ဘေးဒုက္ခ ရောက်ရလေပြီ
Vol. 26 Ch. 360
ကျက်သရေရှိသောအမျိုးသား၏ ဘေးတွင် ရပ်နေသော တုန်ရွှမ်အာမှာလည်း သူ၏ သက်တံအရံအတားနှင့် ခြုံလွှမ်းပေးခြင်းကို ခံရသည်။ ချက်ခြင်းပင် သူတို့သုံးယောက်က နောက်သို့ ဆုတ်သည်။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ထံမှ တိုက်ချက်သည် သူတို့သုံးယောက် တောင့်ခံနိုင်သော အရာ မဟုတ်လေပေ။
ဓားအလင်းကား ကောင်းကင်တွင် ပြည့်နှက်နေပြီး မီတာလေးဆယ်ကျော်တွင် ရှိနေသော ထိုသုံးယောက်ထံ ချဉ်းကပ်လာစဉ် ရုတ်တရက် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ တချိန်တည်းမှာ သူမ၏ သွယ်လျသောခန္ဓာကိုယ်မှာ ယိမ်းထိုးသွားလေသည်။ ဓားပျံပေါ်ကနေပင် ပြုတ်ကျတော့မလား။
တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးနှင့် ကျက်သရေရှိသောအမျိုးသားတို့က ထိုသည်ကို မြင်သည့်အခါ သူတို့သည် အားရဝမ်းသာ ဖြစ်ကာ နောက်ဆုတ်နေရာကနေ ရှေ့သို့ တိုးဝင်လာတော့သည်။ အောက်ဘက်ကနေ ကြည့်နေသော ဟန်လိ၏ မျက်နှာမှာ တင်းခံသွားပြီး သူက သူ့သိုလှောင်အိတ်ကို အလိုအလျောက် ပုတ်မိသည်။
အနီရောင်အမျှင်အရိပ်အပ် ဆယ့်သုံးစင်းသည် ပျံသန်းထွက်လာပြီး သူ့လက်နှစ်ဖက်ဖြင့် ၎င်းတို့ကို အလျင်အမြန် ဆွဲငင်ယူသည်။
ဟန်လိသည် အန္တရာယ်ကျရောက်ရလျှင်ပင် နန်းကုန်းဝမ်ကိုတော့ သူ့မျက်စိရှေ့မှာ ထိခိုက်ခွင့် ပေးနိုင်မည် မဟုတ်ပါ။
သူက သူ့ကိုယ်သူသာ အဓိကထားပြီး အေးစက်စက်စိတ်နှလုံး ပိုင်ဆိုင်ထားသည် ဖြစ်စေ သူ့အနေဖြင့် သူမအတွက်တော့ ဝင်ပါရလိမ့်မည်သာ။ သူ့စိတ်ထဲ၌လည်း ဝင်ပါချင်စိတ်တို့သာ ကြီးစိုးနေလေ၏။ ဟန်လိက လှုပ်ရှားကာ မျက်နှာဖုံးနှင့်အမျိုးသမီးကို ကယ်တင်ဖို့ငှာ အပ်များကို ထုတ်လွှတ်ရန် ဟန်ပြင်စဉ် ကောင်းကင်သည် ရုတ်ချည်း ပြောင်းလဲသွားသည်။ အစောပိုင်းတုန်းက ဓားပေါ်တွင်
ဟန်လိက သည်အမျိုးသမီးကို ကယ်တင်ဖို့ အပ်ပျံများကို ထုတ်လွှတ်ရန် ဟန်ပြင်စဉ် ကောင်းကင်သည် ရုတ်ချည်း ပြောင်းလဲသွားသည်။
ဝမ်ချန်နှင့် ကျက်သရေရှိသောအမျိုးသားတို့၏ အမူအရာများသည် ဖြူရောကုန်သည်။ သူတို့သည် သူမ၏ လှည့်ကွက်ထဲ ကျရောက်သွားပြီမှန်း ချက်ခြင်း သိလိုက်၏။ သို့သော် သူတို့က ထွက်ပြေးချင်လျှင်ပင် နောက်ကျသွားခဲ့လေပြီ။
