← Chapters

မင်္ဂလာပွဲနှင့် မုန်တိုင်း

Vol. 10 Ch. 129

မင်္ဂလာပွဲနှင့် မုန်တိုင်း

Vol. 10 Ch. 129

ဝေ့ဝူယင်၏ မျက်လုံးများမှာ အေးစက်သွားကာ အသံလာရာဘက် လှမ်းကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ  ဂိုင်ယာပြည်နယ် ဒုတိယတန်းစားဂိုဏ်း တစ်ခု၏ ဂိုဏ်းချုပ် ဖြစ်ကာ သေမျိုး နတ်ဘုရား အဆင့်တွင် ရှိသည်။  ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။

“မင်းက ငါ့ကို နှောက်ယှက်ရဲတယ်လား...”

သူ၏ စကားလုံးများက မောက်မာခြင်း၊ အထက်စီးဆန်ခြင်းတို့နှင့် ပြည့်နှက်နေသည်။

“ထွက်သွားစမ်း...”

"မင်း...”

သေမျိုး နတ်ဘုရားမှာ ဒေါသထွက်သွားခဲ့သည်။ သူသည် နေကျီးကန်း စုန်းမကို ကြောက်သော်လည်း ဝေ့ဝူယင်ကိုမူ နည်းသူ သင်ခန်းစာ တစ်ခု ပေးချင်နေသည်။

“ဒီမအေ...”

မင်းသားကျန်းမှာ ထိုမြင်ကွင်းကို အဝေးမှ မြင်တွေ့လိုက်ရရာ တစ်ကိုယ်လုံး တုန်ရီသွား၏။ သူက ချက်ချင်းပင် တာဝန်ကျနေသော အင်ပါယာ အစောင့်များကို အမိန့်ပေးလိုက်၏။ သူတို့သည် အလင်းတန်း တစ်ခုအလား လျှင်မြန်စွာ လှုပ်ရှားလာကြကာ သေမျိုး နတ်ဘုရား၏ အနားသို့ ရောက်ရှိလာကြသည်။

“ငါတို့ မင်းကို လိုက်ပို့ပေးမယ်”

ထိုစကားလုံးများက တောင်းဆိုမှု တစ်ခု မဟုတ်ချေ။ သူတို့၏ ဝိညာဥ်အင်အားများသည် သေမျိုး နတ်ဘုရားကို ထိန်းချုပ်ထားပြီး ဖြစ်၏။ သူတို့၏ မျက်လုံးများက စူးစူးရဲရဲ တောက်ပနေကြသည်။ အကယ်၍ သေမျိုး နတ်ဘုရားကသာ ငြင်းဆန်ပါက ချက်ချင်းပင် သတ်ပစ်မည့်ပုံ ရှိသည်။

သေမျိုးနတ်ဘုရား၏ တစ်ကိုယ်လုံးမှာ တုန်ရီသွား၏။ သူက ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုကောင်က မည်သူနည်း။

သို့သော်လည်း သူမေးရန် အခွင့်အရေး မရခင်မှာပင် အင်ပါယာ အစောင့်များမှာ သူ့အား တိုက်ရိုက်ပင် ဆွဲခေါ်ထုတ် သွားကြပြီ ဖြစ်သည်။ ထိုအရာက မေ့ယန် အပါအဝင် လူတိုင်းကို အံ့အားသင့် သွားစေခဲ့၏။

သူက တော်ဝင် မင်္ဂလာပွဲတွင်ပင် ဧည့်သည်များကို နှင်ထုတ်နိုင်စွမ်း ရှိသည်လား။ သူက အမှန်တကယ်ကြီး နတ်ဘုရား အရှင်တစ်ပါးနှင့် အဂ္ဂိရတ် အရှင်တစ်ပါး ဖြစ်နေသည်လား။ ထိုအရာက...

