← Chapters

မှတ်ဉာဏ်ဟောင်းများ

Vol. 9 Ch. 125

မှတ်ဉာဏ်ဟောင်းများ

Vol. 9 Ch. 125

“တိုင်လင်းနဲ့ အခြား ရွာသားတွေ အသက်ရှင်နေတုန်းပဲ... ကြည့်ရတာ ညတစ္ဆေက ကျင့်ကြံခြင်း အဆင့် မြင့်တဲ့လူတွေကိုပဲ အာရုံစိုက်ခဲ့ပုံ ရတယ်”

အခြား အမျိုးသမီး တစ်ယောက်ကို တင်းကြပ်စွာ ဖက်ထားသည့် တိုင်လင်းအား ကြည့်ရင်း ဝေ့ဝူယင် မှတ်ချက်ချ လိုက်သည်။ သူမသည် ပျော်ရွှင်စွာဖြင့် ရယ်မောနေကာ မျက်ရည်များပင် စီးကျ နေခဲ့၏။

"နေဦး.. နေဦး...”

နောက်မှ လေးလံသော ခြေသံများကို ဝေ့ဝူယင် ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ရှန်းရှင်းမေ့မှာ သူ့ကို မှီလာခဲ့၏၊

"ဟမ်...”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွားသည်။ ရှန်းရှင်းမေ့က ခေါင်းကို ငုံ့ကာ ညင်သာစွာ ပြောလိုက်၏။

“ကျွန်မကို ကူညီပြီး သူတို့ရဲ့ အကြွင်းအကျန်တွေကို ရှာပေးနိုင်မလား... သူတို့ ဘာပဲ ကျန်ကျန်”

သူမ၏ ပုံစံက ရဲရင့်ထက်မြက်သည့် စစ်သူရဲကောင်း တစ်ဦးနှင့် မတူတော့ချေ။ ထို့အစား နူးညံ့သိမ်မွေ့ကာ အားငယ်တတ်သည့် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ထိုအတွက် သူ့အား လိုအပ်ခြင်း မဟုတ်ကြောင်း ဝေ့ဝူယင် သိသည်။ ရိုးရှင်းစွာပင်... သူမ အထီးမကျန်လိုခြင်းကြောင့် ဖြစ်သည်။

“ကောင်းပြီလေ...”

ဝေ့ဝူယင် ငြင်းဆိုခြင်း မပြုချေ။ ထို့အစား ရှန်းရှင်းမေ့ကို ကူညီကာ သူမ ရဲဘော်ရဲဘက်များ၏ အလောင်းများ၊ ခန္ဓာကိုယ် အပိုင်းအစများ၊ အရိုးများနှင့် သံချပ်ကာ၊ လက်နက်များကို စုစည်းပေးလိုက်သည်။ ထိုအရာက ယခု အချိန်တွင် သူ လုပ်ပေးနိုင်သည့် အကောင်းဆုံး အရာ ဖြစ်သည်။

ဝေ့ဝူယင်သည် ရှန်းရှင်းမေ့ကို တော်ဝင်မြို့တော်သို့ ချက်ချင်း မပြန်သေးပဲ အနားယူကာ ဒဏ်ရာ ပြန်လည် ကုစားရန် အကြံပေးလိုက်၏။ သူတို့သည် ရွာငယ်လေး တစ်ခုသို့ သွားကာ တည်းခိုရန် ခွင့်တောင်းလိုက်သည်။ အမတေ ကျောက်တုံး အနည်းငယ် ပေးရုံဖြင့်ပင် ရွာသားများသည် ပျော်ရွှင်စွာ သူတို့အား ကြိုဆိုကာ နေရာများ ပေးကြသည်။

သူတို့ အတွက် အမတေ ကျောက်တုံးတစ်ခုမှာ ချီပျစ်ခဲခြင်း အဆင့်ကို ဝင်ရောက်နိုင်မည့် တန်ဖိုးကြီး နတ်ဘုရား ရတနာ ဖြစ်သည်။ ကျေးရွာ အကြီးအကဲများမှာ အမတေ ကျောက်တုံးများအား ကောင်းမွန်စွာ သုံးဖြုန်းရန် အတွက် လူငယ် ပါရမီရှင် ရွေးပွဲကို ပြုလုပ်ရန်ပင် စီစဥ်နေကြပြီ ဖြစ်သည်။

