← Chapters

လုံချန်နှင့် ဧကရာဇ်ဝူ

Vol. 10 Ch. 132

လုံချန်နှင့် ဧကရာဇ်ဝူ

Vol. 10 Ch. 132

လုံချန်သည် ချီပျစ်ခဲခြင်း အဆင့်ရှစ် ဝိညာဥ် ဆက်သွယ်ခြင်း အဆင့်ကို ရောက်ရှိနေခဲ့၏။ အသက် သုံးဆယ် မပြည့်သေးခင်မှာပင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန်အမင်း ကြောက်ဖို့ကောင်းနေခဲ့ပြီ ဖြစ်သည်။

ဟိန်းဟောက်သံတစ်ခုနှင့် အတူ သူ၏ ဓားချီဝိညာဥ်က သက်ဝင်လှုပ်ရှားလာ၏။ တစ်ချိန်တည်းတွင်ပင် သတ်ဖြတ်ခြင်း ချီဝိညာဥ်ကို ကိုယ်စားပြုသည့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကလည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဘုန်း... ဘုန်း...

လုံချန်နှင့် ဧကရာဇ်ဝူတို့မှာ အပြင်းထန်ဆုံး ခွန်အားတို့ဖြင့် စတင် တိုက်ခိုက်ကြတော့၏။ ဤသို့ဖြင့် ကြီးကျယ်ခမ်းနားလှသည့် တိုက်ပွဲ တစ်ခုမှာ မင်္ဂလာ ခန်းမ အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရားအရှင် တစ်ပါးနှင့် နတ်ဘုရား ဧကရာဇ်တစ်ပါး၏ တိုက်ပွဲ...

ချက်ချင်းပင် ထိုတိုက်ပွဲမှာ လူအများ၏ အာရုံကို အဖမ်းစားနိုင်ဆုံး တိုက်ပွဲ ဖြစ်လာခဲ့လေသည်။ နတ်ဘုရား အရှင်သည် ချီဝိညာဥ် နှစ်ခုကို ပိုင်ဆိုင်ထား၏။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီနှင့် အသုံးပြုသည့် ဓားကွက်တိုင်းက ချီပျစ်ခဲခြင်း အဆင့်ကို ကျော်လွန်နေသည့် စွမ်းအား အငွေ့အသက်တို့ကို သယ်ဆောင်ထားသည်။

သူ၏ ချီကျင့်စဥ် အချို့ဆိုလျှင် လောကအင်အားကိုပင် အတင်းအကြပ် ဆွဲယူကာ အစစ်အမှန် နတ်ဘုရား ဧကရာဇ်ဝူနှင့် လက်ရည်ချင်းယှဥ် တိုက်ခိုက်နိုင်အောင် ခွင့်ပြုပေးသည်။

လင်းကျိရန်သည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် တိုက်ပွဲကို စောင့်ကြည့်နေခဲ့၏။ လုံးဝ မမှားနိုင်တော့ချေ။ လုံချန်ကား အမှန်တကယ်ပင် သူမ တစ်သက်လုံး စောင့်မျှော်ခဲ့ရသည့် တစ်ယောက် ဖြစ်နေခဲ့ပေသည်။

တစ်ချိန်တည်း၌ အံ့အားသင့်ခြင်း အချို့က ဝေ့ဝူယင်၏ မျက်လုံးများတွင် နေရာယူနေ၏။ သို့သော်လည်း သူ အံ့အားသင့်ရသည့် အကြောင်းရင်းမှာ လုံချန် ဝိညာဥ် နှစ်ခု မွေးဖွားနိုင်ခဲ့ခြင်းကြောင့် မဟုတ်ပါချေ။ သူကိုယ်တိုင်သည်ပင် ဝိညာဥ်လေးကို မွေးဖွားပြီးခဲ့သူ တစ်ယောက် ဖြစ်သည်။

အနက်ရောင် အရိုးစုနှင့် တွေ့ဆုံမှု အပြီးတွင် သူသည် ပင်မဝိညာဥ်နှင့် တိုက်ရိုက် ချိတ်ဆက်လာနိုင်ခဲ့သည်။ ထိုအားသာချက်ကို အသုံးပြုခြင်းဖြင့် သူ ဝိညာဥ်များကို လိုသလောက် ခွဲထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအရာမှာ ကောင်းကင်ချီ နှလုံးသား နည်းလမ်းနှင့် ခြားနားသည့် ကိုယ်ပိုင် လမ်းစဥ် တစ်ခုသာ ဖြစ်သည်။

ဆန့်ကျင်ဘက်ပင် လုံချန်မှာမူ ကောင်းကင်ချီ နှလုံးသား နည်းလမ်းအတိုင်း အတိအကျ လျှောက်လှမ်းကာ ချီဝိညာဥ် နှစ်ခုကို ပိုင်ဆိုင်လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ထိပ်တန်း ပါရမီရှင်များပင် မတတ်နိုင်သော အရာ ဖြစ်၏။

ဘုန်း... ဘုန်း...

