ကံခေခြင်း
Vol. 26 Ch. 361
ဟန်လိသည် မျက်နှာဖုံးနှင့်အမျိုးသမီးကို လက်တစ်ဖက်ဖြင့် ထွေးပတ်ထားပြီး သူ့နတ်လေလှေပေါ်သို့ ခုန်တက်စဉ် ပန်းရောင်အလင်း လွှမ်းခြုံထားသော တုန်ရွှမ်အာသည် သူ့လမ်းကို လာတားသည်။
“ဂျူနီယာညီမလေးတုန်..နင် လှုပ်ရှားမှာလား…” ဟန်လိသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချပြီး ရန်လိုသည့် သဘောဖြင့် မေးသည်။
သူမသည် ဟန်လိ ထွေးပွေ့ထားသော အမျိုးသမီးကို တချက်လှမ်းကြည့်ပြီး သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ တုန်ရွှမ်အာသည် အမူအရာကင်းမဲ့စွာဖြင့် ပြော၏။
“ဟန်လိ…နင် ထွက်သွားချင်မယ်ဆိုရင် ငါ့ကို အရင်ဆုံး ဖြတ်ကျော်ရမယ်။ ငါ့ရဲ့ ဒေါ်လေးဟုန်ဖူက နင်နဲ့ ငါ့ကို ဘာကြောင့်များ လက်ထပ်စေချင်ခဲ့ရတာလဲ အမြဲတမ်း သိချင်နေခဲ့တာ…”
“ဒါ့အပြင် နင်က လမျက်နှာဖုံးဂိုဏ်းက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကို ခေါ်ပြီး ငါ့လက်ထဲကနေ လွယ်လွယ် လွတ်မြောက်နိုင်လိမ့်မယ်လို့ တကယ်ပဲ မျှော်လင့်ထာားတာလား…”
တုန်ရွှမ်အာသည် ဖြည်းဖြည်းခြင်း မျက်မှောင်ကြုံ့လာသည်။
သူမက ထိုသို့ ပြော၍ ပြီးသည်နှင့် ဟန်လိသည် အပိုစကားများဖြင့် သူမကို သွေးဆောင်ပြောမနေတော့ပေ။ တကယ်တော့ သူသည် တခြားနှစ်ယောက်ကို ရိုးရှင်းသော ပုံရိပ်ယောင်အစီအရင်တစ်ခုအတွင်း၌သာ အလျင်စလို ပိတ်လှောင်ထားခဲ့ရတာ ဖြစ်ပြီး ကြာကြာထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။
ဟန်လိက ပြောလိုက်၏။
“
ဒီလိုဆိုမှတော့လည်း ကျုပ်ရဲ့ ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့တော့ အမျိုးသမီးငယ်တုန်…”
ထို့နောက် ဟန်လိက သူ့လက်ကို ဝေ့ယမ်းသည်။ အနက်ရောင်အလင်းနှစ်ခုနှင့် အဖြူရောင်အလင်းတန်းနှစ်ခုတို့ကို ထုတ်လွှတ်သည်။ ထို့အပြင် သူ့ဘေး၌ လိပ်ခွံပေါ်လာကာ သူ့ရှေ့ကနေ အကာအကွယ်ပေး၏။ ယင်းနောက် သူ့ဘေးဘီဝဲယာ၌ ရုပ်သေးသားရဲလေးကောင် ပေါ်လာသည်။ ၎င်းရုပ်သေးများက ပါးစပ်ဟကာ အလင်းလုံးများကို ထွေးထုတ်၏။
ဟန်လိသည် အစွမ်းကုန် အသုံးပြုကာ တိုက်ဝင်ဖော်ဆောင်လာခဲ့ပေပြီ။ သူက ဆန့်ကျင်ဘက် အမျိုးသမီးဟူ၍ လွယ်လွယ် သဘောထားလိမ့်မည် မဟုတ်ပေ။ တုန်ရွှမ်အာမှာ ဟန်လိ၏ ကြမ်းလှသော တိုက်ကွက်များကို မြင်သည့်အခါ သူမ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။
