← Chapters

တည်နေရာရွှေ့ပြောင်းခြင်း

Vol. 26 Ch. 363

တည်နေရာရွှေ့ပြောင်းခြင်း

Vol. 26 Ch. 363

များမကြာမီ ဟန်လိလည်း သည်လှိုဏ်ဂူထဲကနေ လှမ်းထွက်လာပြီး ပျံသန်းလာခဲ့သည်။ သူသည် သည်တစ်ကြိမ်၌ ဘေးဘီဝဲယာကို ပို၍ သတိထားနေသည်။ သူ့ခရီးစဉ်အတွင်း စိတ်ဝိညာဉ်အာရုံကို အစွမ်းကုန်အသုံးပြုထားသည်။ မြက်ပင်တို့ကြား လေတိုးသံ ကြားရလျှင်ပင် သူက ချက်ခြင်း ပုန်းရန်နေရာ ရှာတော့သည်။ တကယ်တော့ ခုလက်ရှိ သူ၏ ကျင့်ကြံမှုအဆင့်နှင့် ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ကြုံရပါက အလွန်တရာ အန္တရာယ်များမည် မဟုတ်ပါလား။

ဤသို့ဖြင့် သူ၏ သတိထားမှုကို အစွမ်းကုန်မြှင့်တင်ထားလျက် ဟန်လိသည် မြေအောက်လှိုဏ်ဂူထိ ပြန်ရောက်လာခဲ့တော့သည်။ သူ၏ ပြန်လာသော ခရီးစဉ်မှာ အသွားကထက် နှစ်ဆလောက် ပိုကြာခဲ့ပေသည်။ သူက သူ ချခင်းထားခဲ့သော ဒြပ်စင်ငါးခုအစီအရင်ထဲ ဝင်လာနိုင်တော့မှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။

ဝိညာဉ်သေကတော့ အစီအရင်ဘေးမှာ နာခံစွာဖြင့် ထိုင်နေဆဲ ဖြစ်သည်။ ဟန်လိက ဝိညာဉ်သေသည် သူ ထွက်သွားတုန်းက ထားခဲ့သည့်နေရာတွင်သာ ထိုင်နေဆဲ ဖြစ်နေသည်ကို မြင်သည့်အခါ မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ ဟန်လိသည် သူ၏ ကျင့်ကြံမှုကို ပြန်ရဖို့မှာ သုံးလေးနှစ်လောက်မျှဖြင့် ရမည့်ကိစ္စမဟုတ်မှန်း သိသည်။ သို့ဖြစ်၍ သူသည် အခုချက်ခြင်း ကျင့်ကြံဖို့ တရားလည်းမထိုင်၊ မည်သည့်ဆေးလုံးကိုမျှလည်း မသောက်ပေ။ ထိုအစား သူသည် လာမည့်နေ့များ၌ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အား ပြန်ပြုပြင်ခြင်းတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလေတော့သည်။

ခုလက်ရှိ အခြေအနေများ၌ ဝေးကွာလွန်းသော နိုင်ငံတစ်ခုကို ခရီးနှင်ခြင်းကား အလွန်အမင်း အန္တရာယ်များလှပါသည်။ သည်ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပြန်ပြုပြင်ပြီးနောက် အသုံးပြုနိုင်စွမ်း ရှိဖို့သာ သူ့အနေဖြင့် မျှော်လင့်နိုင်တော့သည်။

ဟန်လိ၏ ကျင့်ကြံမှုမှာ များစွာ လျော့ကျသွားသော်ငြားလည်း သူ့ပြန်ပြုခြင်းအလုပ်ကိုမူ အခက်အခဲ မဖြစ်စေခဲ့ပေ။ တပါတ်လောက် အိပ်ပျက်ခံပြီးနောက်မှာတော့ သူက ၎င်းအစီအရင်ကို လုံးဝ ပြန်ပြင်နိုင်ခဲ့လေပြီ။

ပုံမှန်အားဖြင့် သွေးအေးတတ်သော ဟန်လိမှာ သည်အစီအရင် ပြီးပြည့်စုံသွားတာကို ကြည့်နေရင်း သူ့စိတ်ထဲ ဂနာမငြိမ်မှု ဖြစ်နေသည်။