မင်းသားကျန်းက ထိုင်ခုံတွင် ပြန်ထိုင်ရင်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူသည် ဝေ့ဝူယင် မည်မျှ မောက်မာကြောင်းနှင့် ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားသည်။ သူသည် သူ့ချစ်သူများအား ခြိမ်းခြောက်သည့် အတွက် နတ်ဘုရား ဧကရာဇ်တစ်ပါးကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။ သူ၏ ပုံစံက အမြဲလိုလို အေးဆေးကာ တည်ငြိမ်သော ဒေါသထွက်သည့် အခိုက်တွင်မူ ငရဲတစ်ခု ကျဆင်းလာပေလိမ့်မည် ဖြစ်သည်။

ထိုအခိုက်၌... များစွာသော လူများမှာ ဝေ့ဝူယင်တွင် မြင့်မားသော အဆင့်အတန်း တစ်ခု ရှိကြောင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။ မေ့ယန်ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လှမ်းကြည့်နေသည့် ဖန်ရှန်းပင်လျှင် တစ်ဖက်သို့ လှည့်ကာ လျစ်လျူသွား၏။ ထိုမိန်းမအတွက် နတ်ဘုရား အရှင်တစ်ပါး သို့မဟုတ် အဂ္ဂိရတ် အရှင်တစ်ပါးကို ဆန့်ကျင်ရန် မထိုက်တန်ချေ။ အဂ္ဂိရတ် အရှင်များ၏ အဆက်အသွယ်နှင့် ငွေကြေး အင်အားက ကြောက်မက်ဖွယ် ကောင်းလွန်းသည်။

တစ်ချိန်က အဆင့်ငါး အဂ္ဂိရတ် ပညာရှင် တစ်ဦးသည် ငွေကြေးမက်လုံး၊ မှော်ဆေး မက်လုံးတို့ဖြင့် နောက်လိုက်နောက်ပါများကို စုစည်းကာ နတ်ဘုရားအရှင် တစ်ပါး ဦးဆောင်သည့် ဂိုဏ်းကြီးတစ်ဂိုဏ်းကို ချေမှုန်းခဲ့ဖူးသည်။ သို့တိုင်အောင် ထိုအရာက အဆင့်ငါး အဂ္ဂိရတ် ပညာရှင်မျှသာ ရှိသေးသည်။

အဆင့်ခြောက် အဂ္ဂိရတ် အရှင်များသာ ဆိုပါက မည်မျှ ပိုမို၍ ကြောက်ဖို့ကောင်းမည်နည်း။

ဝေ့ဝူယင်မှာ အခြားလူများ၏ အကြည့်များကို လျစ်လျူကာ မေ့ယန်ကိုသာ အသားယူနေခဲ့၏။ ထိုမိန်းမက သူ့အား ဒိုင်းကာ တစ်ခု အနေဖြင့် အသုံးချနေရာ သူကလည်း အဘယ်ကြောင့် ထိုတန်ဖိုးကို ပြန်မယူရမည်နည်း။ ထို့အပြင် ထိုမိန်းမ၏ ခန္ဓာကိုယ် တစ်လက်မချင်းစီတိုင်းမှလည်း နူးညံ့ကာ နှစ်လိုဖွယ်ကောင်းလှသည်။

မေ့ယန်က ဝေ့ဝူယင်၏ လက်ကို ကိုင်ကာ ရပ်တန့်ရန် ကြိုးစား၏။ သို့သော်လည်း ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ နဂါးသွေး စွမ်းအင်တို့ဖြင့် သန့်စင်ခံထားရရာ သူမ မည်ကဲ့သို့ လွတ်မြောက်ရန် အခွင့်အလမ်း ရှိမည်နည်း။

ဒူ... ဒူ... ဒူ...