သူမက အံတင်းတင်းကြိတ်လျက် ပန်းရောင်ပုဝါစတစ်ခုကို ဆင့်ခေါ်သည်။ ထို့နောက်တွင် သူမ၏လက်နှစ်ဖက်မှ နီဝါရောင်တောက်ပလာကာ ထိုပုဝါစရှည်နှင့် ပေါင်းစည်း၍ သူမပတ်ပတ်လည်မှာ အနီရောင်အလင်းတောက်ပသော အရံအတားကြီးတစ်ခု ပေါ်လာစေသည်။
ဟန်လိ၏ တိုက်ခိုက်မှုများသည် ကြမ်းလှတာ မှန်သော်လည်း သူမ၏ မီးဖီးနစ်ပုဝါစနှင့် မိစ္ဆာပညာရပ်များကနေ ဖန်တီးထားသော အစွမ်းထက် အရံအတားကို ချိုးဖျက်နိုင်လိမ့်မည်ဟု မဟုတ်ဟု ယုံကြည်ထားသည်။ တုန်ရွှမ်အာက ထိုသို့ ယုံကြည်ချက် ရှိနေစဉ် ဟန်လိ၏ နတ်လေလှေက အဖြူရောင်လင်းလက်ကာ ဖြတ်ခနဲ သူမကို ကျော်သွားလေသည်။
အလားတူပင် ဟန်လိ ထုတ်ဖော်ခဲ့သော မှော်လက်နက်များမှာလည်း ချက်ခြင်းပင် လှည့်ထွက်ကာ ဟန်လိ၏နောက်သို့ အလျင်အမြန် ပျံသန်းလိုက်လာသည်။ သူက ခဏလေးပင် တိုက်ခိုက်ခြင်း မပြုဘဲ သည်တိုက်ခိုက်မှုကို ဟန်ပြကာ ချက်ခြင်း ထွက်ပြေးလေ၏။ ဤသည်မှာ တုန်ရွှမ်အာ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူမက နေရာတွင်သာ အကြောင်သား ရပ်နေပြီး မျက်နှာထက်တွင်လည်း အရှက်ရဟန် ပေါ်နေသည်။ သူမက ဟန်လိနောက်သို့ ဒေါသတကြီး လိုက်လံရန် ဟန်ပြင်စဉ် ရုပ်သေးသားရဲများက အလင်းတန်းများဖြင့် သူမထံ ပစ်သွင်းတိုက်ခိုက်လာ၏။
တုန်ရွှမ်အာက သည်အလင်းတန်းများ လွင့်ပြယ်သွားသည့်အထိသာ စောင့်နေရုံ ရှိတော့၏။ ထို့နောက်မှာ သူမက သူမ၏ အရံအတားကို အလျင်စလို ရုတ်သိမ်းသည်။ သို့သော် ထိုအချိန်၌ ဟန်လိသည် အကွာအဝေးတစ်ခုထံ အနက်ရောင်အစက်တစ်ခုအဖြစ် ပြောင်းကာ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်လေ၏။
တုန်ရွှမ်အာကား ဟန်လိ၏ လှည့်ကွက် အောင်မြင်သွားဖို့ မလိုလားမှာ သဘာဝသာ။ သူမ၏ အံ့အားသင့်ဖွယ်ကောင်းသော လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုကာ ရုပ်သေးလေးယောက်ကို လစ်လျူရှု၍ ဟန်လိ၏နောက်သို့ အပူအပြင်း လိုက်လံရန် တာဆူသည်။