သူ အောင်မြင်မလား၊ ကျရှုံးမလား အရေးကြီးဆုံး အခိုက်အတန့်ကို ရောက်နေလေပြီ။ ၎င်းအစီအရင်က သူနှင့် ဘေးကင်းကင်း ချိတ်ဆက်မလား၊ မချိတ်ဆက်ဘူးလားကိုတော့ သူ စမ်းသပ်ကြည့်ရတော့မည်။ ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ တခြားအဆုံးဘက်တွင် ထိခိုက်မှု ရှိထားရင် သို့မဟုတ် ၎င်း ထွက်ပေါက်ကသာ ဆက်၍ မတည်ရှိခဲ့တော့လျှင် ၎င်းမှာ လုံးဝ အသုံးမတည့် ဖြစ်လိမ့်မည်။ ဟန်လိမှာ သည်အတွေးများကို စိတ်ထဲ၌သာ ထားထားပြီး သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနေစဉ် တခြားလမ်းကြောင်းတစ်ခုကို ရှာရလိမ့်မည်သာ။

စိတ်ထဲ၌ ထိုသို့တွေးမိပြီး ဟန်လိက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အနားအစွန်းများ၌ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုပြီးတစ်ခုကို နေရာချသည်။ သူက နောက်ဆုံးစိတ်ဝိညာဉ်ကျောက်တုံးများကို နေရာချ၍ ပြီးသည့်အခါ နောက်သို့ ခြေလေးငါးလှမ်း ပြန်ဆုတ်ပြီး အစီအရင်ကို ကြည့်သည်။ သူ့အသက်ရှုသံမှာ မမှန်ဘဲ မနေနိုင် ဖြစ်နေလေ၏။

လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်ခင်တည်းက ဖန်တီးခဲ့သော အနှီအစီအရင်မှာ ရုတ်တရက် မြည်ဟိန်းသံ ထွက်ပေါ်ပြီး အဝါရောင်အလင်း ဖြာထွက်လင်းလက်သွားသည်။ ယင်းနောက် ထိုအလင်းက အလျင်အမြန် လွင့်ပြယ်သွား၏။

ဟန်လိမှာ ဆောက်တည်ရာမရ ဖြစ်သွားရ၏။ ထိုရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ တခြားအဆုံးတစ်ဖက်သည် တကယ်ပဲ ပျက်စီးနေတာလား။ သို့ဆိုလျှင် သူ အားစိုက်ထုတ်ခဲ့သမျှသည် အချည်းနှီး ဖြစ်ကုန်ပြီဟု အဓိပ္ပာယ်ရနေလေပြီ။

ဟန်လိသည် အကြီးအကျယ် စိတ်ပျက်ဟန် မဖြစ်ပေါ်ဘဲ မနေနိုင် ဖြစ်နေ၏။ သို့သော် သူက လက်နှစ်ဖက်နောက်ပစ်လျက် အစီအရင်ကို လှည့်ပတ်၍ လျှောက်ကာ တကိုယ်တည်း တီးတိုးရေရွတ်နေသည်။

ရုတ်တရက် သူ လျှောက်နေတာကို ရပ်၏။ တစုံတစ်ခုကို အတွေးပေါက်ကာ မျက်မှောင်တင်းကြပ်စွာ ကြုံ့နေမိ၏။ ထို့နောက်တွင် သူက အစီအရင်ဗဟိုချက်မှ အဆင့်နိမ့်စိတ်ဝိညာဉ်ကျော်ကတုံးများကို ပြန်ဖယ်သည်။ ၎င်းဗဟိုချက်ကို သူ သေချာအနီးကပ် ကြည့်ကာ လေအေးတစ်ချက် မှုတ်ထုတ်မိလိုက်သည်။ ယင်းနေရာ၌ စိတ်ဝိညာဉ်ချီ အရိပ်အယောင်မှာ လုံးလုံးလျာလျာ မရှိလေတော့ပေ။

