နန်းကုန်းပင်း
Vol. 26 Ch. 362
ထိုအမျိုးသမီးမှာ အမြဲတမ်း ညင်သာနူးညံ့ဟန် ပေါ်သည်။ သို့သော် သူမ၏ စကားများကမူ ဓားသွားနှယ် အေးစက်၏။ ဟန်လိ၏ စိတ်နှလုံးမှာ တုန်ယင်သွားရလေသည်။ သူက သက်ပြင်းရှည်ကြီး ချပြီးမှ ထိုအမျိုးသမီးကို အံ့အားသင့်သွားစေသော စကားကို ပြောလာသည်။
“အဆုံးသပ်မှာတော့ စီနီယာက စိတ်ပြောင်းသွားခဲ့တယ်မလား…”
“ကြည့်ရတာ မင်းက လုံးဝ အသုံးမကျတဲ့သူတော့ မဟုတ်ဘူးပဲ။ အနည်းဆုံးတော့ မင်းမှာ ဦးနှောက် ရှိသားပဲ…” ထိုအမျိုးသမီးက တည်ငြိမ်စွာ ပြော၏။
“စီနီယာသာ ကျုပ်ကို တကယ်ပဲ သတ်ချင်ရင် ကျုပ်အနေနဲ့ မျက်လုံး ပြန်ဖွင့်မယ့် အခွင့်အရေးတော့ ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူးလေ…” ဟန်လိက ရယ်ကာမောကာ ပြောသည်။
“ငါ့ကို နန်းကုန်းပင်းလို့ ခေါ်နိုင်တယ်။ စီနီယာလို့ ခေါ်ခေါ်မနေနဲ့။ ဒါက ငါ့ကို အသက်ကြီးတယ်လို့ ခံစားရစေတယ်…” ထိုအမျိုးသမီးသည် တဖက်သို့ လှည့်သွားပြီး အမူအရာကင်းမဲ့စွာဖြင့် မေးခွန်းပြန်မထုတ်နိုင်သောလေသံဖြင့် ပြောလေသည်။
ဟန်လိမှာ မင်သက်သွားရသည်။ သူက သူမကို စိတ်ထဲကနေတော့ လှောင်ရယ်ကာ ပြောမိသည်။
“ခင်ဗျားက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူဆိုတော့ သေမျိုးလောကမှာဆို အဘွားအို အရွယ်လောက် အသက်ရှိနေပြီမလား…”
ဟန်လိ၏ အစစ်အမှန်အနှစ်သာရမှာ သူမကြောင့် စုပ်ယူခံခဲ့ရတာ မဟုတ်လား။ သူ့အဖို့ သူမအပေါ် မကျေမနပ် မုန်းတီးနေမှာ သဘာဝပင်။ သို့သော် ခုလက်ရှိ သူ့အသက်က သူမ၏လက်ထဲတွင် ရှိနေသဖြင့် စိတ်ထဲကနေသာ ကြိတ်၍ ဆဲနိုင်တော့သည်။
“မနေ့တုန်းက နင်က ငါ့ကို ငါ့ရဲ့ စီနီယာအစ်မနဲ့ မှားပြီးတော့ ကယ်တင်ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ…နင်က ငါ့ရဲ့ ကယ်တင်သူ ဖြစ်နေတုန်းပဲ။ ဒါ့အပြင် ငါက နင့်ရဲ့ အနှစ်သာရတွေကို မထင်မှတ်ပဲ စုပ်ယူမိခဲ့ပြီး ငါ့ဒဏ်ရာတွေလည်း ကောင်းသင့်သလောက် ကောင်းသွားခဲ့တယ်…”
သူမသည် ဟန်လိကို နောက်ကျောပေးလျက် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလေသည်။
“ထားလိုက်ပါတော့လေ…ခင်ဗျားက နန်းကုန်းဝမ်ရဲ့ ညီမဖြစ်နေမှတော့ ကျုပ် အတွက် ကံကောင်းတာပါပဲ…”