ထိုအမျိုးသမီးက သူမ၏လက်နှစ်ဖက်ကို ပင့်မြှောက်ပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများကို လေထဲတွင် ရုန်းကြွလာစေကာ ထိုသုံးယောက်လုံးအား တောက်ပသောအဖြူရောင်အလင်းသည် လုံးဝ ထွေးခြုံသွားတော့သည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက စိတ်အေးသွားပြီး အပ်ပျံများ ခပ်တင်းတင်း ဆုပ်ကိုင်ထားသော သူ့လက်ကို ဖြေလျှော့၏။
မျက်နှာဖုံးနှင့်အမျိုးသမီး၏ ဓားအလင်းကနေ ကောင်းကင်သည် မီးခိုးရောင်တောက်ပသည်။ သွေးတိမ်တိုက်နှင့် ပန်းရောင်အလင်းတို့သည် ၎င်းမီးခိုးရောင်အလင်းကြား မုန်တိုင်းကြားက လှေငယ်နှယ် ရုန်းကန်နေရသည်။ သို့သော် သူတို့သည် နာကျင်စွာဖြင့် တောင့်ခံထားနိုင်ကြတုန်းပင်။ အထူးသဖြင့် ကျက်သရေရှိသော အမျိုးသား ထုတ်လွှတ်သော ပန်းရောင်အလင်းနှင့် တုန်းရွှမ်အာ ထုတ်လွှတ်သော ထူးခြားသည့် မိုးပြာနီအလင်းတို့မှာ ဓားအလင်းတိုက်ခိုက်မှုကို အံတူနိုင်နေသည်။
ဟန်လိသည် မျက်မှောင် မသိမသာ ကြုံ့ကာ ခေါင်းငုံ့ကာ စဉ်းစားသည်။ ထို့နောက် သူသည် တိတ်တဆိတ် ပျောက်ကွယ်သွား၏။ ထိုစဉ်တွင် မျက်နှာဖုံးနှင့်အမျိုးသမီးမှာ အတော်လေး ပူပန်နေလေပြီ။
သူမသည် မိစ္ဆာတာအိုကျင့်ကြံသူများကို ဖိနှိပ်နိုင်သော်လည်း ခုလက်ရှိ သူမ၏ တိုက်ခိုက်မှုက သည်သုံးယောက်ကို သုတ်သင်ဖို့ကတော့ မလုံလောက်သေးပေ။
မကြာသေးခင်က သူမသည် မိစ္ဆာတာအိုအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်နှင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရသေးသည်။ သူမ၏ ရန်သူက တိုက်ပွဲအတွင်း အပြန်အလှန်ပျက်စီးစေခြင်းဖြင့် သူမ၏ မှော်စွမ်းအားများကို လျော့ပါးလွင့်ပါးသွားစေနိုင်ခဲ့သည်။ သူမက ဝိုင်းဝန်းပိတ်ဆို့ထားရာကနေ ထွက်ပြေးလာနိုင်ခဲ့သော်လည်း သူမ ရခဲ့သော ဒဏ်ရာများက အတော့်ကို စိုးရိမ်စရာပင်။
ပိုဆိုးသည်မှာ သူမ၏ စိတ်ဝိညာဉ်နှင့် ချည်နှောင်ထားသော မှော်ရတနာမှာ ထိုတိုက်ပွဲမှာတုန်းက အပြင်းအထန် ထိခိုက်ပျက်စီးသွားခဲ့ခြင်းပင်။
ထို့အပြင် သူမသည် နောက်မှ လိုက်လံခံရသောကြောင့် ထွက်ပြေးနိုင်ဖို့အတွက် သူမ၏ အသက်ဓာတ်ကို ထိခိုက်စေသော လျှို့ဝှက်ပညာရပ်တစ်ခုကိုလည်း အသုံးပြုခဲ့ရသေးသည်။