သူ နောက်တစ်ဆင့် မြှင့်တင်ရန် အရှိန်ယူလိုက်စဥ်မှာပင် မောင်းသံမှာ မြည်လာခဲ့၏။ ထိုအရာကား စတင်ခြင်း မောင်းသံပင် ဖြစ်လေသည်။

မင်္ဂလာပွဲကား တရားဝင် စတင်ခဲ့ပြီ ဖြစ်လေတော့သည်။

လူများအားလုံးမှာ ငြိမ်သက် တိတ်ဆိတ် သွား၏။ သူတို့ကား တုံးအသူများ မဟုတ်ကြလေရာ မကြာခင် ဖြစ်ပေါ်လာတော့မည့် မုန်တိုင်းအကြောင်း ရိပ်မိကြပြီး ဖြစ်သည်။

ဤသည်မှာ မင်းသားတစ်ပါး၏ လက်ထပ်ပွဲမျှသာ ဖြစ်သည်။ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်ကြီး နှစ်ခုမှ ခေါင်းဆောင်များ၊ ဘိုး‌ဘေးများ စုံစုံညီညီ ရောက်လာစရာ အကြောင်း မရှိချေ။ များသောအားဖြင့် နတ်ဘုရား အရှင်များမှာ လောကီရေးရာများကို ရှောင်ရှားကြလေ့ ရှိသည်။

နတ်စောင်းသံမှ မင်္ဂလာ တေးသွားမှာ ငြိမ့်ညောင်း သာယာစွာဖြင့် ခန်းမ အတွင်း ပျံ့နှံ့လာ၏။ ယင်းက လူတိုင်း၏ အာရုံစူးစိုက်မှုကို ဆွဲငင် သိမ်းယူသွားသည်။

ထိုင်ခုံနေရာချထားမှုမှာလည်း အတော်လေး ရိုးရှင်းလှ၏။ အလယ် မင်္ဂလာ စင်မြင့်ကို ဗဟိုပြုကာ အပိုင်း သုံးပိုင်းခွဲ ချထားထားသည်။ အလယ်ရှိ ထိုင်ခုံတန်း ဝေ့ဝူယင် အပါအဝင် မုန်တိုင်းအတွင်း ကြားနေမည့်သူများ ထိုင်နေကြသည်။

လက်ဝဲဘက် ခုံတန်းများတွင် အင်ပါယာ တော်ဝင် မျိုးနွယ်များနှင့် ပြည့်နှက်နေကာ ညာဘက်ခုံတန်းများတွင်မူ အမျိုးမျိုးသော မဟာမိတ် အင်အားစုများနှင့် ထိပ်သီးဂိုဏ်းများမှ လူများ ရှိသည်။

ဘိသိက်သွန်းမြှောက်မည့်လူမှာ အဖြူရောင် မုတ်ဆိတ်မွေး၊ ဆံပင်မွေးများနှင့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သူသည် အဖြူရောင် တောက်ပသည့် ဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေရောင် ပုရပိုက် တစ်ခုကို လက်က ကိုင်ဆောင်ထား၏။

ဝေ့ဝူယင် ငြိမ်သက်စွာပင် အကဲခတ်လိုက်သည်။ ထိုလူအိုကြီး၏ ခန္ဓာကိုယ်တွင် မည်သည့် ကျင့်ကြံခြင်း အရိပ်အငွေ့မျှ မရှိသော်လည်း ထူးခြား ဆန်းပြားစွာပင် သူ၏ ခန္ဓာကိုယ်တွင်မူ မသန့်စင်ခြင်းများ လုံးဝ ကင်းမဲ့နေသည်။ စိတ်ဝင်စားမှု အချို့က ဝေ့ဝူယင်၏ စိတ်အတွင်း မွေးဖွားလာလေရာ ဝိညာဥ် အာရုံကို သူ ဖြန့်ကျက်ကြည့်လိုက်သည်။

သူ အနည်းငယ် အံ့သြသွား၏။ ထိုလူအိုကြီးကား အမှန်တကယ်ပင် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ သို့သော်လည်း သူသည် ဘဝ တစ်လျှောက်လုံး၌ မှော်ဆေးရည်များဖြင့်သာ ရေချိုးခဲ့ပုံ ရသည်။ ထိုအရာက သေမျိုးတို့ အတွက် အသုံးဝင်သည့် အဆင့်နိမ့် ဆေးရည်များကို ဆိုလိုခြင်း မဟုတ်ပဲ အဆင့်ငါး ထိပ်ဆုံး အဆင့် ဆေးရည်များကို ဆိုလိုခြင်း ဖြစ်၏။

