← Chapters

မင်္ဂလာပွဲနှင့် မုန်တိုင်း

Vol. 10 Ch. 127

မင်္ဂလာပွဲနှင့် မုန်တိုင်း

Vol. 10 Ch. 127

“ဟေ့... ငါ ကြားရသလောက်ဆို အစမှာ ဧကရာဇ်ဝူက မင်းသားကျန်းနဲ့ အရှင်မလင်းကို လက်ထပ်ပေးဖို့ ရည်ရွယ်ထားတာ တဲ့... ဒါပေမဲ့ အရှင်မလင်းက ငြင်းလိုက်တယ်တဲ့လေ... သူက အခြား မင်းသားတစ်ပါးကိုပဲ လက်ထပ်ချင်နေတာ တဲ့”

“မဟုတ်ဘူး ထင်တယ်နော်... ပထမမှာ နတ်မိမယ်လင်း ကိုယ်တိုင်က မင်းသားကျန်းနဲ့ လက်ထပ်ဖို့ သဘောတူခဲ့တာ... မင်းသားလဲ့ ဝင်လာပြီးနောက်မှ သူ့ရဲ့ ဆုံးဖြတ်ချက်က ချက်ချင်းပြောင်းသွားခဲ့တာ... ငါ သိသလောက် ပြောရရင်... အဲဒါက... ဟို မင်းသားကျန်းရဲ့ အခြေအနေ‌ကြောင့် ဆိုလား...”

"သူ့ရဲ့ ဟိုကိစ္စက သေးတယ် ဆိုတာလား...”

“တိုးတိုးပြော... မင်းတော့ အသတ်ခံချင်နေတယ် ထင်တယ်... အဲဒါတွေက ကောလဟာလတွေ သက်သက်ပဲ”

မင်္ဂလာ ခန်းမ ဝင်ပေါက်တွင် စောင့်ဆိုင်းသည့် မင်းသားကျန်းတို့ကို ကြည့်ရင်း ဧည့်သည်များ အကြား၌ တီးတိုး ဆွေးနွေးဝိုင်း တစ်ခု ဖြစ်ပေါ်နေသည်။

မင်းသားကျန်းမှာ သူတို့ အားလုံးကို လျစ်လျူထား၏။ ထိုအရာများမှာ မင်းသားလဲ့၏ ပုံရိပ်အား မြှင့်တင်ရန်နှင့် သူ့အား သိက္ခာချရန် အသုံးပြုသည့် အလိမ်အညာလုံးများသာ ဖြစ်သည်။ သို့သော်လည်း ထိုကောလဟာလများက သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။

“ငါ့ဟာက ကြီးတာငါပဲ သိတယ်ကွ... ပြောရရင် ပျမ်းမျှ အရွယ်အစားထက်တောင် ပိုကြီးသေးတယ်”

သူ စိတ်ထဲမှ ကြိတ်အော်လိုက်၏။ သူ့အကြောင်းအား သူမှ လွဲ၍ မည်သူ ပိုသိနိုင်မည်နည်း။

ဝေ့ဝူယင်မှာ ကောင်းကင်မှ နေ၍အားလုံး ကြားနေရ၏။ နောက်ဆုံးစကား အရောက်တွင် သူ အနည်းငယ် ပြုံးစိစိ ဖြစ်မိသွားသည်။ မင်းသားကျန်းလို ကတုံး ပြောင်ပြောင်၊ ထွားထွားကြိုင်းကြိုင်း လူကြီးက ထိုကဲ့သို့လား။

သူ ခေါင်းအား ခါယမ်းလိုက်ရင်း ပိုင်လင်၏ ကျောကို အနည်းငယ် ပုတ်လိုက်၏။

“ဂီး...”

အလိုက်တသိပင် ပိုင်လင်က သူတို့ ရောက်ရှိလာပြီဖြစ်ကြောင်း အော်ဟစ်ကာ ကြေညာလိုက်သည်။ သူမသည် အော်သံတွင် သွေးမျိုးဆက် စွမ်းအားများ ထည့်သွင်းထားရာ အနီးအနားတစ်ဝိုက်ရှိ သားရဲများမှာ တုန်ရီ၍ပင် သွားကြသည်။

မင်းသားကျန်း အပါအဝင် များစွာသော လူများ၏ မျက်လုံးများမှာ ကောင်းကင်သို့ ရောက်ရှိသွားကြ၏။

ဟူး... ဟူး...