သူမသည် သူမ၏နောက်မှ လိုက်လံတိုက်ခိုက်သော လူအများစုကို ချန်ထားနိုင်ခဲ့သော်လည်း သူမသည် ထူးခြားသော မိစ္ဆာပညာရပ်များ ပိုင်ဆိုင်ထားသည့် သည်သုံးယောက်ကတော့ ဆက်၍ လိုက်လံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် သူမသည် ထိုသုံးယောက်ကို သုတ်သင်မှ ဖြစ်ပေတော့မည်။ မဟုတ်ပါက သူမသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် လျှို့ဝှက်ပညာရပ်၏ သက်ရောက်မှု ကုန်ဆုံးသည်နှင့် သားကောင် ဖြစ်သွားပေလိမ့်မည်။
သူမ သည်နေရာမှာ ရပ်လိုက်ရသည့်အကြောင်းရင်းမှာ သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် ကျင့်ကြံသူတစ်ယောက် ဒီနားဝန်းကျင်မှာ ရှိနေသည်ဟု ခံစားမိခဲ့သောကြောင့်ပင်။ ထိုသူက မည်သူမှန်း မသိသော်လည်း မိစ္ဆာအော်ရာတော့ ရှိမနေခဲ့ပေ။
ထို့အပြင် ထိုသူမှာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်တွင် ရှိနေပေသည်။ သူက ဂိုဏ်းကြီးတစ်ခုမှ မဟုတ်ခဲ့လျှင်ပင် တခြားသော မဟာမိတ်ဂိုဏ်းများမှ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်လောက်သည်။ အကူအညီမဲ့သော အခြေအနေ၌ သူမသည် ထိုကျင့်ကြံသူကိုပါ သည်အရှုပ်ထဲ ဆွဲထည့်ကာ အခြေအနေကို ပိုကောင်းရန် မျှော်လင့်ကာ သည်နေရာမှာ ရပ်ခဲ့တာ ဖြစ်လေသည်။ သို့သော် သူမက ထိုသူ၏ စိတ်ဝိညာဉ်အာရုံမှာ အားကောင်းလွန်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ထိုသူသည် သူ့ကိုယ်သူ မဖော်ပြလေဘေဲ အဝေးမှာသာ ပုန်းနေလေ၏။
ဤသို့ဖြင့် သူမသည် တကိုယ်တော်သာ အံတင်းတင်းကြိတ်၍ ရန်သူများကို ရင်ဆိုင်ဖို့သာ ရှိလေတော့သည်။ သို့သော် သူမရှေ့မှ မိစ္ဆာတာအိုကျင့်ကြံသူ သုံးယောက်သည် ဉာဏ်များကာ ထူးခြားကောင်းမွန်သော အကာအကွယ်ပညာရပ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူမသည် လက်ကျန်စွမ်းအားအားလုံးကို အသုံးပြုခဲ့လျှင်ပင် သူတို့သုံးယောက်ကို အလျင်အမြန် သတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သူမ၏ အဆင့်မြင့် အဆောင်များနှင့် မှော်လက်နက်များကမူ ပြီးခဲ့သော တိုက်ပွဲများမှာတည်းက ကုန်ခမ်းသွားခဲ့လေပြီ။ သူမ၏ မှော်စွမ်းအားမှာ ကုန်ခမ်းတော့မည်ဟု ခံစားမိပြီး စိတ်နှလုံး ချောက်ခြားမိလာ၏။
