အားလုံးကမျှော်လင့်နေကြပြီ
Vol. 81 Ch. 1131
အခန်း (၁၁၃၁) အားလုံးကမျှော်လင့်နေကြပြီ
ရန်ကျောက်ကဲ လက်နက်ပစ္စည်းများသန့်စင်ရန်အတွက် နဂါးလိပ်ပြာတောင်ကြားတွင် တစ်ယောက်တည်း နေထိုင်ခဲ့ပြီး အချိန်ကာလများစွာ ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန် (၁)နှစ်နီးပါး ကုန်ဆုံးသွားသည်။
ဤနှစ်ပိုင်းအတွင်းမှာတော့ အထက်ဘုံကမ္ဘာကြီးသည်လည်း အရင်ကထက် များစွာ ငြိမ်သက်နေသည်ပင်။
စိတ်ဝင်စားစရာသတင်းကတော့ အဖြူရောင်ပိုးသားဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ အထက်ဘုံကမ္ဘာသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြခြင်းပင်။
အဖြူရောင်နှင့်အနက်ရောင် ပိုးသားဧကရာဇ် (၂)ယောက်ကြား ယှဉ်ပြိုင်မှုတွင် အဖြူရောင်ပိုးသားဧကရာဇ်က အသာစီးရရှိပြီး အမတမှော်ဝင်ပစ္စည်းဖြစ်သော စစ်ထိုက်ရှန်းထျန်းအလံကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
ထိုသတင်းကို အားဟူယူဆောင်လာသောအခါ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားသည်။
သူ မျှော်လင့်ထားသည်က ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများ မရှိလျှင် အဖြူရောင်နှင့်အနက်ရောင် ပိုးသားဧကရာဇ်တွင် အနက်ရောင်ပိုးသားဧကရာဇ်က အနိုင်ရရန် လွယ်ကူမည်ဟူ၍ ဖြစ်သည်။
“တစ်ယောက်ယောက်များ ဒီကိစ္စကို ဝင်စွက်ဖက်ခဲ့တာလား”
ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။
အနက်ရောင်ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာသို့ အရင်ဆုံး ပြန်ရောက်လာပြီး ခဏနေထိုင်ပြီးနောက် ပြင်ပဗလာနယ်ထဲသို့ ပြန်လည်ထွက်ခွာသွားသည်။
အဖြူရောင်ပိုးသားဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်နောက်သို့လိုက်လာခဲ့သည်။ သို့သော် အနက်ရောင်ပိုးသားဧကရာဇ် ပြင်ပဗလာနယ်သို့ ထွက်ခွာသွားကြောင်းသိရသည့်အခါ အထက်ဘုံကမ္ဘာတွင် ခဏမျှနေပြီး ပြင်ပဗလာနယ်ထဲသို့ ထပ်မံလိုက်ပါသွားခဲ့သည်။
သို့သော် အဖြူရောင်ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာစဉ် ဖုထင် ၊ မန်ဝမ်တို့နှင့် တွေ့ဆုံခဲ့လေသည်။
ဖုထင်က ရန်ကျောက်ကဲထံမှ ရရှိထားသော ထိုက်ယိလက်သီးသိုင်းကို အဖြူရောင်ပိုးသားဧကရာဇ်ထံ လွှဲပြောင်းပေးခဲ့သည်။
မြောက်ဖေးတောင်ထွတ်၏ သိုင်းပညာအဆက်အနွယ်ဖြစ်သော ‘ရှန်းထျန်းဝူထိုက်’ သိုင်းပညာ (၅)ရပ် အတူတကွ စုစည်းနိုင်သွားပြီ ဖြစ်သည်။
ပိုးသားဧကရာဇ်၏စိတ်ထဲ ဝမ်းနည်းဝမ်းသာ ခံစားရပြီး ဤပညာရပ်က သူ့အတွက် မည်မျှအဓိပ္ပါယ်ရှိကြောင်း သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။
