← Chapters

မုန်တိုင်း

Vol. 10 Ch. 131

မုန်တိုင်း

Vol. 10 Ch. 131

တစ်ချိန်တည်း၌ အခြား တစ်ဖက်ရှိ အခြေအနေများမှာလည်း ရှုပ်ထွေးနေခဲ့လေသည်။

ပါ့ချန်း၏ မျက်လုံးများမှာ နက်မှောင်နေ၏။ အလွန် အစွမ်းထက်ပုံရသည့် နတ်ဘုရား ဧကရာဇ်မလေးသည် ဝူချန်းကို ကာကွယ်ထားသည်။ သူ၏ အသက်ကို နှုတ်ယူရန် လွယ်ကူတော့မည် မဟုတ်ချေ။ အကယ်၍ သူမ အနေဖြင့် ဝူချန်းကို သတ်ဖြတ်လိုပါက ထိုကောင်မလေးကို အရင်ဆုံး ကျော်ဖြတ်ရန် လိုအပ်သည်။

ဟူး... ဟူး...

နတ်ဘုရား ဧကရာဇ် နှစ်ပါးသည် မျက်နှာချင်းဆိုင် အနေအထားဖြင့် လေထဲသို့ မြင့်တက်လာကြ၏။ အပြာရောင်နှင့် ခရမ်းရောင် အလင်းတန်းများသည် အဆက်မပြတ် ပေါက်ကွဲ ထွက်ပေါ်နေသည်။ လေများသည် တဟုန်းဟုန်း တိုက်ခတ်နေ၏။ အကယ်၍ အကာအကွယ် ဝင်္ကပါများကြောင့်သာ မဟုတ်ပါက တော်ဝင်မြို့တော်ကြီး တစ်ခုလုံးမှာ လေလှိုင်းလုံးများ၏ ရိုက်ခတ်မှုအောက်တွင် ပြိုလဲ၍ပင် သွားနိုင်သည်။

အင်ပါယာ အစောင့်များသည် ဝူချန်းအား ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် ရှေ့သို့ တက်လာကြ၏။ သို့သော်လည်း သူတို့၏ အထက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ အငွေ့အသက်သည် ကောင်းကင်ကြီး ကဲ့သို့ ကျယ်ပြောကာ ဓားတစ်စင်းကဲ့သို့ ထက်ရှ အစွမ်းထက်လှသည်။ ဓားတစ်စင်းကို ကိုင်ဆွဲရင်း ကျောင်းတော်သား တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော သူ၏ အသွင်အပြင်က ကောင်းကင်ဘုံနန်းမှ ဓားတန်ခိုးရှင်တစ်ပါး အလား...

ဖန်ရှန်း...

ကောင်းကင်ဓားဂိုဏ်းမှ ဘိုးဘေး အကြီးအကဲကား မုန်တိုင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့ပြီ ဖြစ်သည်။

မင်းသားကျန်းမှာ စိတ်များ ရှုပ်ထွေးနေ၏။ လွန်ဆွဲမှုများက သူ၏ နှလုံးသားအတွင်း ရုန်းကန်နေသည်။ သူသည် ဝူလဲ့ကို သေစေချင်သော်လည်း ထိုအရာက သူ၏ မျိုးနွယ်၊ သူ၏ ဖခမည်းတော်၊ သူတို့ ထီးနန်း ဖြစ်သည်။ အခြားလူများမှာ ထိုအရာကို ခြိမ်းခြောက်ရန် ကြိုးစားလာသည့် အပြင်လူများသာ ဖြစ်သည်။