ပိုင်လင်သည် အတောင်များကို ခပ်ရင်း မြေပြင်ပေါ် ဆင်းသက်လာ၏။ သူမ၏ ကြွရွသော အသွင်အပြင်၊ လှပသော မျက်လုံးများနှင့် တောက်ပသည့် ကိုယ်ရောင်ကိုယ်ဝါတို့ကို ကြည့်ရင်း များစွာသော လူများ၏ မျက်လုံးများမှာ အရောင်ပြောင်းသွားကြသည်။ အကယ်၍ သူတို့သာ ထိုသားရဲကို ပိုင်ဆိုင်နိုင်ပါက...

မင်းသားကျန်းမှာ အခြားလူများ၏ အတွေးများကို ရိပ်မိရာ ပြုံးလိုက်၏။ အရှင်ဝေ့မှာ နတ်ဘုရား ဧကရာဇ်ကိုပင် သတ်ဖြတ်နိုင်သည့် နတ်ဘုရားအရှင် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုး၏ သားရဲအား လုရန် ကြံစည်ခြင်းမျိုးမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

သူက ရှေ့သို့ အနည်းငယ် တက်လာကာ လက်သီးနှစ်ဖက်အား ဆုပ်လိုက်၏။

“ခုလို တက်ရောက်ပေးတဲ့ အတွက် ဂုဏ်ယူမိပါတယ် အရှင်ဝေ့...”

သူ၏ စကားလုံးများက မရည်ရွယ်ပါပဲ ဂယက်တစ်ခုအား ဖန်တီးသွားသည်။

အရှင်ဝေ့... သူက နတ်ဘုရား အရှင်တစ်ပါးလား...

လူတိုင်း၏ မျက်လုံးများက ဝေ့ဝူယင်ထံ ရောက်ရှိသွားကြသည်။ သံသယများမှာ သူတို့၏ စိတ်ကို စိုးမိုး ခြယ်လှယ်နေ၏။ ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် နတ်ဘုရားအရှင် အရေအတွက်မှာ နှစ်ဆယ် မပြည့်ချေ။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီမှာလည်း အလွန် နာမည်ကျော်ကြားကြသည်။ မင်္ဂလာပွဲသို့ တက်‌ရောက်လာသည့် ကျပန်း လူငယ် တစ်ဦးက နတ်ဘုရားအရှင် တစ်ပါး ဖြစ်နိုင်မည်လော။

သို့သော်လည်း တစ်ဖက်မှ ပြန်၍ တွေးကြည့်ပါက မင်းသားကျန်းမှာ စေ့စပ် သေချာသူ ဖြစ်သည်။ သူ၏ စကားက မမှားနိုင်ချေ။ အရှင်ဝူ ဆိုသည့် ထိုလူငယ်မှာ နတ်ဘုရား အရှင် အသစ် သို့မဟုတ် အခြားတိုင်းပြည် တစ်ခုမှ ရောက်ရှိလာသည့် နတ်ဘုရား အရှင်တစ်ပါး ဖြစ်နိုင်သည်။ ချက်ချင်း လက်ငင်းပင် ကြိုးကြာဖြူအား ခိုးယူရန် ဟူသော သူတို့၏ အကြံအစည်များမှာ အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်နှင့် စုမေ့သည် ပိုင်လင်၏ ကျောထက်မှ ဆင်းလာကြသည်။ ဝေ့ဝူယင်က ပြုံးလိုက်ရင်း ပြန်လည် နှုတ်ဆက်လိုက်၏။

“ငါ့ကို ဖိတ်တာ မင်းညီတော်ကို သတ်ခိုင်းမလို့လား”

“ ... “

ခန်းမဝ အနီးအနားရှိ လူတိုင်းလိုလိုမှာ ထိုစကားကို ကြားလိုက်ကြရ၏။ သူတို့က ဝေ့ဝူယင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။ ထိုနတ်ဘုရားအရှင်က ပြစ်မှု ကျူးလွန်မည့် ကိစ္စကို တော်ဝင်နန်းတော်တွင်ပင် ပေါ်တင်ပြောနေသည်လား။ ထိုအရာက လည်ပင်းပြတ်သွားနိုင်သည့် ကိစ္စ ဖြစ်သည်။

