လူသူကင်းမဲ့သောကျွန်းနှင့် သင်္ဘောကြီးတစင်း
Vol. 26 Ch. 364
“ငါ့ခေါင်းက လေးလံလိုက်တာ…”
သတိဝင်လာချင်းချင်း ဟန်လိ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့်အတွေ့ ဖြစ်လေသည်။
ဟန်လိနှင့် ဝိညာဉ်သေတို့သည် တည်နေရာရွှေ့ပြောင်းတာ စတင်ပြီးနောက် သူ့အား ခြုံလွှမ်းထားသော အဝါရောင်အလင်းထံမှ ပြင်းထန်အားကောင်းသော ဖိအားကို ခံစားခဲ့ရပေသည်။ သို့သော် ကံကောင်းသည်မှာ မဟာရွှေ့ပြောင်းခြင်းတံဆိပ်က မိုးပြာရောင်အလင်း ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်ပေးသဖြင့် ထိုဖိအားသည် ပျောက်ကွယ်သွားစေပြီး သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို ဆုတ်ယုတ်စေသည်။
သို့သော် ဟန်လိသည် ပြင်ဆင်ထား၍ အလန့်တကြားတော့ မဖြစ်သွားခဲ့ပေ။ ထိုကဲ့သို့သော ပြောင်းလဲမှုမှာ မဟာရွှေ့ပြောင်းခြင်းတံဆိပ်ပေါ်တွင် ရေးထွင်းထားသော ရှေးဟောင်းမှတ်တမ်းများကြောင့် ဖြစ်ချေသည်။
ချက်ခြင်းပင် ထိုတံဆိပ်က စိတ်ဝိညာဉ်ချီ စုပ်ယူခြင်းကို ရပ်တန့်ပြီး သူ့ဘေးပတ်လည်ရှိ အဝါရောင်အလင်းကို လွင့်ပြယ်စေ၏။ သူနှင့် ဝိညာဉ်သေတို့မှာ အမှောင်ထုနေရာတစ်ခုထဲ ရောက်သွားခဲ့သည်။ ဤနေရာ၌ အလင်းသည် မှိန်ဖျော့လွန်းသဖြင့် ဟန်လိမှာ သူ့ဘေးဝန်းကျင်ကို ကောင်းကောင်း မမြင်ရပေ။ သို့သော် ငြိမ်သက်တိတ်ဆိတ်နေပုံအရ အနီးအနား၌ မည်သူ့မျှ မရှိနိုင်လောက်။ သူ စိတ်အေးမိသွားပြီး အစီအရင်မန္တာန်ထဲကနေ လှမ်းထွက်လာ၏။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် သူက မူးဝေသွားသည်။ သူ့ခြေထောက်များက ပျော့ခွေကာ နောက်သို့ လန်ကျသည်။ မသက်မသာဖြင့် အော့အန်ချင်စိတ် ဖြစ်မိ၏။ ဟန်လိသည် ရှည်လျားစွာ တည်နေရာရွှေ့ပြောင်းခြင်းက သူ့အား နေ၍ထိုင်၍ မကောင်း၊ မသက်မသက် ဖြစ်စေတာဟု သိလိုက်၏။ ခုလက်ရှိ သူ၏ မသက်မသာဖြစ်ရသော အဓိကမှာ သူ၏ နိမ့်ကျနေသော ကျင့်ကြံမှုကြောင့်သာ။
သို့သော် ခုချိန်၌ သူက ထိုကျင့်ကြံမှုနှင့် ပတ်သတ်ပြီး ကိုင်တွယ်ဖို့ အချိန်မဟုတ်။ သူက ဝိညာဉ်သေကို ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အား ဖျက်စီးရန် ခပ်မြန်မြန် အမိန့်ပေးလိုက်သည်။ ဝိညာဉ်သေက ဟန်လိအရင်က ပေးထားခဲ့သော ငွေရောင်ဓားကြီးကို ထုတ်ကာ မန္တာန်အစီအရင်အား အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်သည်။