ပုံရိပ်ဖမ်း‌ကျောက်တုံးမှ ပုံရိပ်များကို ပြန်လည် သုံးသပ်ရလျှင်... ဝူချန်းသည် ဝူလဲ့ သူ့အား လုပ်ကြံမည့် ကိစ္စကို အစောကတည်းက ကြိုတင် သိရှိခဲ့သည်။ သို့သော်လည်း ရေငုံနှုတ်ပိတ်နေကာ ယနေ့အထိ စောင့်ဆိုင်းနေခဲ့သည်။ ရှင်းရှင်း‌ပြောရလျှင် ဝူချန်းမှာလည်း သိုးရေခြုံထားသည့် ဝံပုလွေ တစ်ကောင်သာ ဖြစ်သည်။

အခြားတစ်ဖက်မှ ပြန်တွေးရလျှင်လည်း ဝူချန်း နိုင်သည် ဖြစ်စေ၊ ဝူလဲ့ဘက်မှ နိုင်သည် ဖြစ်စေ... ထီးနန်းမှာ သူ့အတွက် ဖြစ်မလာနိုင်တော့ချေ။ ထို့အပြင် လင်းကျိရန် ကိစ္စနှင့် ပတ်သက်၍လည်း သူ့စိတ်ထဲ၌ အစိုင်အခဲများ တည်ရှိနေသည်။

ပထမ၌ ဧကရာဇ်ဝူသည် သူနှင့် လင်းကျိရန်ကို လက်ထပ်ပေးရန် ရည်ရွယ်ထားခဲ့သည်။ လင်းကျိရန်ဘက်မှ ထိုကိစ္စကို သဘောတူရန် နှစ်ပေါင်းများစွာ ငြင်းဆန်ခဲ့သော်လည်း နောက်ဆုံးက ခေါင်းညိတ်ခဲ့သည်။ သိ့သော်လည်း တော်ဝင် စစ်သေနာပတိ ပါ့ချန်းသည် ထိုကိစ္စအတွင်း ဝင်ရောက်လာသည်။ အကြောင်းပြချက် အချို့ အတွက် ဖခမည်းတော်မှာ သူမ၏ ညှိနှိုင်းမှုကို လက်ခံခဲ့သည်။

သို့သော် သူသည် ထိုအစိုင်အခဲလေး တစ်ခုအတွက်တော့ မင်းသားကျန်းသည် ဖမည်းတော်နှင့် မျိုးနွယ်ကို သစ္စာဖောက်လိမ့်မည် မဟုတ်ပါချေ။ သူသည် ဘယ်တော့မှ ပျော့ညံ့သော လူတစ်ယောက် မဟုတ်ခဲ့။ သူသည် သွေးပုဆိန်ကို ဆွဲကိုင်ကာ အင်ပါယာ အစောင့်များနှင့် သေအတူ ရှင်မကွာ တိုက်ခိုက်ရန် ဖန်ရှန်းထံ ပြေးဝင်သွားခဲ့တော့၏။

ထိုအခိုက်တွင်ပင် ပုံရိပ်တစ်ခုသည် မင်္ဂလာခန်းမ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံး၊ ဓားသွား သဏ္ဌာန် မျက်ခုံးများ၊ အနက်ရောင် ဝတ်စုံတို့နှင့် ချောမော ခန့်ညား လှသည့် ထိုလူငယ်ကား လုံချန်ပင် ဖြစ်လေသည်။

လုံချန်သည် ဓားတစ်စင်းကို ကျောထက်၌ ပိုးကာ ခန်းမ အတွင်း တစ်လှမ်းချင်း လျှောက်ဝင်လာ၏။ မင်္ဂလာ စင်မြင့်ထက်၌ ချိပ်ပိတ် ခံထားရဟန် ရှိသည့် လင်းကျိရန်ကို မြင်သည်နှင့် အဆုံးမရှိသော ဒေါသများနှင့် အမုန်းတရားတို့က သူ၏ နှလုံးသားတွင် တောက်လောင်လာသည်။ သူ၏ သတ်ဖြတ်လိုစိတ်သည် အကန့်အသတ်မဲ့စွာ မြင့်တက်သွား၏။

“သူ့ကို လွှတ်လိုက်စမ်း...”