ဟန်လိသည် မျက်မှောင်ကြုုံ့ကာ အကူအညီမဲ့သည့်လေသံဖြင့် ပြောသည်။ ယင်းနောက် သူက လက်ထောက်ကာ ထရပ်သည်။
ဖက်…ဖက်…။ ဟန်လိသည် အဖြူရောင်အရိပ်တစ်ခုသည် သင်းပျံ့သော ရနံ့နှင့်အတူ ဖြတ်ခနဲ ရောက်လာတကို မြင်လိုက်ရသည်။ ထို့နောက်မှာ ဟန်လိသည် ထိုအမျိုးသမီးနန်းကုန်းပင်း၏ နှစ်ချက်ရိုက်တာ ခံလိုက်ရပြီး နေရာတွင်ပင် ချာချာလည်မူးကာ မြေပြင်ပေါ် ပြန်ပြုတ်ကျသွားသည်။
“ နင်…” ဟန်လိသည် အံ့အားသင့် ထိတ်လန့်သွားရာကနေ ပြန်သတိဝင်လာသည့်နောက် နန်းကုန်းပင်ကို ဒေါသတကြီး လှမ်းကြည့်သည်။ မ
“မနေ့တုန်းက နင်ဟာ ငါ့ခွင့်ပြုချက်မရဘဲ ငါ့ခန္ဓာကိုယ် နင့်လက်နှစ်ဖက်နဲ့ တကယ်ပဲ ထိဝံ့ခဲ့တယ်။ ဒါ့အပြင် နင်က ငါ သတိမေ့နေတဲ့အချိန် ငါ့ ဘေးမှာ လာ…အိပ်…အိပ် ဝံ့သေးတယ်။ ဒီနှစ်ချက်က အဲ့အတွက် နင့်ကို အပြစ်ပေးတာပဲ…”
နန်းကုန်းပင်းသည် အေးစက်စက် ပြောလိုက်၏။ သို့သော် သူမက ဟန်လိသည် သူမ ဘေးတွင် လဲအိပ်သည့်အကြောင်း ပြောသည့်အချိန်အခိုက်အတန့်တွင်တော့ သူမ၏မျက်နှာသည် မသိမသာ နီမြန်းသွားသည်။
ဟန်လိသည် ပြောစရာ စကားမဲ့သွားရလေ၏။
ခုလက်ရှိ အားနည်းသော အခြေအနေ ဖြစ်နေသည့် ဟန်လိအဖို့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ တစ်ယောက် ဖြစ်သော အမျိုးသမီးထံမှ တရားမျှတမှု ရဖို့သည် ဒုက္ခများဖို့ရာသာ ရှိပေလိမ့်မည်။ သူသာ အထွန့်တက်လိုက်ပါက နောက်ထပ်နှစ်ချက် ထပ်ရိုက်ခံရနိုင်သည်။ သူ့ပါးနှစ်ဖက် ကျိန်းစပ်စပ် ခံစားရခြင်းနှင့်အတူ သူ တတ်နိုင်တာ ဘာမျှ မရှိလေပေ။ ထို့အပြင် သူမက သူ့ကို အခုကဲ့သို့ ပြုမူခြင်းမှာ မနေ့တုန်းက ကိစ္စကြောင့် မဟုတ်လောက်ဟု ဟန်လိက ခပ်ရေးရေး ခံစားမိရသည်။ အတိတ်တုန်းက သူနှင့် နန်းကုန်းဝမ်တို့ကြား ဖြစ်ခဲ့သော ကိစ္စကြောင့် သူမ၏ ဒေါသကို ပေါက်ကွဲတာ ဖြစ်ဖို့များသည်။
စိတ်ထဲ၌ ထိုသို့ တွေးမိပြီး ဟန်လိက သူ့ဒေါသကို အတင်းအကြပ် ဖိနှိပ်ထားရပြီး သူ၏ ရောင်ကိုင်းသွားသော ပါးနှစ်ဖက်ကို ငြိမ်သက်စွာ ခပ်ဖွဖွ ပွတ်သပ်နေလိုက်သည်။
နန်းကုန်းပင်းသည် ဟန်လိက သည်ကိစ္စကို ပါးနပ်စွာဖြင့် လက်လျော့ဖို့ ဆုံးဖြတ်လိုက်တာ မြင်သည့်အခါ နည်းနည်းတော့ အံ့ဩသွားသည်။