သို့သော်လည်း မမြင်ရသော လောဘတရားကား ကြောက်ဖို့ကောင်းလှ၏။ ထိုညလယ်တွင်ပင် အမျိုးသမီးငယ် တစ်ယောက်မှာ အစောင့်များအား သတ်ဖြတ်ကာ ကျေးရွာဘဏ္ဍာတိုက်ထဲမှ အမတေ ကျောက်တုံးများကို ခိုးယူသွားခဲ့လေသည်။ ထိုအဖြစ်အပျက်သည် နောင်တစ်ချိန်တွင် ပေါ်ထွန်းလာမည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်၏ စွန့်စားခန်း အစ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ဝေ့ဝူယင်သည် ရှန်းရှင်းမေ့ အိပ်စက်နေသည်ကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ သူမသည် အဝတ်အစား အပြည့်အစုံဖြင့် သူ၏ ရင်ခွင်ထဲ၌ လှဲလျောင်းနေခြင်း ဖြစ်သည်။ သူမသည် အလွန်ပင်လှပသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း မနေ့က အဖြစ်အပျက်က သူမ၏ နှလုံးသားထဲဝယ် နတ်ဆိုးတစ်ကောင်း မွေးထုတ်ပေးလိုက် သလိုပင်။

မိုးချုပ်ခါစ၌ သူမသည် သီးသန့် ခွဲအိပ်နေခဲ့သော်လည်း တစ်နာရီခန့် ကြာပြီနောက်တွင်မူ ဝေ့ဝူယင်ထံ ရောက်ရှိလာကာ သစ်သားချီ အချို့ ရရှိနိုင်မလား မေးမြန်းခဲ့သည်။ ထို့နောက်တွင် သူတို့ နှစ်ယောက်သည် အခန်း တစ်ခုထဲ နာရီအတန်ကြာ အတူ ရှိခဲ့ကြ၏။

သူမသည် ရဲဘော်ရဲဘက်များ၏ အကြောင်းများကို ဝေ့ဝူယင်အား ပြောပြ၏။ တစ်ခါတစ်ရံ၌ သူမ ရယ်လိုက်သော်လည်း မျက်ရည်များက ပါးပြင်တွင် နေရာယူနေသည်။ သူမအား ကြည့်ရသည်က အိပ်မက် ကမ္ဘာတစ်ခုတွင် မိမိကိုယ်ကို ပျောက်ဆုံးနေဟန် ရ၏။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချကာ ချီစွမ်းအင် အချို့ဖြင့် သူမအား ဝန်းရံလိုက်သည်။ ထိုအခါတွင်မှ သူမမှာ ငြိမ်သက်သာ အိပ်မောကျသွား၏။ ထိုအရာက ရှန်းရှင်းမေ့ ဝေ့ဝူယင်၏ ရင်ခွင်ထဲ မည်ကဲ့သို့ ရောက်ရှိလာခဲ့သည် ဆိုသော အကြောင်းရင်းပင် ဖြစ်သည်။

“အရာအားလုံး ဆုံးရှုံးသွားခဲ့တဲ့ ခံစားချက်...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အိပ်မောကျနေသည့် ရှန်းရှင်းမေ့ကို ကြည့်ရင်း သူ၏ မှတ်ဉာဏ်ဟောင်း အချို့မှာ နိုးထလာသည်။ သူရော ဘာလို့ မဆုံးရှုံးဖူးရမှာလဲ...

ဆယ်ကျော်သက် ဘဝ၌ သူ၏ မျိုးနွယ်တစ်ခုလုံးမှာ သုတ်သင် ခံခဲ့ရသည်။ အကြောင်းရင်းကား၊ အကြောင်းရင်းကား...

ထိုနေ့က သူ ထွက်ပြေးခဲ့သည်။ အကိုကြီးသည် အသက်ကို ရင်းကာ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့သည်။ ထို့နောက်တွင် မမျှော်လင့်ပဲ နေသွေးနီနီဂိုဏ်းကို သူ ရောက်ရှိခဲ့သည်။ ထိုစဥ်က အရှုံးနှင့် မုန်းတီးမှုများ အကြား၌ လက်စားချေရန် ဆိုသော ရည်ရွယ်ချက် အသစ်တစ်ခုကို သူ ရှာတွေ့ခဲ့သည်။

သူ အဓိက တပည့် တစ်ယောက် ဖြစ်လာခဲ့သော နေ့တွင် ထိုရည်ရွယ်ချက်ကို သူ ဖြည့်ဆည်းခဲ့သည်။  သူ့မိသားစုအား သုတ်သင်ခဲ့သည့် မျိုးနွယ်ကို ကလေးပင် မချန်ပဲ သူ ပြန်လည် သတ်ဖြတ်ခဲ့သည်။ သူတို့၏ ထိတ်လန့်ကာ မျှော်လင့်ချက် ကင်းမဲ့နေသည့် အမူအရာများက သူ၏ အာရုံတွင် အရသာရှိစွာ ပေါ်လွင်နေဆဲ ဖြစ်၏။