မင်းသားကျန်းမှာလည်း ဝေ့ဝူယင်၏ စကားလုံးများကို မျှော်လင့်မထားရာ အနည်းငယ် အမူအရာ ပျက်ရွင်းသွား၏။ သို့‌သော်လည်း အခြားလူများ မရိပ်မိလိုက်ခင်မှာပင် သူ အိန္ဒြေပြန်ဆည်လိုက်သည်။

“မဟုတ်ရပါဘူး အရှင်ဝေ့... ကျုပ်ညီတော်နဲ့ အရှင်မလင်းတို့က လက်ထပ်ဖို့ အတွက် ကိုယ်တိုင်ကိုယ်ကျ သဘောတူထားကြတာပါ... ညီတော်အတွက် ကျုပ်ကိုယ်တိုင် ပျော်ရွှင်ရပါတယ်... အရှင်ဝေ့တို့ကို ဖိတ်‌ခေါ်ခဲ့တာကလည်း ခင်မင်တဲ့ သဘောထားကို ပြဖို့သက်သက်ပါပဲ”

ဝေ့ဝူယင်က တိတ်တဆိတ်ပင် မင်းသားကျန်း၏ မျက်လုံးများကို ကြည့်လိုက်သည်။ ထို့နောက် သူ ‌ခေါင်းညိတ်လိုက်၏။ မင်းသားကျန်း လုပ်ကြံခံရခြင်းကို ထောက်ချင့်ပါက နန်းတွင်းရေး ကိစ္စများ မည်မျှ ရှုပ်ထွေးသည်ကို တွေ့မြင်နိုင်သည်။

ပထမ၌ တော်ဝင် ဧကရာဇ်သည် မင်းသားကျန်းနှင့် လင်းကျိရန်တို့ကို လက်ထပ်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် သတို့သားမှာ မင်းသားလဲ့ အဖြစ် ပြောင်းလဲသွားပြန်သည်။ ‌ကောလဟာလများစွာ ထွက်ပေါ်နေသော်လည်း အစစ်အမှန် အကြောင်းပြချက်ကိုမူ မည်သူမျှ သေချာ မသိရသေးချေ။

မည်သည့် အကြောင်းပြချက် ဖြစ်စေကာမူ မင်းသားကျန်း ကျေနပ်လိမ့်မည်ဟု ဝေ့ဝူယင် မထင်ချေ။ နန်းတွင်းရေး၏ မြေအောက် ရေစီးကြောင်းများစွာ ဖြစ်ပေါ်နေကြောင်း သူသိသည်။ မင်္ဂလာပွဲ၌ မလှုပ်ရှားလျှင်ပင် အချိန်တစ်ခု အကြာတွင် မင်းသားကျန်း ကျိန်းသေ ပုန်ကန်ပေလိမ့်မည်။

“အရှင်ဝေ့... အထဲကို ကြွပါ...”

မင်းသားကျန်းက ယဥ်ယဥ်ကျေးကျေးပင် ပြောလိုက်သည်။ ဝေ့ဝူယင်၏ စကားလုံးများကြောင့် နောက်ထပ် ဂယက်များ ဖြစ်ပေါ်လာမည်ကို သူ မလိုလားချေ။ မင်းသားလဲ့၏ နောက်တွင် မည်သည့် ပုဂ္ဂိုလ်များ ရှိနေသည်ကို သူ အသိဆုံး ဖြစ်သည်။

မင်းသားကျန်း၏ ဦးဆောင်မှုနှင့် အတူ ဝေ့ဝူယင်တို့သည် ထိုင်ခုံပေါင်း ထောင်ချီ စီတန်းထားသည့် မင်္ဂလာဆောင် ခန်းမကြီး အတွင်း ရောက်ရှိလာခဲ့ကြသည်။ ထိုထိုင်ခုံ အားလုံးမှာ မင်းဆွေမင်းမျိုးများ၊ ပါရမီရှင်များ၊ ထိပ်တန်း ကျင့်ကြံသူများနှင့် ကျော်ကြားသော ပုံရိပ်ရှိသူများ အတွက်ပင် ဖြစ်သည်။