လုံချန်က အေးစက်စွာပင် အမိန့်ပေးလိုက်သည်။ သူ၏ မိုးကြိုးကဲ့သို့ ပြင်းထန်လှသော အသံသည် ဧကရာဇ်ဝူနှင့် အသစ်စက်စက် သရဖူဆောင်း အိမ်ရှေ့မင်းသားတို့ထံ ဦးတည်နေ၏။

ထိုအခိုက်၌ သူ၏ ပုံစံကား အကြောက်အရွံ့ ကင်းမဲ့ကာ အရာအားလုံးကို ခြေမှုန်းပစ်နိုင်သည့် သူရဲကောင်းတစ်ဦး အလားပင်။

ပရိသတ်များမှာ ပို၍ စိတ်လှုပ်ရှား လာကြ၏။ သူတို့၏ အမြင်၌ လင်းကျိရန်မှာ လက်ထပ်ရန် အတင်းအကြပ် တွန်းအားပေးခံရသည့် သနားစရာ မိန်းကလေး တစ်ယောက် ဖြစ်သည်။ မဟုတ်လျှင် သူမ၏ ကျင့်ကြံခြင်း အခြေခံ ချိပ်ပိတ်ခံထားရစရာ အကြောင်း မရှိချေ။

မင်းသားတစ်ပါး အထူးသဖြင့် အနာဂတ်၌ ထီးနန်း အရိုက်အရာကို ဆက်ခံမည့် အိမ်ရှေ့စံတစ်ယောက် အနေဖြင့် ထိုကဲ့သို့ အောက်တန်းကျသော နည်းလမ်းဖြင့် မိန်းကလေး တစ်ယောက်ကို လက်ထပ်ယူရန် ကြိုးပမ်းခြင်းကား ရွံရှာဖွယ် လုပ်ရပ်တစ်ခု ဖြစ်သည်။

သို့သော်လည်း ဧကရာဇ်ဝူနှင့် မင်းသားလဲ့တို့မှာမူ အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့ကြ၏။ “သူ့ကို လွှတ်ပေးလိုက်” ဆိုသော စကားလုံးမှာ အဓိပ္ပာယ် အမျိုးမျိုးကို ဖော်‌ဆောင်နေသည်။ ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် အတင်းအကြပ် မင်္ဂလာပွဲတစ်ခုကို သူတို့ စီစဥ်လိမ့်မည် မဟုတ်ချေ။ လင်းကျိရန်မှာ မင်္ဂလာပွဲကို စိတ်တူကိုယ်တူ သဘောတူခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် သူမအား လွှတ်ပေးရန် ပြောရသနည်း။

အခြားတစ်ဖက်၌ ဝေ့ဝူယင်က ပြုံးလိုက်မိ၏။ လင်းကျိရန်သည် သူမ၏ အသံနှင့် ကျင့်ကြံခြင်း အခြေခံကို ကိုယ်တိုင်ကိုယ်ကျ တားဆီးထားခြင်း ဖြစ်ကြောင်း သူ ရှင်းလင်းစွာ တွေ့မြင်နိုင်၏။ အကယ်၍ လင်းကျိရန်သာ ဆန္ဒရှိပါက အတွေးတစ်ချက်ဖြင့်ပင် ရုန်းထွက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း လုံချန်က ဘုမသိ၊ ဘမသိ ရောက်ရှိလာကာ လင်းကျိရန်ကို လွှတ်ပေးရန် ဧကရာဇ်ဝူတို့ကို အမိန့်ပေးခဲ့သည်။

အခြေအနေများကား ပိုမို ရှုပ်ထွေး ပေလီ လာချေပြီ ဖြစ်လေသည်။

“ထွီ... ရယ်စရာကောင်းလိုက်တာကွ...”

