ချန်ရှင်း၏ အစီအစဉ်
Vol. 83 Ch. 1156
ချန်ရှင်းမှာ အော်ဟစ်ရယ်မောလိုက်ပြီးနောက် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ အားကောင်းသော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့အား လခြမ်းဧကရာဇ်ကြီးဆီသို့ တွန်းပို့ပေးလိုက်သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ လခြမ်းဧကရာဇ်ကြီး၏ နောက်သို့ ရောက်ရှိသွား၏။
လခြမ်းဧကရာဇ်ကြီးဆီမှ ထွက်ပေါ်နေသည့်ဖိအားများမှာ ကြောက်စရာကောင်းပါသော်လည်း သူ ရောက်သွားသည့်နေရာမှာ ဘေးအကင်းဆုံးနေရာ ဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ ထို့အပြင် လခြမ်းဧကရာဇ်ကြီး ပြောင်းပြန်လှန်ခံလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များမှာ အဆက်မပြတ် ထွက်ပေါ်လာနေသေးသည်မဟုတ်ပါလော။
ထိုစည်းမျဥ်းဥပဒေသ အကျိုးအပဲ့များမှာ ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးအတွက် အလွန်အင်မတန်မှ အစွမ်းထက်သော အားဖြည့်ပစ္စည်းများဖြစ်ပေသည်။
တစ်ချိန်ထဲမှာပင် လခြမ်းဧကရာဇ်ကြီး၏ ပြောင်းလဲမှုဖြစ်စဉ်ကြောင့် သေမင်းအငွေ့အသက် အမြောက်အမြားလည်း ထွက်ပေါ်လာနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား စုပ်ယူပစ်ချင်သည့် စိတ်ဆန္ဒများကို ချုပ်တည်းထားရ၏။ သူသည် လခြမ်းဧကရာဇ်ကြီး ပြောင်းလဲသွားနေသည့် ဖြစ်စဉ်တစ်ခုလုံးကိုသာ စောင့်ကြည့်နေလိုက်သည်။
၎င်းမှာ သူ့အတွက် အကြီးမားဆုံး အခွင့်အရေးဖြစ်ပေသည်။ အကယ်၍ သူသာ ထိုအခွင့်အရေးအား အမိအရ အသုံးချနိုင်မည်ဆိုပါက သူ၏ ဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားနှစ်မျိုးစလုံး တိုးတက်လာမည်ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ချန်ရှင်း၏ အစီအစဉ်အား အနည်းနှင့်အများ နားလည်သွားပြီဖြစ်သည်။
သူသည် ငါးမျှားနေခြင်းဖြစ်ပြီး သူ မျှားနေသည့် ငါးမှာ အဆုံးမဲ့မိုးကောင်းကင်တာအို ဖြစ်ပေသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဆုံးမဲ့မိုးကောင်းကင်တာအိုအား အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအတွက် အာဟာရဓာတ်များအဖြစ် အသုံးပြုရန်ဖြစ်သည်။ ထို့နောက်မှာ သူသည် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို အဆုံးမဲ့တာအိုနယ်မြေထဲ၌ မာမားမတ်မတ် ရပ်တည်နိုင်ရန် အလို့ငှာ ၎င်း၏ အဆင့်အတန်းအား မြှင့်တင်ပေးမည်ဖြစ်သည်။
ထိုသို့သာဆိုလျှင် အဆုံးမဲ့တာအိုနယ်မြေထဲတွင် မိုးကောင်းကင်တာအိုနှစ်ခု ဒွန်တွဲကာ ရှိနေသည့် အနေအထားသို့ ရောက်သွားမည် ဖြစ်သည်။
