← Chapters

ဘိသက်သွန်းခံပွဲ

Vol. 10 Ch. 130

ဘိသက်သွန်းခံပွဲ

Vol. 10 Ch. 130

ဧကရာဇ်ဝူတွင် အရိုက်အရာကို ဆက်ခံနိုင်ရန် သားတော် သုံးယောက်ရှိသည်။ ထိုအထဲတွင် မင်းသားကျန်းသည် သစ္စာစောင့်သိမှု၊ ပြတ်သားမှုတို့ဖြင့် ကျော်ကြားသော အထွတ်အထိပ် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်သည်။ သူသည် သွေးဆာကာ မောက်မာတတ်သူ တစ်ယောက် ဖြစ်‌သော်လည်း ဧကရာဇ်တစ်ပါးတွင် ရှိသင့်သည် အရည်အချင်းများနှင့် ကိုက်ညီသူ ဖြစ်သည်။

မင်းသားချန်းမှာမူ မင်းသားကျန်းလောက် မထက်မြက်သည့်တိုင် နူးညံ့ပျော့ပျောင်းကာ တိုင်းသူပြည်သားများ၏ အကျိုးစီးပွားကို ‌ရှေးရှုတတ်သူ ဖြစ်သည်။ ငြိမ်းချမ်းရေးကို လိုလားသည့် သူ၏ သဘောထားနှင့် အုပ်ချုပ်ရေး အမြင်ကလည်း လူများစွာ၏ နှလုံးသားကို သိမ်းပိုက်နိုင်၏။ သူ၏ ဖြောင့်မတ်သော ခံယူချက်က မင်းသားကျန်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည့်တိုင် သူတို့ နှစ်ယောက်စလုံးမှာ ဧကရာဇ်ဝူ၏ နေရာကို ဆက်ခံရန် အရည်အချင်း ရှိသူများ ဖြစ်ကြသည်။

သို့သော်လည်း မင်းသားလဲ့မှာမူ မူးယစ်သောက်စားကာ ရက်စက် ကြမ်းကြုတ်သည့် လူပေါ်ကြော့ လူငယ် တစ်ယောက်သာ ဖြစ်သည်။ သူသည် တိုင်းသူပြည်သားတို့၏ အမြင်တွင် အမြဲလိုလို အနှုတ်လက္ခဏာသာ ဆောင်ခဲ့သည်။ သို့သော်လည်း ရုတ်ချည်းပင် ဧကရာဇ်ဝူက သူ့ကို ပစားပေးကာ လင်းကျိရန်နှင့် လက်ထပ်ရန် စီစဥ် ပေးခဲ့သည်။ ယခုတစ်ဖန်လည်း အိမ်ရှေ့မင်းသား အရိုက်အရာကို ဆက်ခံခွင့် ပြုခဲ့ပြန်သည်။

ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွား၏။ ပွဲကြီးပွဲကောင်းက စပေတော့မည်။

“ဖခမည်းတော် အနေနဲ့ ပြန်လည် သုံးသပ်ပေးစေလိုပါတယ်”

ဝေ့ဝူယင်၏ အတွေးမဆုံးခင်မှာပင် တည်ငြိမ်သော အသံတစ်ခုက မိုးခြိမ်းသံအလား လောကကို သိမ်းပိုက် စိုးမိုးကာ ထွက်ပေါ်လာ၏။

လူတိုင်းက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ခြွေရံသင်းပင်းများ ဝန်းရံ၍ ခန်းမ အတွင်း ဝင်ရောက်လာသည့် လူငယ် တစ်ယောက်ကို မြင်တွေ့လိုက်ရ၏။ ထိုလူငယ်သည် ဧကရာဇ် ဝူယု၊ မင်းသားကျန်းတို့နှင့် ရုပ်ချင်းဆင်တူကာ ချောမောခန့်ညားသူ တစ်ယောက် ဖြစ်သည်။ သူသည် တော်ဝင် ဝတ်စုံကို ဆင်မြန်းထားပြီး ညာဘက်လက်တွင် ဓားနှင့် ဘယ်ဘက်လက်တွင် ယင်စွမ်းအင် ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည့် သလင်းကျောက် တစ်ခုကို ကိုင်ဆောင်ထားသည်။

ပုံရိပ်ဖမ်း ကျောက်တုံး...