မင်းသားလဲ့က တံတွေးထွေးရင်း လုံချန်၏ စကားကို မထီမဲ့မြင် ပြုလိုက်၏။

“ခွေးမသား... အမှန်တရားကို မင်းမျက်လုံးတွေနဲ့ မမြင်ဘူးလား... နောက်ပြီး ငါနဲ့ ခမည်းတော်ကို အမိန့်ပေးရအောင် မင်းလို ကောင်က ဘာကောင်မလို့လဲ”

ထိုအရာက မင်္ဂလာပွဲ စတင်သည့် အချိန်မှ စ၍ ပထမဆုံး အကြိမ် အဖြစ် မင်းသားလဲ့ စကားပြောလာခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ စကားလုံးများမှာ မင်းသားတစ်ပါး၏ ဂုဏ်သရေနှင့် လိုက်ဖက်ခြင်း မရှိပဲ ဆဲရေး တိုင်းထွာမှုများ ရောယှက်နေ၏။

ထိုအဖြစ်အပျက်များမှာ စိတ်ဝင်စရာ ကောင်းလှသော်လည်း တစ်ချိန်တည်း၌ ကောင်းကင်တွင် ထိပ်တိုက်တွေ့နေသည့် နတ်ဘုရား ဧကရာဇ် နှစ်ပါးထံမှ စွမ်းအင်လှိုင်းများမှာလည်း လျစ်လျူ၍ မရသည့် အရာ ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

မိန်းမငယ်လေးနှင့် ပါ့ချန်းတို့သည် လေမော်လီကျူးငယ်များကို ဖောက်ကွဲကာ ပတ်ဝန်းကျင်ကို ပြောင်းလဲ စေနိုင်သည့် စွမ်းအင်တို့ဖြင့် တိုက်ခိုက်နေကြသည်။ သူတို့ နှစ်ယောက်၏ အထက် ကောင်းကင်သည် အပြာရောင်၊ ခရမ်းရောင် အလင်းတို့ဖြင့် တောက်လောင်နေ၏။ သူတို့ဆီမှ ထွက်ပေါ်လာသည့် တိုက်ခိုက်မှု တစ်ခု၊ အစီအရင်တစ်ခုချင်းစီကား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဝေ့ဝူယင် ခေါင်းကို မော့ကြည့်ကာ တိုက်ပွဲကို လေ့လာလိုက်၏။ ထိုနှစ်ယောက်စလုံးမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ဟူကျိဝေ့သည်လည်း ထိုကဲ့သိုသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားနိုင်သည့်တိုင် သူတို့လောက် လျှင်မြန်ခြင်း မရှိလှချေ။ ဆေဘာဓားတစ်စင်းနှင့် ရင်ဆိုင်ရချိန်၌ ထိုအဘိုးကြီးသည် လျှပ်တစ်ပြက် အတွင်း ခေါင်းဖြတ်ခံခဲ့ရသည်။

လူတိုင်း၏ အာရုံစူးစိုက်မှုများက အခြားတစ်ဖက်သို့ ရောက်ရှိသွားချိန်တွင် လင်းကျိရန်၏ မျက်လုံးများကမူ လုံချန်ကိုသာ စူးစိုက်ကြည့်နေခဲ့၏။ နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်နေလေရာ ထိုအခိုက်၌ သူမ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။

အတိတ်ကို ပြန်လည် ရေတွက်ရင်း လွန်ခဲ့သော ဆယ်စုနှစ်များဆီသို့ သူမ ရောက်ရှိသွားခဲ့၏။ ပထမဆုံး တွေ့ဆုံခြင်း၌ သူမသည် လုံချန်၏ အသက်ကို ကယ်တင်ခဲ့ကာ ကောင်းကင်နှလုံးသား ချီနည်းလမ်းကို သင်ကြားပေးခဲ့သည်။

ကံကြမ္မာကား ဆန်းကြယ်လွန်းလှသည်။ ဒုတိယ တစ်ကြိမ် ပြန်လည် တွေ့ဆုံသည့် အခိုက်၌ လုံချန်သည် သူမကို ပြန်လည် ကယ်တင်ကာ သုံးလကြာအောင် အဖော်ပြုပေးခဲ့သည်။