ဓားအလင်းကို အသည်းအသန် ခုခံနေသော မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများသည် ယင်းဓားအလင်းများ၏ စွမ်းအားက တဖြည်းဖြည်း အားနည်းလာပြီး လုံးဝ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရ၏။ ထိုသုံးယောက်မှာ မင်သက်သွားကြပြီး မျက်နှာဖုံးနှင့်အမျိုးသမီးထံ ချက်ခြင်း လှမ်းကြည့်ကြသည်။ သူမက ဓားပျံပေါ်တွင် ရပ်နေနိုင်ရုံလောက်သာ။ သူမ၏ခန္ဓာကိုယ်မှာ သနားစရာ ကောင်းလောက်အောင် တုန်ရင်နေလေ၏။
ဝမ်ချန်နှင့် ကျက်သရေရှိသော အမျိုးသားတို့သည် တစ်ယောက်နှင့်တစ်ယောက် ကျေနပ်အားရစွာ ကြည့်လိုက်မိကြသည်။ သို့သော် သူတို့သည် ချီတုံချတုံ ဖြစ်နေသေးပြီး အလျင်စလို မလှုပ်ရှားဝံ့သေးပေ။ ထိုအခိုက်တွင် အောက်ဘက်မှ အဖြူရောင်အလင်းတန်းတစ်ခုသည် လျှပ်စီးတန်းနှယ် ပျံသန်းတိုးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအလင်းသည် မျက်နှာဖုံးနှင့်အမျိုးသမီးရှေ့မှာ ပေါ်လာသည်။ သူမ၏ ခါးကို အဖြူရောင်အလင်းက ထွေးပွေ့သွားပြီးနောက် ၎င်း ဆင်းသက်လာသော နေရာထံ ရုတ်တရက် ပြန်ဆင်းသက်သွားသည်။ ထိုမြင်ကွင်းက ဝမ်ချန်နှင့် ကျက်သရေရှိသော အမျိုးသားတို့ကို ဒေါသတကြီး ဖြစ်သွားစေ၏။
သူတို့နှစ်ယောက်သည် ပါးစပ်ထဲ ရောက်ခါနီး သားကောင်ကို ဘယ်လွှတ်ပေးပါ့မည်နည်း။ သူတို့သည် ချက်ခြင်းပင် အဖြူရောင်အလင်းနောက်သို့ လှုပ်ရှားမှုပညာရပ်များ အပြည့်အဝ သုံးကာ ချက်ခြင်း လိုက်လံသည်။ သို့သော် တုန်ရွှမ်အာကမူ မူလနေရာတွင်သာ တုန်လှုပ်သည့်ဟန်ပန်ဖြင့် ဆက်ရှိနေခဲ့သည်။ အကြောင်းမှာ ထိုအဖြူရောင်အလင်းအရိပ်ကို သူမအနေဖြင့် အလွန်ရင်းနှီးသောကြောင့်ပင်။ သို့ဖြစ်၍ သူမသည် နေရာတွင်သာ တွေဝေစွာ ကျန်နေမိသွားတာ ဖြစ်၏။
အောက်ဘက်ရှိ မီတာလေးဆယ်လောက်အကွာတွင် အဖြူရောင်အလင်းတစ်ခုသည် တောအုပ်ထဲသို့ တိုးဝင်သွားသည်။ တောအုပ်ထဲ ဝင်ရောက်သွားပြီးနောက် ၎င်းအလင်းသည် လွင့်ပြယ်ကာ ရွက်ကြမ်းရေကျိုအသွင်နှင့် လူငယ်တစ်ယောက်၏အသွင် လှစ်ဟပေါ်သည်။ ထိုလူငယ်က လက်တစ်ဖက်ဖြင့် မျက်နှာဖုံးနှင့်အမျိုးသမီးကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း ခေါင်းမော့ကာ နောက်မှ လိုက်လာသော ဝမ်ချန်နှင့် ကျက်သရေရှိသောအမျိုးသားတို့ထံ အမူအရာကင်းမဲ့စွာဖြင့် လှမ်းကြည့်နေသည်။
မျက်နှာဖုံးနှင့် အမျိုးသမီးမှာ ထွေးပွေ့ခံထားရခြင်းကနေ ရုန်းကန်ဖို့ငှာ အင်အားမဲ့နေရသော်လည်း သူမ၏မျက်လုံးထဲတွင်မူ အရှက်ရမှုနှင့် မကျေမချမ်းဖြစ်မှုတို့ ရှိနေသည်။ သူမက လူငယ်ကို မာန်မဲချင်နေသည့်နှယ်။ သို့သော် ထိုလူငယ်မှာ စိတ်ထဲမထားချေ။