ဟန်လိသည် တွေးတွေးဆဆ ဖြစ်သွားသည်။ ရုတ်တရက် သူ့ဟန်ပန်က ဝင်းပသွားသည်။ တစက်လေးမျှ တုန့်နှေးမနေလေဘဲ သူက တလက်လက် တောက်ပနေသော အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီး သူ အစောပိုင်းတုန်းက နေရာချခဲ့သော အဆင့်နိမ့်ကျောက်တုံးများနေရာ၌ လဲလှယ်ပြီး နေရာပြန်ချသည်။

သူ ထင်တာသာ မှန်ခဲ့လျှင် သည်အစီအရင် အသက်မဝင်ခြင်းမှာ အဆင့်နိမ့်ကျောက်တုံးများက လုံလောက်သော စိတ်ဝိညာဉ်ချီကို မထောက်ပံ့ပေးနိုင်သောကြောင့်သာ ဖြစ်ချေလိမ့်မည်။

နောက်ဆုံးစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို နေရာချပြီးနောက်မှာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သ်ည ချက်ခြင်းပင် ခပ်အုပ်အုပ်အသံများ စထုတ်လွှတ်လာသည်။ ယင်းနောက် စိတ်ဝိညာဉ်လှိုင်းဂယက်များ ပေါက်ကွဲထွက်လေ၏။ အစီအရင်၏ ဗဟိုချက်မှ မျက်စိကျိန်းအောင် တောက်ပသော အဝါရောင်အလင်းတန်းတစ်ခုသည် လှိုဏ်ဂူ၏အပြင်ဘက်ထို ထိုးထွက်လေသည်။ ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်သည်ပင် ၎င်းအလင်းကို နည်းနည်းလေးမျှ ဟန့်တားနိုင်ခြင်း မရှိပါ။

ထိုသည်ကို မြင်သည့်အခါ ဟန်လိမှာ မင်သက်သွားရ၏။ သို့သော် သူ့စိတ်ထဲ အတွေးတစ်ခု ချက်ခြင်း ဝင်လာပြီး သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရော်သွားတော့သည်။

တချိန်တည်းလိုလို လှိုဏ်ဂူအပြင်ဘက်မှ တဝုန်းဝုန်းအသံများကို ဟန်လိမှာ ရုတ်တရက် ကြားလိုက်ရသည်။ သူ့ကို အစီအရင်မန္တာန်က ကာကွယ်ပေးထားသော်ငြားလည်း ဟန်လိမှာ မြေကမ္ဘာတုန်ခါမှုများကို ခံစားရတုန်းပင်။

ဟန်လိသည် စိတ်တင်းကြပ်သွားသည်။ သူက ဝိညာဉ်သေကို အလျင်အမြန် ဆင့်ခေါ်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ လျှောက်လှမ်းလေသည်။ သူက မတုန့်ဆိုင်းဝံ့ပေ။ သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က သူ့ကို မည်သည့်နေရာသို့ ပို့ဆောင်ပေးမလဲကိုလည်း သူ အမှန်တကယ်ကို မတွေးနိုင်တော့ပါ။ သူ့မူလစိတ်ကူးက သည်အစီအရင်၏ တခြားဘက်မှာ မည့်သို့သောနေရာ ရှိလေမလဲဟု သေချာသိရန် စီစဉ်ထားခဲ့ပြီး အန္တရာယ်ရှိခဲ့လျှင် နေသင့်၊မနေသင့် စဉ်းစားမည်ဟု ကြံစည်ထားခဲ့တာပင်။ သို့သော် ခုချိန်၌ အနှီရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ ပေါ်လွင်သွားပြီ။ သို့ဖြစ်၍ သူ့အဖို့ အပြန်ခရီးဆိုတာ ရှိမလာနိုင်တော့ပေ။