ထိုသုံးလအတွင်း၌ သူမသည် သူ့အား အလုံးစုံ မှီခိုအားထားခဲ့ရသည်။ သူ၏ ပြုစုယုယမှုများ အကြား၌ သူမ၏ နှလုံးသားမှာ တဖြည်းဖြည်း ကြွေဆင်းခဲ့ရသည်။ သို့သော်လည်း... သူ့ထံ၌ အလုံးစုံ ပုံမအပ်နိုင်ခဲ့သော အကြောင်းရင်း တစ်ခု သူမတွင် ရှိနေခဲ့သည်။

သူမ မွေးဖွားခဲ့စဥ် အချိန်၌ မင်ရှုဖုန်း၏ ဆရာသခင်သည် ဤကဲ့သို့ နိမိတ်ဖတ်ခဲ့၏။

“နင်ရဲ့ ကံကြမ္မာက ယောက်ျားတစ်ယောက်နဲ့ ထာဝရ ချည်နှောင်ထားတယ်... သူ့မှာ စိတ်နှစ်ခု၊ ဝိညာဥ် နှစ်ခု၊ နှလုံးသား နှစ်ခု ရှိတယ်... သူက နင့်အတွက် ဓားတစ်စင်းကို စွဲကိုင်ပြီး ရန်သူအားလုံးကို သုတ်သင်ချေမှုန်းလိမ့်မယ်”

ဟူ၍...။

လင်းကျိရန်သည် လုံချန်အပေါ် ခံစားချက်များ ရှိသည့်တိုင် စစ်မှန်သော ဖူးစာဘက်ကိုသာ စောင့်ဆိုင်းခဲ့သည်။ မင်ရှုဖုန်း၏ နိမိတ်ဖတ်ချက် အရဆိုလျှင် သူမ အနှစ်နှစ်အလလ စောင့်ဆိုင်းခဲ့ရသော ထိုဖူးစာဖက်မှာ ယနေ့၌ ပေါ်လာကာ သူမအား ကယ်တင်လိမ့်မည် ဖြစ်သည်။

ကံကြမ္မာက ထိုမျှ မျက်နှာသာပေးလိမ့်မည်ဟု မည်သူ ထင်မှတ်ခဲ့လိမ့်မည်နည်း။ သူမ သဘောကျခဲ့သည့် လူငယ်လေးမှာ ယခုတွင် သူမအတွက် တစ်တိုင်းပြည်လုံးနှင့် ရင်ဆိုင်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက သူမအတွက် ကမ္ဘာကြီးနှင့်ပင် ရန်သူဖြစ်နိုင်ကြောင်း အခိုင်အမာ ဖော်ညွှန်းနေ၏။ နှလုံးသား နှစ်ခု၊ ဝိညာဥ်နှစ်ခု ပိုင်ရှင်မှာ သူမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။

လင်းကျိရန်၏ နှလုံးသား တစ်ခုလုံးမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏။ ကံကြမ္မာအလိုအရ လုံချန်သည် တော်ဝင် အင်ပါယာနှင့် ရင်ဆိုင်ကာ သူမကို ဘေးကင်းသည့် ‌နေရာသို့ ကယ်ထုတ်သွားပေလိမ့်မည်။ ထို့နောက် သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပုံအပ်ကြမည်။

ဝှစ်...