သူမက ဟန်လိသည် မနေ့တုန်းက အပြုအမူနှင့် ပတ်သတ်ပြီး ငြင်းဆန်ကာ အထွန့်ပြန်တက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုအခါကျလျှင် သူမက ဟန်လိကို ဘာမျှ ရှင်းပြမနေဘဲ ပို၍ အရှက်ရစေရန် ကြံထားခဲ့သည်။ သို့သော် ခုခါတွင်တော့ ဟန်လိသည် ပါးနပ်စွာဖြင့် ငြိမ်သက်နေသည်။ သူမအဖို့ နောက်ထပ် လှုပ်ရှားရန် အကြောင်းရင်း မရှိ ဖြစ်သွားရလေ၏။
ထို့ကြောင့် သူမက နှာခေါင်းရှုံ့ကာ ပွင့်ပွင့်လင်းလင်းသာ ပြောလာတော့၏။
“မနေ့တုန်းက ကိစ္စကို ဖြေရှင်းပြီးပြီးဆိုတော့ နင့်ရဲ့ ကြင်နာမှုအတွက် ငါ ပြန်ပေးဆပ်ရမှာပေါ့။ နင့်မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ တစ်ခုကတော့ နင် ထွက်သွားတဲ့အချိန် နင့်အတွက် လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ငါ ပေးမယ်။ ဒါက နင့်ရဲ့ အကူအညီပေးခဲ့မှုအတွက်ရယ်၊ နင့်ရဲ့ ကျင့်ကြံမှုအဆင့် ဆုံးရှုံးသွားတဲ့အတွက်ရယ် ပြန်ပေးဆပ်တာပဲ…”
“ဒုတိယရွေးချယ်စရာတစ်ခုကတော့ ငါနဲ့အတူ ရွှေ့ပြောင်းလာတဲ့ ဂိုဏ်းဝင်တွေနောက်ကို လိုက်လာဖို့ပဲ။ ငါတို့ ဂိုဏ်းကြီးခြောက်ဂိုဏ်း ပြန်အထိုင်ကျသွားပြီးရင် ငါဟာ နင့်အတွက် စိတ်ဝိညာဉ်ဆေးလုံးတွေ သန့်စင်ပေးမယ်။ နင့်အနေနဲ့ စုံတွဲကျင့်ကြံနိုင်အောင်လို့ ဂိုဏ်းရဲ့ အမျိုးသမီးတပည့်ငယ်တစ်ယောက်ကိုလည်း ရှာပေးမယ်။ အဲ့ကျရင် နင့်ရဲ့ မူလကျင့်ကြံမှုကို အမြန်ဆုံး ပြန်ရောက်နိုင်လိမ့်မယ်။ နင်ဟာ နင့်ရဲ့ အစစ်အမှန်အနှစ်သာရ ဆုံးရှုံးသွားတယ်ဆိုပေမယ့် နင့်ရဲ့ ကျင့်ကြံမှုကတော့ အတားအဆီးတစ်ဆို့မှုတွေ ကြုံရမှာတော့မှာ မဟုတ်တော့ဘူး…”
“ငါ့အထင် နင့်ရဲ့ မူလကျင့်ကြံမှုကို နှစ်နှစ်အတွင်း ပြန်ရနိုင်လိမ့်မယ်။ အဲ့အချိန်ကျရင် ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေထဲက တချို့တလေကိုတော့ ငါက နင့်ကို ပျော်ပျော်ကြီး ပေးလိုက်မှာပေါ့။ ငါတို့ လမျက်နှာဖုံးဂိုဏ်းရဲ့ ပညာနရပ်တွေဟာ နင်တို့ အဝါရောင်မေပယ်ဂိုဏ်းက ပညာရပ်တွေနဲ့ မတူဘူး။ ငါတို့ဂိုဏ်းမှာ အပြင်လူတွေ စိတ်ကူးလို့တောင် မကြည့်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တွေ အများကြီးပဲ။ မနေ့တုန်းက နင့်ရဲ့ စိတ်ဝိညာဉ်ကို မတော်တဆ စုပ်ယူမိခဲ့တဲ့တာကလည်း အဲ့ပညာရပ်တွေထဲက တစ်ခုကြောင့်ပေါ့…”