ထိုစဉ်မှာပင် ဟန်လိသည် သူရှိနေသော မြေအောက်လှိုဏ်ဂူ၏ အပေါ်မှ ဘုန်းခနဲမြည်ဟိန်းသွားသော အသံတစ်သံကို ကြားရလေသည်။ သူက အပေါ်သို့ အလန့်တကြား မော့ကြည့်မိလိုက်သည်။ သူသည် မှော်လက်နက်တစ်ခုခုကြောင့် သူရှိနေသော လှိုဏ်ဂူအမိုးမျာ ပွင့်ထွက်သွားလျက် နေအလင်းရောင် ထွင်းဖောက်မြင်လာတာကို လှမ်းမြင်ရသည်။

ထို့အပြင် သည်လှိုဏ်ဂူ၏အပေါ်ဘက်တွင် မိစ္ဆာတာအိုမှ ကျင့်ကြံသူအုပ်စုကြီး ရှိနေသည်။ သူတို့အားလုံးမှာ ဟန်လိနှင့် အဝါရောင်လင်းထိန်နေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တို့ကို မြင်ရသည့်အခါ အံ့ဩမင်သက်ထိတ်လန့်ကုန်ကြသည်။

“မင်းပဲ ဖြစ်နေပြန်ပြီလား…” ထိုလူအုပ်ထဲမှ ဒေါသတကြီးအသံတစ်သံ ဟိန်းထွက်လာသည်။ လူသုံးယောက် ပျံသန်းဝင်လာ၏။

အလယ်ရှိ တစ်ယောက်မှာ ငွေရောင်မျက်နှာဖုံးတစ်ခု တပ်ထားသော တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးဝမ်ချန်တည်း။ သူ့ဘေးတွင်တော့ လူထူးခြားနှစ်ယောက် ရှိနေသည်။ ထိုနှစ်ယောက်မှာ အဘိုးအိုနှင့် ကောင်လေးတစ်ယောက်တို့ပင်။ သူတို့နှစ်ယောက်မှာ ယန်လင်းမျှော်စင်တွင် အရင်တုန်းက တွေ့ခဲ့ဖူးသော လီညီအစ်ကိုများ ဖြစ်ကြသည်။

“ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်…” လီညီအစ်ကိုတို့မှာ အဝါရောင်အလင်းဖြာထွက်မှု၏ ဇစ်မြစ်ကို မြင်သည့်အချိန်၌ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားပြီး ကျေနပ်အံ့အားသင့်ဟန်ဖြင့် ထအော်ကြသည်။

ဝမ်ချန်လည်း ခဏ မင်သက်စွာ စိုက်ကြည့်၏။ ထို့နောက်တွင် သူက ကျေနပ်အားရစွာဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ပြောတာ အမှန်ပဲမလား။ ဒါဟာ တကယ့်ကိုပဲ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ဖြစ်နေတာလား…”

ဝမ်ချန်၏အသံမှာ နည်းနည်းတော့ တုန်နေသည်။ သူလည်း အကောင်းတိုင်းရှိနေသေးသော ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှန်း ကောင်းကောင်း သဘောပေါက်သည်။

လီညီအစ်ကိုတို့မှာ တဟားဟား အော်ရယ်ကြသည်။ သူတို့က တစုံတစ်ခုကို တွေးမိသွားစဉ်မှာတော့ သူတို့၏ အမူဟန်ပန်များမှာ ရုတ်ချည်း တင်းမာခက်ထန်သွားလေပြီ။

“မကောင်းတော့ဘူး။ ဟိုခွေးကောင်လေးက ဒီအစီအရင်ကို အသုံးပြုတော့မယ်။ မြန်မြန်…သူ့ကို တားကြ….”

သူက ထိုသို့ ပြောလည်းပြော၊ အနက်ရောင်အလင်းန်းအဖြစ်သို့လည်း ပြောင်းလဲကာ ဟန်လိထံ တရှိန်ထိုး ဝင်ရောက်လာလေသည်။

ထိုအစီအရင်ကသာ အသက်ဝင်သွားပြီးသည်နှင့် ၎င်းကို အသုံးမပြုခင် အချိန်ခဏ ယူရကြောင်းကို သူ သိထားပေသည်။ ထိုအချိန်ခဏက သူ့အဖို့ မည်သည့်ဂျူနီယာကိုမဆို လေးငါးခြောက်ကြိမ်လောက် သတ်ပစ်ဖို့အတွက် လုံလောက်သည်။