ဤသည်ကိုမြင်မှ ဟန်လိလည်း စိတ်အေးနိုင်တော့၏။ ထို့နောက်တွင် သူက မြေပေါ်မှာ ထိုင်ချပြီး ခဏနားသည်။ ဤလှိုဏ်ဂူထဲရှိ အမှောင်ထုနှင့်သူ တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာသည်။ သည်လှိုဏ်ဂူအခန်းမှာ လွန်ခဲ့သော ကာလရှည်ကြာသည့်အချိန်တည်းကနေ စွန့်ပစ်ထားခဲ့တာ ဖြစ်နိုင်လောက်သည်ဟု သူ ဝိုးတဝါး ခံစားမိ၏။
အခု ၎င်းမှာ ပိန်းပိန်းမှောင်နေရုံသာမက ကာလရွှေ့လျားတိုက်စားမှု အငွေ့အသက်ပါ အားကောင်းစွာ ရှိနေလေ၏။ သူက ဂူကြမ်းပြင်ကို ထိကြည့်၏။ ဖုန်များထူထဲစွာ ရှိနေတာကို တွေ့ရသည်။ သူ ပိုစိတ်အေးသွား၏။ အနည်းဆုံးတော့ အချိန်တစ်ခုအတွင်း မည်သည့်အန္တရာယ်မှ မရှိလာလောက်သည် မဟုတ်လား။
အချိန်အတော်အတန် ကြာပြီးနောက် ဟန်လိ၏ မသက်မသာခံစားချက်က တဖြည်းဖြည်း ပျောက်သွား၏။ သူက လက်နှစ်ဖက်ကို ထောက်၍ ထရပ်သည်။
ယင်းနောက် သူ့သိုလှောင်အိတ်ထဲမှ လကျောက်ကို ထုတ်သည်။ ထိုအခါ အခန်းထဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွား၏။ သူ ထင်ထားသည့်အတိုင်းသာ။ သည်နေရာမှာ ကာလရှည်ကြာ အသုံးမပြုတော့သော ကျောက်အခန်းတစ်ခု ဖြစ်နေ၏။ သူ့မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျောက်တံခါးချပ်တစ်ခုလွဲ၍ ထူးခြားတာ ဘာမျှ ရှိမနေပေ။ ဟန်လိက ခေါင်းလှည့်ကာ ပျက်စီးသွားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တချက် လှမ်းကြည့်သည်။ ခဏ တွေဝေနေပြီးနောက်မှာ သူက တံခါးထံ အာရုံရောက်သွားပြီး ၎င်းကို အားဖြင့် ဖွင့်လှစ်ရန် ကြိုးစားသည်။
ဟန်လိမှာ သည်တံခါးကို အလွယ်တကူ ဖွင့်၍ ရလိုက်သည့်အတွက် များစွာ အံ့အားသင့်သွားရသည်။
“ဒါက…” ဟန်လိမှာ အံ့အားတသင့်၊ အထိတ်တလန့် ဖြစ်သွားရန်ပြန်သည်။
သူ့ရှေ့တွင် ထုံးကျောက်လှေကာထစ်များ တသီကြီး ရှိနေလေသည်။ ဟန်လိသည် တဖြည်းဖြည်း အပေါ်သို့ မော့ကြည့်၏။ လှေကားထစ်များ၏ အဆုံးသပ်ကို သူ မတွေ့ရပေ။ ကျောက်အခန်းထဲမှာတုန်းကကဲ့သို့ပင် သည်လှေကားထစ်များတွင်လည်း ဖုန်များ အလွှာလိုက် ရှိနေသည်။ သည်နေရာသို့ မည်သူမျှ မလာကြတာ အချိန်တခုတော့ ရှိမှာ သေချာသည်။
နောက်ဘက်ရှိ အခန်းသို့ တချက် ပြန်လှည့်ကြည့်ရာ သူ စောစောတုန်းက ရှိနေခဲ့သော ကျောက်သားအခန်းသည် အမှန်တကယ် တောင်ငယ်တစ်ခု၏ ဂူတစ်ခု ဖြစ်နေမှန်းကို တွေ့လိုက်ရသည်။