သူ၏ အစီအစဉ်သာ အောင်မြင်သွားမည်ဆိုလျှင် အမှောင်ဂိုဏ်း၏ ပညာရပ်များမှာ ယခင်တုန်းကလို ဖိနှိပ်ချုပ်တည်းခံထားရတော့မည် မဟုတ်ပေ။ ပုန်းကွယ်နေကြရသည့် အမှောင်ဂိုဏ်းသားများမှာလည်း ပြန်လည် ပေါ်ထွက်လာနိုင်မည်ဖြစ်ပြီး မိုးကောင်းကင်တာအို၏ ကာကွယ်စောင့်ရှောက်မှုအား ရရှိပိုင်ဆိုင်သွားကြမည်ဖြစ်သည်။
သူတို့မှာ အဆုံးမဲ့မျိုးနွယ်စုအား ယှဉ်နိုင်ဦးမည် မဟုတ်ပါသော်လည်း မိုးကောင်းကင်တာအို မပျက်စီးသရွေ့ အမှောင်ဂိုဏ်းမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။ ထို့အပြင် အဆုံးမဲ့တာအိုနယ်မြေထဲသို့ ပေါင်းစည်းထည့်သွင်းနိုင်ရန် အဆင့်မြှင့်တင်ထားသည့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအား ဖျက်ဆီးနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်သည်။
ထို အစီအစဉ်ကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ အပြင်းအထန် တုန်ရီသွားရ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ အကြံအစည်မှာ ယခုလောက်အထိ ရူးသွပ်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ပြန်လည်အသက်သွင်းထားသည့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအား တာအိုနယ်မြေထဲရှိ မိုးကောင်းကင်တာအို တစ်ခုအဖြစ်သို့ ရောက်အောင် ပြောင်းလဲနိုင်ရန်အတွက်ဆိုလျှင် အဆုံးမဲ့မိုးကောင်းကင်တာအို၏ စွမ်းအားများကို စုပ်ယူရန် လိုအပ်ရုံသာမက အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကိုလည်း အဆင့်မြှင့်တင်နိုင်ရန်လည်း လိုအပ်ပေသည်။
ထိုသို့ အဆင့်မြှင့်တင်နိုင်ရန်မှာ အလွန်ခဲယဉ်း၏။ ထို့ကြောင့်လည်း... လခြမ်းဧကရာဇ်ကြီးအား ယခုလို ပြောင်းပြန်လှန်လိုက်ရခြင်း ဖြစ်သည်။
ချန်ရှင်းမှာ နတ်ဧကရာဇ်တစ်ပါးအား စတေးကာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအား အဆင့်မြှင့်တင်မည်ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သတ်သည့် သတင်းများ ပျံ့နှံ့သွားသည်နှင့် အဆုံးမဲ့တာအိုနယ်မြေတစ်ခုစလုံးမှာ အံသြတုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း၏ အစီအစဉ်အား ရိပ်မိသွားသည်နှင့် ရေရွတ်မိလိုက်၏။
" ကောင်းလိုက်တဲ့ အစီအစဉ် " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာရ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ဤအစီအစဉ်တစ်ခုလုံးအား ကောက်ကာငင်ကာ ရေးဆွဲခဲ့ခြင်း မဖြစ်နိုင်ကြောင်း ယုံကြည်နေသည်။ ချန်ရှင်းမှာ ယခင်ကတည်းက ထို အစီအစဉ်အား အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်ရပေမည်။