သို့သော် သူ၏ မှော်ရတနာလက်နက်က လှိုဏ်ဂူထဲ ပျံသန်းလာသည့်အခါတွင် စူးရှတောက်ပသောအလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သက်တံအရံအတားတစ်ခုက အန်ကရောင်အလင်းကို ပိတ်ဆို့တားဆီးသည်။

ထိုအဘိုးအိုမှာ ခဏ အံ့အားသင့်သွား၏။ သို့သော် သူက ချက်ခြင်း ပြန်သတိဝင်လာသည်။ ယုတ်မာကောက်ကျစ်မည့် ဟန်ပန်ဖြင့် သူက အော်ဟစ်လိုက်သည်။

“ လူတိုင်းပဲ တိုက်ခိုက်ကြ။ ဒီခွေးကောင်လေးက အစီအရင်မန္တာန်တစ်ခုကို မှီခိုနေတာ။ ကျုပ်တို့ ဒါကို မြန်မြန် ချိုးဖျက်မှ ရမယ်။ မဟုတ်ရင် နောက်ကျသွားနိုင်တယ်…”

သူတို့ဂိုဏ်းအကြီးအကဲ၏ အမိန့်သံကို ကြားသည်နှင့် မိစ္ဆတာအိုကျင့်ကြံသူများသည် သူတို့၏ မှော်လက်နက်များကို ထုတ်ကြပြုကြသည်။ ဝမ်ချန်နှင့် ကောင်လေးနှင့်တူသော လီညီအစ်ကိုထဲမှ တစ်ယောက်တို့သည်ပင် ဟန်လိ၏ မန္တာန်အစီအရင်ကို ဝင်ရောက်ထိုးနှက်တိုက်ခိုက်သည်။

ဟန်လိ၏ ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်မှာ မဟာအစီအရင်ကို တုပထားသော ရိုးရှင်းသည့် အစီအရင်တစ်ခုမျှသာ။ မူလမဟာအစီအရင်တော့ ဟုတ်မနေခဲ့ပေ။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်နှင့် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူလူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံရသည့်အခါ သက်တံ့အလင်းအရံအတားသည် ချက်ခြင်းလက်ငင်း ပုံပျက်ယွင်းကာ အချိန်မရွေး ပျက်စီးတော့မည့်အသွင် ဖြစ်ပေါ်လာသည်။

ဤအချိန်အခါ၌ ဟန်လိကတော့ ဝိညာဉ်သေကိုခေါ်ကာ အစီအရင်ဗဟိုချက်သို့ ရောက်နေပြီ။ သူ့လက်ထဲ၌ အမိန့်ပေးတံဆိပ်ပြားတစ်ခု ရှိလျက် သူက မျက်လုံးတင်းကြပ်စွာ ပိတ်ထားပြီး တိုးတိုးဖွဖွ ရေရွတ်၍ နေသည်။ သူက မိစ္ဆတာအိုကျင့်ကြံသူများ၏ တိုက်ခိုက်မှုများအား လုံးဝ လစ်လျူရှုထားလျက်။

“မဟာရွှေ့ပြောင်းခြင်းတံဆိပ်…။ ဒီခွေးကောင်မှာ တကယ်ပဲ အဲ့လို မှော်ပစ္စည်းမျိုး ပိုင်ဆိုင်ထားတာပဲ…”

လီအဘိုးအိုက ဟန်လိလက်ထဲမှ တံဆိပ်ပြားကို မြင်သည့်အခါ နှာခေါင်းရှုံ့သည်။ သူက ရုတ်တရက် သူ့လက်နှစ်ဖက်ကို ပူးလိုက်၏။ အလင်းအမျှင်တန်းမြောက်များစွာမှာ မြင့်တက်လာာပြီး အောက်ဘက်ရှိ အလင်းအရံအတားထံ ထိုးစိုက်တိုးဝင်လာသည်။