သို့သော် ခဏအကြာတွင် ကောင်းကင်ထက်ရှိ အနက်ရောင်အစက်ပြောက်သည် လေးငါးကြိမ်လောက် လင်းလက်သွားပြီး နောက်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဒေါသထွက်နေသည့်အသွင်ဟန်ပန်နှင့် တုန်ရွှမ်အာသည် အနီးအနားဝန်းကျင်ကို ဟန်လိ ရှိလေမလားဟု ဝေ့ဝိုက်ရှာကြည့်သေးသည်။ သို့သော် ဟန်လိ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ပေ။ မတတ်နိုင်ဘဲ သူမသည် လက်လျော့ကာ လှည့်ပြန်လာရ၏။
……
ထိုအခိုက်တွင် ဟန်လိသည် မြေအပုံတစ်ခုအတွင်း၌ ကွယ်ပုန်းနေသည်။ အဝါရောင်အလင်းက သူ့ကို ဘက်ပေါင်းစုံကနေ ခြုံလွှမ်းထားသည်။ ထူးခြားလှပသည့် မြင်ကွင်းတစ်ခုကဲ့သို့ပင် ဖြစ်နေချေ၏။ ဟန်လိသည် မြေတိုးလျှိုးခြင်းအဆောင်ကဲ့သို့ အဆင့်နိမ့်အဆောင်က သည်နေ့၌ အသုံးတည့်သွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ကြည့်ရတာ သူ့ခန္ဓာကိုယ်ပေါ်၌ အဆောင်များအားလုံးကို ထားထားခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပုံရ၏။
ခဏအကြာတွင် သူက တုန်ရွှမ်အာ ထွက်သွားပြီဟု ခံစားမိသည်။ ပုန်းကွယ်နေခြင်းကနေ ထွက်လာသည့်အခါ သူ့စိတ်ဝိညာဉ်အာရုံကို ဂရုတစိုက်အသုံးပြုကာ တုန်းရွှမ်အာသည် သူ့နားဝန်းကျင်တွင် တကယ်မရှိမှန်း သေချာစေသည်။
……
နာရီများစွာ ကြာပြီးနောက် ဟန်လိသည် မျက်နှာဖုံးတပ်အမျိုးသမီးကို လှိုဏ်ဂူတစ်ခုထံ ခေါ်လာသည်။ ထိုလှိုဏ်ဂူအရင်သခင်မှာ အပြင်တွင် ရှိနေသော ဝက်ဝံကြီးတစ်ကောင် ဖြစ်ခဲ့၏။ ဟန်လိက သူမကို အောက်သို့ ချပေးလိုက်ပြီး သူမ၏ ပြစ်မျိုးမှဲ့မထင်လက်ကောက်ဝတ်လေးကို ပူပန်စွာ ကြည့်၍ သူမ၏ သွေးကြောများထဲ ဒဏ်ရာများကို ကြည့်ရှုဖို့ စိတ်ဝိညာဉ်စွမ်းအားကို တဖြည်းဖြည်း ထုတ်လွှတ်သည်။
သို့သော် ယင်းနောက်တွင်တော့ ဟန်လိသည် သူ၏ အလျင်စလိုဆန်သော အပြုအမူနှင့် ပတ်သတ်ပြီး နောင်တရရလေတော့သည်။ သူမ၏ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် သွန်းလောင်းပေးပြီးနောက်မှာတော့ ကြီးမားသောဆွဲအားတစ်ခု ရုတ်တရက် ပေါ်လာပြီး ဟန်လိ၏ စိတ်ဝိညာဉ်စွမ်းအားများကို သူမထံ ကျိုးပျက်သွားသော ဆည်တစ်ခုနှယ် စီးဆင်းသွားစေသည်။
ဟန်လိ အင်မတန် လန့်သွား၏။ သူက လက်ကို ပြန်ဖယ်ရန် ကြိုးစားသည်။ သို့သော် သူ့လက်များက ခိုင်မြဲစွာ ပူးကပ်နေပြီး လှုပ်ရှား၍ မရတော့မှန်းကို တွေ့လိုက်ရသည်။ မထင်မှတ်စွာဖြင့် သူ၏ တခြားလက်တစ်ဖက်မှာလည်း ထိုဆွဲအား၏ ဆွဲငင်ခြင်းကို ခံရလေသည်။ သူ့မှော်စွမ်းအားတို့မှာ အရှိန်နှစ်ဆဖြင့် စီးဆင်းသွားလေ၏။