ထို့ကြောင့်ပင် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာ မသန့်စင်ခြင်းများ လုံးဝ ကင်းမဲ့နေခြင်း ဖြစ်ပေလိမ့်မည်။

“ဘယ်လောက် အံ့သြဖို့ကောင်းလိုက်သလဲ”

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် မင်္ဂလာ တေးသွား၊ အခြွေအရံများနှင့် အတူ လူနှစ်ယောက် ခန်းမ အတွင်း ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ သူတို့ နှစ်ယောက်သည် ဘယ်နှင့်ညာ ဘေးချင်းယှဥ် လျှောက်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ဘိသိက်ဆရာ အရှေ့သို့ အရောက်ရှိ သူတို့က လူချင်းခွဲကာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြည်။

လင်းကျိရန်...

သူမသည် ပြိုးပြိုးပြက်ပြက် ရွှေရောင် မီးတောက်တို့နှင့် ခန့်ညား ထည်ဝါလှသော သွေးရောင် ဖီးနစ်သားမွေး ဝတ်စုံကို ဝတ်ဆင်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သတိထား ကြည့်ရှုမည် ဆိုပါက သူ၏ ဝတ်စုံထက်ရှိ ရွှေရောင် မီးတောက်များ လှုပ်ရှားသွားလာနေသည်ကို တွေ့ရှိရလိမ့်မည် ဖြစ်သည်။

ထိုအခိုက်၌ လင်းကျိရန်ကား ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ပင် လှပနေခဲ့၏။

သူမ၏ ရှည်လျားသော မျက်တောင်မွေးများ၊ အပြာရောင် ဖီးနစ် မျက်လုံးများမှာ လူအားလုံးကို ရူးသွပ် သွားစေနိုင်စွမ်း ရှိ၏။ သူမ၏ ဆံနွယ်ပိုးသားတို့ကိုမူ ဘီးတစ်ခုဖြင့် သေသပ် လှပစွာ ထုံးဖွဲ့ထားသည်။ သူမကား ပြည်တန်သည့် အလှပဂေးများ အကြားတွင်ပင် ထိပ်ဆုံးမှ ရပ်တည်နိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။ လူအုပ် အကြား၌ သူမအား ဇနီးမယား အဖြစ် မသိမ်းပိုက်လိုသည့် ယောက်ျားသား တစ်ယောက်မျှ မရှိနိုင်လောက်ချေ။

လင်းကျိရန်နှင့် ကွဲပြားစွာပင် မင်းသားလဲ့မှာ လေးနက်သော မျက်လုံးများနှင့် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်လှီနေကာ တော်ဝင် အရှိန်အဝါမှာလည်း တစ်စုံတစ်ခု လစ်လပ်နေသည့် အလား ထင်ရသည်။ သို့သော်လည်း မျိုးရိုးဗီဇကောင်းမှ ဆင်းသက်လာသူ တစ်ယောက် အနေဖြင့် သူ၏ ချောမောပြေပြစ်မှုမှာမူ ပြောစရာ မလိုချေ။

သူတို့ နှစ်ယောက်က မျက်နှာချင်း ဆိုင်လိုက်ရာ များစွာသော သြဘာသံများ ထွက်ပေါ်လာ၏။ နတ်ဘုရား ဧကရာဇ်များနှင့် ကြယ်တာရာ အမြုတေ အဆင့် မျိုးဆက်များ၏ လက်ထပ်ပွဲ... မည်မျှ ကြီးကျယ် ခမ်းနားလိုက်သနည်း။

ဝေ့ဝူယင်မှာမူ ထိုအရာကို သိပ်အာရုံ မစိုက်နိုင်ချေ။ သူ၏ မျက်လုံးများမှာ ခန်းမ တစ်ခုလုံးကို အပြန်ပြန် အလှန်လှန် ရွေ့လျားနေ၏။

“သူ ဒီမှာ မရှိဘူးလား... သူတို့က သူငယ်ချင်းတွေ မဟုတ်တာလား...”