ဟန်လိ၏ အစီအရင်မှာ အသံပေါင်းစုံ မြည်ဟိန်းထွက်လာပြီးနောက် ၎င်း၏ အကန့်အသတ်သို့ ရောက်လာခဲ့လေပြီ။ သက်တံအလင်းအရံအတားမှာ ပေါက်ကွဲသွားလေ၏။

ထူးခြားသော သက်တံအလင်းက သူ့ကို ကာကွယ်ပေးထားခြင်း မရှိသည်နှင့် တိုက်ခိုက်မှုလှိုင်းများက ဟန်လိနား ရောက်လာလေတော့မည်။ သို့သော် ၎င်းတိုက်ခိုက်များနှင့် အလွန်တရာ နီးကပ်သော အချိန်မှာ ဟန်လိက မျက်လုံးဖွင့်လာပြီး အေးစက်စက်လေသံဖြင့် စကားတခွန်းကို ဆိုသည်။

“ရွှေ့ပြောင်းခြင်း…”

အဝါရောင်အလင်း ရုတ်ချည်း မြင့်တက်လာပြီး ထိုအလင်းဖြာထွက်မှုအတွင်းရှိ ဟန်လိနှင့် ဝိညာဉ်သေတို့မှာ သဲလွန်စမရှိ‌ ပျောက်ကွယ်သွားတော့သည်။ တိုက်ခိုက်မှုလှိုင်းများကတော့ ပစ်မှတ်နှင့် လုံးဝ လွဲချော်သွား၏။ ကောင်းကင်ထက်ရှိ မိစ္ဆာတာအိုကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ကုန်သည်။

ဝမ်ချန်နှင့် လီညီအစ်ကိုတို့ အသားအရေများမှာ ပြာနှမ်းနှမ်း ဖြစ်ကုန်သည်။ သူတို့၌ မဟာရွှေ့ပြောင်းခြင်းတံဆိပ်တစ်ခု မပိုင်ဆိုင်ထား၍ သူတို့မှာ ဟန်လိနောက်သို့ လိုက်လံနိုင်စွမ်း မရှိကြချေ။ ခဏအကြာတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အဝါရောင်အလင်းသည် ရုတ်တရက် မှိန်ဖျော့လွင့်ပြယ်သွားတော့၏။ ဤသည်ကို မြင်သည့်အခါ ဝမ်ချန်နှင့် သူ့လူများမှာ ပြောပြ၍ မရနိုင်လောက်သည့်အထိ ဒေါသပုန် ထကုန်သည်။

သူတို့ကား သည်အစီအရင်ကို ခုလေးတင် အသုံးပြုခဲ့သောသူ ဟန်လိမှာ တခြားတစ်ဖက်ကို ဖျက်စီးလိုက်ပြီမှန်း သိလိုက်သည်။ အခုအခါ သူတို့သည် မဟာရွှေ့ပြောင်းခြင်းတံဆိပ်ကို ရှာတွေ့နိုင်ခဲ့လျှင်ပင် သည်ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

ဝမ်ချန်သည် စိတ်ထဲ၌ တနုန့်နုန့် မကျေမချမ်း ဖြစ်နေလျက်။ သူကား လက်လျော့ချင်စိတ် မရှိသေးပေ။ ဂိုဏ်း၏ သခင်လေးဟူသော သူ၏အဆင့်အတန်းအရ သူက သည်အစီအရင်ကို နေ့နေ့ညည စောင့်ကြပ်နေဖို့ ကျင့်ကြံသူများကို ခိုင်းထား၏။ အစီအရင်ကို ပြန်ပြုပြင်၍ ပြန်လာနိုင်သော ဟန်လိကို တားဆီးဖို့အတွက်သပ်သပ်ဖြင့် ထိုသို့ လုပ်ဆောင်ခိုင်းခဲ့တာပင်။ အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက သူသည် ဟန်လိကို အသက်ရှင်လျက် သေချာပေါက် ဖမ်းစီးမည် ဖြစ်ကာ သူ့အစီအစဉ်များကို သုံးလေးကြိမ်မက နှောက်ယှက်ခဲ့သည့်အတွက် ပြန်ပေးဆပ်ခိုင်းပေမည်။

