ညတစ္ဆေ မကောင်းဆိုးရွား
Vol. 9 Ch. 123
“နတ်ဘုရား ဧကရာဇ်...”
ရှန်းကျူး၏ မျက်နှာမှာ ဖြူရော်သွားသည်။ သူ ချက်ချင်းပင် နောက်သို့ ဆုတ်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း သူ မတုန့်ပြန်နိုင်ခင် အချိန်ကလေးမှာပင် အမှောင်ထုလှိုင်းမှာ သူ့ကို လွှမ်းခြုံ ရိုက်ခတ်သွားလေ၏။
ဘုန်း...
ရှန်းကျူး၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ် မရှိသည့် စက္ကူတစ်စလို နောက်သို့ အရုပ်ကြိုးပြတ် လွင့်စဉ်သွားသည်။ မကောင်းဆိုးရွား ညတစ္ဆေမှာ သူ့အား အလွတ်ပေးလိုဟန် မရတော့ချေ။ အရိပ်တစ်ခု အလား နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကာ ထပ်မံ တိုက်ခိုက်ရန် ကြိုးစား လိုက်ပြန်၏။
"ဒီအတိုင်းဆို သူ မကြာခင် သေတော့မယ်"
ဝေ့ဝူယင် မှတ်ချက်ချလိုက်သည်။ သို့သော်လည်း ရှန်းကျူးသည် ကံကြမ္မာကို အန်တုလိုဟန် လိုသည်။
သူက အိတ်ထဲမှ သေးငယ်သော ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။ ထိုဆေးလုံးတွင် မည်သည့် အရောင်အဝါမျှ ရှိမနေသည့်တိုင် မကောင်းဆိုးရွား တစ္ဆေ၏ အမူအရာမှာ ပြောင်းလဲသွားသည်။
ထာဝရည ချီကျင့်စဉ်… အမိုက်မှောင်စက်ဝန်း
ဟူး… ဟူး…
ရုတ်ချည်းပင် ရှန်းကျူးကို တိုက်ခိုက်နေသည့် အမှောင်ထုများမှာ နောက်သို့ ဆုတ်ခွာသွားကာ တစ္ဆေ မကောင်းဆိုးရွား၏ ခန္ဓာကိုယ်ကို စက်ဝိုင်းတစ်ခု သဖွယ် ဝန်းရံ သွား၏။
"သေစမ်း…"
ရှန်းကျူးက အော်ဟစ်ကာ ဆေးလုံးကို ချေမွှလိုက်၏။
ဘုန်း… ဘုန်း… ဘုန်း…
လောကသည်ကြောက်မက်ဖွယ် ကောင်းလောက်အောင် စတင် တုန်ရီလာသည်။ ထိုတုန်ရီမှုသည် မြေငလျင် တစ်ခု ဖြစ်သွားကာ မိုင်တစ်ရာ ဧရိယာကိုပင် သက်ရောက် သွားစေ၏။ ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် မြေပြင်၌ ထောင်နှင့်ချီသော နွားသိုးများ တစ်ကောင်ပြီး တစ်ကောင် ဖြစ်ပေါ်လာသည်။
နွားသိုးတစ်ကောင်ချင်းစီမှာ အနည်းဆုံး ဆယ်မီတာခန့် အထိ မြင့်မားကာ နွားလား ဥသဘ တစ်ကောင်က ရှေ့ဆုံးမှ ဦးဆောင်ထားသည်။ ၎င်းတို့က မြေပြင်အား ခြေဖနှောင့်ဖြင့် ပေါက်ကာ ညတစ္ဆေ မကောင်းဆိုးရွားထံ ကဆုန်ဆိုင်း၍ ပြေးလွှား သွားကြတော့သည်။ ထို့နောက်တွင် အငြိုးကြီးစွာပင် အမိုက်မှောင် စက်ဝန်းကို ဖျက်ဆီးလေတော့သည်။
"နွားသိုးတစ်ထောင် ကမ္ဘာဖျက် မှော်ဆေးလုံး…"
ဝေ့ဝူယင်မှာ နောက်ခပ်လှမ်းလှမ်း အထိ ဆုတ်ရင်း ရေရွတ်လိုက်၏။ ထိုမှော်ဆေးလုံးမှာ အဆင့်ခြောက် အထွတ်အထိပ် ဆေးလုံး တစ်ခု ဖြစ်ကာ နတ်ဘုရား ဧကရာဇ် တစ်ပါး၏ တိုက်ခိုက်မှုနှင့် ယှဉ်နိုင်သည့် စွမ်းအားကို ဖော်ထုတ်နိုင်သည်။ ရှန်းကျူးတွင် ထိုကဲ့သို့ ဝှက်ဖဲ တစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်ပင် ထင်မထားခဲ့ချေ။
ထောင်နှင့်ချီသော နွားသိုးများ၏ ဦးတည်ရာရှိ တည်ရှိနေသည့် တစ္ဆေ မကောင်းဆိုးရွားကို ဝေ့ဝူယင် လှမ်းကြည့်လိုက်သည်။ နွားသိုးတစ်ထောင် ကမ္ဘာပျက် မှော်ဆေးလုံးကို သူ ကိုယ်တိုင်ပင်လျှင် ထိပ်တိုက် ခုခံရန် ယုံကြည်ချက် သိပ်မရှိချေ။ ညတစ္ဆေ မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။
“ဟမ်....”
ရုတ်တရက် တစ်ခုခု လွဲချော်နေဟန်ဖြင့် ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သို့သော်လည်း သူ ရှည်ရှည်ဝေးဝေး မတွေးရသေးခင်မှာပင်...
"ဟီးဟီး… မင်း နေရာမှား နေပြီကွ…"
လှောင်ပြောင်သော ရယ်မောသံနှင့် အတူ ညတစ္ဆေ မကောင်းဆိုးရွားမှာ ဖုန်မှုန့် အဖြစ် ပြိုကျသွား၏။ ထို့နောက် ကောင်းကင်မှ နေ၍ နောက်ထပ် ဝတ်စုံနက်ဝတ် တစ်ယောက် ထပ်မံ ဆင်းသက်လာခဲ့သည်။
ရှန်းကျူး၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သို့သော်လည်း တွေဝေ မနေချေ။ ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလေ၏။ ဒဏ်ရာရမနေသော အခြေအနေတွင်ပင် နတ်ဘုရား ဧကရာဇ် တစ်ပါးကို ရင်ဆိုင်ရန် သူ့တွင် ယုံကြည်ချက် မရှိချေ။
“စိတ်မကောင်းပါဘူး ကျူးလေ... ငါ မင်းကို လိုအပ်နေတယ်”
ရူးသွပ်သော ရယ်မောသံနှင့် အတူ ညတစ္ဆေ မကောင်းဆိုးရွား၏ ခန္ဓာကိုယ်မှာ အမှောင်ချီများ အဖြစ် ပေါက်ကွဲသွား၏။ ထို့နောက် အရှိန်အဟုန်နှင့် အတူ ရွေ့လျားရင်း ရှန်းကျူးကို ခုန်အုပ်လိုက်လေတော့၏။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။
“ဒီမယ်...”
နောက်မှ အသံတစ်ခု ထွက်ပေါ်လာသဖြင့် ဝေ့ဝူယင် လှည့်ကြည့်လိုက်သည်။ သူမကား သူ့နောက်သို့ လိုက်ရန် အမိန့်ပေးခံရသည့် သံချပ်ကာဝတ် အမျိုးသမီးပင် ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမသည် ခေါင်းဆောင်းကို ချွတ်ထားကာ မျက်နှာကို ဖော်ပြထား၏။ သူမသည် အလွန် လှပသည်ဟု ဝေ့ဝူယင် မှတ်ချက်ချလိုက်မိသည်။
သူမ၏ ခပ်တိုတို အညိုရောင် ဆံပင်နှင့် အညိုရောင် မျက်ဝန်းအိမ်များမှာ ကျောက်စိမ်းရောင် အသားအရေနှင့် အလွန် လိုက်ဖက်သည်။ ရဲရင့်သော မျက်လုံးများနှင့် ပေါ်လွင်သော မေးရိုးများက စစ်သူရဲ တစ်ဦး၏ အသွင်အပြင်ကို ထင်ရှားစေသည်။ သူမ၏ ပန်းရောင် နှုတ်ခမ်းထောင့်တွင် နီရဲသော သွေးစ အချို့မှာ စီးကျနေ၏။
“ကျွန်မ နာမည်က ရှန်းရှင်းမေ့ပါ... ရှင်က အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဟုတ်တယ် မလား”
သူမက သွေးစများကို လက်ခုန်ဖြင့် သုတ်ရင်း မေးလိုက်သည်။
“အင်း... အဲဒီလို သတ်မှတ်မယ်ဆိုလည်း ရပါတယ်”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင်ပင် အဝေးဆီမှ ပေါက်ကွဲသံ နောက်တစ်ကြိမ်ကို ကြားလိုက်ရပြန်သည်။ ရှန်းရှင်းမေ့မှာ ထိုအရပ်သို့ တစ်ချက် လှည့်ကြည့်ပြီးနောက် ဝေ့ဝူယင်ဘက်သို့ ပြန်လည် မျက်နှာမူ လိုက်သည်။
“တော်ဝင် စစ်သေနာပတိ ရောက်လာတဲ့ အချိန်အထိ ကျွန်မတို့ကို ကူပြီး အချိန်ဆွဲထားပေးနိုင်မလား... ရှင်သာ ကူညီမယ် ဆိုရင်...”
“ဘုန်း...”
အမှောင်ထုချီ မုန်တိုင်းတစ်ခုမှာ သူတို့ အနားတွင် ရုတ်ချည်း တိုက်ခတ်သွား၏။ ရှန်းရှင်းမေ့မှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲ ခြေများပင် ခွေယိုင်ကျမတတ် ဖြစ်သွားခဲ့သည်။ ကြည့်ရသည်က သူမသည်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားဟန် တူ၏။
ဝေ့ဝူယင် လျှင်မြန်စွာ လှုပ်ရှားကာ သူမ၏ ခါးကို ဆုပ်ကိုင်လိုက်၏။
ရှန်းရှင်းမေ့မှာ လန့်ဖျပ်သွား၏။ သို့သော်လည်း အမှောင်လှိုင်းများက ဆက်လက် တိုက်ခတ်နေရာ သူမ စကားမပြောနိုင်ချေ။
“ငါ့အထင် နည်းနည်း နောက်ကျသွားပြီ... ဒီကျင့်ကြံသူက တစ်စုံတစ်ခုကို လိုအပ်တယ်... ခု အဲဒီ အရာကို သူ ရသွားခဲ့ပြီ”
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။ သူ၏ ဝိညာဥ်အာရုံများကမူ ရှန်းကျူး၏ ခန္ဓာကိုယ်ထဲမှ ချီဝိညာဥ်ကို အတင်းအကြပ် ဆွဲထုတ်နေသည့် ညတစ္ဆေ၏ မြင်ကွင်းအား မြင်တွေ့နေရ၏။
“ဘယ်လို...”
ရှန်းရှင်းမေ့က နားမလည်စွာ မေးလိုက်သည်။ ဝေ့ဝူယင် ပြန်မဖြေရသေးခင်မှာပင် မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ ရုတ်ချည်း တိတ်ဆိတ်သွား၏။ ထိုဒေသအတွင်းရှိ လူသားနှင့် တိရစ္ဆာန်များ အပါအဝင် သတ္တဝါများ အားလုံးမှာ မတိုင်ပင်ရပါပဲ အထက်ကို ပြိုင်တူ မော့ကြည့်လိုက်မိကြသည်။ ထိုအခါ အလွန်တရာ ခမ်းနား ထည်ဝါလှသော မြင်ကွင်း တစ်ခုကို သူတို့ မြင်တွေ့ လိုက်ကြရလေသည်။
"ဘယ်လောက်တောင် အကြောက်အလန့် ကင်းလိုက်သလဲ”
ဝေ့ဝူယင်မှာ ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်မိလေ၏။
...
ထိုအချိန် ကောင်းကင်၌...
“ဟူး... ဟူး...”
အနက်ရောင် ဝတ်စုံဝတ် ညတစ္ဆေသည် နတ်ဆိုးတစ်ပါး အလား ပျံဝဲနေ၏။ ထာဝရ အမှောင်ချီများမှာ သူ၏ ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ဝန်းရံနေသည်။
“ဟီးဟီးဟီး... ဟားဟားဟား... ငါ မင့်ကို စောင့်နေတာကွ...”
သူက အပေါ်သို့ မော့ကြည့်ကာ အူလှိုက်သည်းလှိုက် ရယ်မောရင်း အော်ဟစ်လိုက်၏။ အမှောင်ထုသည် ပိုမို သိပ်သည်းလာ၏။ လေပြင်းမုန်တိုင်းများမှာ ကြမ်းတမ်း ခက်ထန်စွာ တိုက်ခတ်နေသည်။ လေမှာ ကြမ်းတမ်း ခက်ထန်လွန်းရကား အသားများကို ဓားဖြင့် မွှန်းနေသလိုပင် ခံစားရသည်။
"ဘာတွေ ဖြစ်နေတာလဲ...”
ရှန်းရှင်းမေ့က ကြောက်လန့်စွာ မေးလိုက်၏။ သူမ၏ လက်များမှာ မသိခင်မှာပင် ဝေ့ဝူယင်၏ အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“သူ ကြယ်တာရာ ကပ်ဘေးကို ရင်ဆိုင်တော့မယ်”
ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ ညတစ္ဆေသည် နတ်ဆိုးတို့၏ လမ်းစဥ်ဖြင့် အဆင့်ကိုးထိ ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့သည်။ ယခုတွင်မူ သူသည် ကမ္ဘာ့ထိပ်ဆုံး၌ ရပ်တည်နိုင်မည့် အခွင့်အရေး အတွက် ဆက်လက် တိုက်ပွဲဝင်တော့မည် ဖြစ်သည်။
သို့သော်လည်း ရှန်းရှင်းမေ့တွင်မူ အခြား အတွေးတစ်မျိုး ရှိနေ၏။ အကယ်၍ သူသာ အောင်မြင်သွားပါက...
“သူ့ကို တားလို့ မရတော့ဘူးလား...”
သူမက ဖြူရော်သော မျက်နှာနှင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ဝေ့ဝူယင်က ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ဟူး... ဟူး...
သစ်သားချီများမှာ သူ၏ လက်မှ စီးထွက်လာ၏။ ရှန်းရှင်းမေ့မှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင် အချို့ စီးဝင်လာသည်ကို သတိထားလိုက်မိသည်။ သို့သော်လည်း ၎င်းမှာ နွေးထွေးကာ ညင်သာလှ၏။ သူမက အလိုက်သင့်ပင် ထိုချီများကို စုပ်ယူကာ ဒဏ်ရာများကို ကုစားလိုက်၏။
မကြာခင်မှာပင် သူမသည် ကိုယ့်ခြေထောက်ပေါ် ကိုယ် ပြန်၍ ရပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် သူမ၏ ခါးကို လွှတ်ပေးလိုက်၏။
ရှန်းရှင်းမေ့က မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ အကယ်၍ ဝေ့ဝူယင်သာ အစစ်အမှန် ပညာရှင် တစ်ယောက် ဖြစ်ပါက ညတစ္ဆေကို ရပ်တန့်နိုင်ပေလိမ့်မည်။
သို့သော်လည်း နောက်ဆက်တွဲ အဖြစ်အပျက်က သူမ၏ မျှော်လင့်ချက်များကို ရိုက်ချိုးသွားခဲ့သည်။ ဝေ့ဝူယင်သည် သူမအား နှုတ်ဆက် သကဲ့သို့ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်တွင် ခန္ဓာကိုယ်အား တစ်ချက် လှုပ်ယမ်းကာ မူလ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ သူ၏ အရိပ်အယောင်ပင်လျှင် ရှာမရတော့။ ရှန်းရှင်းမေ့မှာ ပထမ၌ ကြောင်အသွားသော်လည်း မကြာခင်မှာပင် အဖြစ်မှန်ကို သဘောပေါက်သွားသည်။ သူမ အားကိုးတကြီး မျှော်လင့်နေမိခဲ့သည့် ပုဂ္ဂိုလ်သည် သူမအား အမှောင်ကမ္ဘာထဲတွင် ချန်ရစ်ထားခဲ့ချေပြီ။
အမှန်တကယ်ပင် ဝေ့ဝူယင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် ကိုယ့်ကြမ္မာ ကိုယ်စီရင်ရမည် ဖြစ်သည်။ သူသည် သူတော်စင် တစ်ယောက် မဟုတ်သလို သူနှင့် ညတစ္ဆေ အကြားတွင်လည်း အငြိုး အာဃာတများ ရှိမနေချေ။ ရှန်းရှင်းမေ့အား ဒဏ်ရာကုသပေးခဲ့ခြင်းက ပင်လျှင် သူ့အတွက် အတော်လေး လွန်လွန်းနေပြီ ဖြစ်သည်။
ဝှစ်...
အစီအရင်၏ အစွန်အဖျား တစ်နေရာတွင် ဝေ့ဝူယင် ပြန်လည် ပေါ်လာခဲ့၏။ သူသည် ကောင်းကင်သို့ မော့ကာ အာရုံစူးစိုက်မှု အပြည့်ဖြင့် ကြယ်တာရာ ကပ်ဘေးကို ကြည့်လိုက်သည်။ အကယ်၍ ညတစ္ဆေသာ အောင်မြင်သွားပါက သူ အချိန်မရွေး ထွက်ပြေး၍ ရသည်။
ဟူး... ဟူး...
ညတစ္ဆေသည် ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့ရသည့် စွမ်းအင်များကို စုဝေးထားသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ချီပျစ်ခဲခြင်း အလွှာကို ကျော်လွန်ကာ ကြယ်တာရာ အမြုတေ အဆင့်နီးပါး အထိ ရောက်ရှိနေသည်။ ထိုအခိုက်၌ သူသည် နတ်ဘုရား ဧကရာဇ်များထက်ပင် ပို၍ ကြီးမြတ်နေ၏။
“ဟီးဟီး.... လာစမ်း...”
ညတစ္ဆေက ခွန်အား အပြည့်ဖြင့် အော်ဟစ်လိုက်လေ၏။
***