လူတိုင်းမှာ သလင်းကျောက်ကို ကြည့်ကာ မည်သည့် အရာဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။

“ဒါဘာအဓိပ္ပာယ်လဲ မင်းသားချန်း... မင်းက မင်းကြီးရဲ့ အမိန့်တော်ကို မေးခွန်းထုတ်ရဲတာလား”

အင်ပါယာမျိုးနွယ်ဘက်မှ လူအို ကျင့်ကြံသူကြီး တစ်ယောက်က ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။ သူကား ဧကရာဇ် ဝူယု၏ ညီတော်တစ်ဖြစ်လည်း မြို့စား ဝူရန်ပင် ဖြစ်သည်။ ဝူရန်သည် ကျင့်ကြံခြင်း လမ်းစဥ်တွင် သိပ်အောင်မြင်မှု မရခဲ့သည့် အပြင် အထူးနည်းလမ်းများဖြင့် ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ရာ သူ၏ ရုပ်ရည်မှာ အကိုဖြစ်သူထက် များစွာပို၍ အိုစာနေခဲ့သည်။

မင်းသားချန်းက ဦးရီးတော် ဖြစ်သူကို တစ်ချက် လှမ်းကြည့်ကာ ညင်သာစွာပင် ပြုံးလိုက်သည်။

“ပုန်ကန်ဖို့ လိုလားနေတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ရာဇပလ္လင်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ ဂုဏ်သရေရှိ မင်းသားကျန်းရဲ့ သက်သေ အထောက်အထားတွေ ကျုပ် လက်ခံ ရရှိထားပါတယ်... ဒါ့အပြင် သူဟာ မင်းကောင်းမင်းမြတ် တစ်ပါးရဲ့ ဂုဏ်သိက္ခာနဲ့ လားလားမှ မဆိုင်တဲ့ မဒိန်းမှု၊ ခိုးယူမှု၊ လူသတ်မှု၊ မင်းဘဏ္ဍာ အလွဲသုံးစား လုပ်မှုတွေ အပါအဝင် ပြစ်မှုပေါင်းများစွာကို ကျူးလွန်းခဲ့တယ်”

တစ်ဆက်တည်းပင် မင်းသားချန်းသည် မည်သူ့ကိုမှ ခွန်းထောက်ပြန်ရန် အခွင့်အရေး မပေးပဲ ဝိညာဥ် စွမ်းအင်များကို လက်ထဲရှိ သလင်းကျောက်ထံ သွန်းလောင်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အမျိုးမျိုးသော ပုံရိပ်များနှင့် အသံများသည် မင်္ဂလာ ခန်းမအတွင်း ထွက်ပေါ်လာခဲ့၏။

ရုပ်ပုံတစ်ခုချင်းစီမှာ ရှင်းလင်းပြတ်သားကာ မင်းသားကျန်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကို တစ်ခုပြီး တစ်ခု ပြသနေသည်။ ထိုအထဲ၌ မင်းသားကျန်းကို လုပ်ကြံ သတ်ဖြတ်ရန် တက်ကြွစွာ အစီအစဥ်များ ချမှတ်နေသည့် ပုံရိပ်များလည်း အပါအဝင်ပင် ဖြစ်သည်။

လူအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ပုံရိပ်ဖမ်း ကျောက်တုံးမှ ထုတ်လွှတ်ပေးသည့် ပုံရိပ်များက အတုလုပ်၍ မရသော အရာ ဖြစ်သည်။ ထို့ကြောင့်ပင် မည်သူမျှ ထရပ်၍ မကန့်ကွက်ရဲကြချေ။

တစ်ခန်းပြီး တစ်ခန်း ပြောင်းလဲနေသည့် ပုံရိပ်များကို ကြည့်ရင်း ပရိသတ်များ၏ မျက်နှာထက်တွင် ဒေါသများနှင့် အမုန်းတရားများက တဖြည်းဖြည်း နေရာယူ လာနေခဲ့သည်။ အထူးသဖြင့် မင်းသမီးဝူကို မဒိန်းကျင့်သည့် အခန်းတွင် လူတိုင်းမှာ ပေါက်ကွဲလု မတတ်ပင် ဖြစ်ကုန်ကြသည်။