သူ့ အတွေးအား မသေချာ မရေရာမှု တစ်ခုက သိမ်းပိုက်သွားသည်။ အသက်လောက ကုန်တိုက်မှ မှတ်တမ်းများ အရဆိုလျှင် လင်းကျိရန်နှင့် အတူ မိန်းမငယ် တစ်ယောက် ပါလာသည် ဟု ဆိုသည်။ သို့သော်လည်း သူမက ကံကြမ္မာ ဟောပြောသူ ဖြစ်သည် ဆိုသော အချက်တော့ မပါချေ။

ဝေ့ဝူယင် စင်မြင်ထက်ရှိ မျက်နှာချင်းဆိုင် ရပ်နေသော စုံတွဲကို လှမ်းကြည့်လိုက်၏။ မင်းသားလဲ့သည် စိတ်လှုပ်ရှားနေဟန် ရသော်လည်း လင်းကျိရန်၏ မျက်လုံးများမှာမူ ခံစားချက် ကင်းမဲ့နေသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။

“လင်းကျိရန်က ဘာလို့ သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ အသံကို ချိပ်ပိတ်ထားရတာလဲ”

လင်းကျိရန်၏ ထျန်းတျန်နှင့် အသံအိုးတွင် ဝိညာဥ် ဝင်္ကပါများ ရှိနေသည်ကို သတိထားမိပြီးနောက် ထိုအတွေးက သူ၏ စိတ်အတွင်း ဝင်ရောက်လာခဲ့သည်။ ထိုအရာကို ရှာဖွေ တွေ့ရှိခဲ့သူက သူတစ်ယောက်တည်း မဟုတ်ချေ။ မင်္ဂလာပွဲကို တက်ရောက်လာကြသည့် အခြားလူများမှာလည်း သတိထားမိကြပြီး ဖြစ်သည်။ သို့သော်လည်း သူတို့၏ အတွေးများက အနည်းငယ် ခြားနားကြ၏။

“လင်းကျိရန်ရဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ အသံက ချိပ်ပိတ်ခံထားရတာလား”

ဟူ၍ပင်။

ကိုယ်တိုင် ချိပ်ပိတ်ခြင်းနှင့် ချိပ်ပိတ်ခံထားရခြင်း... ထိုအတွေးနှစ်ခုမှာ ဆင်တူရိုးမှား ဖြစ်သော်လည်း အဓိပ္ပာယ်များစွာ ကွဲပြားသည်။

“ဒါက ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတဲ့ မင်္ဂလာပွဲ တစ်ခုလား”

လူအများမှာ ထိုအရာကို တွေးတော လာမိခဲ့ကြ၏။ ဤပဋိပက္ခ အတွင်း၌ အလွှာများစွာ ပါဝင်နေပုံ ရသည်။ တော်ဝင်မျိုးနွယ်က မည်သည်ကို တွေးတောနေသနည်း။ နတ်ဘုရား အရှင်တစ်ပါး၊ အထူးသဖြင့် လင်းကျိရန် ကဲ့သို့ ပါရမီရှင် တစ်ယောက်ကို အတင်းအကြပ် လက်ထပ်ရန် ဖိအားပေးခြင်းမှာ မကြုံစဖူး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

ရှူး...