သူ အားလုံး၏ ခေါင်းများကို ဖြတ်ယူကာ ကြိုးဖြင့် သီခဲ့သည်။ အားလုံးမြင်နိုင်ရန် မြို့ရိုးတွင် ချိတ်ဆွဲခဲ့သည်။ သို့သော်လည်း သူ၏ မျိုးနွယ်ကို ပြန်မရနိုင်တော့။ သူငယ်ချင်းများကို ပြန်မရနိုင်တော့။ အကိုကြီးမှာလည်း ပြန်မလာနိုင်တော့။

သူသည် အထီးကျန်နေရဆဲ ဖြစ်သည်။

သို့သော်လည်း အချိန်တရား၏ တိုက်စားမှုနှင့် အတူ အရာရာက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ သူ့တွင် တုလင်၊ မေ့မေ့၊ ဝေ့စီနှင့် အခြားလူများ ရှိလာခဲ့သည်။ ဒုတိယမြောက် မိသားစုလေး တစ်ခု ဖန်တီးရန် တာစူနေချိန်မှာပင် သူသည် ထိုအိမ်လေးကို စွန့်ခွာခဲ့ရပြန်သည်။ ယခုဆိုလျှင် သူ့တွင် အသက်ရှင်သန်ရန် ရုန်းကန် လိုစိတ်များပင် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်၏။ နောက်ဆယ်စုနှစ်များ အတွင်း ရောက်ရှိလာမည့် ကပ်ဘေး၌ ကျိန်းသေ အသက်ဆုံးရှုံးရလိမ့်မည်ဟု သူ တထစ်ချ ယုံကြည်လာခဲ့သည်။

ငွေရောင် ဆံပင်နှင့် မျက်ကွင်းညိုများ ရှိသည့် အမွေခံ အပြစ်သား လူငယ်ကို သူ ပြန်လည် မြင်ယောင်လာ၏။ သူသည် ရူးသွပ်နေဟန် ရကာ သူ့အား ကောင်းခြင်းနှင့် ဆိုးယုတ်ခြင်းတို့ အကြောင်းကို ပြောသွားခဲ့သည်။

“အမွေခံ အပြစ်သား တစ်ယောက်က ဘာဖြစ်လို့ လခရမ်းဂိုဏ်းရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလဲ... သူက တကယ်ပဲ အားနည်းခဲ့တာလား... ဒါမှမဟုတ် သူတော်စင် အဆင့် ကျင့်ကြံသူ တစ်ယောက်လား... သူက ငရဲရဲ့ ကပ်ဘေးကို ဖြတ်ကျော်ပြီး မအောင်မြင်ခဲ့လို့လား...”

လူငယ်သည် ဘဝ၌ မကောင်းမှု တစ်ခုတစ်လေကိုပင် မလုပ်ဖူးဟု ဆိုသည်။ အသက် ရှင်သန်လွတ်မြောက်ရေး အတွက် သူ မည်သည်ကိုမျှ မကြိုးစားခဲ့ပဲ အကျဥ်းခန်းထဲတွင် စိတ်ဓာတ်ကျစွာ အချိန်ကုန် နေခဲ့သည်။

နောက်ဆုံး၌ သူသည် ဝန်ထုပ်ဝန်ပိုးများကို တစ်ပါးသူထံ လွှဲအပ်ကာ ဘဝအား လက်လျှော့ အရှုံးပေးသွားခဲ့သည်။

“ဟင်း...”

ရှန်းရှင်းမေ့မှာ အနည်းငယ် လှုပ်ရှားလာ၏။ သူမသည် ကိုယ်‌လုံးကို လှုပ်ယမ်းရင်း ဝေ့ဝူယင်၏ ရင်ခွင်အတွင်း ပိုမို နက်ရှိုင်းစွာ တိုးဝှေ့လိုက်ကာ ခါးပေါ် လက်တင်လိုက်သည်။

ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ အတွေးများမှာ မမှန်ကန်ကာ အဓိပ္ပာယ်မဲ့နေသလို သူခံစားလိုက်ရသည်။ ဤအတိုင်းသာ ဆက်သွားပါက ကပ်ဘေး မကျရောက်လာခင်မှာပင် သူ သေဆုံးသွားပေလိမ့်မည်။

ရောင်နီ မိုးကုပ်စက်ဝိုင်း‌ပေါ် ကျရောက်ချိန်၌ ရှန်းရှင်းမေ့မှာ ဖြည်းညင်းစွာ နိုးလလာ၏။ ထိုတစ်ညလုံး သူမ သက်တောင့်သက်သာ အိပ်စက်နိုင်ခဲ့ပုံ ရသည်။

သို့သော်လည်း ဝေ့ဝူယင်၏ ရင်ခွင်အတွင်း ရှိနေကြောင်း သတိရသွားသော အခိုက်၌ သူမ ထိတ်လန့်သွား၏။

“ငါ...”