မင်းသမီးဝူဆိုသည်က ဝူပိုင်ကျိုးကို မဟုတ်ပဲ အကြီးဆုံး မင်းသမီး ဝူလင်းကို ဆိုလိုခြင်း ဖြစ်သည်။ လက်ရှိတွင် ဝူလင်းသည် လူအုပ်ထဲတွင် ရှိနေခဲ့သည်။ သူမ၏ မျက်ဝန်းများသည် မျက်ရည်များဖြင့် ပြည့်ဝေနေကာ ကတုန်ကယင်ဖြင့် ခေါင်းကို အောက်သို့ ငုံ့ထားခဲ့၏။

ဧကရာဇ်ဝူသည် အေးစက်ပြီး တည်ငြိမ်သော မျက်လုံးများဖြင့် ပုံရိပ်တိုင်းကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ သူ၏ နှလုံးသားမှာ ဒေါသမီးများဖြင့် လောင်မြိုက်နေ၏။ ထိုအခိုက်၌ ဧကရာဇ်ဝူကား မကြာခင် ပေါက်ကွဲထွက်တော့မည့် မီးပြင်းဖိုကြီး တစ်လုံးကို အလားပင်။

ဝှစ်... ဝှစ်...

ထိုအခိုက်တွင်ပင် အသက်လတ် မိန်းမ တစ်ဦးသည် လူအားလုံး၏ ခေါင်းထက်မှ ကျော်လွန် ပျံသန်း၍ ခန်းမ အတွင်း ရောက်ရှိလာ၏။ အင်ပါယာ သံချပ်ကာ ဝတ်စုံကို ဆင်မြန်းထားသည့် သူမသည် စင်မြင့်ထက်၌ ဆင်းသက်ကာ ပရိသတ်များကို ပုရွက်ဆိတ်များ ကဲ့သို့ ငုံ့ကြည့်၏။

သူမကား အခြားသူ မဟုတ်ချေ။ ဝူတိုင်းပြည်၏ တော်ဝင် စစ်သေနာပတိ တစ်ဖြစ်လည်း နတ်ဘုရား ဧကရာဇ် ပါ့ချန်းပင် ဖြစ်လေတော့သည်။

“စနေပြီ...”

ဝေ့ဝူယင်က စုမေ့ထံသို့ အသံပို့လွှတ်လိုက်၏။ လျှပ်တစ်ပြက် အတွင်းမှာပင် သူမက အဆင့်ရှစ် ချီသံချပ်ကာ ဝတ်စုံကို ထုတ်ယူ ဝတ်ဆင်လိုက်သည်။ အမှောင်အလင်း နတ်ဘုရား ဆေဘာဓားကို ကျောတွင် လွယ်ပိုးလိုက်ချိန်၌ အမှောင် အရိပ်အငွေ့များမှာ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံသည် လည်ပတ်ကာ အသင့် အနေအထားကို ပြင်ဆင်ထား၏။

သို့သော်လည်း များစွာသော လူများမှာ စုမေ့ အပေါ်၌ အာရုံ မရှိကြချေ။ သူတို့က ပါ့ချန်း မည်ကဲ့သို့ လှုပ်ရှားမည်ကိုသာ စိတ်ဝင်စားနေကြသည်။

အချိန် ကြာကြာ မစောင့်ရသေးခင်မှာပင် ပါ့ချန်း၏ မိုးကြိုးကဲ့သို့ ကျယ်လောင်လှသော အသံက ထွက်ပေါ်လာခဲ့လေ၏။

“ဝူချန်း... နင်က သက်သေ အတုတွေနဲ့ အိမ်ရှေ့စံ မင်းသားရဲ့ ဂုဏ်ကျက်သရေကို မှေးမှိန်အောင် လုပ်ကြံရဲတယ်ပေါ့... ဒါက ပြစ်မှု ဘယ်လောက်ကြီးတယ် ဆိုတာ နားမလည်ဘူးလား... ခုချက်ချင်း လက်နက်ချ အညံ့ခံစမ်း... သူ့ဘက်ကနေ ခုခံ ကာကွယ်ဖို့ ကြိုးစားတဲ့ ဘယ်သူကို မဆို သေရမယ်”

“ဘာလဲ...”