ဟန်လိ ပင်ပန်းကြီးစွာ ကျင့်ကြံထားခဲ့ရသော အစစ်အမှန်အနှစ်သာရတို့မှာ ထိုမျက်နှာဖုံးတပ်အမျိုးသမီး၏ စုပ်ယူခြင်းကို ခံလိုက်ရလေပြီ။ ထို့ထက်ပိုဆိုးသည်မှာ ဆွဲအားက အချိန်နှင့်အမျှ ပိုပြင်းထန်လာပြီး ဟန်လိကို မစဉ်းစားတတ်လောက်အောင် ကြောက်လန့်သွားစေသည်။
သူက ခြေထောက်များဖြင့်လည်း သူမကို ကန်ကြောက်ဖို့ မကြိုးစားဝံ့တော့။ တော်ကြော သူ့တခြားလက်တစ်ဖက်ကဲ့သို့ အဖြစ်မျိုး သူ၏ခြေထောက်များကပါ ကြမ္မာဆိုး ဝင်သွားနိုင်သည်။ ဟန်လိမှာ အကူအညီမဲ့စွာဖြင့် သူ၏ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်က အစောပိုင်းအဆင့်သို့ လျော့ကျသွားတာကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထို့နောက်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ သူသည် ချီစုဆောင်းခြင်းအဆင့်ထိ လျော့ကျသွားသည်။
သူ့စိတ်နှလုံးထဲ သွေးယိုစီးကျသကဲ့သို့ ခံစားနေရရင်း ဟန်လိသည် သူ ထပ်မံ တောင့်မခံတော့ပေ။ သူ့အမြင်မှာ အမှောင်အတိကျသွားပြီး မျက်နှာဖုံးနှင့်အမျိုးသမီး၏ခန္ဓာကိုယ်ပေါ် သူ လဲပြိုကျသွားသည်။
“ သင်းပျံ့မွှေးကြူမှု….နှင့် နူးညံ့အိစက်မှု…” သူ လုံးဝ သတိမလစ်သွားခင်လေး သူ့စိတ်ထဲ ယင်းသို့ တောက်လောင်သော အတွေးတစ်ခုသာ ဖြတ်ပြေးသွားခဲ့လေ၏။
တိတ်ဆိတ်ငြိမ်သက်သော လှိုဏ်ဂူတစ်ခုအတွင်း၌ ယောက်ျားပျိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့သည် ထွေးလားယှက်တင် ပူးကပ်နေကြသည်။ သို့သော် နှစ်ယောက်လုံးကတော့ သတိမေ့နေကြသည်သာ။ ဟန်လိ၏ စိတ်ဝိညာဉ်စွမ်းအားကတော့ ဖြည်းဖြည်းချင်းဖြင့် အထိန်းအချုပ်မဲ့စွာ အမျိုးသမီးဖြစ်သူ၏ ခန္ဓာကိုယ်ထဲ ဆက်လက်၍ စီးဝင်နေသည်။
……
အချိန်မည်မျှ ကြာသွားမှန်း မသိရပြီးနောက် ဟန်လိသည် မူးဝေစွာဖြင့် တဖြည်းဖြည်း နိုးထလာသည်။
သို့သော် သူက မျက်လုံးကို ခက်ခဲခဲခဲ ဖွင့်ကြည့်စဉ် သစ်လှိုဏ်ဂူအပြင်ဘက်တွင် ရပ်နေသော စွဲဆောင်မှုရှိပြီး သွယ်လျသောပုံရိပ်တစ်ခုသည် သူ့ကို နောက်ကျောပေးလျက် အပြင်ဘက်သို့ ငေးနေတာကို လှမ်းမြင်သည်။ ထို့နောက်တွင် ဟန်လိသည် အတော်လေး ခေါင်းကိုက်ခဲနေ၏။ မည်သို့ဖြစ်ပျက်ခဲ့တာကို ပြန်စဉ်းစားကြည့်ပြီးနောက်မှာ သူသည် သတိလစ်မတတ် ဖြစ်သွားပြန်သည်။ အလန့်တကြားဖြင့် ဟန်လိက သူ့ခန္ဓာကိုယ်ကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် အလျင်အမြန် စစ်ဆေးကြည့်သည်။