ပိုင်လင်ကမူ ဧည့်သည်များ၏ သားရဲများ ထားရှိရာ နေရာသို့ ပျံသန်းသွား၏။ သူမသည် အခြားသားရဲများအား လွှမ်းမိုးနိုင်သည့် ရောင်ဝါတစ်ခုကို ထုတ်လွှတ်ကာ ဝင့်ကြွားစွာ ရပ်လိုက်၏။ သူမ၏ မျက်လုံးများက ကြည်လင်ကာ မောက်မာခြင်းတို့နှင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင်နှင့် စုမေ့တို့သည် သူတို့ အတွက် ချမှတ်ပေးထားသည့် ထိုင်ခုံများတွင် တည်ငြိမ်စွာပင် ထိုင်လိုက်ကြသည်။ စကားအနည်းငယ် ပြောဆိုပြီးနောက် မင်းသားကျန်းမှာ အခြား ကိစ္စများ ဆောင်ရွက်ရန် အတွက် ဟုဆိုကာ ခွင့်တောင်းလိုက်သည်။ သူ မထွက်ခွာသေးခင် ဝေ့ဝူယင်က ဝိညာဥ်အာရုံဖြင့် အသံပို့လွှတ်ကာ ဆက်သွယ် လိုက်၏။

“ဒီမင်္ဂလာပွဲကို လာတဲ့ ဧည့်သည်တွေ အတော်များပုံပဲ”

မင်းသားကျန်းမှာ အလွန် အကင်းပါးသူ ဖြစ်၏။ သူက ခေါင်းတစ်ချက် ညိတ်ကာ အသံ ပြန်လည် ပို့လွှတ်လိုက်သည်။

"ကျုပ် အရှင်ဝေ့ကို ပြောဖို့ မေ့သွားလို့ပါ... မိုးရွာနိုင်တဲ့ အခြေအနေ ရှိတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျုပ်တို့ အင်ပါယာမျိုးနွယ်က အဲဒါကို ကိုင်တွယ်ဖို့ ကောင်း‌ကောင်း ပြင်ဆင်ထားပါတယ်”

ထို့နောက် သူက ပြုံးလိုက်ကာ ထွက်ခွာသွားတော့၏။ ဝေ့ဝူယင်မှာမူ တိတ်ဆိတ်နေသည်။ ကြည့်ရသည်က သူ့ အတွေးများ မှန်ကန်နေပုံ ရသည်။ မုန်တိုင်းတစ်ခုကား ကျလာနေချေပြီ။

....

မင်္ဂလာပွဲ အခမ်းအနား ကျင်းပရန် ပိုမို နီးကပ်လာသည်နှင့် အမျှ ပိုမို များပြားသော ဧည့်သည်များမှာ တဖွဲဖွဲ ရောက်ရှိလာနေကြ၏။ အများအားဖြင့် နောက်ပိုင်းမှ ရောက်ရှိလာသည့် ဧည့်သည်များမှာ ပထမ ရောက်ရှိသူများနှင့် စာလျှင် လွှမ်းမိုးနိုင်စွမ်းတွင်ရော ဂုဏ်သိက္ခာပိုင်းတွင်မှာပါ ပိုမို ကျော်ကြားကြသည်။

ဝေ့ဝူယင်မှာ အနည်းငယ် စိတ်လှုပ်ရှား နေခဲ့၏။ ထိုအရာက ‌တော်ဝင် မင်္ဂလာပွဲ ဖြစ်သည်။ အိမ်ရှေ့ မင်းသားလောင်း တစ်ယောက်နှင့် နတ်ဘုရား အရှင်မ တစ်ပါးတို့ လက်ထပ်မည့်ပွဲ ဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ ဝေ့ဝူယင်သည် လင်းကျိရန်နှင့် ပတ်သက်သော အချက်အလက်များကို အသက်လောက ကုန်တိုက်မှ ဝယ်ယူ ဖတ်ရှုခဲ့ပြီး ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် သူမ အကြောင်းအား ဖတ်ရင်း သူ အံ့သြခဲ့ရသည်။ အသက်လောက ကုန်တိုက်၏ အချက်အလက်များသာ မမှားပါက လင်းကျိရန်မှာ နှစ်တစ်ရာ အတွင်း အသက် အငယ်ဆုံး နတ်ဘုရားအရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