လူတိုင်းမှာ လောကကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသယောင်ပင် ထင်လိုက်မိကြသည်။ သို့သော်လည်း ဝူချန်းမှာမူ ထိုအရာကို မျှော်လင့်ထားပြီးသည့် အလား လှောင်ပြုံး ပြုံးလိုက်၏။ ပါ့ချန်း မင်းသားလဲ့ကို ထောက်ခံသည်က လူသိရှင်ကြား ဖြစ်ကာ မင်းသားကျန်းကို လုပ်ကြံခဲ့သည့် အမှုတွင်လည်း သူ ပါဝင်နေနိုင်ဖွယ် ရှိသည်။

မင်းသားလဲ့၏ ပစ်မှုများကို တူးဖော်ခြင်းဖြင့် သူမ၏ သစ္စာဖောက် လုပ်ရပ်များလည်း ပေါ်လွင်လာနိုင်ပေသည်။

ပါ့ချန်းသည် အခြားလူများ၏ ထင်မြင်ချက်များကို ဂရုမစိုက်ပါချေ။ ပုံရိပ်ဖမ်း သလင်းကျောက်ကို ဖျက်ဆီးပစ်လိုက်ပါက သက်သေ အထောက်အထား အားလုံး ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ သူမ၏ လှပသော မျက်နှာက ရက်စက်ကြမ်းကြုတ်မှုများနှင့် ဖုံးလွှမ်းနေ၏။

“အင်ပါယာ အစောင့်တွေ ဘာလုပ်နေတာလဲ... သစ္စာဖောက် လောက်ကောင် မင်းသားချန်းကို ဖမ်းကြစမ်း”

ကြိုတင်စီစဥ်ထားသည့် အင်ပါယာ အဆောင့်များမှာ မင်းသားချန်းကို စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ်ကာ ရပ်လိုက်ကြ၏။ သူတို့သည် အရေအတွက်အားဖြင့် တစ်ရာနီးပါး ရှိကာ ချီပျစ်ခဲခြင်း အဆင့်ငါး သို့မဟုတ် ထိုထက် ပိုမို မြင့်မားသည့် အဆင့်၌ ရှိနေသည့် ကျင့်ကြံသူများ ဖြစ်သည်။ သူတို့ကား ပါ့ချန်း၏ လေ့ကျင့် သင်ကြားမှုကို ခံထားရသည့် စစ်သည်တော်များ ဖြစ်လေရာ သူတို့၏ သစ္စာစောင့်သိမှုကား သံသယ ရှိစရာ မလိုချေ။

ဝူချန်းက အေးစက်စက်ပင် နှာခေါင်းရှုံ့လိုက်၏။

“ကျုပ်.... ဝူတိုင်းပြည်ရဲ့ မင်းသားချန်းဘက်ကလည်း တော်ဝင် စစ်သေနာပတိဟာ ရန်သူတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည် သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ကြောင်း ကြေညာလိုက်တယ်...”

ထိုအခိုက်၌ မင်းသားချန်း၏ ဖြောင့်မတ်သော အမူအရာနှင့် ပြတ်သားသော လေသံတို့က ရေမြေ့အရှင် တစ်ပါး အလား ခန့်ညား ထည်ဝါနေခဲ့လေသည်။

ထိုအခြေအနေကို ကြည့်ရင်း ပရိသတ်များ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။ ကြောက်ရွံ့မှုတို့မှာ သူတို့၏ နှလုံးအိမ်၌ ပေါက်ကွဲ ထွက်ပေါ်လာ၏။

“နဝမ ဝူမြစ်ကမ္ဘာ အစီအရင်...”

ပါ့ချန်းက အော်ဟစ်လိုက်သည်။ နတ်ဘုရား ဧကရာဇ် အရှိန်အဝါက ခန်းမ တစ်ခုလုံးကို ဖုံးအုပ်သွားကာ ဝင်္ကပါအလံမှာ သူမ၏ လက်ထဲတွင် ပေါ်လာခဲ့၏။

ဝုန်း... ဝုန်း...

မြစ်ကိုးစင်းမှာ အရပ်မျက်နှာ ကိုးခုမှ နေ၍ ခန်းမအား လှည့်ပတ် စီးဆင်းလာ၏။ ၎င်းတို့သည် လမ်းတစ်လျှောက်တွင် တားဆီးနေသည့် အရာမှန်သမျှကို တိုက်စားချေမှုန်း ပစ်သည်။ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားသူ မှန်သမျှမှာ ချက်ချင်းပင် မြစ်များ၏ တိုက်စားမှုကို ခံရကာ အမှုန့်ဖြစ်သွားကြရ၏။

ရေဝင်္ကပါ... အဆုံးမဲ့ ထိုးဖောက်ခြင်း လှံတံ...