အစတွင် သူသည် အဆုံးမဲ့မျိုးနွယ်စုအား ဖြည်းဖြည်းချင်း အားအင်ဆုတ်ယုတ်သွားအောင် လုပ်ခဲ့၏။ ထို့နောက် သူသည် လခြမ်းဧကရာဇ်ကြီးအား သူ့အား တိုက်ခိုက်လာအောင် မျှားခေါ်ခဲ့သည်။ ထို့နောက် သူသည် လခြမ်းဧကရာဇ်ကြီးအား သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ဖိနှိပ်ချုပ်တည်းကာ အရပ်မျက်နှာအနှံ့မှ အဖွဲ့အစည်းများအားလုံး၏ အာရုံကိုဖမ်းစားခဲ့သဖြင့် နောက်ဆုံးတွင် အဆုံးမဲ့မျိုးနွယ်စုမှာ လခြမ်းဧကရာဇ်ကြီးအား ကယ်တင်နိုင်ရန် အဆုံးမဲ့မိုးကောင်းကင်တာအိုနှင့်အတူ ရောက်ရှိလာရတော့သည်။
" အဲတာဆိုရင်... အခု ပြင်ပကမ္ဘာကြီးထဲမှာ ပုန်းကွယ်နေကြတဲ့ တခြား အမှောင်ဂိုဏ်းသားတွေ ရှိနေဦးမှာပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေမည်ဟု သူက ယုံကြည်နေသည်။
ဤကိစ္စကြီးမှာ အမှောင်ဂိုဏ်းအတွက် ကြီးမားလွန်းနေသည် မဟုတ်ပါလော။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိသည့်တိုင်အောင် သူတို့မှာ အဆုံးမဲ့တာအိုနယ်မြေထဲတွင် ရောက်နေသည်ဖြစ်ရာ အခြားပြင်ဆင်မှုများကိုပါ ပြုလုပ်ထားလောက်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း ပြောင်းပြန်လှန်ခံနေရသည့် လခြမ်းဧကရာဇ်ကြီး၏ အော်ဟစ်မြည်တမ်းသံများကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ၏ အသိစိတ်မှာ တုန်ရီသွားရပြီး သူ၏ အတွေးများမှာ ကမောက်ကမ ဖြစ်သွားရသည်။ တစ်ချိန်ထဲမှာပင် အဆုံးမဲ့မိုးကောင်းကင်တာအို ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် ရွှေရောင်နွားချေးပိုးကြီးမှာ ကောင်းကင်ယံထဲ၌ ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်ပြန်သည်။ ၎င်းမှာ အဆုံးမဲ့မိုးကောင်းကင်တာအို စွမ်းအားအမြောက်အမြားကို ထုတ်လွှတ်ကာ လခြမ်းဧကရာဇ်ကြီး ပြောင်းပြန်လှန်ခံနေရသည့် ဖြစ်စဉ်အား တားဆီးနိုင်ရန် ကြိုးစားနေ၏။
တစ်ချိန်ထဲမှာပင် ရွှေရောင်နွားချေးပိုးကြီး၏ နောက်တွင်ရှိနေသည့် အာကာသကောင်းကင်ကြီးမှာ တုန်ရီသွားပြီး ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုသူမှာ... နတ်ဧကရာဇ်ရွှမ်ဟွား ဖြစ်ပေသည်။ သူသည် မလှုပ်မယှက် ရပ်ကာ ချန်ရှင်းအား စိုက်ကြည့်နေသည်။
" ချန်ရှင်း။ အဆုံးမဲ့မျိုးနွယ်စုက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို မင်းက ဘာလို့ အခုလိုလုပ်ရတာလဲ " နတ်ဧကရာဇ်ရွှမ်ဟွားမှာ ဖြည်းဖြည်းချင်း ဆိုလိုက်ပါသော်လည်း သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွား၏။ သို့ဖြစ်ရာ သူ၏ စကားများမှာ စည်းမျဉ်းဥပဒေသများ ဖြစ်နေသကဲ့သို့ပင်။ ထိုအချိန်တွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် စည်းမျဥ်းဥပဒေသများ၏ စွမ်းအားများမှာ အမျှင်အတန်းများအဖြစ် ပြောင်းလဲသွားပြီး ချန်ရှင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြသည်။