အနန္တ ကုန်းမြေတိုက်ကြီးတွင် ပျမ်းမျှအားဖြင့် နတ်ဘုရားအရှင် အများစုမှာ အသက် သုံးရာမှ လေးရာအတွင်း ရှိကြသည်။ သို့သော်လည်း လင်းကျိရန်မှာမူ အသက် တစ်ရာမပြည့်ခင်မှာပင် နတ်ဘုရား အရှင်တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူမသည် မည်သည့် တိုင်းပြည်နှင့်မျှ ဆက်နွယ်မှု မရှိသော လင်းမိသားစုကြီး တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ လင်းမိသားစုသည် များသောအားဖြင့် လောကီအရေး ကိစ္စများတွင် ဝင်ရောက် စွက်ဖက်လေ့ မရှိပဲ သီးခြားသာ နေလေ့ရှိသည်။ သို့သော်လည်း သူတို့သည် ခေတ်အဆက်ဆက် ထက်မြက်သော ပါရမီရှင်များကို မွေးထုတ်ပေးလေ့ ရှိ၏။ လင်းမျိုးနွယ်မှ နေ၍ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ နှစ်ယောက်ပင် ထွက်ပေါ် လာခဲ့ဖူးသည်။ ထိုအချင်းအရာက လင်းမျိုးနွယ်မှာ အချို့တိုင်းပြည်အသစ်များထက်ပင် ပိုမို အခြေခံ ခိုင်မာသည်ဟု ဆိုလိုပေသည်။

အရှင်မလင်းမှာ လှပကာ အစွမ်းထက်ရုံသာ မကချေ။ ငယ်ရွယ်စဥ် အချိန်တည်းက နတ်ဘုရား ဧကရာဇ် တစ်ပါးဖြစ်သည့် စုတောင်တန်းမှ ဗျတ်စောင်း နတ်မိမယ်ထံတွင် လေ့ကျင့်ခဲ့ဖူးကာ ဂန္တဝင် ကျင့်စဥ်လေးမျိုးကို ကျွမ်းကျင် တတ်မြောက်သည်။ သို့သော်လည်း ကံကောင်းစွာပင် ဗျတ်စောင်းနတ်မိမယ်သည် သက်တမ်း ကုန်ဆုံးကာ သေမျိုး ဖုန်မှုန့်အဖြစ် ပြောင်းလဲ စုတေ သွားခဲ့ရပြီ ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ စိတ်အလျဥ်က ဟိုးယခင် နေသွေးနီနီဂိုဏ်း အဓိက တပည့်ပြိုင်ပွဲဆီသို့ ပြန်လည် ရွေ့လျားသွားသည်။ ထိုစဥ်ကသာ သူမ ပြောခဲ့‌သော စကားများကို လက်ခံကာ လက်ထပ်ခွင့် တောင်းခဲ့ပါက...

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ဆူညံမှု တစ်ခု ဖြစ်‌ပေါ်လာသည်။ လူအများ၏ အာရုံမှာ ဝင်ပေါက် တံခါးဝဆီသို့ စုပြုံကျရောက်သွားကာ  လူနှစ်ယောက် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ပထမ တစ်ယောက်မှာ အဖြူ၊ အစိမ်း ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အရွယ် ရင့်ကျက်သည့် လူတစ်ယောက် ဖြစ်သည်။ သူ့တွင် တည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်စွမ်း ပြည့်ဝနေသည့် အကြည့်တို့ ရှိ၏။ ခြေလှမ်းတိုင်းတွင် သူ၏ အငွေ့အသက်က ညင်သာစွာ လှိုင်းထနေသည်။

ခြေလှမ်းထဲက ဝိညာဥ်...

ဝေ့ဝူယင်၏ မျက်လုံးများမှာ လင်းလက်သွား၏။ ထိုအရာက မိမိ၏ ဝိညာဥ် စွမ်းအင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး၏ လက္ခဏာပင် ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ယေဘုယျအားဖြင့် လိုက်စားနိုင်သည့် နည်းလမ်းသုံးသွယ် ရှိသည်။ ၎င်းတို့မှာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်း‌စဥ်၊ ချီကျင့်ကြံခြင်း လမ်းစဥ်နှင့် ဝိညာဥ် ကျင့်ကြံခြင်း လမ်းစဥ်တို့ပင် ဖြစ်သည်။

စုမေ့၏ မျက်ခုံးများမှာလည်း အပေါ်သို့ မြင့်တက်သွား၏။ ထိုပုဂ္ဂိုလ်သည် သူမ နားမလည်နိုင်သည့် မြင့်မြတ်သော ခံစားချက် တစ်ခုကို ပေးစွမ်းနေသည်။ သို့သော်လည်း နံဘေးရှိ မိန်းကလေထံ အကြည့်များ ရောက်ရှိသွားချိန်၌ သူမ၏ မျက်လုံးများမှာ ငြိမ်သက်သွားတော့သည်။ ထိုအခိုက်၌ သူမ၏ ကိုယ်ပိုင် ကမ္ဘာက အရောင်များ မှေးမှိန်သွားခဲ့သလိုပင်။

