← Chapters

လခြမ်းဧကရာဇ်ကြီးအား ပြောင်းပြန်လှန်ခြင်း

Vol. 83 Ch. 1155

လခြမ်းဧကရာဇ်ကြီးအား ပြောင်းပြန်လှန်ခြင်း

Vol. 83 Ch. 1155

ဝမ်ပေါင်လဲ့မှာ ချန်ရှင်း၏ နောက်မှ လိုက်၍ မီးဖိုကြီးထဲသို့ ဝင်သွားသည်နှင့် အမြင်အာရုံတစ်ခုလုံး မှုန်ဝါးဝါးဖြစ်သွား၏။ တစ်အောင့်ခန့်အကြာတွင် သူသည် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ပြန်မြင်လိုက်ရသည်။

ထို နေရာကြီးမှာ ကမ္ဘာတစ်ခုနှင့် တူနေ၏။

ကောင်းကင်ကြီးနှင့် မြေပြင်ကြီးမှာ မီးခိုးရောင်ဖြစ်နေသည်။ သို့သော် တောင်တန်းများ၊ မြစ်များနှင့် သစ်ပင်ပန်းမန်များ မရှိဘဲ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများသာ ရှိနေ၏။

ထို မြူခိုးများထဲမှ သံကြိုးများ၏ တဂျိုးဂျိုးတဂျောက်ဂျောက် မြည်သံများနှင့် လေးလံသော အသက်ရှူသံများ ထွက်ပေါ်လာနေသည်ကို ကြားနိုင်ပေသည်။ သို့ဖြစ်ရာ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေသဖြင့် အရပ်မျက်နှာအနှံ့တွင် အသံမျိုးစုံ ပဲ့တင်ထပ်နေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် အားကောင်းသော ဖိနှိပ်အားတစ်မျိုးမှာလည်း ထို အနက်ရောင်မြူခိုးများထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိလိုက်သည်နှင့် နှလုံးသားတစ်ခုလုံးအပြင်းအထန် တုန်ရီသွား၏။

ထို မြူခိုးများထဲ၌ ရှိနေသည့် လူကြီးမှာ ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့ ပြန်ရောက်လာသည်ကို အာရုံခံမိလိုက်သည့်အလား အသက်ရှူသံများ တစ်ခဏမျှရပ်တန့်သွား၏။ ထို့နောက် သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။

" ငါ့ကိုသတ်ပစ် "

" ငါ့ကိုသတ်ပစ် "

" ငါ့ကိုသတ်ပစ် "

ထိုအော်ဟစ်သံများမှာ လေထဲ၌ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပြည့်နှက်သွား၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ကမောက်ကမဖြစ်သွားရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အပြင်းအထန်တုန်ရီသွားသည်။ ထို့အပြင် သူသည် အောက်သို့ လဲကျသွားတော့မည့်အလား ဖြစ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုမြူခိုးများထဲ၌ အော်ဟစ်နေသည့် လူကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းခန့်မှန်းမိသွားတော့သည်။

" လခြမ်းဧကရာဇ်ကြီး " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုထဲတွင် နတ်ဧကရာဇ် ငါးပါးသာ ကျန်ရှိတော့ကြောင်း နားလည်ထားသည်။ အဆုံးမဲ့ခေါင်းဆောင်ကြီးမှလွဲ၍ အခြားလေးယောက်ထဲမှ နှစ်ယောက်မှာ လခြမ်းဧကရာဇ်ကြီးနှင့် အပြင်ဘက်တွင် ရှိနေကြသည့် နတ်ဧကရာဇ်ရွှမ်ဟွားတို့ ဖြစ်ကြပေသည်။

သူတို့အားလုံးမှာ အဆုံးမဲ့တာအိုနယ်မြေထဲ၌ ထိပ်သီးအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး မည်သည့် အင်အားကြီးမျိုးနွယ်စုကိုမဆို ခြိမ်းခြောက်နိုင်စွမ်းရှိကြပေသည်။

သို့သော် ယခုတွင်မူ ထိုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်မှာ အသံကုန် အော်ဟစ်မြည်တမ်းကာ သူ့ကိုသတ်ရန် တောင်းဆိုနေသည် မဟုတ်ပါလော။ ထို အခြင်းအရာကိုကြည့်လျှင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ မည်မျှအစွမ်းထက်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့သည် ယခင်တုန်းကတည်းက သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ နတ်ဧကရာဇ်တစ်ပါးအား သတ်ဖြတ်ဖူးခဲ့သည်ဖြစ်ကြောင်း ကြားဖူးထားပါသော်လည်း သိပ်၍ အရေးမစိုက်ခဲ့ပေ။ သို့သော် ယခုတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လက်ရှိအနေအထားသို့ ရောက်လာပြီဖြစ်ရာ သူသည်လည်း နတ်ဧကရာဇ်တစ်ပါးမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း နားလည်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ ကြားဖူးခဲ့သည့် ကောလာဟလများကို ပြန်စဉ်းစားမိလိုက်သောအခါ ပို၍ပင် အံ့သြတုန်လှုပ်သွားရ၏။