ဟန်လိက ခဏစဉ်းစားနေသည်။ ထို့နောက် သူက လှေကားထစ်များအတိုင်း တက်လာ၏။ ဝိညာဉ်သေက သူ့နောက်ကနေ နီးနီးကပ်ကပ်လိုက်ပါလာသည်။ လှေကားထစ်တန်းက အလွန်ရှည်လျားလှသည်တော့ မဟုတ်။ တဆစ်ချိုးကွေ့ပြီးနောက်မှာ ဟန်လိသည် ထွက်ပေါက်ကို မြင်ရလေပြီ။ ကျောက်တုံးကြီးတစ်ခုက ထွက်ပေါက်မှာ ပိတ်ထားလေ၏။
ဟန်လိက မျက်မှောင်ကြုံ့ကာ ဝိညာဉ်သေကို ချက်ခြင်း အမိန့်ပေးသည်။
“ဒါကို ဖျက်စီးလိုက်၊ ဖွင့်ဟလိုက်…” ထို့နောက် ဟန်လိသည် ဘေးသို့ ခြေတစ်လှမ်းလှမ်းသည်။
ဝိညာဉ်သေသည် ငွေရောင်ဓားကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့သို့ တိုး၍ ခုတ်ပိုင်းသည်။ သူက ထိုကျောက်တုံးကြီးကို တို့ဖူးကို ပိုင်းဖြတ်သည့်နှယ် အလွယ်တကူ ခုတ်ပိုင်းဖြတ်သည်။ ယင်းကျောက်တုံးက အတားအဆီး မရှိတော့သည့်အခါ နေရောင်ခြည်နှင့်အတူ လတ်ဆတ်သောလေအေးများက တိုးဝင်လာတော့သည်။
ဟန်လိသည် အသက်ဝဝရှုသွင်း၊ရှုထုတ်သည်။
သူက ဤနေရာသို့ တည်နေရာရွှေ့ပြောင်းလာသည့်အချိန်မှစ၍ လှိုဏ်ဂူအတွင်း၌ အသက်ရှုရှိုက်ရတာ ခံစား၍ မကောင်းခဲ့ပေ။ အခု လတ်လတ်ဆတ်ဆတ် လေအေးအေးကို ရှုရှိုက်ရတော့မှ သူ့စိတ်မှာ လန်းသွားရသည်။ သို့သော် သူ့ကို စိတ်ရှုပ်ထွေးသည်မှာ သည်လေထုထဲ၌ ရေခိုးရေငွေ့တို့ ပါဝင်နေခြင်းပင်။ သူက ထိုကဲ့သို့သော ရေခိုးရေငွေ့ပါသည့် ရနံ့ကို အရင်က တခါမှ မရှုရှိုက်ခဲ့ဖူးပေ။
သူ့စိတ်ထဲ၌ ပေါ်လာသည့် ထိုမေးခွန်းနှင့်အတူ ဟန်လိသည် ဝိညာဉ်သေကို ကျော်ကာ အပြင်ဘက်သို့ ထွက်ကြည့်သည်။ သူ တွေ့မြင်ရသည့်အရာကြောင့် ဟန်လိမှာ မင်သက်သွားရလေပြီ။ သူ့ မျက်စိတဆုံး၌ အဆုံးမဲ့သော အပြာရောင်ရေထုကြီးတစ်ခုသာ ရှိလို့နေပေသည်။
ဟန်လိမှာ အချိန်အတော်ကြာသည့်အထိ အံ့အားတကြီး ဖြစ်နေမိပြီးမှ သတိပြန်ဝင်လာသည်။
“ဒါက ဒဏ္ဌာရီလာပင်လယ်များလား…” ဟန်လိသည် ကျေနပ်အံ့အားသင့်စွာဖြင့် တွေးမိသည်။
ဟန်လိ အရင်တုန်းက မြင်ဖူးခဲ့သည့် အကြီးမားဆုံး ရေပြင်ထုဟူ၍ လန်စီရင်ရှိ မီတာရာချီလောက်သာ ကျယ်ပြောသော မြစ်ကြီးများသာ။ အကန့်အသတ်မဲ့သော ပင်လယ်သမုဒ္ဒရာကိုမူ စာအုပ်များထဲ၌သာ သူ ကြားဖူးခဲ့သည်။ အခုတော့ သူ့ ကိုယ်ပိုင်မျက်လုံးနှင့် ကျယ်ပြောလှသည့် ပင်လယ်ကို မြင်ရလေပြီ။ တခြားသူများနှင့်မတူဘဲ သူသည် အတော်လေး တုန်လှုပ်မှုကို ခံစားမိရ၏။