ဖုထင်က ထိုက်ယိလက်သီးသိုင်းအတွက် ထိုက်ချူးနတ်လက်ချောင်းသိုင်း ၊ ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာ သိုင်းပညာတို့ဖြင့် လဲလှယ်လိုက်သည်ကို ပိုးသားဧကရာဇ်က ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
ကုန်ပစ္စည်းတစ်ခုကို စျေးနှုန်းသတ်မှတ်သည့်အခါ ပစ္စည်းကိုယ်၌၏ တန်ဖိုးသာမက ဝယ်ယူမည့်သူက မည်မျှလိုအပ်သည်ကိုလည်း ကြည့်ရှုဆုံးဖြတ်ရလေ ရှိသည်။ ဝယ်လိုအားကောင်းလေ ပစ္စည်း၏စျေးနှုန်းသည်လည်း မြင့်မားလာမည်မှာ သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် ဤလဲလှယ်မှုအတွက် ရန်ကျောက်ကဲဘက်မှ သုံးပုံတစ်ပုံ အမြတ်ထွက်ခဲ့ပြီး မြောက်ဖေးတောင်ထွတ်သည်လည်း အရှုံးမရှိခဲ့ပေ။
အထူးသဖြင့် ထိုက်ယိလက်သီးသိုင်း ရရှိသွားသည့်အခါ ပိုးသားဧကရာဇ်၏တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာမည်ဖြစ်ရာ စစ်ထိုက်ရှန်းထျန်းအလံနှင့် ပေါင်းစပ်လိုက်လျှင် အနက်ရောင်ပိုးသားဧကရာဇ်ကို အနိုင်ရရန် အတော်လေး အသာစီးရနေပြီ ဖြစ်၏။
သို့သော် ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မည်ဆိုပါက အခြေအနေက တစ်မျိုးတမည် ပြောင်းလဲသွားနိုင်သည်။
ယခုတော့ အဖြူရောင်နှင့်အနက်ရောင်ပိုးသားဧကရာဇ်တို့ အချင်းချင်း လိုက်ကြပြေးကြရင်း ပြင်ပဗလာနယ်ထဲသို့ ပြန်ရောက်သွားကြသည်။
ရန်ကျောက်ကဲနှင့် အထက်ဘုံကမ္ဘာမှ လူများကတော့ ဘာဖြစ်မည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
ပြီးတော့ ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် နောက်ထပ် အရေးကြီးသော ကိစ္စတစ်ခုလည်း ဖြစ်ပွားခဲ့သည်။
ကောင်းသောကိစ္စတစ်ခု ဖြစ်၏။
ရန်ကျောက်ကဲ၏ဖခင် ၊ လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ် ‘ရန်တိ’ သည် သိုင်းသူတော်စင်နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အရင်ကပင် ကျင့်စဉ်လမ်းတွင် မည်သည့်အတားအဆီးမှမရှိဘဲ ခုန်ပျံကျော်လွှား အဆင့်တက်လေ့ရှိသော ရန်တိသည် ‘လမ်းကြောင်းခုနစ်သွယ်ယန္တရား’ အကူအညီဖြင့် အချိန်တိုအတွင်း ကျင့်ကြံခြင်းအဆင့် ထပ်မံမြင့်တက်သွားသည်ဖြစ်ရာ အထက်ဘုံကမ္ဘာ ကျင့်ကြံသူလောကတွင် ပို၍ပင် ထိတ်လန့်အံ့သြစရာ ဖြစ်လာခဲ့သည်။
ဤသတင်းက ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့သွားသည့်တိုင် အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များကို များစွာ အံ့သြတုန်လှုပ်စေခဲ့သည်။