" ဂိုဏ်းတူအစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်ထိ ရောက်နေပြီလဲ။ သူက တကယ်ရော ကြယ်နယ်မြေအဆင့်မှာပဲ ရှိနေသေးတာဟုတ်ရဲ့လား " ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအား လှမ်းကြည့်ရင်း စိတ်ထဲ၌ တွေးမိလိုက်၏။

သူ ထိုသို့ လှမ်းကြည့်လိုက်ချိန်တွင် မီးဖိုအပြင်ဘက်ရှိ မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲတွင် မြူခိုးများမှာ အပြင်းအထန် လှုပ်ရှားလာ၏။ ထို့နောက် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထို အငွေ့အသက်ကြီးမှာ ပေါ်ပေါက်လာသည်နှင့် ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အလယ်သို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

ထိုဝဲကြီး အနီးသို့ ရောက်လာချိန်တွင် မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲ၌ ကျန်ရှိနေသေးသည့် အစိမ်းရောင် အမျှင်အတန်းများအားလုံးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားကြသည်။ ထို့နောက် သူတို့မှာ ထိုဝဲကြီးထဲသို့ ချက်ချင်း ပေါင်းစည်းဝင်ရောက်သွားကြ၏။

သို့သော် ထို အမျှင်အတန်းများ ဝဲကြီးထဲသို့ ရောက်ရှိသွားသည်နှင့် ၎င်းထဲမှ ဒေါသတကြီး အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။ သို့ဖြစ်ရာ ထို ဝဲကြီးထဲရှိ အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ ၎င်း ဆုံးရှုံးလိုက်ရသည့် အငွေ့အသက်များကို ပို၍ ရှင်းလင်းပြတ်သားစွာ အာရုံခံမိသွားသည်ပုံပင်။

ထိုသို့ဖြင့် အာကာသကောင်းကင်ကြီးထဲ၌ အော်ဟစ်သံများ ပဲ့တင်ထပ်နေစဉ် ဝဲကြီးထဲမှ စည်းမျဥ်းဥပဒေသ အမြောက်အမြား ထွက်ပေါ်လာ၏။ ၎င်းတို့မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး တစ်ခုလုံးထဲတွင် ပြည့်နှက်သွားကြပြီး ဧရာမ ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ထို စည်းမျဉ်းဥပဒေသများ ထိုနေရာတစ်ဝိုက်ရှိ သေမင်းအငွေ့အသက်များနှင့် ထိတွေ့သွားကြချိန်တွင် သေမင်းအငွေ့အသက် အမြောက်အမြားမှာ အငွေ့ပျံကာ ချက်ချင်း လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။

ထိုအခါ မီးခိုးရောင်အာကာသကောင်းကင်ကြီးမှာလည်း မှုန်ဝါးဝါးဖြစ်နေရာမှ တဖြည်းဖြည်းနှင့် ပို၍ ကြည်လင်လာ၏။ တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင်ရှိနေကြသည့် ကျင့်ကြံသူများမှာ အံ့သြတုန်လှုပ်နေကြပြီ ဖြစ်သည်။ သူတို့မှာ ထွက်ပြေးချင်ကြပါသော်လည်း အဆုံးမဲ့မိုးကောင်းကင်တာအို၏ ဖိနှိပ်အားကောင်းသော စွမ်းအားများကြောင့် အလွယ်တကူ ထွက်ပြေးနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ၎င်းထဲမှ ထွက်ပေါ်လာသည့် စည်းမျဉ်းဥပဒေသများနှင့် ထိတွေ့သွားကြသည်လူတိုင်းမှာ ချက်ချင်း ဖိနှိပ်ချုပ်တည်းခံလိုက်ရပြီး စွမ်းအင်များ စုပ်ယူခံလိုက်ရသဖြင့် တစ်ကိုယ်လုံးခြောက်ကပ်သွားကြသည်သာ ဖြစ်သည်။

အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်ပေသည်။

ထို့အပြင် ယခုတွင် ၎င်းမှာ အမျက်ချောင်းချောင်းထွက်နေသည်ဖြစ်ရာ ပို၍ပင် အကြင်အနာကင်းမဲ့နေ၏။ သက်ရှိများအားလုံးမှာ ၎င်း၏ အစာများကဲ့သို့ပင်။ ကျန်ရှိနေသေးသည့် အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာ ၎င်း၏ ပါးစပ်ထဲမှ လွတ်မြောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

နတ်ဧကရာဇ်ရွှမ်ဟွားကိုယ်တိုင် ၎င်း၏ နောက်သို့ ပြေးလိုက်ကာ ထပ်တလဲလဲ အော်ဟစ်နေသည့်တိုင်အောင် အချည်းနှီးပင်။ အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ အများကြီး ထိခိုက်နစ်နာဆုံးရှုံးသွားခဲ့ရပြီးနောက် ၎င်း၏ မဟာရန်သူကြီးမှာ ၎င်း၏ ရှေ့တွင်ရှိနေကြောင်း အာရုံခံမိလိုက်သည်နှင့် အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွား၏။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ဗီဇမှာလည်း ပေါက်ကွဲထွက်ပေါ်လာသည်။

ထို့ကြောင့်လည်း နတ်ဧကရာဇ်ရွှမ်ဟွားမှာ ၎င်း ရောက်ရှိမလာအောင် တားဆီးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သူတို့၏ တတိယအစီအစဉ်နှင့် ဆက်နွှယ်နေသည် မဟုတ်ပါလော။ အဆုံးမဲ့မိုးကောင်းကင်တာအို ရောက်ရှိလာသည်နှင့် ၎င်းမှာ လူပေါင်းများစွာအား သတ်ဖြတ်လိုက်မည်ဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စုမှာ ထိုအချက်အား လက်ခံနိုင်ပါသော်လည်း သူတို့၏ အစီအစဉ်မှာ ပျက်ပြားသွားရမည်ဖြစ်သည်။

သို့သော် ယခုတွင်မူ... နောက်ကျသွားပြီဖြစ်သည်။ မီးခိုးရောင်အာကာသကောင်းကင်ကြီးမှာ ချက်ချင်းဆိုသလို ပါးလွှာလာသောကြောင့် ၎င်းထဲရှိ အရာအားလုံးမှာလည်း တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာတော့သည်။ ထို့ကြောင့် အပြင်ဘက်တွင် ရှိနေကြသည့် အင်အားကြီးအဖွဲ့အစည်းများမှာ အဆုံးမဲ့မိုးကောင်းကင်တာအို အကောင်းအဆိုးမခွဲခြားဘဲ အရာအားလုံးအား သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်လိုက်ရတော့သည်။

တို့မြင်ကွင်းကြောင့် အပြင်ဘက်တွင် ရှိနေသည့် ကျင့်ကြံသူများအားလုံးမှာ မျက်ဝန်းများ စူးရှတောက်ပသွားကြ၏။ သို့သော် သူတို့မှာ ဘာမှမတတ်နိုင်သောကြောင့် နှုတ်ဆိတ်နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

အပြင်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများ ထိုသို့ နှုတ်ဆိတ်နေကြစဉ် အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် ၎င်းမှာ ဝဲကြီးတစ်ခုအသွင်ပြောင်းလဲသွားပြီး ဗဟိုမီးဖိုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ၎င်း ရောက်ရှိလာသည်နှင့် ၎င်း၏ စည်းမျဉ်းဥပဒေသများမှာ ထိုနေရာတစ်ဝိုက်အား ချက်ချင်းလွှမ်းခြုံသွားပြီး ဗဟိုမီးဖိုအား ဝန်းရံသွား၏။ မီးဖိုများ၏ ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ပါရမီရှင်များမှာမူ သတိလစ်ကာ လေထဲ၌ မျောလွင့်နေကြဆဲပင်။

ကံကောင်းစွာဖြင့် နတ်ဧကရာဇ်ရွှမ်ဟွားမှာ သူတို့အား အချိန်မီ ကယ်တင်နိုင်ခဲ့၏။ ထိုသို့သာမဟုတ်ပါက သေကျေပျက်စီးသွားကြသည့် ကျင့်ကြံသူအရေအတွက်မှာ ပိုများနေမည် ဖြစ်သည်။

" တောက်ကွာ " နတ်ဧကရာဇ်ရွှမ်ဟွားမှာ မျက်စိမျက်နှာပျက်နေ၏။ သူသည် အခက်တွေ့နေရပြီဖြစ်သည်။ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ မန္တန်အစီအရင် ပျက်စီးသွားပြီဖြစ်သည့်တိုင်အောင် လက်ရှိ အခြေအနေကြီးမှာ အဆုံးမဲ့မျိုးနွယ်စု၏ အစီအစဉ်များနှင့် အလွန်အင်မတန်မှ ကွဲလွဲနေသည် မဟုတ်ပါလော။

" ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ။ အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက်တွေက ဘယ်လိုလုပ်ပြီးတော့ ပျောက်သွားတာလဲ " နတ်ဧကရာဇ်ရွှမ်ဟွားမှာ မကျေမချမ်းဖြစ်နေ၏။ အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက် အမြောက်အမြား ပျောက်ကွယ်သွားခဲ့သောကြောင့် သူတို့၏ အစီအစဉ်မှာ အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။

ထိုသို့သာမဟုတ်ပါက အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ အမျက်ချောင်းချောင်းထွက်ကာ ၎င်း၏ ကိုယ်ပွားတစ်ခုအား စေလွှတ်လိုက်မည်မဟုတ်ပေ။

ထိုအချိန်တွင် ဗဟိုမီးဖိုထဲ၌ ရှိနေသည့် ချန်ရှင်းမှာ ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ထူထဲသိပ်သည်းနေသည့် အနက်ရောင်မြူခိုးများ အရွယ်အစား သေးငယ်သွားပြီး အနက်ရောင်ငါးလေးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို မြင်လိုက်ရတော့သည်။

၎င်းတို့မှာ အနက်ရောင်ငါးလေး၏ ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ ထိုးထည့်ခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို အရွယ်အစားကြီးမားလာ၏။ ထို အနက်ရောင်မြူခိုးများ ငါးလေး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသောအခါ မကြာသေးမီတုန်းက ၎င်းတို့ ရှိနေခဲ့သည့် နေရာတွင် သံကြိုးအမြောက်အမြားဖြင့် ချုပ်နှောင်ခံထားရသည့် လူရိပ်တစ်ခုအား မြင်လိုက်ရတော့သည်။

တစ်အောင့်ခန့်အကြာ အနက်ရောင်ငါးလေး အနက်ရောင်မြူခိုးများအားလုံးကို စုပ်ယူပြီးသွားချိန်တွင် ပထမအကြိမ်တုန်းကထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည့် အငွေ့အသက်တစ်မျိုးမှာ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်ပေါ်လာသည်။ တစ်ချိန်ထဲမှာပင် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း စည်းမျဥ်းဥပဒေသ အမျှင်အတန်းများ ပေါ်ပေါက်လာ၏။

၎င်းဆို့မှာ အဆုံးမဲ့မိုးကောင်းကင်တာအို၏ စည်းမျဥ်းဥပဒေသများနှင့် ဆင်တူပါသော်လည်း လက်တွေ့တွင်မူ လုံးဝ ကွဲပြားနေသည်။

ထို အမျှင်အတန်းများ ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့၏ စည်းမျဥ်းဥပဒေသများမှာ ချက်ချင်း ဖိနှိပ်ချုပ်တည်းခံလိုက်ရသည်။ သူ၏ လဆုတ်ပညာရပ်ထဲရှိ အချိန်စည်းမျဉ်းဥပဒေသနှင့် တာအိုထာဝရကြယ်တို့သာလျှင် ဖိနှိပ်ချုပ်တည်းခံရခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည်။

၎င်းတို့မှ လွဲ၍ သူ၏ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးနှင့် အထူးဂြိုဟ်အလုံးတစ်သောင်းကျော်မှာ မှေးမှိန်သွားကြ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အမှောင်မီးတောက်မှာ အားအင်များ ပြည့်ဖြိုးသွားသည့်ပုံပင်။ ၎င်းမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြည့်နှက်သွားသဖြင့် တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်များနှင့် အထူးဂြိုဟ် အလုံးတစ်သောင်းကျော်ဆီသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ၎င်းတို့၏ သဘာဝစည်းမျဉ်းဥပဒေသများ အစားထိုးခံလိုက်ရသည့်အလား ၎င်းတို့မှာ အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ ဝမ်ပေါင်လဲ့မှာ သူ အဆုံးမဲ့တာအိုနယ်မြေထဲ၌ လေ့လာတတ်မြောက်ခဲ့သည့် နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များအားလုံး အစားထိုးခံနေရပြီး အရည်ပျော်ကျသွားတော့မည့်အလား ဖြစ်နေသည်ကို အာရုံခံမိလိုက်သည်။ သို့ဖြစ်ရာ အဆုံးမဲ့မိုးကောင်းကင်တာအိုနှင့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုတို့မှာ လိုက်လျောညီထွေမှုမရှိသောကြောင့် လူတစ်ယောက်မှာ ကောင်းကင်တာအို တစ်မျိုးတည်း၏ စည်းမျဥ်းဥပဒေသများကိုသာ ပိုင်ဆိုင်နိုင်စွမ်း ရှိနေသည့်ပုံပင်။