သူမက စကားပြောရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် ဝေ့ဝူယင်၏ မျက်လုံးများ မှိတ်နေကာ အသက်ရှူသံများ တည်ငြိမ်နေသည်ကို သတိထားမိလိုက်သည်။ သူ အိပ်မောကျနေချေပြီ။

သူမ ဝေ့ဝူယင်၏ မျက်နှာကို မော့ကြည့်ကာ မေးစေ့ကို လက်ချောင်းများဖြင့် ထိတွေ့လိုက်၏။ သို့သော်လည်း ချက်ချင်းပင် သူမ၏ အပြုအမူက လွန်ကျူးနေကြောင်း သဘောပေါက်သွားကာ လက်ကို ပြန်ရုတ်လိုက်သည်။ နေရောင်ထွက်ပြီးနောက်၌ သူမ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

သူမ ညင်သာစွာ ထရပ်လိုက်ကာ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်လိုက်၏။ ရင်သပ်ရှုမောဖွယ် ‌ကောင်းသော ကောက်ကြောင်းများမှာ သံချပ်ကာ၏ အောက်၌ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူက ခန္ဓာကိုယ်နှင့် မူလယင်တို့ကို သေချာစွာ ပြန်လည် စစ်ဆေးလိုက်၏။ သူမသည် အပျိုရည်ကို ရာစုနှစ် နှစ်ခုကြာအောင် ထိန်းသိမ်းခဲ့ပြီး ထိုအရာကပင်လျှင် သူမ ဂုဏ်ယူရသော ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

သေခြင်းတရားနှင့် အနီးစပ်ဆုံး ကြုံတွေ့ခဲ့ရမှုများ အပြီး၌ သူမသည် နောင်တ မရအောင် အပျိုစင် ဘဝကို အဆုံးသတ်လိုခဲ့သည်။ ဝမ်းနည်းမှုများနှင့် နှလုံးသားထဲမှ အမှတ်တရများကို ပြောပြရင်း ဝေ့ဝူယင်ကို သူမ အရိပ်အမြွက် အချို့ ပြသခဲ့သည်။

သို့သော်လည်း ဝေ့ဝူယင်မှာ မလုပ်ခဲ့ချေ။ အိပ်ပျော်နေသည့် ချောမောသော လူငယ်ကို ကြည့်ရင်း ကျေးဇူးတင်သော အလင်းတစ်ခုမှာ သူမ၏ မျက်လုံးတွင် ထွက်ပေါ်လာ၏။ သူမ သူ့အား မနှိုးချင်ပေ။ ထို့အစား စာတစ်စောင်ကို ရေးသားကာ ဝေ့ဝူယင်၏ နံဘေးတွင် ချန်ရစ်ခဲ့၏။ ထို့နောက် တိတ်ဆိတ်သော ခြေလှမ်းများနှင့် ရွာငယ်လေးမှ ထွက်ခွာသွားလေတော့သည်။

သူမ တော်ဝင်မြို့တော်ကို ပြန်ပေတော့မည်။

ရှန်းရှင်းမေ့ ထွက်ခွာသွားပြီးနောက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပွင့်ဟလာ၏။ သူ၏ မျက်လုံးများက မနေ့ကနှင့် မတူတော့ပဲ တစ်မျိုးတစ်ဖုံ ကွာခြားနေသည်။

မနေ့က တစ်ညလုံး မှတ်ဉာဏ်များနှင့် ဆုံးရှုံးမှုများကို သူ ပြန်လည် တွေးတောခဲ့သည်။ သူသည် လူတိုင်းအပေါ် အပြစ်ပုံချခဲ့သော်လည်း အဆုံးသတ်၌  တရားခံမှာ သူသာလျှင် ဖြစ်နေခဲ့သည်။ သူသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်သည်။ ထိုအရာက သူ၏ ဘဝ ဖြစ်သည်။ သူ၏ ကံကြမ္မာ ဖြစ်သည်။