သို့ရာတွင် များမကြာမီ မိစ္ဆာတာအိုဂိုဏ်းများမှာ သူတို့၏ နယ်မြေချဲ့ထွင်မှု နောက်ထပ် ခြေလှမ်းတစ်ခုကို စလာကြသည်။ ထိုအခါ တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးဖြစ်သော ဝမ်ချန်မှာ တခြားနေရာများသို့ သွားရောက်ကြည့်ရှုရဖို့ အစပြုလေတော့၏။ သို့ဖြစ်၍ သည်ကိစ္စကို သူ့စိတ်ထဲ၌သာ ထားထားနိုင်တော့သည်။

ကောင်းကင်တောင်ပိုင်းဒေသကြီး၏ ကျင့်ကြံခြင်းလောကမှာ အချိန်ကြာသည့်အထိ ဆူညံပွက်လော ရိုက်ပေတော့မည်။

လာမည့်နှစ်နှစ်၌ ကျန်သည့်နိုင်ငံများနှင့် ဖွဲ့စည်းထားသော မဟာမိတ်က မိစ္ဆာတာအိုနှင့် လမ်းမှန်တာအိုမဟာမိတ်အဖွဲ့တို့၏ အင်အားစုများကို ခုခံခဲ့ကြလေသည်။ ၎င်းအသစ်ဖွဲ့စည်းသော မဟာမိတ်ကို ကောင်းကင်တာအိုမဟာမိတ်ဟု ခေါ်တွင်၏။ ၎င်းမှာ ကောင်းကင်တောင်ပိုင်းဒေသ၌ မိစ္ဆာတာအိုဂိုဏ်းများ၊ လမ်းမှန်တာအိုမဟာမိတ်တို့အပြင် တတိယအင်အားစု ဖြစ်လာခဲ့သည်။

ထိုအင်အားစုကြီး သုံးစုမှာ ခွန်အားချင်း ညီမျှနေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်ကြဲကြသည်။ ထို့နောက်တွင်တော့ သူတို့သည် သရေအနေအထားသို့ ရောက်သွားကြပုံပင်။

ယွဲ့ဒေသ၏ ဂိုဏ်းကြီးခြောက်ဂိုဏ်းကတော့ ကိုးနိုင်ငံပြည်ထောင်စုသို့ တဖြည်းဖြည်း ရောက်လာနိုင်ခဲ့သည်။ သူတိုက စိတ်ဝိညာဉ်ကြောများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကဲ့သို့ ရင်းမြစ်များအတွက် ဒေသခံဂိုဏ်းများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ကြပြီး အင်အားစုအသစ်တစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့သည်။ မောက်လန်မျိုးနွယ်စု၏ မန္တာန်တပ်သားများက ကိုးနိုင်ငံထံ ကျူးကျော်လာခဲ့လျှင်တော့ ထိုဂိုဏ်းကြီးခြောက်ဂိုဏ်းမှာလည်း ပါဝင်ဆင်နွှဲရမှာကတော့ သဘာဝပင်။ သူတို့သည် ယွဲ့ဒေသမှာတုန်းကကဲ့သို့ အေးဆေးသာယာစွာ ထိပ်ဆုံး၌ မနေနိုင်ကြတော့ပေ။

သို့အတွက်ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည် မန္တာန်တပ်သားများနှင့် တိုက်ပွဲမှာ သေကြေခဲ့ရ၏။ ဟန်လိ၏ ဆရာဟောင်းဖြစ်သော လီဟွာယွမ်မှာ ဥပမာပင်။ သူသည် နောက်ဆယ်နှစ်အကြာတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲတစ်ခု၌ သေဆုံးခဲ့ရပေသည်။ သို့သော် အပြန်အလှန်အားဖြင့် ခက်ခဲကြမ်းတမ်းမှုနှင့်အတူ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ မျိုးဆက်သစ်တစ်ခုသည် အလျင်အမြန် ရင့်ကျက်လာကြလေ၏။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများအဖြစ်ကနေ၊ အဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တဖြည်းဖြည်း တက်လှမ်းနိုင်ခဲ့သူများ ရှိလာခဲ့သည်။

All Chapters