‘လူသားအထွတ်ထိပ်’ အဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည့် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ရှိသူ ‘ရန်တိ’ သည် ‘လူသားအထွတ်ထိပ်အဆင့်’ သို့ သူကိုယ်တိုင်တက်ရောက်ရန်မှာလည်း ပိုမိုနီးကပ်လာနေပြီ ဖြစ်၏။
‘လူသားအထွတ်ထိပ်အဆင့်’ သို့တက်ရောက်ပြီးနောက်ပိုင်း နတ်ဘုရားတစ်ပါးဖြစ်လာပါက မည်မျှစွမ်းအားမြင့်မားမည်ကို လူတိုင်း စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
ရန်ကျောက်ကဲသည်လည်း လက်နက်ပစ္စည်းများပြုလုပ်နေသဖြင့် အချိန်မအားရအောင်ရှိသော်လည်း သူ၏ နေ့စဉ်ကျင့်ကြံမှုကို လျစ်လျူရှုမထားခဲ့ပေ။
သူက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည်ဖြစ်ရာ သူ၏သိုင်းပညာရပ်များအားလုံးက အမြဲတမ်း ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေပြီး မည်သို့သောအခြေအနေဖြစ်ပါစေ အလိုအလျောက် ကျင့်ကြံနေသည့်အလား ဖြစ်သည်။
လျောင်း ထိုင် ရပ် သွား သူလုပ်သမျှ အပြုအမူတိုင်းတွင် တစ်ချိန်လုံး ကျင့်ကြံနေသည့်ပမာ ဖြစ်နေပြီး ထိရောက်မှုက အတူတူပင် ဖြစ်သည်။
ရတနာပစ္စည်းများပြုလုပ်ခြင်း ၊ ထိုရတနာပစ္စည်းများ၏ မူဝဒများကို လေ့လာသုံးသပ်ခြင်းကပင် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအတွက် အကျိုးအမြတ် ရှိနေပြီ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ လေမိုးကြိုးအိမ်တော်မှ အိမ်တော်သခင် ‘ဟန်ရှန်းတာ့’ တို့အုပ်စုနှင့် သဘောတူထားသည့် တစ်နှစ်ဆိုသောအချိန်ကာလ မကြာမီ ရောက်ရှိလာပေတော့မည်။
ဤကာလအတွင်း လေမိုးကြိုးအိမ်တော်သို့ ရွှေခန္ဓာမိုးကြိုး ပမာဏအချို့ ပို့ဆောင်ပေးပြီးသည်မှလွဲပြီး ရန်ကျောက်ကဲ လုပ်နေသည့်အလုပ်များ ပြင်ပလောကသို့ ပေါက်ကြားခြင်း မရှိပေ။
ထျန်းကျိခန်းမ ပြင်ဆင်မှုများအားလုံး ပြီးပြည့်စုံနေပြီဖြစ်သော်လည်း ခန်းမကြီးထဲတွင် မည်သည့်ရတနာပစ္စည်း ၊ လက်နက်ပစ္စည်းမှမရှိသေးဘဲ အလွတ်ကြီး ဖြစ်နေဆဲပင်။
လေမိုးကြိုးအိမ်တော်၏ အကူအညီ ၊ ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်များ ထောက်ခံမှုဖြင့် ထျန်းကျိခန်းမ၏ဂုဏ်သတင်းက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အနက်ရောင်နှင့် အဖြူရောင်ပိုးသားဧကရာဇ် တိုက်ပွဲပြီးလျှင် ထျန်းကျိခန်းမအကြောင်းက အထက်ဘုံကမ္ဘာတွင် လူများစိတ်အဝင်စားဆုံးကိစ္စ ဖြစ်လာ၏။
သို့ပေသိ လူသိရှင်ကြား သတင်းများထွက်ပေါ်နေသော်လည်း အချိန်ကြာမြင့်ပြီဖြစ်သည့်တိုင် ခန်းမတံခါးဖွင့်ပြီး ပစ္စည်းများရောင်းချခြင်းမပြုသေးသည့်အတွက် လူအများ သံသယဝင်လာကြသလို စိတ်မရှည်လည်း ဖြစ်လာကြသည်။