နန်းကုန်းပင်သည် ဂုဏ်ဝင့်စွာဖြင့် ထိုသို့ ပြောပြီးနောက် သူမက ဟန်လိကို တည်ငြိမ်စွာ စိုက်ကြည့်ပြီး သူ့ဆုံးဖြတ်ချက်ကို စောင့်နေလေသည်။
ဟန်လိမှာ အံ့တားတသင့် ဖြစ်နေလေသည်။ ထိုရွေးချယ်မှုနှစ်ခုက မင်သက်ဖွယ် ကောင်းလောက်အောင် ကွာခြားနေသည် မဟုတ်လား။
ရွေးချယ်မှုတစ်ခုက စိတ်ဝိညာဉ်ကျောက်တုံးများယူကာ သူ ထွက်သွားရမည်။ နောက်တစ်ခုကတော့ သူမက သူ့ ကျင့်ကြံမှုအဆင့် ပြန်ရအောင် ကူညီပေးမည် ဖြစ်သလို တာအိုလက်တွဲဖော်တစ်ယောက်ကိုလည်း ရှာပေးအုံးမည်။ လျှို့ဝှက်ပညာရပ်တချို့ကိုလည်း သင်ပေးအုံးမည်။ သည်ရွေးချယ်မှုနှစ်ခုအကြောင်း ကြားရသည့်အခါ ထိုအမျိုးသမီးက သူ့ကို ဒုတိယရွေးချယ်မှုကို ပိုလုပ်စေချင်ကြောင်း ဟန်လိအနေဖြင့် သိနေသည်။ ဤသည်မှာ အမှန်တကယ် ထူးခြားလှ၏။ သူမက သူ့အတွက် ထောင်ချောက်တစ်ခုများ စီစဉ်နေတာလား။
သူက နန်းကုန်းပင်းကို ချီတုံချတုံဟန်ဖြင့် တချက် လှမ်းကြည့်သည်။
ဟန်လိ၏ စိတ်ထဲ စိတ်ရှုပ်ထွေးနေမိပြီ။ သည့်နောက် သူက သူ့မေးစေ့ကို သူကိုင်ကာ သေချာ စဉ်းစားခန်းဝင်၏။
ဟန်လိမှာ အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာသည့်အထိ ငြိမ်သက်စွာ စဉ်းစားနေသည်။ သို့သော် နန်းကုန်းပင်းမှာ သူ့ကို ထပ်၍ မစောင့်တော့၊ ခပ်လောလော မေးလာသည်။
“ဘယ်လိုလဲ။ နင် ဆုံးဖြတ်ပြီးပြီလား…”
ဟန်လိက ခေါင်းမော့ကြည့်၏။ စိတ်မရှည်ဟန် ဖြစ်နေသော သူမ၏ဟန်ပန်ကို မြင်ရသည်။ သူမထံ တွေးတောနေသည့်ဟန်ပန်ဖြင့် တချက် လှမ်းကြည့်ပြီးနောက်မှာတော့ ဟန်လိက ဖြေးဖြေးမှန်မှန် ပြောလိုက်သည်။
“ကျုပ် ဆုံးဖြတ်ပြီးပြီ။ ပထမတစ်ခုကိုပဲ ကျုပ် ရွေးချယ်ပါ့မယ်။ စီနီယာအနေနဲ့ ကျုပ်ကို စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ ပေးပါတော့။ စီနီယာ ကျနော်နဲ့ ပတ်သတ်ပြီး ပူပန်ပေးနေဖို့ မလိုတော့ပါဘူး။ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ကျုပ်ဘာသာပဲ ဘယ်လို ပြန်ကောင်းမွန်အောင် လုပ်နိုင်မလဲ စဉ်းစားပါတော့မယ်…”
ဟန်လိ၏ ဟန်အမူအရာမှာ မထူးခြားနား။