လုံချန်နှင့် ဧကရာဇ်ဝူတို့၏ တိုက်ပွဲမှာ ပြင်းထန်စွာ ဖြစ်ပွားနေ၏။ လုံချန်သည် နှစ်ပေခန့် ရှည်ကာ၊ နှစ်စင်တီမီတာခန့် ထူသည့် ဓားကို ဆွဲကိုင်ထားသည်။ လောက၏ အင်အားတို့က သူ၏ ပတ်လည်၌ ဝန်းရံကာ အမျိုးမျိုးသော ရောင်စဥ်များ အသွင်ဖြင့် တောက်ပနေကြသည်။

ကြယ်တံခွန် ခုတ်ပိုင်းခြင်း...

လုံချန်၏ ဓားသည် ဧကရာဇ်ဝူ၏ နှလုံးသားကို ထိုးဖောက်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ရှု့ဒေါင့်ပေါင်းစုံမှ တိုးဝင်သွား၏။

သတ္တုလောက လက်သီး...

ကြောက်မက်ဖွယ် တိုက်ခိုက်မှု တစ်ခုနှင့် ရင်ဆိုင်နေရသည့်တိုင် ဧကရာဇ်ဝူက တည်ငြိမ်စွာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ လက်သီးက သံမဏိရောင် သမ်းသွားကာ ဓားထံသို့ တိုက်ရိုက်ပင် တိုးဝင်သွား၏။

ဘုန်း...

ကျယ်လောင်သော ပေါက်ကွဲသံ နှစ်ခု ဖြစ်ပေါ်လာကာ သူတို့ နှစ်ယောက်စလုံး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြရသည်။ ဧကရာဇ်ဝူက မျက်မှောင်ကြုတ်လိုက်၏။

“ချီပျစ်ခဲခြင်း အဆင့်ရှစ်နဲ့တင် သူက လောက အင်အားကို အသုံးပြနိုင်နေပြီလား...”

အပြင်ပန်းတွင် တည်ငြိမ်နေသည့်တိုင် သူ၏ အတွင်းစိတ်မှာမူ မယုံကြည်နိုင်ခြင်း အချို့နှင့် ပြည့်နှက် နေ၏။ သို့သော်လည်း သူ့တွင် ကြောက်ရွံ့စိတ် မြူတစ်မှုန်မျှပင် မရှိပါချေ။

သူက လက်ဝါးကို ဆန့်ထုတ်ရင်း ရှေ့သို့ ကြမ်းတမ်းစွာ လွှဲရိုက်လိုက်လေတော့၏။

လောက ဖျက်ဆီးခြင်း လက်ဝါး....

ဘုန်း...

မကြုံစဖူးသော ဝိညာဥ်အင်အား တစ်ခုသည် ငွေရောင်  အလင်းစက်ဝန်း အသွင်ဖြင့် ဖြစ်ပေါ်လာ၏။ ၎င်၏ တောက်ပမှုကား တုနှိုင်းမရနိုင်ပေ။

လုံချန်မှာ နှလုံးခုန်သံမှာ ကျယ်လောင်လာ၏။ ဧကရာဇ်ဝူ၏ တိုက်ခိုက်မှုက သေလုမြောပါး နေတစ်စင်း၏ အစွမ်းကုန် ထွန်းတောက်ခြင်း တစ်ခုအလား ထင်မှတ်မှားရအောင် လှပလွန်းသည်။ သို့သော်လည်း ထိုလှပမှုတွင် သေခြင်းတရားနှင့် ဖျက်ဆီးခြင်း စွမ်းအားတို့က ရပ်တန့်၍ မရနိုင်အောင် ရောယှက်နေ၏။ သူသည် အလျှင်စလိုဖြင့် ဓားကို ဝှေ့ယမ်းရင်း ခုခံရန် ကြိုးစားလိုက်သည်။

ဧကရာဇ်ဝူက နှာခေါင်းရှုံ့လိုက်၏။ ဝိညာဥ်အင်အားသည် အရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကာ ၎င်းအား တားနိုင်သည့် အရာ မရှိချေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းစက်ဝန်းသည် ဓားချီစွမ်းအားများကို ဖြတ်ကျော်ကာ လုံချန်၏ ရှေ့မှောက်သို့ ရောက်ရှိသွား၏။

လုံချန်၏ သူငယ်အိမ်များမှာ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားသည်။

“သေစမ်း...”

ဧကရာဇ်ဝူက သေဒဏ်ကို ကြေညာကာ လက်ဝါးအား ဆုပ်လိုက်၏။

ဘုန်း...