“ဪ…မင်းကို…”
“မင်းကို…”
အနှီလူငယ်၏ ပုံစံအသွင်ကို ရှင်းလင်းစွာ မြင်သည်နှင့် ဝမ်ချန်ကော၊ ကျက်သရေရှိသော အမျိုးသားကကော တပြိုင်နက်တည်း လှမ်းအော်၏။
သူတို့နှစ်ယောက်လုံးမှာ ဟန်လိကို သိကြသည်သာ။ ထိုနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အံ့အားသင့်ဟန်ဖြင့်တချက် ကြည့်မိပြီးနောက်မှာ အင်ပြည့်အားပြည့်သုံး၍ ဟန်လိထံ တိုးဝင်လာကြသည်။
ဝမ်ချန်၏ သွေးတိမ်တိုက်ကာ ဖောင်းကားလာ၏။ ချက်ခြင်းပင် ၎င်းမှာ မီတာလေးဆယ်နီးပါးထိ ချဲ့ကားလာသည်။ တချိန်တည်းမှာ ၎င်း၏ သွေးနံ့က ပိုပြင်းထန်လာပြီး ဖိအားကလည်း ပိုကြောက်မက်ဖွယ် ဖြစ်လာသည်။
ကျက်သရေရှိသောအမျိုးသားကလည်း အေးတိအေးစက် ရယ်မောသည်။ သူ့လက်ထဲ၌ ကျောက်စိမ်းပုလွေတစ်ခု ရုတ်တရက် ပေါ်လာ၏။ ၎င်းပုလွေကို ဝေ့ယမ်းသည်နှင့် ကြည်လင်သော လေချွန်သံတစ်ခု ဟိန်းထွက်ကာ သက်တန့်အလင်းကနေသည် ပန်းရောင်ဒေါင်းအဖြစ်သို့ ပြောင်းသည်။ သူသည် ဟန်လိထံ တိုးဝင်လာ၏။ ဝမ်ချန်ကလည်း သူနှင့် ထပ်ကြပ်မကွာ။
ထိုနှစ်ယောက်ကား သူ့ထံ အသည်းအသန် တိုက်ခိုက်လာတာကို မြင်သည့်အခါ ဟန်လိမှာ ထိတ်လန့်သွားသည်။ သူက သူ့လှေကို ရုတ်တရက် ခြေဖြင့်စောင့်၏။ တောက်ပကျိန်းစပ်သော အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လာ၏။ ၎င်းအလင်းသည် မြားတစ်စင်းနှယ်။
မိစ္ဆာတာအိုကျင့်ကြံသူနှစ်ယောက်၏ ထိတ်လန့်ဖွယ်တိုက်ခိုက်မှုများနှင့်အတူ သူတို့ကား ဟန်လိရှေ့သို့ ရောက်လာကာ သူ့လွတ်လမ်းကို ပိတ်ဆို့ကြသည်။ ခုချိန်၌ သူတို့သည် မျက်နှာဖုံးနှင့်အမျိုးသမီးမှာ ခွန်အားမဲ့သွားပြီး သူမ၏မျက်လုံးထဲ မျှော်လင့်ချက်မဲ့မှုများသာ ပြည့်နေတာကို မြင်ကြသည်။
ဤသည်က သူတို့နှစ်ယောက်ကို များစွာ စိတ်အေးစေသည်။ အမြုတေဖွဲ့စည်းခြင်းအမျိုးသမီး ကျင့်ကြံသူများကား ခုခံနိုင်သည့်စွမ်းအား မရှိလေတော့ပေ။ ထိုအခိုက်တွင် ဟန်လိ၏ အလန့်တကြားဟန်ပန်မှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ထူးခြားသောအပြုံးတစ်ခု သူ့မျက်နှာထက်တွင် ရုတ်တရက် ပေါ်လာသည်။
ဝမ်ချန်တို့နှစ်ယောက်သည် ဟန်လိ၏ ထိုအမူအရာကို မြင်သည့်အခါ သူတို့စိတ်နှလုံးများ လေးလံဖိစီးကုန်သည်။