လေမိုးကြိုးအိမ်တော် ၊ ကျောက်စိမ်းကျောက်ဆောင်တို့နှင့် ရင်းနှီးသော စွမ်းအားစုများက သတင်းစုံစမ်းရန် လူများစေလွှတ်သည်အထိ ပြုလုပ်လာကြသည်။
“အစ်ကိုကြီး ‘ဟန်’ ... ၊ ကျုပ်ကို အမှန်အတိုင်းပြောစမ်းပါဗျာ”
လေမိုးကြိုးအိမ်တော် ဧည့်ခန်းထဲတွင်ထိုင်နေသော ပိုးသားဝတ်စုံဝတ်ဆင်ထားသည့် ခန့်ညားသောအဘိုးအိုတစ်ယောက်က ဟန်ရှန်းတာ့အား မေးမြန်းလိုက်ခြင်း ဖြစ်၏။
“ဒီ ထျန်းကျိခန်းမက ဒီလောက်နာမည်ကြီးနေတာ... လိမ်နေတာလား ၊ တကယ်လား”
အကယ်၍ ထျန်းကျိခန်းမက အလိမ်အညာတစ်ခုဖြစ်နေပါက ထိုခန်းမကို မိတ်ဆက်ကြော်ငြာပေးသော လေမိုးကြိုးအိမ်တော်သည်လည်း ရယ်စရာဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဟန်ရှန်းတက တည်ငြိမ်မှုအပြည့် မနှေးမမြန်လေသံဖြင့် စကားဆိုလိုက်သည်။
“စိတ်ရှည်ရှည်နဲ့သာ စောင့်လိုက်ပါ ညီလေး ‘ကျုန်း’ ... ၊ ထျန်းကျိခန်းမက အလိမ်အညာမဟုတ်ပါဘူး”
ရန်ကျောက်ကဲထံမှ ရရှိထားသော ရွှေခန္ဓာမိုးကြိုးသွားက အရေအတွက် နည်းပါးသော်လည်း လေမိုးကြိုးအိမ်တော်အနေဖြင့် ထျန်းကျိခန်းမအား ခိုင်မာသောအာမခံချက်ပေးရန် လုံလောက်သည်။
ရန်ကျောက်ကဲတွင် ရွှေခန္ဓာမိုးကြိုးပြုလုပ်ရန် နည်းလမ်းမရှိသဖြင့် ထိုပစ္စည်း အနည်းငယ်သာ ရရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ် ရန်ကျောက်ကဲက ရွှေခန္ဓာမိုးကြိုးပြုလုပ်သည့်ပညာကို ကျွမ်းကျင်ပိုင်သော်လည်း လေမိုးကြိုးအိမ်တော်က ထိုနည်းလမ်းအားရှာဖွေမည်ကို ကာကွယ်ရန်အတွက် ပမာဏအနည်းငယ်သာ ပေးပို့ခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ပမာဏအနည်းငယ်ရရှိခြင်းက ဟန်ရှန်းတာ့နှင့် အခြားသူများကို စိုးရိမ်ပူပန်မှု လျော့နည်းသွားစေရန် လုံလောက်ပေသည်။
ဟန်ရှန်းတာ့က...
“ကျုပ်တို့က မိတ်ဆွေရင်းတွေဆိုတော့... ညီလေး ‘ကျုန်း’ ကို ဒီအဘိုးကြီး ကြိုပြီး သတိမပေးဘူးလို့တော့ မပြောနဲ့နော် ၊ ခင်ဗျား ပစ္စည်းကောင်းတွေလိုချင်တယ်ဆိုရင်တော့ စောစောစီးစီး အကောင်းဆုံး ပြင်ဆင်ထားဖို့လိုတယ် ၊ ဒီ အဘိုးကြီး သိသလောက် ထျန်းကျိခန်းမက တစ္ဆေနတ်ဘုရားဆေးရည်ကိုတောင် ရောင်းမှာတဲ့”
ထိုစကားကိုကြားတော့ ပိုးသားဝတ်စုံဝတ်ဆင်ထားသည့် ‘ကျုန်း ‘မျိုးနွယ်အဘိုးအို၏ခန္ဓာကိုယ် အနည်းငယ်မတ်သွားပြီး အာရုံစူးစိုက်သွားသည်။
“တစ္ဆေနတ်ဘုရားဆေးရည် ဟုတ်လား ၊ အဲဒါက မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်ရဲ့ ညစာစားပွဲတွေမှာ သေရည်အဖြစ်တည်ခင်းဧည့်ခံတဲ့ ဆေးရည်ကို ပြောတာ မဟုတ်လား”
ဟန်ရှန်းတာ့က...