အဆုံးမဲ့မိုးကောင်းကင်တာအိုမှာလည်း ပို၍ အစွမ်းထက်လာသည့်ပုံဖြင့် အော်ဟစ်မြည်တမ်းကာ ၎င်း၏ အငွေ့အသက်များအား ထပ်၍ စုပ်ယူလိုက်သည်။ ထိုအခါ ပြောင်းပြန်လှန်ခံနေရသည့် လခြမ်းဧကရာဇ်ကြီးမှာ စတင် တုန်ရီလာတော့သည်။ ထို ပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ တဖြည်းဖြည်းနှင့် ရပ်တန့်သွားပြီးနောက် နောက်ဆုံးတွင် နဂိုမူလအနေအထားသို့ ပြန်ရောက်သွားတော့မည်ပုံပင်။
" ကျုပ် အတိတ်တုံးက အမှားတစ်ခု လုပ်မိခဲ့လို့ အဲဒီ အမှားကို ပြန်ပြင်ဖို့ ကြိုးစားနေရုံပါပဲ " ချန်ရှင်းမှာမူ လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ပြန်ဖြေလိုက်ပြီးနောက် သူ့ကိုယ်သူ အပြစ်တင်သည့် အမူအရာဖြင့် ရယ်မောလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ထဲရှိ အရက်ပုလင်းအား တစ်ငုံမော့သောက်လိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ သူ၏ဘေးတွင် ရှိနေသည့် သစ်သားဓားမှာ မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်လိုက်ပြီးနောက် အာကာသကောင်းကင်ကြီးအား တစ်စစီ ဆုတ်ဖြဲကာ စကြာဝဠာကြီးအား တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်စွမ်းရှိသော ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ၎င်းမှာ မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများနှင့်အတူ နတ်ဧကရာဇ်ရွှမ်ဟွားဆီသို့ ဦးတည်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ချန်ရှင်း၏ ရယ်မောသံများမှာ ပိုမိုကျယ်လောင်လာပြီး သူသည် ဟင်းလင်းပြင်ကြီးထဲသို့ ဝင်ရောက်သွား၏။
" မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ် "
" ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့သူက အတိတ်ကအကြောင်းကို သိလိမ့်မယ် "
" ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့သူက အနာဂတ်အကြောင်းကို သိလိမ့်မယ် "
ချန်ရှင်းတစ်ယောက် အမှောင်ဂိုဏ်း၏ ရှေးဟောင်းကဗျာအား ရွတ်ဆိုနေစဉ် ဝမ်ပေါင်လဲ့မှာ သူ ငိုကြွေးနေသည်လော သို့မဟုတ် ရယ်မောနေသည်လော အတိအကျ ခွဲခြားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
သူသည် ချန်ရှင်းတစ်ယောက် နတ်ဧကရာဇ်ရွှမ်ဟွား ရှိနေသည့် မီးဖိုကြီးဆီသို့ တစ်လှမ်းချင်းစီ လှမ်းသွားနေသည်ကိုသာ မြင်နေရသည်။
ထို ကဗျာရွတ်ဖတ်သံ လေထဲ၌ ပဲ့တင်ထပ်နေစဉ်မှာပင် ချန်ရှင်းမှာ မီးဖိုကြီး၏ အပြင်ဘက်သို့ ရောက်သွား၏။ သူသည် ထိုနေရာတွင် ရပ်ကာ သူ၏ ဓားဖြင့် လှမ်းခုတ်လိုက်သောကြောင့် မီးခိုးရောင် အာကာသကောင်းကင်ကြီးတစ်ခုလုံးမှာ ထက်ခြမ်းပိုင်းခံလိုက်ရသည့်အလား ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွား၏။
နတ်ဧကရာဇ်ရွှမ်ဟွားမှာလည်း မျက်စိမျက်နှာပျက်နေသည့် အမူအရာဖြင့် နောက်သို့ဆုတ်ခွာသွားသည်။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် အော်ပြောလိုက်၏။