နန်းကုန်းပင်းမှာ ဟန်လိ၏ ဆုံးဖြတ်ချက်ကို ကြားသည့်အခါ သူက ခဏ စိုက်ကြည့်သည်။ ထို့နောက်တွင် သူမသည် ထူးခြားသည့်ဟန်ပန် ဖြစ်ပေါ်၏။ သူမက ဟန်လိ၏ မျက်နှာကို ခဏ စိုက်ကြည့်နေပြီးနောက်မှာ ရုတ်တရက် သူမ၏လက်ကို ပင့်မြှောက်ပြီး အနီရောင်သိုလှောင်အိတ်တစ်ခုကို ပစ်ပေးလိုက်သည်။
“ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ။ အဲ့ထဲမှာ အသုံးများတဲ့ သတ္တုအမယ်တချို့လည်း ပါတယ်…”
နန်းကုန်းပင်း၏ လေသံမှာ သုန်မှုန်အေးစက်နေ၏။
ဟန်လိသည် သူမ၏ လေသံကို စိတ်ထဲမထား။ သိုလှောင်အိတ်ကိုသာ လှမ်းယူပြီး သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ခတ်ကြည့်ရှုသည်။ သူက ကြိုပြင်ဆင်ထားပြီး ဖြစ်သော်ငြားလည်း ထိုသိုလှောင်အိတ်ထဲ၌ သတ္တုအမယ်မျိုးစုံနှင့်အတူ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရှိနေတာကိုပါ မြင်သည့်အခါ အံ့ဩဘနန်း ဖြစ်သွားရဆဲသာ။
ဟန်လိမှာ အတော်လေး ကျေနပ်ပျော်ရွှင်သွား၏။ သူက ခေါင်းမော့ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။
“စီနီယာမှာ မူလကျောက်စိမ်းပြား အပိုများ ရှိနိုင်မလား…”
နန်းကုန်းပင်း၏ မျက်လုံးထဲ အံ့အားသင့်ဟန်ဖြင့် ဖြတ်ပြေးသွားသည်။ သူမက စကားမဆို။ သူမ၏ ခန္ဓာကိုယ်ပေါ် ခဏ ရှာကြည့်သည်။ ထို့နောက်တွင် သူမက အဖြူရောင်ကျောက်စိမ်းပြားများကို ဟန်လိထံ ပစ်ပေးသည်။ ဟန်လိမှာ အတော်လေးကို ကျေနပ်သွား၏။
သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်နိုင်ဖို့အတွက် လိုအပ်သော သတ္တုအမယ်များကို ခုချိန်၌ ရသွားခဲ့ပြီ မဟုတ်လား။ သူ့အဖို့ ၎င်းတို့ကို ထွက်ရှာဖို့ မလိုတော့ပေ။
နန်းကုန်းပင်းသည် ဟန်လိကို အေးစက်စက် လှမ်းကြည့်၏။ ထို့နောက်တွင် အမူအရာကင်းမဲ့စွာဖြင့် ပြောသည်။
“တခြားကော ဘာရှိသေးလဲ။ မရှိတော့ရင် ငါ သွားတော့မယ်…”
“အို…စီနီယာ့ကို ဒုက္ခပေးဖို့ ဘာမှ မရှိတော့ပါဘူးဗျာ…”
ဟန်လိက ခေါင်းခါပြ၏။
ထို့နောက်တွင်တော့ နန်းကုန်းပင်သည် နှာခေါင်းရှုံ့၏။ သူမ၏ ၎င်းအသွင်ဟန်ပန်ကပင် ကြည့်၍ ကောင်းနေသေးသည်။ ထို့နောက်တွင်တော့ သူမသည် လှည့်ထွက် ထွက်ခွာသွားတော့သည်။