ထိုကဲ့သို့ အားပြင်းလှသည့် တွန်းကန်မှု စွမ်းအားများကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တုန်ရီသွားရ၏။ သူ ဆုံးဖြတ်ချက်ချရန် ပြင်လိုက်ချင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ဓားအိမ်လေးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားသည်။ ၎င်းမှာ အဆုံးမဲ့မိုးကောင်းကင်တာအိုနှင့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို၏ စိတ်ဆန္ဒများကို ချုပ်တည်းကာ ၎င်းတို့အား ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ အတူယှဉ်တွဲ နေထိုင်ရန် အတင်းအကြပ် ဖိအားပေးနေသကဲ့သို့ပင်။

ထိုအခြင်းအရာများမှာ မျက်စီးတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ချန်ရှင်းမှာမူ အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား မျက်စောင်းထိုးကာ လှမ်းကြည့်လိုက်၏။ သို့သော် သူသည် စကားတစ်ခွန်းမှ ပြောနေခြင်းမရှိဘဲ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ချုပ်နှောင်ခံထားရသည့် လခြမ်းဧကရာဇ်ကြီးအား လက်ညှိုးထိုးလိုက်တော့သည်။

" တာအိုစည်းမျဉ်းဥပဒေသများ ပြောင်းပြန်လှန်စေ "

သူ ထိုသို့ရေရွတ်လိုက်သည်နှင့် လခြမ်းဧကရာဇ်ကြီး၏ အော်ဟစ်သံများမှာ ပို၍ပင် သနားစရာကောင်းလာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် အရောင်တစ်မျိုး ပေါ်ပေါက်လာပြီး သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံသွား၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ဂိုဏ်းအငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

" အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို၊ ကိုယ့်နေရာကိုယ် ပြန်သွားတော့ " ချန်ရှင်းမှာ နောက်ထပ်တစ်ကြိမ် အော်ပြောလိုက်၏။ ထိုအခါ ယခင်တုန်းကထက် အများကြီးပို၍ အရွယ်အစား ကြီးမားနေပြီဖြစ်သော အနက်ရောင်ငါးလေးမှာ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်မြည်တမ်းလိုက်ပြီး လခြမ်းဧကရာဇ်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ သူ၏ရှေ့သို့ ရောက်ရှိသွားပြီ သူ၏ နဖူးထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။

ထိုအခါ လခြမ်းဧကရာဇ်ကြီး၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ပင် ကျယ်လောင်လာသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အပြင်းအထန်တုန်ရီနေသလို သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အရောင်များမှာလည်း ပို၍ပင် လျင်မြန်စွာ ပျံ့နှံ့သွားကြ၏။ ထိုအချိန်တွင် သူတို့၏ အထက်၌ အော်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ဧရာမ ရွှေရောင်နွားချေးပိုးကြီးတစ်ကောင် ပေါ်ပေါက်လာတော့သည်။

၎င်းမှာ မီးဖိုထဲသို့ ဝင်ရောက်လာခြင်းမရှိဘဲ အသံကုန်အော်ဟစ်ကာ အစိမ်းရောင်အမျှင်အတန်းအမြောက်အမြား ထွေးထုတ်လိုက်ပြီးနောက် မီးဖိုထဲရှိ လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားစေလိုက်၏။

အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ လခြမ်းဧကရာဇ်ကြီး သေကျေပျက်စီးသွားမည့် ဖြစ်ရပ်ကို လက်ခံနိုင်ပါသော်လည်း နတ်ဧကရာဇ်ကြီး ပြောင်းပြန်လှန်ခံလိုက်ရမည့် ဖြစ်ရပ်ကို လက်ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက အဆုံးမဲ့မိုးကောင်းကင်တာအို၏ အခြေခံအုတ်မြစ်မှာ ထိခိုက်သွားမည်ဖြစ်သည်။

ချန်ရှင်းမှာမူ ထိုမြင်ကွင်းအား မြင်လိုက်ရသည့်တိုင်အောင် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ ရယ်မောကာ ဆိုလိုက်၏။

" ပေါင်လဲ့၊ မင်းရဲ့ အထူးအခွင့်အရေးကြီး ရောက်လာပြီ “

All Chapters