လူအများ တွေးတောနေစဥ်မှာပင် ကိုးမိုင် ရှည်လျားသော နဂါးကြီး တစ်ကောင်မှာ ကောင်းကင်ယံသို့ ပျံတက်လာ၏။ တော်ဝင် အငွေ့အသက်များ ပြည့်ကြပ်နေသည့် သက်လက်ပိုင်း လူတစ်ယောက်မှာ ထိုနဂါးကြီး၏ ဦးခေါင်းထိပ်တွင် ခမ်းနားထည်ဝါစွာ စီးနင်း လိုက်ပါလာသည်။

လူအများမှာ ကောင်းကင်ကို မော့ကြည့်ရင်း အသက်ပင် ရဲရဲ မရှူရဲအောင် ဖြစ်သွားကြလေ၏။  သူကား ဝူတိုင်းပြည်၏ ဒုတိယမြောက် အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဧကရာဇ်ဝူ... ဝူယုပင် ဖြစ်လေတော့သည်။

သူ၏ ခြေဖဝါးအောက်ရှိ နဂါးကြီးမှာ မြင့်မားသော ကျင့်ကြံခြင်း အခြေခံဖြင့် ဖန်တီးထားသည့် သက်ရှိ ကိုယ်ပွား တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ထိုအရာမှာ အသက်ဝင်လွန်းရကား အစစ်အမှန် သတ္တဝါ တစ်ကောင်အလား ထင်ရသည်။ ၎င်းက ပါးဟပ်ကို ဟကာ ကောင်းကင်ကို မော့လျှက် မြည်ကြွေးလိုက်၏။

ရား...

တဟုန်ထိုး ကျယ်လောင်လှသော နဂါးသံက များစွာသော လူများ၏ နှလုံးသားများကို လှုပ်ခါသွားစေ၏။

သို့သော်လည်း ထိုအထဲတွင် ဝေ့ဝူယင်‌တော့ မပါချေ။ သူ၏ ငွေရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေကာ နဂါးကိုယ်ပွားကြီးကို ဆန်းစစ်လေ့လာနေခဲ့သည်။ ၎င်းကား သန့်စင်သော သံမဏိ ဝိညာဥ်ချီဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

နှိုင်းယှဥ်မရနိုင်သော ခန့်ညားထည်ဝါမှုနှင့် ဧကရာဇ်ဝူသည် နဂါးဦးဆောင်ကို နှိမ့်ကာ သားတော်နှင့် ချွေးမတော်တို့ တည်ရှိရာ စင်မြင့်အနား၌ ဆင်းသက်လာသည်။ ခန္ဓာကိုယ်အား တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ ခန္ဓာကိုယ်မှာ နဂါးဦးခေါင်းထက်မှ နေ၍ စင်မြင့်ပေါ်သို့ ရောက်ရှိသွား၏။ နဂါးကြီးမှာမူ ငွေရောင် အမှုန်များ အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံထက် ပျံတက်ပျောက်ကွယ်သွားလေ၏။

ဧကရာဇ်ဝူ၏ မျက်နှာထက်၌ တည်ငြိမ်သော အပြုံးတစ်ခုက နေရာယူနေသည်။ သူက မင်းသားလဲ့ကို တစ်ချက် ပြုံးပြကာ ပရိသတ်ဘက်သို့ လှည့်လိုက်လေ၏။

“ဒီနေ့ဟာ ဝူတိုင်းပြည်ရဲ့ မင်္ဂလာ အထိမ်းအမှတ်နေ့ ဖြစ်တဲ့ အပြင် ငါတို့အားလုံး မျှော်လင့်တောင့်တနေတဲ့ ခေတ်သစ်တစ်ခုရဲ့ အစလည်း ဖြစ်တယ်... ဒီလို မင်္ဂလာရှိတဲ့ နေ့ရက်မှာ ငါ့ရဲ့ ချစ်လှစွာသော သားတော် မင်းသားဝူလဲ့ကို သရဖူဆောင်း အိမ်ရှေ့မင်းသား အဖြစ် တရားဝင် အပ်နှင်းလိုက်ပြီ ဖြစ်ကြောင်း ငါ ဧကရာဇ်ဝူ ဒီနေရာကနေ ကြေညာလိုက်တယ်...”

***

All Chapters