“သို့သော် သူမ အပြင်သို့ မရောက်ခင် နောက်ပြန်လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
ဟန်လိ..နင်ရဲ့ ရွေးချယ်မှုက မိုက်မဲတုံးအလွန်းတာလား၊ ဒါမှမဟုတ် နင့်ကိုယ်နင်ပဲ တော်လှတယ်လို့ ထင်နေလို့လားတော့ ငါ မသိဘူး…”
ထိုအခိုက်တွင် ဟန်လိသည် သူမကို ပျင်းရိပျင်းတွဲလေသံဖြင့် လှမ်းပြောသည်။ “စီနီယာ…ကျေးဇူးပြုပြီး…နန်းကုန်းဝမ်ကို ကျနော့်အနေနဲ့ ဂရုတစိုက်ရှိကြောင်း ပြန်ပြောပြပေးပါ…”
နန်းကုန်းပင်းမှာ ခဏတော့ ကြောင်သွားသေးသည်။ ထို့နောက်တွင်တော့ သူမက စကားမဆိုတော့ဘဲ အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ပျံသန်းထွက်ခွာသွားတော့သည်။ သူမက ဟန်လိ ပြောလိုက်သည့် စကားကို သဘောတူလား၊ သို့မဟုတ် လစ်လျုရှုလေမလားကိုတော့ မသိရလေပါ။
ဟန်လိမှာ ခါးသက်သက် ရယ်မောလျက် သူ့နှာခေါင်းကိုယ်သူ ပွတ်လိုက်မိပြီးနောက် မြေပေါ်သို့ ထိုင်ချလိုက်တော့သည်။ သူသည် လှိုဏ်ဂူဝင်ပေါက်ထံ အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေပြီးနောက် အတွေးထဲ နစ်မြောသွား၏။
သူက သူ၏ ကျင့်ကြံမှုအဆင့်သည် ထိုအမျိုးသမီးက မည်သို့မည်ပုံ စုပ်ယူခံခဲ့ရတာကို ခုထိ နားမလည်သေးပေ။ လမျက်နှာဖုံးဂိုဏ်း၏ ပညာရပ်များကား အမှန်တကယ် အထင်ကြီးဖွယ် ကောင်းနေတာများလား။ မိစ္ဆာနက်ကျောင်းတော်၏ သွေးစတေးခြင်းထက်ပင် ဤပညာရပ်မှာ ပို၍ ထူးခြားနေသည် မလား။
သို့ပေမည့် ဟန်လိသည် တခြားသူများ၏ ကျင့်ကြံမှုကို စုပ်ယူနိုင်သော ၎င်းကျင့်ကြံခြင်းပညာရပ်မှာ အတားအဆီးများနှင့် ပြစ်ချက်များ သေချာပေါက် ရှိနေမည်ဟု ယုံကြည်သည်။ မဟုတ်ပါက လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက စစ်ပွဲမှာ ရှိနေလောက်ပေပြီ။
ဟန်လိ၏ ထင်မြင်ချက်မှာ မှန်သင့်သလောက် မှန်၏။
သူ့အနှစ်သာရကို နန်းကုန်းပင်း စုပ်ယူနိုင်ခဲ့သည့်အဖြစ်မှာ လုံးဝ တိုက်ဆိုင်မှုတစ်ခု ဖြစ်ချေ၏။ အစောပိုင်းတုန်းက သူမ၏ လျှို့ဝှက်ပညာရပ်သည် အပြည့်အဝ အသက်ဝင်ခဲ့ပြီးနောက်မှာ သူမကိုယ်တိုင်၏ အစစ်အမှန်အနှစ်သာရမှာလည်း များစွာ ထိခိုက်သွားခဲ့ပေသည်။ သူမ၏ ကျင့်ကြံမှုမှာ အကြီးအကျယ် လျော့ကျခြင်းနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။ ထိုလျော့ကျမှုက အခြေခံတည်ဆောက်ခြင်းအဆင့်ထိ လျော့ကျသွားလိမ့်မည် မဟုတ်သော်လည်း ဆယ်နှစ်လောက် ခါးသီးပြင်းထန်စွာ လေ့ကျင့်ထားသော သူမ၏ ကျင့်ကြံမှုကို ဆုံးရှုံးရမှာတော့ သေချာသည်။