“ဟုတ်တယ်... အဲဒီ တစ္တေနတ်ဘုရားဆေးရည်ပဲ... ၊ ကောင်းကင်ဘုံနန်းတော်မှာ သေရည်ကောင်းတွေ အများကြီးရှိတယ် ၊ တစ္ဆေနတ်ဘုရားဆေးရည်က နတ်ဘုရားတွေအတွက် အဆင့်နိမ့်သေရည်တစ်မျိုးဆိုပေမယ့် လူသားတွေအတွက်တော့ ရှားပါးရတနာတစ်ခုပဲလေ...”
ဤချက်ကို ‘ကျုန်း’ မျိုးနွယ်အဘိုးအိုက နက်နက်ရှိုင်းရှိုင်း သဘောတူသည်။
တစ္ဆေနတ်ဘုရားဆေးရည်က လူတစ်ယောက်၏ ချီစွမ်းအားကို မြင့်တက်လာစေပြီး အစစ်အမှန်နတ်ဘုရားအဆင့်ရောက်ရှိစေရန် ကျင့်စဉ်လမ်းတစ်လျှောက် များစွာအထောက်အကူ ပြုသည်။ နတ်ဘုရားများအတွက်ပင် သက်ရောက်မှုကြီးမားသည်ဖြစ်ရာ လူသားများအတွက်တော့ ပြောနေစရာမလိုတော့ပေ။
ဤ အဘိုးကြီး ‘ကျုန်း’ ၏ အဆက်အနွယ်မှ သိုင်းပညာက ချီစွမ်းအားကို အဓိကထားပြီး ရုပ်ခန္ဓာလှုပ်ရှားမှုကိုအလေးပေးလျှက် အာရုံစူးစိုက်ပြီး ပြင်းထန်စွာ ကျင့်ကြံရသည့်နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သူနှင့် အခြားသောတပည့်များအတွက် တစ္ဆေနတ်ဘုရားဆေးရည်က အခြားသောရတနာများထက် ပိုမိုသာလွန်အဖိုးတန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
အဘိုးကြီး ‘ကျုန်း’ က ဟန်ရှန်းတကို လက်ညှိုးထိုးရင်း ကူရာကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး ‘ဟန်’ ၊ ခင်ဗျားက ထျန်ကျိခန်းမနာမည်ကြီးဖို့ တကယ့်ကို အလုပ်လုပ်နေတာပဲ...”
ဟန်ရှန်းတာ့က ရယ်မောလိုက်ရင်း...
“ခင်ဗျား ကျုပ်ပြောတာကို မယုံလည်းရပါတယ် ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ဦးသွားလို့ကတော့ ကျုပ်က သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော် ၊ အဲဒီ တစ္ဆေနတ်ဘုရားဆေးရည်က ပစ္စည်းသိပ်ရှိတာ မဟုတ်ဘူး”
ထိုစကားကြားတော့ အဘိုးကြီး’ကျုန်း’ ၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး...
“ခင်ဗျားပြောတာ အမှန်ဆိုရင်တော့ ကျုပ် အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ် ၊ သတင်းမှန်လို့ ကျုပ်လည်း အကျိုးအမြတ်ရမယ်ဆိုရင် ခင်ဗျားကို သေချာပေါက် ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်ပေးမှာပါဗျာ”
ဟန်ရှန်းတာ့က ပြုံးလျှက် ခေါင်းညိတ်ရင်း...
“ဒါတွေက ကိစ္စမရှိပါဘူး ညီလေး’ကျုန်း’ ရာ... မင်း အကျိုးရှိတယ်ဆိုရင် ကျုပ် ဝမ်းသာပါပြီ”
တစ္ဆေနတ်ဘုရားဆေးရည်သာမက အခြားသော ဒဏ္ဍာရီလာ ရတနာပစ္စည်းများစွာ ထျန်းကျိခန်းမက ထုတ်ဖော်ရောင်းချမည်ဆိုသော သတင်းများ ပျံ့နှံ့လာပြီး လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်လျှက် ရှိသည်။
အားလုံးက ထျန်းကျိခန်းမ တရားဝင်ဖွင့်လှစ်မည့်နေ့ကို စောင့်မျှော်လျှက် ရှိကြလေတော့၏။