" ချန်ရှင်း အမှောင်ဂိုဏ်း ပျက်စီးသွားဖို့က ကံပါလာပြီးသား။ အဆုံးမဲ့မိုးကောင်းကင်တာအို ပြန်ရောက်လာတာကို ပြောင်းပြန်လှန်လို့မရဘူးဆိုတာ မင်းလည်း ကောင်းကောင်းကြီးသိပါတယ် "
ချန်ရှင်းမှာမူ သူ၏ အရက်ပုလင်းအား နောက်ထပ်တစ်ငုံ ထပ်၍ မော့သောက်ကာ ခေါင်းယမ်းလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ တောက်ပနေသည်။
" နားငြီးတယ်ကွာ " သူသည် အော်ဟစ်ရယ်မောကာ ဆိုလိုက်ပြီးနောက် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် နတ်ဧကရာဇ်ရွှမ်ဟွားအား သူ၏ ဓားဖြင့် လှမ်းခုတ်လိုက်ပြန်သည်။
ထို့ကြောင့် အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး အရာအားလုံးမှာ တုန်ရီသွား၏။ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများ အားလုံးမှာမူ နောက်သို့ ဆုတ်ခွာသွားကြသည်။ သူတို့မှာ ဓားအလင်းတန်းကြီးတစ်ခု၊ ထို ဓားအလင်းတန်းကြီး၏ ရှေ့တွင် ရှိနေသည့် နတ်ဧကရာဇ်ရွှမ်ဟွား၏ အဆုံးမဲ့ခန္ဓာကိုယ်အစစ်နှင့် ၎င်း၏ နောက်တွင်ရှိနေသည့် ချန်ရှင်းတို့အား မြင်နေရသည်။
သူသည် အစိမ်းရောင် ဝတ်ရုံရှည်ကြီးတစ်ခုအား ဆင်မြန်းထားပြီး လက်ထဲတွင် အရက်များထည့်ထားသည့် ဘူးသီးခြောက်တစ်လုံးအား ကိုင်ထား၏။
ချန်ရှင်းမှာ အမျိုးသမီးတစ်ယောက် မဟုတ်ပါသော်လည်း ယခုတွင် သူသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ချောမောလှပနေသည်။
ထိုအချိန်တွင် တိုက်ပွဲကြီးတစ်ပွဲ စတင်သွားပြီး လေထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
ပြင်ပကမ္ဘာထဲ၌ တိုက်ပွဲကြီး ဖြစ်ပွားနေစဉ် မီးဖိုထဲတွင် ကျန်ရစ်ခဲ့သည့် ဝမ်ပေါင်လဲ့၏ အထူးအခွင့်အရေးကြီးမှာ စတင်သွားပြီဖြစ်သည်။ ယခုတွင် နတ်ဧကရာဇ်ရွှမ်ဟွားမှာ တားဆီးခံလိုက်ရပြီဖြစ်ရာ အဆုံးမဲ့မိုးကောင်းကင်တာအို စွမ်းအားများမှာ ပျောက်ကွယ်သွား၏။ ထို့ကြောင့် လခြမ်းဧကရာဇ်ကြီး၏ ပြောင်းလဲမှုလုပ်ငန်းစဉ်မှာလည်း ပြန်လည်စတင်နေပြီဖြစ်သည်။
ထိုလုပ်ငန်းစဥ်ကြီးမှာ နှေးကွေးနေပါသော်လည်း ရပ်တန့်သွားခြင်း မရှိပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လခြမ်းဧကရာဇ်ကြီးဆီမှ ထွက်ပေါ်နေသည့် တာအိုအငွေ့အသက်များကို စုပ်ယူနေလိုက်၏။ ထို့အပြင် စည်းမျဥ်းဥပဒေသ အကျိုးပဲ့များမှာလည်း ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေကြသည်။