ထို့အပြင် သူမ၏ လျှို့ဝှက်ပညာရပ် အာနိသင် ဆုံးရှုံးသွားသည်နှင့် မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူမ ယုံကြည်နေသည်။ ထို့ကြောင့် သူမက အံတင်တင်းကြိတ်ကာ ပြန်လည်မွေးဖွားခြင်းအစစ်အမှန်ပညာရပ်၏ နတ်စွမ်းရည်ကို အသက်သွင်းခဲ့ရပေသည်။ ထိုနတ်စွမ်းရည်ကို အသုံးပြုပြီးသည်နှင့် သူမ၏ခန္ဓာကိုယ်ထဲ မည်သည့် စိတ်ဝိညာဉ်စွမ်းအားကမျှ ကျူးကျော်မလာနိုင်တော့ပေ။ အကယ်၍ ထိုသို့ ကျူးကျော်လာခဲ့ပါကလည်း ထိုသူတို့၏ အနှစ်သာရစွမ်းအားသည် သူမ၏ခန္ဓာကိုယ်ထဲ၌ ဖွဲ့စည်းနေသည့် အစစ်အမှန်အနှစ်သာရဝဲကတော့၏ အတင်းအကြပ် စုပ်ယူခြင်းကို ခံရပေလိမ့်မည်။ အစောပိုင်းတုန်းက သူမက စောလျင်စွာ သတိပြန်လည်လာပြီး သူမ၏ အနှီပညာရပ်ကို ရပ်တန့်ခဲ့သောကြောင့်သာ မဟုတ်ပါက သူမသည် ဟန်လိ၏ ကျင့်ကြံမှုကို အလုံးစုံအကုန် စုပ်ယူမိသွားပေလိမ့်မည်။ ယင်းကဲ့သို့ ထူးခြားလှသောနတ်စွမ်းရည်နှင့် ပတ်သတ်ပြီး အတားအဆီးအခက်အခဲများ ရှိနေမှာကတော့ သဘာဝပင်။
ပထမဆုံးအနေဖြင့် ယင်းနတ်စွမ်းအားကိုရဖို့ သူမ၏ အစစ်အမှန်အနှစ်သာရသည် အလွန်အမင်း အားနည်းနေရမည် ဖြစ်၏။ ဒုတိယအခက်အခဲကတော့ ထိုပညာရပ်ကို အသုံးပြုနေစဉ်အတွင်း သူမကသာ မည်သူ၏ အစစ်အမှန်အနှစ်သာရကို မစုပ်ယူနိုင်ခဲ့ပါက သူမ၏ အစစ်အမှန်အနှစ်သာရသည် ပေါက်ကွဲကာ သေဆုံးခြင်း ဆိုက်ရလိမ့်မည်။ ထိုပညာရပ်ကား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟုပင် ပြော၍ ရနိုင်သည်။
သည့်အပြင် ၎င်းပညာရပ်ကို မည်သူမျှ အသုံးမပြုချင်သော အချက်ကတော့ အသုံးပြုသူသည် တစုံတစ်ယောက်၏ အစစ်အမှန်အနှစ်သာရကို စုပ်ယူနိုင်ခဲ့လျှင်ပင် သူတို့သည် သူတို့၏ ဆုံးရှုံးသွားသော ကျင့်ကြံမှုအစွမ်း အစိတ်အပိုင်းကိုသာ ပြန်ရနိုင်စွမ်း ရှိလိမ့်မည်။ ထိုပညာရပ်ကို လူတစ်ယောက်၏ မှော်စွမ်းအား သို့တည်းမဟုတ် ကျင့်ကြံခြင်းတိုးတက်ဖို့အတွက်တော့ အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါ။