← Chapters

ကြောက်မက်ဖွယ် ကြယ်တာရာ ကပ်ဘေး

Vol. 9 Ch. 124

ကြောက်မက်ဖွယ် ကြယ်တာရာ ကပ်ဘေး

Vol. 9 Ch. 124

ဘုန်း...

ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ညတစ္ဆေ၏ ခန္ဓာကိုယ်မှာ အမှောင်ထု ဆူနာမီလှိုင်းကြီး အဖြစ် ပေါက်ကွဲသွား၏။ သို့သော်လည်း ချက်ချင်းပင် ရုပ်ခန္ဓာကို ပြန်လည် ဖွဲ့စည်းလာကာ ကောင်းကင်ထံ ပျံတက်သည်။ သူသည် လက်သီးကို ဆုပ်ကာ ကောင်းကင်သို့ ထိုးနှက်လိုက်၏။ အကယ်၍ ကြယ်တာရာ ကပ်ဘေးအကြောင်းကိုသာ မကြားဖူးပါက ညတစ္ဆေမှာ ဗလာကောင်းကင်နှင့် ရူးသွပ်စွာ တိုက်ခိုက်နေသည်ဟု ထင်မိကြလိမ့်မည် ဖြစ်သည်။

ဘုန်း... ဘုန်း.... ဘုန်း...

မမြင်နိုင်သော စွမ်းအားနှင့် ထာဝရညချီတို့၏ ထပ်ခါထပ်ခါ ထိပ်တိုက်တွေ့မှုအောက်တွင် မြေပြင်၌ မီးတောင်ဝ ကဲ့သို့ အပေါက်များ ဖြစ်ပေါ်လာ၏။ ထိုနေရာ အနားအနားရှိ သက်ရှိအားလုံးမှာ ရုတ်ချည်းပင် ကွယ်ပျောက်သွားရသည်။

“ကပ်ဘေးက ဒီလောက်တောင် ပြင်းထန်တာလား...”

ကပ်ဘေးစတင်သည်မှာ ဆယ့်သုံး စက္ကန့်မျှသာ ရှိသေးသည့်တိုင် ညတစ္ဆေ၏ အရောင်အဝါများမှာ ခုစ်ဆယ် ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဆီမှ မမြင်နိုင်သော ဖိအားများမှာမူ ပို၍သာ တိုးလာနေခဲ့၏။ ထိုအရာအား အန်တု၍ မရနိုင်ပုံ ပေါ်သည်။

"သူ ကျရှုံးရတော့မှာလား...”

ထိုအတွေးက ဝေ့ဝူယင်၏ စိတ်ထဲ ဝင်လာ၏။ ညတစ္ဆေ၏ မျက်နှာဖုံးကား အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ တောက်ပသော မျက်လုံးများနှင့် အရေတွန့်နေသည့် အညိုရောင် မျက်နှာမှာ ထင်ရှားစွာ ပေါ်လွင်လာ၏။ နဖူးနှင့် ပါးစပ်တွင် သွေးစိမ်းများ စီးကျနေသော်လည်း သူ၏ မျက်လုံးများမှာမူ အကြောက်အလန့် ကင်းမဲ့နေသည်။

သူက ကောင်းကင်ကို ရင်ဆိုင်ရင်း အူလှိုက်သည်းလှိုက်ပင် အော်ဟစ် ရယ်မောလိုက်၏။

" ဟီးဟီး... ငါ့ကို အဲဒီ အသုံးမကျတဲ့ကောင်တွေလို မင်းထင်နေတာလား... ငါက မိစ္ဆာကျင့်ကြံသူ... ငါတို့က ကံကြမ္မာကို တွန်းလှန်ပြီး အခြားလူတွေရဲ့ အလောင်းပေါ် ကိုယ်ပိုင် လမ်းစဥ်ကို ဖန်တီးရတယ်... ငါ ဒီနေ့ ကျဆုံးမှာ မဟုတ်ဘူး... မင်းပဲ နောက်ဆုတ်ရမယ်”

သူ၏ စကားလုံးများမှာ ကြားရသူတိုင်းကို ကြက်သီးထစေနိုင်သည့် ခိုင်ခံ့သော ယုံကြည်ချက်များနှင့် ပြည့်နှက်နေ၏။

မိစ္ဆာကျင့်ကြံသူများသည် သာမန်လူများက “မကောင်းမှု” ဟု သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ကျင့်ကြံကြသည်။ ကောင်းကင်နှင့် မြေကြီးထံမှ အမတေ စွမ်းအင်များ စုပ်ယူသည့် သာမန် ကျင့်ကြံခြင်းမျိုးနှင့် ခြားနားစွာပင် သူတို့သည် သက်ရှိများထံမှ စွမ်းအင်များကို ဝါးမျိုကြသည်။ သားရဲများ၊ လူသားများ၊ နတ်ဆိုးများ၊ မှင်စာများ... မည်သည့် သက်ရှိ ဖြစ်ပါစေ သူတို့ အတွက် အရေးမကြီးချေ။

သေမျိုး နတ်ဘုရား ချိုက်ထူ၏ သားသည် မင်လီ၏ အမွှာ ညီမလေးထံမှ ထူးခြားသော ပါရမီများကို မိစ္ဆာကျင့်စဥ် နည်းလမ်းများဖြင့် ခိုးယူခဲ့ဖူးသည်။ မိစ္ဆာ ကျင့်ကြံသူများသည် သားရဲများထက်ပင် ပိုမို ယုတ်မာ ကြကာ ရည်မှန်းချက် ပေါက်မြောက်ရေး အတွက် မည်သည့် အရာကို မဆို စတေးဝံ့ကြသည်။ မိမိကိုယ်တိုင် အပြင်းထန်ဆုံးသော နာကျင်မှုများ ခံစားရလျှင်ပင် သူတို့ မျက်နှာတစ်ချက် မတွန့်ကြချေ။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူကိုယ်တိုင်တွင်လည်း တူညီသော နှလုံးသား တစ်စုံ ရှိခဲ့ဖူးသည်။ သူသည် စွမ်းအားကို ရှာဖွေရန် အတွက် အကုန်လုံးကို လုပ်ခဲ့ဖူးသည်။

အရာအားလုံးကို ပုံအောလျှက် တိုက်ခိုက်နေသော ညတစ္ဆေကို သူ သူ မျက်တောင်တစ်ချက် မခပ်ပဲ ကြည့်နေခဲ့၏။ ညတစ္ဆေက အင်္ကျီလက်အား ခါယမ်းလိုက်ရာ သောင်းနှင့်ချီသော အလင်းတန်းများ သူ၏ အရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းတို့သည် အရွယ်အစား အမျိုးမျိုး၊ ပူံစံ အမျိုးမျိုး၊ အရှိန်အဝါ အမျိုးမျိုး ရှိကြ၏။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

“ချီနှလုံးသားတွေ...”

ဤအရူးသည် သောင်းနှင့်ချီသည့် ချီနှလုံးသားများကိုပင် ယူဆောင်လာခဲ့သည်လော။ မရေမတွက်နိုင်သော ချီနှလုံးသားများ အကြား၌ ချီဝိညာဥ် သုံးခုမှာလည်း လွင့်မြောနေ၏။ ထိုအထဲမှ တစ်ခုမှာ ရှန်းကျူး၏ လေချီ ဝိညာဥ်ပင် ဖြစ်လေသည်။

“ဒါတွေက ငါ့ဘဝရဲ့ တန်ဖိုးပဲ... ဒီအခိုက်အတန့် အတွက် ငါ တစ်သက်လုံး စုဆောင်းထားခဲ့တာတွေပေါ့... ဟီးဟီး... ယူလိုက်”

ညတစ္ဆေက ရယ်မောရင်း လက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။ ချီနှလုံးသား တစ်ခုချင်းစီတွင် ညတစ္ဆေ သန့်စင်ထားသည့် ဝိညာဥ် ခွန်အားများ ပါဝင်နေဟန် ရသည်။ ၎င်းတို့သည် သူ၏ အမိန့်ကို နာခံကာ ကောင်းကင်ကို ပျံတက်လျှက် ကြယ်တာရာ ကြပ်ဘေးနှင့် မျက်နှာချင်းဆိုင်၏။

"ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း... ပေါက်ကွဲကြစမ်းကွာ”

“ဘုန်း... ဘုန်း... ဘုန်း...”

အရောင်အသွေး စုံလင်သော ပေါက်ကွဲမှုများက ကောင်းကင်တွင် အစီအရီ ဖြစ်ပေါ်လာရာ လောကမှာ စတင် တုန်လှုပ်လာ၏။ ညတစ္ဆေထံ တိုးဝင်လာသည့် မမြင်နိုင်သော အင်အားမှာ ပေါက်ကွဲမှုများ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏၊

အားလုံး ပြီးဆုံးသွားသော အခါ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွား၏။

“မဖြစ်နိုင်ဘူး...”

ထိုအဆုံးမဲ့ ပေါက်ကွဲမှုများမှာ သူ့ကိုပင် သတ်ဖြတ်နိုင်သော်လည်း ကြယ်တာရာ ကပ်ဘေးမှာမူ ပျက်စီး မသွားပဲ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ယင်းသည် အရှိန်အဟုန်နှင့် အတူ ညတစ္ဆေထံ ဆက်လက် ကျဆင်းလာ၏။

“ကြောက်ဖို့ကောင်းလိုက်တာ...”

ဝေ့ဝူယင်၏ စိတ်ကား တုန်လှုပ်ခြောက်ခြား နေခဲ့ပြီ ဖြစ်သည်။ မည်မျှ အစွမ်းထက်လိုက်သနည်း။ မည်မျှ ကြမ်းကြုတ်လိုက်သနည်း။

“ ... “

ညတစ္ဆေထံ၌ ကံကြမ္မာကို အံ့တုဝံ့သည့် ဝံ့ကြွားမှုမျိုး၊ အသေခံ စစ်သည်တော် တစ်ဦး၏ ရဲရင့်မှုမျိုး မရှိတော့ချေ။ သူ၏ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေဟန် ရကာ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက် မဲ့ခြင်းများနှင့် ပြည့်နှက်သွား၏။

သူသည် ရင်ကိုကော့ကာ မျက်လုံးများကို မှိတ်လိုက်၏။ နောက်ဆုံး အနေဖြင့် ကြယ်တာရာ ကပ်ဘေးကြောင့် ရရှိသည့် နာကျင်မှု အရသာကို သူ ခံစားသွားချင်သည်။ သူ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိတော့ချေ။

ရွှစ်...

လေချွန်သံ တစ်ခုနှင့် အတူ သူ၏ ဦးနှောက်နှင့် သွေးများ၊ အရိုးများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ပြန့်ကြဲ သွားလေတော့၏။ သူ၏ အသက်ဓာတ် အရောင်အဝါက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

“...”

ဝေ့ဝူယင်မှာ ငြိမ်သက်နေခဲ့၏။

ဟူး... ဟူး...

လေပြေက ကုန်းမြေထက်တွင် ငြိမ့်ညောင်းစွာ တိုက်ခတ်လာသည်။ လောကအား ဖုံးလွှမ်းထားသည့် အမှောင်ထုသည် တဖြည်းဖြည်း လွင့်ပါးကာ ကြည်လင်သွားသည်။ နေမင်း၏ အလင်းရောင်သည် နွေးထွေးမှုကို သယ်ဆောင်ကာ မြေပြင်ပေါ် ကျဆင်းလာသည်။

ထိုနေ့တွင် ကြီးကျယ်ခမ်းနားသည့် နတ်ဘုရား ဧကရာဇ် မိစ္ဆာတစ်ပါးသည် ရည်မှန်းချက်သို့ သွားရာလမ်းတွင် ကျဆုံးခဲ့သည်။ သူ၏ ရာစုနှစ်များစွာ ကြိုးပမ်းမှုများကား နောက်ဆုံးတွင် အရိုးပုံ ဘဝဖြင့် အဆုံးဖြတ် သွားခဲ့ရပြီ ဖြစ်သည်။

ဝေ့ဝူယင် ဆယ်တန်ခန့် အလေးချိန်ရှိမည့် သက်ပြင်းကို ချလိုက်သည်။ သူ မပျော်သလို ဝမ်းလည်း မနည်းချေ။ သို့သော်လည်း သူ၏ စိတ်များမှာမူ လေးလံ ထိုင်းမှိုင်းနေသည်။

ညတစ္ဆေ သေဆုံးသွားခြင်း၏ အကျိုးဆက်များကို သူခံစားနေရချိန်တွင် ရွာသားများမှာမူ အမှောင်ထုမှ ကင်းလွတ်သွားသဖြင့် ပျော်ရွှင်နေကြသည်။ သူတို့သည် မျက်ရည်များနှင့် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နေကြ၏။ သူတို့ထဲမှ အများစုမှာ ညတစ္ဆေနှင့် ကြယ်တာရာ ကပ်ဘေးအကြားမှ တိုက်ပွဲ အကြောင်းကိုပင် ရိုးရှင်းစွာ မသိရှိလိုက်ကြချေ။ အမှောင်ထုသည် ပြီးဆုံးကာ ပေါက်ကွဲသံများမှာလည်း အဆုံးသတ် သွားခဲ့သည်။ ထို့နောက် သူတို့ အသက်ရှင်ခဲ့သည်။ ထိုမျှသာ...။

ရှန်းရှင်းမေ့မှာမူ ပင်ပန်း နွမ်းနယ်မှု လှိုင်းကြီးတစ်ခု နှလုံးသားထဲ တိုးဝင်လာသလို ခံစားလိုက်ရ၏။ မိစ္ဆာ ကျင့်ကြံသူ တစ်ယောက် ချီပျစ်ခဲခြင်း အလွှာကို ကျော်လွန်သွားခြင်းမှာ ပိုမို ထိတ်လန့်ဖွယ်ကောင်းသော ကိစ္စများ ဖြစ်လာမည်မှာ သေချာသည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းရန် အတွက်ပင် သောင်းနှင့်ချီသော အသက်များကို ယူဆောင်ခဲ့သည်။ သူ၏ နောက်ခြေလှမ်းများ အတွက် အသက်ပေါင်း မည်မျှ ထပ်ပြီး ဆုံးရှုံးရမည်ကို မသိနိုင်ချေ။

ဝေ့ဝူယင်သည် ကပ်ဘေး၏ ဗဟိုနယ်မြေသို့ ပြန်လည် လျှောက်လာခဲ့သည်။ သူသည် မီတာ တစ်ရာခန့် နက်သည့် တွင်းပေါက်ကြီး တစ်ခုတွင် ရပ်ကာ အထက်သို့ မော့ကြည့်လိုက်၏။ တောက်ပသော နေရောင်ခြည်က အစွမ်းကုန် ထွန်းလင်းနေသည်။

“ကျင့်ကြံခြင်းဆိုတာ ရှေ့ကို ရွေ့လျားခြင်းပဲ”

သူ တိတ်တဆိတ် ရေရွတ်လိုက်၏။ ထိုအရာက သူ့ကိုယ်သူ ပြောခြင်း ဟုတ်မဟုတ် သူ ကိုယ်တိုင်ပင် မသိခဲ့ချေ။

ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ကပ်ဘေးနှင့် ရင်ဆိုင်ရသည့် အခါ သေသည် ဖြစ်စေ၊ ရှင်သည် ဖြစ်စေ ရဲဝံ့စွာ တိုက်ခိုက်ရပေလိမ့်မည်။ အနက်ရှိုင်းဆုံးသော နှလုံးသားထဲ၌ သူ ညတစ္ဆေကို လေးစားမိ၏။

ရှန်ူရှင်းမေ့သည် လေးလံသော ခြေလှမ်းများနှင့် ရောက်ရှိလာ၏။ သူမက အထီးကျန်စွာ ရပ်ရင်း ‌ကောင်းကင်ကို ငေးမောနေသည့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ဆင်းသက်လာသော နေရောင်သည် အရိပ်တစ်ခုကို ဖြစ်ပေါ်စေ၏၊

“ရှင်... ရှင် သိလား...”

သူမက မေးလိုက်သည်။ ဝေ့ဝူယင်က မျက်လုံးများကို မှိတ်ရင်း နေရောင်ခြည်၏ နွေးထွေးမှုကို တဝကြီး ခံစားလိုက်သည်။

“ဘာကို သိရမှာလဲ”

သူ၏ အသံက ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်နေဟန် ရ၏။

“သူ ကျရှုံးသွားခဲ့တာလေ...”

ဝေ့ဝူယင်က ခေါင်းကို ညိတ်လိုက်သည်။

“ကြယ်တာရာ အမြုတေ အဆင့်ကိုသာ လွယ်လွယ်နဲ့ ရောက်နိုင်ရင် ဒီတိုက်မှာ ဘာလို့ ဆယ်ယောက်ထက် နည်းမှာလဲ”

မှတ်တမ်းများ အရဆိုလျှင် အနန္တ ကုန်းမြေတိုက်ကြီးတွင် ကျင့်ကြံသူ ဘီလျံ ထောင်သောင်းများစွာ ရှိသည်။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့်မှာမူ ဆယ်ယောက်ပင် မပြည့်ချေ။ ထိုအရာက ကြယ်တာရာ အမြုတေ အလွှာကို ရောက်ရှိရန် မည်မျှ ခက်ခဲကြောင်း ဖော်ပြနေသည်။

ရှန်းရှင်းမေ့၏ မျက်လုံးများမှာ တည်ငြိမ်နေ၏။ “အင်းပေါ့... ဘယ်လွယ်ပါ့မလဲ” ဟု သူမ တွေးလိုက်မိသည်။ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ခဲ့သူတိုင်းမှာ အလွန် ကြီးမြတ်သော နောက်ခံနှင့် မြင့်မားသော ပါရမီကို ပိုင်ဆိုင်ထားသည့် လူများချည်းသာ ဖြစ်သည်။ လေလွင့် မိစ္ဆာ ကျင့်ကြံသူ ဟူ၍ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

ယေဘုယျအားဖြင့် မိစ္ဆာ ကျင့်ကြံသူများစွာမှာ ပင်ကိုယ် ပါရမီ အရာတွင် နိမ့်ပါးကြသည်။ သူတို့သည် အခြားလူများ၏ အလုပ်ကြိုးစားမှုနှင့် ကျင့်ကြံခြင်းကို ခိုးယူကာ စွမ်းအားကို ရှာဖွေကြသည်။

“ခစ်... ခစ်... ခစ်...”

သူမက ရယ်မောကြည့်လိုက်၏။ သူမ၏ စိတ်များက အနည်းငယ် ရှုပ်ထွေးလာသည်။ ကောင်းကင်ကို သူမ မော့ကြည့်လိုက်၏။ ညတစ္ဆေ ကျရှုံးသွားခဲ့သလို သူမ၏ ရဲဘော်ရဲဘက် အားလုံးမှာလည်း သေဆုံးသွားခဲ့ကြသည်။ သူမ မျိုးနွယ်မှ နတ်ဘုရားအရှင် ပင်လျှင် ရက်စက် ရိုင်းစိုင်းစွာ အသတ်ခံခဲ့ရ၏။

ရဲဘော်ရဲဘက်များနှင့် အတူ ဖြတ်သန်းခဲ့သော အမှတ်တရများ အကြောင်း ပြန်လည် သတိရမိသော အခိုက်၌ နာကျင်မှု တစ်ခုက သူမ၏ နှလုံးသားကို တူးဆွသွားသည်။ သူတို့ ပြောခဲ့ဖူးတဲ့ ပုံပြင်တွေ၊ ဟာသတွေ၊ အိပ်မက်တွေ... နောက် သူတို့ရဲ့ အပြုံးတွေ...

ဝေ့ဝူယင်က ခေါင်းကို ငုံ့လိုက်ရင်း အဝေးသို့ လမ်းလျှောက်ထွက်ခွာသွား၏။ ရှန်းရှင်းမေ့မှာမူ နေရာတွင်ပင် မှိုင်တွေကာ ရပ်ကျန်ခဲ့သည်။ သည်နေ့ သည်အက်ကြောင်းထဲမှ သူမ ထွက်ခွာချင်မှ ထွက်ခွာနိုင်‌တော့မည်။

***

All Chapters