လင်းကျိရန် အတွေးဖြင့် နစ်မြောနေချိန်မှာပင် လုံချန်၏ ဝိညာဥ်စွမ်းအင်မှာ ဖြန့်ကျက်သွား၏။ ရုတ်ချည်းပင် မင်းသားလဲ့မှာ သူ၏ ကျင့်ကြံခြင်း အခြေခံ ယိုယွင်းလာသလို ခံစားလိုက်ရသည်။ စူးစူးရှရှ နာကျင်မှု တစ်ခုမှာ သူ၏ မျက်လုံးနှင့် ထျန်းတျန်ရှိရာမှ ထွက်ပေါ်လာ၏။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် စွမ်းအား ကြီးမားသော လက်တစ်ခုက သူ့ထံ ရောက်ရှိလာကာ ထိုခံစားချက် မှန်သမျှကို ပယ်ဖျက်သွားသည်။

သားတော် ဝူလဲ့အား ဖေးမရင်း ဧကရာဇ်ဝူ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်လာရသနည်း။

အချိန်တိုအတွင်း၌ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းထက် အဆများစွာ ကျော်လွန်သည့် အကြောင်းအရာများ ဖြစ်ပျက်သွားခဲ့သည်။

ပထမဆုံး မင်းသားချန်း...

အမြဲတမ်းလိုလို ယဥ်ကျေးသိမ်မွေ့ကာ စကားနားထောင်တတ်သည့် သားတော်သည် အကိုတော်အား သစ္စာဖောက် တစ်ယောက် အဖြစ် စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲချက်နှင့် အတူ မင်းသားလဲ့နှင့် အရိပ်ဝှက် နယ်မြေ ပူးပေါင်းသည့် သက်သေများကိုပါ သူ ယူဆောင်လာခဲ့သည်။ ရာဇပလ္လင်ကို ကြိုးကိုင်ကာ ရုပ်သေးတိုင်းပြည် အဖြစ် လုပ်ဆောင်မည့် သူတို့၏ အကြံအစည်များကို ဖော်ထုတ်ခဲ့သည်။

သို့သော်လည်း သူ ဘာမှ မလုပ်နိုင်ခင်မှာပင် တော်ဝင် စစ်သေနာပတိ ပါ့ချန်း ရောက်ရှိလာရာ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သည်။ သူမသည် ဝူချန်းတို့ကို မတရား အာဏာဖီဆန်ရန် ကြံစည်သည့် အဖွဲ့များ အဖြစ် စွပ်စွဲကာ အင်ပါယာ အစောင့်တပ်ဖွဲ့ကို တိုက်ခိုက်ရန် စေခိုင်းခဲ့သည်။

ထို့နောက်တွင် ဓားတစ်စင်းနှင့် လူငယ်တစ်ယောက် ရောက်ရှိလာပြန်သည်။ ထိုလူငယ်သည် မင်္ဂလာပွဲ အ‌ပေါ် အထင်လွဲမှား နေခြင်းလော၊ သို့မဟုတ် ချွေးမတော်ကို ခိုးယူလိုသည့် ရည်ရွယ်ချက်နှင့်လော သူမသိချေ။ ဧကရာဇ်ဝူ တွေးတောနေစဥ်မှာပင်...

ဝှစ်...

ဓားချီ အလင်းတစ်ခုမှာ သူ့ထံသို့ ရုတ်တရက် တိုးဝင်လာလေ၏။ အလိုအလျှောက် တုန့်ပြန်မှုဖြင့် သူက ညာဘက် လက်ဖဝါးကို ဆန့်ထုတ်ကာ ဓားချီကို ရိုက်ပစ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးမှာ ဒေါသတရားများနှင့် ပြည့်နှက်သွားကာ လုံချန်အပေါ် ကျရောက်သွားသည်။

ထိုကောင်စုတ်လေးက သူ့ကို ‌စော်ကားနိုင်သူ တစ်ယောက်ဟု ထင်နေသည်လား။ မိုက်မဲလွန်းသည်။ သူ ယခု အချိန်ထိ မလှုပ်ရှားရသေးသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အခြေအနေများ ရှုပ်ထွေး ပွေလီနေလွန်းခြင်းကြောင့်သာ ဖြစ်သည်။ မည်သူ့အား မည်ကဲ့သို့ အရေးယူရမည်ကို သူ အချိန်ယူကာ ဆုံးဖြတ်နေခြင်းသာ ဖြစ်၏။

***

All Chapters