သူမက လက်ဝါးကို အပေါ်သို့ မြှောက်လိုက်ရာ ကြီးမားသော ‌ရေထုကြီးမှာ စုည်းလာ၏။ ထိုရေထုကြီးက လျှင်မြန်စွာပင် လှံသဏ္ဌာန်ကို ယူဆောင်ကာ ဝူချန်း၏ အသက်အား နှုတ်ယူရန် တိုးဝင်သွားသည်။ တော်ဝင် စစ်သေနာပတိကား မင်းသားတစ်ပါးကို သတ်ဖြတ်ရန် ပေါ်တင် ကြိုးစားနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ဆန္ဒနှင့် ရည်ရွယ်ချက်မှာ ထင်ရှားလှ၏။

သို့သော်လည်း ဝူချန်းမှာ ထိုအရာကြောင့် ပြာပြာသလဲ ဖြစ်မသွားပါချေ။ အချိန်ကိုက်ပင် သူ၏ နောက်ရှိ ပုံရိပ်တစ်ခုမှာ ရှေ့သို့ တက်လာခဲ့၏။

သူမကား ဆယ်နှစ်ပင် ကျော်ပုံ မရသေးသည့် ကောင်မလေး တစ်ဦး ဖြစ်သည်။ သူမသည် ကြွေရုပ်လေး ကဲ့သို့ အလွန် ချစ်ဖို့ကောင်းကာ ပန်းပွင့် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ သန့်ရှင်း ဖြူစင်ကာ၊ အပြစ်ကင်းမဲ့သော မျက်လုံးများဖြင့် သူမက အပေါ်သို့ မော့ကြည့်လိုက်၏။ ထို့နောက် သူမက ချစ်စဖွယ် ပြုံးလိုက်ရင်း လက်တစ်ဖက်ကို ရိုးရိုးရှင်းရှင်း ဆန့်ထုတ်လိုက်သည်။

ရုတ်ချည်းပင် ကြမ်းတမ်းခက်ထန်သော ခရမ်းရောင် အလင်းတစ်ခုသည် ချီအမတေတို့ကို သယ်ဆောင်လျှက် ပေါက်ကွဲ ထွက်ပေါ်လာလေ၏။

ဘုန်း...

မင်းသားချန်းထံသို့ တိုးဝင်လာသည့် ရေလှံမှာ ချက်ချင်းပင် ပေါက်ကွဲကာ ပျက်စီးသွားသည်။ အင်အား နှစ်ခု၏ ထိပ်တိုက်တွေ့မှု အရှိန်တွင် လှိုင်းတစ်ခုမှာ ဖြစ်ပေါ်လာရာ ခန်းမအတွင်းရှိ စားပွဲများ၊ ကုလားထိုင်များနှင့် အခြား ပရိဘောဂများစွာမှာ ကျိုးပဲ့ လွင့်စဥ်သွားကြသည်။

နတ်ဘုရား ဧကရာဇ်...

လူတိုင်းမှာ ရင်တလှပ်လှပ် ဖြစ်သွားကြသည်။ အသက် ဆယ်နှစ်ပင် မပြည့်သေးသော ကလေးမလေး တစ်ဦးမှာ ဝိညာဥ်ချီနှင့် ချီအမတေ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသည်။ ပါ့ချန်းပင်လျှင် မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့လေ၏။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ ယန်ဝတ်စုံကို ပြောင်းလဲ ဝင်ဆင်ခဲ့ပြီး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ လျှင်မြန်စွာ ပြေးလွှားကာ ကံကြမ္မာ ဟောပြောသူကို ရှာဖွေနေ၏။ သူမက တကယ်ပဲ ဤနေရာတွင် ရှိမနေသည်လား။ ဤသို့ဆိုလျှင်...

ဝေ့ဝူယင်၏ မျက်လုံးများက လင်းကျိရန်ထံသို့ ရောက်ရှိသွားသည်။ ဒုတိယ အစီအစဥ်ကို သူ စတင်ရ‌တော့မည်လော။

***

All Chapters