မည်သည့် အရာများ ဖြစ်ပျက်ခဲ့သည် ဖြစ်စေ၊ မည်သည့် အရာများ ဖြစ်လာမည် ဖြစ်စေ... သူ ဂရုမစိုက်တော့။ ဘာမျှမရှိသည့် ဘဝမှ နေ၍ အနန္တ ကုန်းမြေတိုက်ကြီး၏ ထိပ်တန်း တန်ခိုးရှင်တစ်ယောက်၊ ပါရမီရှင်တစ်ယောက် ဖြစ်လာအောင် သူကြိုးစားခဲ့သည်။

ငရဲ၏ ပထမ ကပ်ဘေးကို သူ အောင်မြင်ခဲ့သည်။ ကောင်းကင်တံတိုင်းကြီးနှင့် ရင်ဆိုင်ရချိန်၌ အစွမ်းကုန် တိုက်ခိုက်ကာ လွတ်မြောက်ခဲ့သည်။

သူ မှတ်ဉာဏ်များ ပျောက်ဆုံးကာ အဂ္ဂိရတ် ပညာရပ်ကို ကျွမ်းကျင်လာခဲ့သည်။ ကျင့်ကြံခြင်း အဆင့်များကို ဘောင်မရှိ စည်းမရှိ ချိုးဖြတ်နိုင်ခဲ့သည်။ သူသည် မွေးဖွားချိန်မှ စ၍ တစ်ခါမှ အရှုံးမပေးပဲ တိုက်ခိုက်ကာ ရှေ့ဆက်တိုးခဲ့သည်။

ညတစ္ဆေကို ဝေ့ဝူယင် ပြန်လည် မြင်ယောင်လာမိ၏။ သူသည် တစ်ချိန်လုံး အရှုံးမပေးပဲ ကြယ်တာရာ ကပ်ဘေးကို ရင်ဆိုင်ခဲ့သည်။ မရှုံးမပေးသမျှ သူနိုင်ခဲ့သည်။ နောက်ဆုံး စိတ်လျှော့လိုက်သော အခိုက်တွင်မှ ကြယ်တာရာ ကပ်ဘေးမှာ သူ၏ အသက်ကို နှုတ်ယူသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သင်ခန်းစာ တစ်ခု ဖြစ်၏။

လက်လျှော့ခြင်းသည် သေချာသော ကျဆုံးမှုထံသို့ ဦးတည်သွားစေနိုင်စွမ်း ရှိသည်။

ထိုသဘောတရားကို ဆုပ်ကိုင်ရင်း ဝေ့ဝူယင်၏ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးမှာ အရှုံးမပေးလိုမှုတို့ဖြင့် ပြည့်နှက်လာ၏။ ထိုခံစားချက်ကပင် သူအား လက်စားချေမှုထံ တွန်းပို့ခဲ့သည်။ သူ့အား အသက်ရှင်သန်စေခဲ့သည်။

သူပေါ့ပါးစွာ ထရပ်လိုက်၏။ သူ၏ မျက်လုံးတို့က တလက်လက် တောက်ပနေသည်။ သူ၏ အောင်မြင်မှု၊ ကျဆုံးမှုတို့ကို သူ ကိုယ်တိုင် ဆုံးဖြတ်ရပေလိမ့်မည်။

ထိုအချိန်တွင်ပင် သုံးလွှာ လက်စွပ်ထဲမှ သလင်းကျောက်မှာ လင်းလက်လာ၏။ ဝေ့ဝူယင် ထုတ်ယူကာ ဝင်ရောက်နေသည့် စာကို ဖတ်လိုက်သည်။

“အရှင်ဝေ့... မင်းသားကျန်းဆီက လက်ထပ် ဖိတ်စာတစ်စောင် လက်ခံ ရရှိထားပါတယ်... သတို့သားနဲ့ သတို့သမီးက မင်းသားလဲ့နဲ့ လင်းကျိရန် တဲ့... ကျွန်မ ငြင်းလိုက်ရမလား”

“လင်းကျိရန်...”

ဝေ့ဝူယင် မျက်ခုံးကို ပင့်တင်လိုက်သည်။

“မှတ်တမ်းတွေ အရဆို လင်းကျိရန်က အရှင်မလင်းပဲ”

သူ ချက်ချင်းပင် စာတိုတစ်စောင်ကို ပြန်ပို့လိုက်၏။

“မငြင်းနဲ့ ငါလာခဲ့မယ်လို့ ပြောလိုက်”

***

All Chapters