သူတို့ရှေ့ရှိ မြင်ကွင်းကား ရုတ်တရက် ပြောင်းလဲသွားခြင်းနှင့်အတူ ဟန်လိနှင့် မျက်နှာဖုံးတပ်အမျိုးသမီးတို့မှာ လေပြေတစ်ခုနှယ် ပြောင်း၍ နေရာတွင် မတည်ရှိလေတော့ပေ။ ထို့နောက်တွင် မိစ္ဆာတာအိုကျင့်ကြံသူနှစ်ယောက်၏ ရှေ့တွင် ကျောက်တုံးကြီးများ ပေါ်လာသည်။ သူတို့က ဘေးပတ်ပတ်လည်သို့ အလန့်တကြားဖြင့် ကြည့်မိကုန်သည်။
သူတို့ တွေ့မြင်ရသည့်အရာကြောင့် သူတို့၏ အမူအရာများသည် ဖြူရောသွားသည်။ သူတို့ကား မရေအတွက်နိုင်သော ကျောက်တိုင်ကဲ့သို့ သစ်ပင်အမြင့်ကြီးများ၏ ဝန်းရံခြင်းကို ခံရလေပြီ။ သူတို့မှာ ပုံရိပ်ယောင်အစီအရင်တစ်ခုအတွင်း၌ ပိတ်မိသွား၏။
ဝမ်ချန်နှင့် ကျက်သရေရှိသောအမျိုးသားတို့မှာ ဒေါသပုန်ထကုန်သည်။
ထိုပုံရိပ်ယောင်အစီအရင်၏ ခွန်အားကား ကြီးမားလှသည် မဟုတ်သော်ငြားလည်း ချိုးဖျက်ဖို့တော့ အချိန်တစ်ခု ယူရလိမ့်မည်သာ။ ထိုအခါကလျှင် သူတို့၏ သားကောင်များမှာ ထွက်ပြေးဖို့ အချိန်ရသွားလိမ့်မည်။ သို့ဖြစ်၍ မိစ္ဆာတာအိုဘက်မှ လူငယ်သခင်လေးနှစ်ယောက်သည် ဟန်လိကို အရိုးထဲကနေကို မုန်းတီးလာတော့သည်။
“အစ်ကိုဝမ်…ဒီအစီအရင်ကို မြန်မြန်ချိုးဖျက်ကြရအောင်။ အပြင်ဘက်မှာ ဂျူနီယာညီမလေးတုန် ရှိနေသေးတာကို မမေ့ပါနဲ့။ သူမရဲ့ ကျင့်ကဲ့မှုနဲ့ဆို အဲ့ကောင်ကို အချိန်ခဏတော့ ဆွဲထားနိုင်မှာပါ…”
ကျက်သရေရှိသော အမျိုးသားသည် ရုတ်တရက် တစုံတစ်ခုကို တွေးမိပြီး အေးစက်စက် ပြုံးသည်။
ဝမ်ချန်၏မျက်နှာထက်တွင်လည်း ကျေနပ်သွားဟန် ဖြစ်ပေါ်သည်။ သို့သော် သူက သံသယဝင်ဟန်ဖြင့် ပြောလာသေးသည်။
“ဒါဆို ကောင်းတာပေါ့။ ကြည့်ရတာ ဒီသခင်လေးက အဲ့အချက်ကို မေ့သွားခဲ့တယ်။ ဒါပေမဲ့ အဲ့မိန်းကလေးက အဝါရောင်မေပယ်တောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်နော်။ သူမက တကယ်ပဲ ဟိုကောင့်ကို တားဆီးပါ့မလား…”
ကျက်သရေရှိသောအမျိုးသားက နည်းနည်းတွေဝေသွားပြီး မသေချာဟန်ဖြင့် ပြောလာသည်။
“သူမ ကျိန်းသေပေါက် လှုပ်ရှားမှာပါ။ တကယ်တော့ ဟာမိုနီနှောင်ကြိုးဂိုဏ်းမှာ တုန်ရွှမ်အာရဲ့ အဆင့်က မြင့်မားတယ်။ အဝါရောင်မေပယ်တောင်ကြားရဲ့ သာမန်တပည့်တွေထက် အများကြီး သာတဲ့အဆင့်အတန်းမှာလေ။ ဒါ့အပြင် ကျုပ်ကလည်း သူ့ကို ကောင်းကောင်း ပြုမူဆက်ဆံပေးထားတယ်လေ…”