မိန်းကလေးသည် ရွှေရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံ သူမနှင့် အပိုအလို မရှိ အံဝင်ခွင်ကျ ဖြစ်ကာ၊ အထူးသဖြင့် သေးသိမ်သော ခါးများနှင့် ကြီးမားသော သားမြတ်တို့ကို ‌ဖော်ပြထားပုံက ဖိတ်စင် သွားတော့မယောင်ပင် ထင်ရသည်။ သို့သော်လည်း အမှန်တကယ်ပင် ရင်သပ် ရှုမောဖွယ်ကောင်းလောက်သည့် အလှအပ၏ သူမ၏ ပြီးပြည့်စုံသော မျက်နှာတွင် တည်ရှိနေသည်။

ဇင်ယော်တောင် မျက်ခုံးမွေးများ၊ မက်မွန်သီး သဏ္ဌာန် နှုတ်ခမ်းနှစ်လွှာနှင့် အကန့်အသတ် ရောက်အောင် ကြည်လင် တောက်ပသည့် မျက်လုံးများ၏ နောက်ကွယ်၌ ဖြောင့်စင်းသော ခြေတံရှည်များနှင့် တည်ငြိမ်သော ခြေလှမ်းများက နေရာယူနေသည်။ ယောက်ျားတိုင်းသည် ထိုမိန်းကလေးကို ရရှိရန် အတွက် မည်သည့် အရာကို မဆို ပြုလုပ်ရဲကြလိမ့်မည် ဖြစ်သည်။

ဤသည်မှာ စုမေ့ ကဲ့သို့ မိန်းကလေး တစ်ဦးဆီမှ ခံစားချက် ဖြစ်သည်။ ယောက်ျားများ၏ အမြင်၌ သူမ၏ အလှက ဆယ်ဆပင် တိုးချဲ့သွားနိုင်သည်။ သူမ၏ ရောက်ရှိလာမှုက ယောက်ျားထုကြီး တစ်ခုလုံး၏ အာရုံကို ဖမ်းစားသွားခဲ့၏။

ဝေ့ဝူယင်မှာလည်း သူမကို လှမ်းကြည့်လိုက်သည်။ သူ၏ နှာခေါင်းမှာ တက်ကြွသလို သူ၏ အမြင်အာရုံမှာလည်း ကျင့်ကြံခြင်း အဆင့်ကိုပင် ကျော်လွန်၍ ထက်မြက်သည်။ ထိုမိန်းကလေးကို ကြည့်ရင်း ပထမဆုံး သတိထားမိသည့် အရာက  ပြည်တန်အောင် လှပသည့် ဆိုသည့် အချက်ပင်။ သို့သော်လည်း သူမမှာ အပျိုစင် တစ်ယောက် မဟုတ်‌တော့ကြောင်းလည်း သူ ရှာဖွေ တွေ့ရှိခဲ့သည်။

သို့သော်လည်း ဝေ့ဝူယင်မှာ ခွဲခြားတတ်သူ တစ်ယောက် မဟုတ်ချေ။ လှပသည့် မိန်းကလေး တစ်ယောက် သို့မဟုတ် မည်သည့် မိန်းကလေး မဆို၏ တန်ဖိုးကို အပျိုစင် ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် ဆုံးဖြတ်ခြင်းမှာ နိမ့်ကျသော ယောက်ျားများ၏ လုပ်ရပ်သာ ဖြစ်သည်။ ထိုအချက်ကို ဝေ့ဝူယင် သံသယ မရှိ ယုံကြည်သည်။ အပျို ဖြစ်ခြင်း၊ မဖြစ်ခြင်းက ထိုမိန်းကလေး၏ တောက်ပမှုကို နည်းနည်းမှ လျော့ကျစေလိမ့်မည် မဟုတ်ချေ။

သူမကား ဝူတိုင်းပြည်၏ ထိပ်ဆုံး မိန်းမလှ သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည့် မင်းသမီး ဝူပိုင်ကျိုးပင် ဖြစ်တော့၏။

***

All Chapters