သူ့စိတ်နှလုံးက ချောက်ကမ်းပါးထဲ လိမ့်ဆင်းကျသွားသည့်နှယ်။ သူ၏ ကျင့်ကြံမှုအဆင့်သည် ချီစုဆောင်းခြင်းအဆင့်ထိ လျော့ကျသွားရုံသာမက အဆင့်သုံးထိပါ နိမ့်ကျသွားခဲ့တာ ဖြစ်သည်။ သူသည် မိုးကြိုးပစ်ချခံရသည်နှယ် လုံးဝ အကြောင်သားနှင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ထိုစဉ် သွယ်လျလျ မိန်းကလေး၏ အသံကို ကြားရသည်။ သူက နောက်ကျောခိုင်းလျက်ကနေပင် လှမ်းပြောလိုက်တာ ဖြစ်၏။
“နင် သတိရပြီလား…”
ဟန်လိသည် ကြောင်တိကြောင်တောင် ဖြစ်သွားရာကနေ သတိပြန်ဝင်လာသည်။ သူက မရေမရာဟန်ဖြင့် ဒေါသတကြီး လှမ်းမမေးဘဲ မနေနိုင် ဖြစ်ရ၏။
“နန်းကုန်းဝမ်…ဘာဖြစ်ခဲ့တာလဲ။ ကျုပ်က မင်းကို စေတနာကောင်းနဲ့ ကယ်တင်ခဲ့တာ။ ဒါတောင်မှ မင်းက ကျုပ်ရဲ့ မှော်စွမ်းအားတွေကို ဘာကြောင့် စုပ်ယူခဲ့တာလဲ…”
“နန်းကုန်းဝမ်…နင်က ငါ့အစ်မကို သိနေတာလား…” နောက်ဆုံး၌ သူမက ခေါင်းလှည့်လာ၏။ သူမ၏ ခေါင်းတစ်ခုလုံးဖုံးထားသော ဝတ်ရုံစကို ချွတ်သည်။ ထိုအခါ ဟန်လိသည် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရလေပြီ။
သူမကား အလွန်လှ၏။ နန်းကုန်ဝမ်နှင့် ဆင်တူလွန်း၏။ သို့သော် သူမ၏ နူးညံ့ကာ ဘဲဥပုံအသွင်ရှိသော မျက်နှာကျနှင့် မျက်ခုံးမျက်လုံးတို့ကတော့ ဟန်လိအတွက် အစိမ်းသပ်သပ် ဖြစ်နေသည်။
“နင် ဘယ်သူလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မိစ္ဆာတာအိုဘက်က ကျင့်ကြံသူတွေဟာ နင့်ကို စီနီယာ နန်းကုန်းလို့ ခေါ်ခဲ့တာ ငါ ကြားခဲ့တယ်။ ပြီးတော့ နင့်ရဲ့ အသံက…”
ဟန်လိသည် စိတ်ရှုပ်ထွေးလွန်းစွာဖြင့် တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေမိသည်။ သို့သော် ရုတ်တရက် သူ့အသားအရေမှာ သေလောက်အောင် ဖြူရောသွားသည်။ သူသည် ဘာမှ ထပ်မပြောနိုင် ဖြစ်သွားရသည်။