ထိုမျှသာမက ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မိုးကောင်းကင်တာအို၏ စွမ်းအားများကိုလည်း စုပ်ယူနေသေးသည်။ ပုံမှန်အတိုင်းသာဆိုပါက ၎င်းတို့မှာ လခြမ်းဧကရာဇ်ကြီးအား အားဖြည့်ပေးရမည်ဖြစ်ပါသော်လည်း လက်ရှိတွင်မူ ၎င်းတို့ထဲမှ အချို့အဝက်မှာ ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကို ခံနေရပြီဖြစ်သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ဆီမှ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ ဝိညာဉ်၊ ကျင့်ကြံခြင်းစွမ်းအားနှင့် အပြင်ခန္ဓာကိုယ်တို့မှာ ကြောက်ခမန်းလိလိ တိုးတက်သွားတော့သည်။
ထိုကဲ့သို့သော အထူးအခွင့်အရေးမျိုးမှာ အခြား သာမန်အခွင့်အရေးများထက် အများကြီးပို၍ သာလွန်ပေသည်။
နတ်ဧကရာဇ်တစ်ပါးအား ပြောင်းပြန်လှန်နေသည့် လုပ်ငန်းစဉ်ထဲမှ ထွက်ပေါ်လာသော တာအိုအငွေ့အသက်များအား ယှဉ်နိုင်မည့် အခွင့်အရေးဟူ၍ ရှိနေမည်မဟုတ်ပေ။
ထို့အပြင် မိုးကောင်းကင်တာအိုနှစ်ခု အားပြိုင်ရာမှ ထွက်ပေါ်လာသည့် သဘာဝ စည်းမျဥ်းဥပဒေသစွမ်းအားများထက် ပို၍သာလွန်သော အခွင့်အရေးဟူ၍လည်း ရှိနိုင်မည်မဟုတ်ပေ။
ထို မိုးကောင်းကင်တာအိုနှစ်ခုမှာ မတူညီသည့် စည်းမျဥ်းဥပဒေသများကို အသုံးပြုကာ အားပြိုင်နေကြခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအားပြိုင်မှုနှင့် အနီးဆုံးတွင် ရှိနေသည်ဖြစ်ရာ သဘာဝစည်မျဥ်းဥပဒေသများအား ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် နားလည်နိုင်စွမ်းရှိနေပြီး အဆက်မပြတ် စုပ်ယူနေတော့သည်။
ထို့ကြောင့် အချိန်တိုလေးအတွင်းတွင် သူ၏ ဝိညာဉ်မှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အလယ်အလတ် ထာဝရကြယ်အဆင့်မှ ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
သူ၏ ဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားများ တိုးတက်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များမှာလည်း ပွားများလာ၏။ နောက်ဆုံးတွင် သူ၏ နောက်၌ တာအိုထာဝရကြယ်၊ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးနှင့် အထူးဂြိုဟ် အလုံးတစ်သောင်းကျော် ပေါ်ပေါက်လာကြသည်။
ထို ကြယ်မြေပုံကြီး၏ နောက်တွင်မူ သဘာဝစည်းမျဉ်းဥပဒေသများအား စုပ်ယူနေကြသည့် သူ၏ အတိတ်ဘဝမှ ပုံရိပ်များ ရှိနေကြ၏။ နောက်ဆုံးတွင်... အနက်ရောင် သစ်သားပျဉ်ပြားလေးတစ်ချောင်းလည်း ပေါ်ပေါက်လာသည်။
" ဒီတစ်ခေါက် ငါ့ရဲ့ နတ်ဘုရားဝိညာဉ်၊ ကျင့်ကြံခြင်းစွမ်းအားနဲ့ အပြင်ခန္ဓာကိုယ်ဆိုတဲ့ ကဏ္ဍသုံးခုထဲက တစ်ခုခု ကြယ်နယ်မြေအဆင့်အထိ တိုးတက်သွားမှာ သေချာတယ်။ ငါ ကဏ္ဍသုံးခုစလုံးကို တိုးတက်သွားအောင် လုပ်ဖို့လိုတယ်.... အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး ကဏ္ဍနှစ်ခုကို ကြယ်နယ်မြေအဆင့်အထိ ရောက်သွားအောင်လုပ်ရမယ် " ဝမ်ပေါင်လဲ့မှာ တစ်သက်လျှင် တစ်ကြိမ်သာရနိုင်သည့် ဤ အထူအခွင့်အရေးကြီးထဲမှ စွမ်းအင်များကို အငမ်းမရ စုပ်ယူနေရင်း မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။