ယင်းနောက်တွင် ဟန်လိသည် ခေါင်းငုံ့ကာ သူရှိနေသော နေရာနှင့် ပတ်သတ်ပြီး စဉ်းစားကြည့်နေသည်။ သူက တောင်အငူအစွန်းတစ်ခု ပေါ်တွင် ရှိနေတာ ဖြစ်သည်။ သည်တောင်အငူအစွန်း၏ အောက်ခြေမှာ သိပ်မဝေးလှ။ ပင်လယ်နှင့်လည်း ထိစပ်နေသည်။ ပင်လယ်လှိုင်းကြီးများသည် သည်တောင်အောက်ခြေမှ ကျောက်သားကျောက်စိုင်များထံ ထပ်ခါထပ်ခါ ရိုက်နှက်နေလေ၏။
မေးစေ့ကို ပွတ်၍ ဟန်လိမှာ စဉ်းစားခန်း ဝင်နေ၏။
သည်ပင်လယ်၏ ရေအရောင်မှာ အဆုံးမဲ့ပင်လယ်၏ ပင်လယ်ရေအရောင်နှင့်တော့ သိသိသာသာ ကွဲပြားနေသည်။ ၎င်းမှာ ပုံမှန်ပင်လယ်တစ်ခု၏ ရေအရောင်မျိုးသာ ရှိနေသည်။ သူက ကောင်းကင်တောင်ပိုင်းဒေသကနေ အမည်မသိရသော ကမ်းရိုးတန်းဒေသတစ်ခုသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရတာ ဖြစ်နိုင်လောက်၏။
မည်သို့ပင်ဖြစ်စေ သည်နေရာတွင် သူ သိသည့်အရာ ဟူ၍ ဘာမျှ ရှိမနေပေ။ ကောင်းကင်တောင်ပိုင်းဒေသ၏ အပြင်ဘက်တွင် တည်ရှိသော နေရာ ဟုတ်၊မဟုတ်ကိုတော့ ဟန်လိမှာ မသေချာ။ သည်နေရာ၌ သူ သိဖူး၊ရင်းနှီးသော ပုံပန်းအသွင်လက္ခဏများကိုလည်း လုံးဝ မတွေ့ပါ။
စိတ်ထဲ၌ ထိုသို့ တွေးမိပြီး ဟန်လိသည် သူ့မှော်လက်နက်ကို ချက်ခြင်း မထုတ်ဖော်သေးပေ။ ထိုအစား သူက မျက်လုံးမှိတ်ကာ အနီးအနားတွင် ကျင့်ကြံသူ တစ်ယောက်ယောက် ရှိနေမလားဟု သိမြင်နိုင်ရန် သူ့စိတ်ဝိညာဉ်အာရုံကို ဖြည်းဖြည်းချင်း ထုတ်လွှတ်သည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းသည်။ သူ့ပုံစံက ထူးခြားသောဟန်ပန် ဖြစ်ပေါ်နေသည်။ သူသည် သူ့နတ်လေလှေငယ်ကို ထုတ်၏။ ဖြတ်ခနဲ လင်းလက်မှုနှင့်အတူ သူသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူက လေထဲ မီတာတစ်ရာလောက် အမြင့်ထိ ရောက်လာသည့်အခါ ရပ်နားပြီး သူ့လှေပေါ်မှာ ရပ်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာသည်။
သူ တွေ့မြင်သမျှသည် အပြာရင့်ရောင်အလင်းနှင့်သာ ထွေးယှက်နေလေသည်။ ပင်လယ်လှိုင်းများ၏ အလင်းပြန်မှုက ဟန်လိ၏ အမြင်ကို ဝေဝါးစေသည်။
သူသည် ကီလိုမီတာခြောက်ဆယ်လောက်ကျယ်ဝန်းသည့် ထီးတည်းဖြစ်နေသော ကျွန်းတစ်ခုပေါ်မှာ ရပ်နေသည်။ သူ အငူစွန်းကနေ ပျံသန်းထွက်လာပြီးသည့်အခါ သည်ကျွန်းပေါ်၌ ထိုးထွက်နေသော တောင်ငယ်တစ်လုံးသာ ရှိနေတာကို မြင်သည်။ သူက နှာခေါင်းပွတ်ကာ ခါးသီးစွာ ပြုံးမိ၏။