အကြောင်းမှာ ဟန်လိသည် ထိုအမျိုးသမီး၏အသံနှင့် နန်းကုန်းဝမ်၏ အသံကြား မသိမသာ ကွာခြားမှုကို သိလိုက်သောကြောင့်ပင်။ သူမ၏အသံက ပို၍ ကြမ်းရှ၏။ အစောပိုင်းက အဖြစ်အပျက်တုန်းက သူသည် နန်းကုန်းဝမ်သည် ဒဏ်ရာအပြင်းအထန် ရထားသဖြင့် သူမ၏အသံက ခုလိုမျိုး ပိုကြမ်းရှသွားတာဟု ထင်ခဲ့တာပင်။ သို့ပေမည့် သူ၏ အထင်အမြင်မှားသွားမှုက အခုကဲ့သို့ ကံဆိုးမိုးမှောင်ကျသည့် အဖြစ်ကို ဆိုက်ရလေပြီ။ သူသည် လူမှား၍ ကယ်တင်ခဲ့ရုံသာမက သူ့ကျင့်ကြံမှုကိုလည်း သူ ကယ်တင်လိုက်သောသူ၏ စုပ်ယူတာကို ခံလိုက်ရတာ မဟုတ်လား။
ဆယ်စုနှစ်ချီကာ အပြင်းအထန်၊ ခါးသီးစွာ ကျင့်ကြံထားရသော ကျင့်ကြံမှုမှာ တရက်တည်းနှင့် လုံးဝ ပျောက်ကွယ်သွားခဲ့ရပေပြီ။ ဟန်လိသည် လက်သင့်မခံနိုင်မှုကော၊ တုန်လှုပ်ချောက်ချားမှုကောပါ တပြိုင်နက်တည်း ခံစားနေရသည်။ သူ့အသားအရေမှာ နီလိုက်၊ဖြူလိုက် ဖြစ်နေလေပြီ။
နန်းကုန်းဝမ်၏ ညီမဟု ပြောလာသော အမျိုးသမီးကျင့်ကြံသူကတော့ ဟန်လိကို ဟန်ပန်ပါပြုံး၍ သူ့အား မင်သက်သွားစေမည့် စကားကို ပြောလာသည်။
“နင်က အဝါရောင်မေပယ်တောင်ကြားက ဟန်လိလား…”
“စီနီယာက ကျနော့် နာမည်ကို ဘယ်လိုလုပ် သိတာလဲ…” ဟန်လိမှာ စိတ်ထဲ တုန်လှုပ်သွားရပြန်သည်။ သူမက သူ့ကို သတ်ချင်စိတ် မရှိတာကို မြင်ရပြီး သူလည်း အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်းပညာရပ်အကြောင်းကို တွေးမိသွားတော့မှာ သူ့ကိုယ်သူ တည်ငြိမ်မှု ပြန်ရလေတော့သည်။
“အစ်မနဲ့ငါက အရမ်းနီးကပ်တဲ့ ညီအစ်မတွေပဲ။ ဒါ့ကြောင့် ငါတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘာမှ ဖုံးကွယ်မထားဘူး။ သူမက အရင်တုန်းက နင်နဲ့ ဖြစ်ခဲ့တဲ့ မတော်တဆ ကိစ္စအကြောင်း ငါ့ကို ပြောပြထားခဲ့တယ်…”
သည်အမျိုးသမီး၏ဟန်ပန်မှာ မထူးခြားနားဟန်ပင်။ သူမပုံစံက ပျော်နေသည်လည်း မဟုတ်၊ ဒေါသထွက်နေသည်လည်း မဟုတ်ပေ။
ဟန်လိမှာ စွံ့အမိရလေသည်။
“နင် သိလား… အဲ့မတော်တဆမှုအကြောင်း ငါ သိခဲ့တုန်းကဆို ငါ့စိတ်ထဲ ပထမဆုံး ပေါ်လာတဲ့အတွေးက အဝါရောင်မေပယ်တောင်ကြားကို ပြေးလာပြီး နင့်ကို ရှစ်ပိုင်းလောက်ပိုင်း၊ နင့်အလောင်းကို ခွေးစာကျွေးပစ်မယ်ဆိုတဲ့ အတွေးပဲ…”
သူမ၏မျက်လုံးထဲ အေးစက်မှု ဖြတ်ပြေးသွားလေသည်။ သူမ၏ စကားလုံးများထဲ၌ သတ်ဖြတ်လိုစိတ်ပြည့်နေသော လေသံ ပါဝင်နေသည်။ ဟန်လိမှာ ဖြူဖပ်ဖြူရော ဖြစ်သွားရ၏။