်းတင်းကြိတ်ကာ လှမ်းအော်သည်။

“မင်းတို့အကုန်လုံးက မကောင်းတဲ့ကောင်တွေပဲ။ သေလိုက်ကြတော့…”

သူမက လက်ပင့်မြှောက်၏။ မြေကမ္ဘာအက်ကွဲလေသည့်နှယ် ဓားအလင်းတန်းများသည် သူတို့ထံ တိုးဝင်လာ၏။

ဝမ်ချန်နှင့် ကျက်သရေရှိသောအမျိုးသားတို့က ထိုသည်ကို မြင်သည့်အခါ သူတို့သည် အလန့်တကြား ဖြစ်ကုန်သည်။ ချက်ခြင်းပင် သူတို့သည် သွေးတိမ်တိုက်နှင့် အလင်းတန်းတစ်ခုအဖြစ်သို့ အသီးသီး ပြောင်းလဲကာ သည်တိုက်ခိုက်မှုကနေ အသည်းအသန် ရှောင်ရှားကြသည်။

( မှတ်ချက်….တုန်ရွှမ်အာသည် အဝါရောင်မေပယ်တောင်ကြား၏ သိုင်းဒေါ်လေးဟုန်ဖူ၏ တူမ ဖြစ်ချေသည်။ သူမ၏ အကြောင်းကို အခန်း(၂၄၄) တွင် ဖော်ပြထားခဲ့ပါသည်။ )

All Chapters