ဤသည်မှာ အမှန်တကယ် ဒုက္ခပင်။ သည်နေရာ၌ အန္တရာယ် မရှိပုံ ပေါ်သော်လည်း သည်ကျွန်းပေါ်မှာ သူ ကျင့်ကြံ၍ မရနိုင်ပေ။ ကျွန်း၏ စိတ်ဝိညာဉ်ချီမှာ အလွန်တရာ ပါးလှပ်လှသည်။ သူက စိတ်ဝိညာဉ်အပင်များကို ရင့်မှည့်အောင် လုပ်ချင်လျှင်ပင် စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝသော နေရာတစ်ခုကို လိုအပ်ပေသည်။ မဟုတ်ပါက အစိမ်းရောင်အရည်မှာ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပါ။ ထို့အပြင် တန်ဖိုးရှိသော စိတ်ဝိညာဉ်ဆေးပင်များ၏ အားကောင်းသော စိတ်ဝိညာဉ်ချီ သဘာဝကြောင့် ၎င်းတို့ကို ပျိုးထောင်ရင့်မှောင့်အောင်လုပ်ဖို့မှာ စိတ်ဝိညာဉ်များ ပေါကြွယ်လှသော နေရာတစ်ခု ဖြစ်ရန် လိုအပ်သည်။ သို့ဖြစ်၍ ဟန်လိမှာ အကူအညီမဲ့နေရလေပြီ။
ဟန်လိသည် ကျွန်းပတ်ပတ်လည်ကို နောက်တစ်ကြိမ် ထပ်မံပြီး ပျံသန်းကြည့်ပြန်သည်။ သူက အနီးအနား၌ တခြားကျွန်း တစ်ခုတလေကိုပင် မတွေ့ရပေ။ ထို့အပြင် သည်ကျွန်းငယ်တွင် သစ်ပင်များနှင့် မြွေငယ်များကလွဲ၍ တခြား သက်ရှိဟူ၍ ရှိမနေပေ။ သို့ဖြစ်၍ ဟန်လိမှာ သက်ပြင်းချ၍ လှိုဏ်ဂူထံသာ ပြန်လာနိုင်တော့သည်။
ပြန်ရောက်သည်နှင့် ဟန်လိမှာ ဘာကိုမျှ မတွေးနိုင်တော့ဘဲ အရင်ဆုံး အိပ်ပစ်သည်။ အရင်ရက်များက အစီအရင်ကို နေ့မအိပ်ညမအိပ် ပြုပြင်နေခဲ့ရသည် ဖြစ်ရာ သူ လုံးဝ ပင်ပန်းနေလေပြီ။ သူ နိုးလာပြီးမှသာ လာမည့် ပြဿနာများကို ရင်ဆိုင်တာကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝိညာဉ်သေက သူ့ကို စောင့်ကြပ်ပေးနေသည်။ ဟန်လိမှာ တနေ့လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပေသည်။ သူ နိုးလာသည့်အခါ တောင်ထိပ်ပေါ်မှာ တကိုယ်တည်း ရပ်လျက် ပင်လယ်ကို ငေးကြည့်နေပြီး အတွေးထဲ နစ်မြောလို့နေသည်။ အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဟန်လိသည် တောင်အောက်သို့ ပြန်ဆင်းလာပြီး လှိုဏ်ဂူကို ပိတ်ဆို့ဖို့ သင့်တော်သော ကျောက်တုံးတစ်တုံးကို ရှာသည်။
ထို့နောက်တွင် ဝိညာဉ်သေကို သူ့နတ်လေလှေပေါ်သို့ ခေါ်ကာ အနီးအနားဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ သူက မည်သည့်အရပ်ကနေ နေဝင်မှန်း သေချာစေပြီးနောက်မှာတော့ နတ်လှေနှင့် ပျံသန်းနေတာကို ရပ်သည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေသော ကျွန်းပေါ်၌ မည်သူမျှ မရှိနေတာကစ၍ အနီးအနားဝန်းကျင်တွင် တခြားကျွန်း သို့မဟုတ် ကုန်းမြေတစ်ခုခု ရှိရလိမ့်မည်ဟု ဟန်လိသည် ခန့်မှန်းမိပေသည်။ မဟုတ်ပါက သည်လောက် တန်ဖိုးကြီးသော ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မည်သည့်နေရာက ထွက်လာမှန်းမသိရဘဲ မည်သူက တည်ဆောက်ခဲ့ပါမည်နည်း။
ဟန်လိက မည်သည့်ဦးတည်ရာက မှန်သည်ကိုတော့ သိမနေတာ သဘာဝပင်။ သူသည် ရက်များစွာ ကြာသည့်အထိ ဦးတည်ရာတစ်ခုထံ ပျံသန်းကြည့်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်၏။ ကျင့်ကြံသူ သို့မဟုတ် သေမျိုးတစ်ယောက်ယောက်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့လျှင် ခုလက်ရှိ ကျွန်းကို ပြန်လာပြီး နောက်ထပ် မတူညီသော အရပ်ထံ ထပ်မံ ပျံသန်းကြည့်လေသည်။ သည်နည်းလမ်းမှာ အလုပ်ရှုပ်ကာ မရေရာသော်လည်း ဟန်လိအဖို့ ခုလိုမျိုး သူစိမ်းသူပြင်နေရာတွင် သည်တစ်ခုကိုသာ ရွေးချယ်ရန် ရှိတော့သည်။
မည်သို့ပင်ဖြစ်စေ သူ့သိုလှောင်အိတ်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရှိနေသဖြင့် ဟန်လိသည် စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားမည်နှင့် ပတ်သတ်ပြီးလို့တော့ ပူပန်မှု မရှိနေပေ။ ဟန်လိ၏ ကံမှာ ကောင်းလှသည်ဟု ဆိုနိုင်သည်။ သူ ပထမဆုံး စပျံသန်းလာသည့်နေ့မှာပင် နေ့တစ်ဝက်လောက် ပျံသန်းလာပြီးနောက်မှာ ပင်လယ်သင်္ဘောကြီးတစ်စင်းကို မြင်ရလေတော့သည်။ ဟန်လိမှာ အတော်လေး ပျော်ရွှင်သွား၏။ တကယ်တော့ သေမျိုးများသည် ကျင့်ကြံသူများနှင့်စာလျှင် ညှိရနှိုင်းရတာ ပိုချောမောနိုင်သည် မဟုတ်လား။ သို့သော် ဟန်လိသည် ထိုသင်္ဘောကြီးကို ကြည့်ကာ နည်းနည်းတော့ စဉ်းစားမရ ဖြစ်နေသည်။ ၎င်းသင်္ဘောကြီး၏ ကိုယ်ထည်မှာ ထူးခြားလှစွာ မည်သည့် သင်္ဘောရွက်တို့မှာ ရှိမနေလေပေ။ သင်္ဘောဦးတွင်တော့ သင်္ဘောကို ရှေ့သို့ ရောက်အောင် ဆွဲပေးနေသော ဧရာမငါးကြီးဆယ်ကောင်ကျော် ရှိလို့နေသည်။
ထိုငါးများသည် ခန္ဓာကိုယ်ကြီးမားကာ ချွန်မြသောသွားများ ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့၌ မည်သည့်စိတ်ဝိညာဉ်ချီမျှ မပိုင်ဆိုင်ထားဟု သူက ခံစားမိသည်။ သို့မဟုတ်ပါက ဟန်လိသည် ထိုသင်္ဘောနားသို့ သွားဝံ့လိမ့်မည် မဟုတ်ပေ။