အလင်းစက်ဝန်းသည် ကမ္ဘာတုန်သည့်ပေါက်ကွဲမှု တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် လုံချန် အပါအဝင် မီတာ တစ်ရာခန့် ပတ်ဝန်းကျင်ကို ဖုံးအုပ်သွား၏။

ဝေ့ဝူယင်သည် ထိုတိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ အဆင့်မြင့် ကျင့်ကြံသူများ အကြားမှ တိုက်ပွဲများမှာ ရှားပါးလှပြီး သူတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီမှာ များစွာသော လှည့်ကွက်များနှင့် ပြည့်နှက်နေသည်။ အပိုဆာဒါးများ မပါပဲ တစ်ချက်ဆိုလျှင် ဆိုသလောက် ထိရောက်မှုလည်း ရှိလှ၏။

လုံချန်သည် ဓားနှင့် သတ်ဖြတ်ခြင်း ဟူသော ချီဝိညာဥ်နှစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လောကအင်အားကို ထိန်းချုပ်နိုင်သော အစွမ်းလည်း ရှိသည်။ သို့သော်လည်း ထိုအရာများက ဧကရာဇ်ဝူနှင့် ရင်ဆိုင်တိုက်ခိုက်ရန်တော့ လုံလောက်ခြင်း မရှိခဲ့ချေ။

ဧကရာဇ်ဝူသည် အတွေ့အကြုံ မြင့်မားသည့် တိုက်ခိုက်ရေး သမား တစ်ယောက်ဖြစ်ပြီး ရန်သူ၏ အားနည်းချက်ကို ကောင်းစွာ မြင်နိုင်စွမ်း ရှိသည်။ လုံချန်သည် ချီဝိညာဥ် နှစ်ခုကို ပိုင်ဆိုင်ထားသည့် အပြင် လောကအင်အားကိုလည်း ထိန်းချုပ်နိုင်ရာ သူနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရေးမှာ မလွယ်ကူသော အရာ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ဝိညာဥ်အစီအရင် တစ်ခုကို ခင်းကျင်းကာ လုံချန်၏ အားအနည်းဆုံးဖြစ်သည့် ဝိညာဥ်ကို တိုက်ခိုက်ခဲ့သည်။

အကယ်၍ ဝေ့ဝူယင်သာ သူ့နေရာတွင် ဆိုပါကလည်း တူညီစွာပင် ရွေးချယ်လိမ့်မည် ဖြစ်သည်။

ဘုန်း...

ပုံရိပ်တစ်ခုသည် ပေါက်ကွဲမှု အလယ်မှ လွင့်စဥ်ကာ ပြုတ်ကျလာ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးများဖြင့် ပေကျံကာ အင်္ကျီများမှာ စုတ်ပြဲ ကြေမွနေသည်။ ထိုတစ်ယောက်ကား ချီဝိညာဥ် နှစ်ခုပိုင်ရှင် လုံချန်ပင် ဖြစ်လေတော့သည်။

နှစ်ဖက်စလုံးမှာ တိတ်ဆိတ်သွားကြ၏။

“အကိုကြီး...”

ကောင်းကင်၌ ပါ့ချန်းနှင့် တိုက်ခိုက်နေသည့် ကောင်မလေးက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။ သူမက ချင်ချင်းပင် အောက်သို့ ဆင်းကာ လုံချန်အား ကာကွယ်ရန် ကြိုးစားသည်။ ကံမကောင်းစွာပင် ပါ့ချန်းမှာ သူမအား အခွင့်အရေး မပေးချေ။ သူမ၏ လက်ဝါးများက ကောင်မလေး နောက်စေ့ဆီသို့ ဦးတည်သွားကာ အဆုံးသတ်ပစ်ရန် ကြိုးစားတော့၏။

“ဘုန်း...”

ကောင်မလေးက ရေချီစွမ်းအားကို သုံးကာ တစ်ဖက်သို့ ပြန်လှည့်၍ ခုခံလိုက်၏။ ပါ့ချန်း၏ လက်ဝါးက သူမ၏ ခေါင်းအစား ရင်ဘတ်ဆီသို့ ကျရောက်သွားသည်။ သူမသည် ခရမ်းရောင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ နောက်သို့ လွင့်စဥ်သွား၏။

ပါ့ချန်းမှာ သူမအား လွတ်မြောက်ရန် အခွင့်အရေး မပေးချေ။ ချက်ချင်းပင် နောက်မှ လိုက်ပါသွားကာ ဖိအားပေး ချေမှုန်း၏။

ဝှစ်...

ကောင်မလေးမှာ မူလနေရာမှ ပျောက်ကွယ်သွားကာ အခြားတစ်နေရာ၌ ပြန်လည် ပေါ်လာခဲ့၏။ သူမ၏ ခရမ်းရောင် အရောင်အဝါများမှာ အနည်းငယ် အားနည်းသွားသည့်တိုင် သူမ၏ မျက်လုံးမှာမူ ဒေါသများဖြင့် လောင်ကြွမ်းလာသည်။ သူမက အော်ဟစ်လိုက်ရင်း ပြင်းထန်သော အရှိန်ဖြင့် ပါ့ချန်းထံ ပြန်လည် တိုးဝင်သွားသည်။

သို့သော်လည်း ပါ့ချန်းမှာ အသာစီး ရနေပြီ ဖြစ်သဖြင့် စိတ်ဓာတ်များ တက်ကြွနေခဲ့ပြီ ဖြစ်သည်။ သူမက တည်ငြိမ်စွာပင် ဆီးကြိုတိုက်ခိုက်လိုက်လေ၏။

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။ သူတို့သည် ကြီးစွာသော သူရဲကောင်းဆန်ခြင်းတို့နှင့် အတူ တော်ဝင် နန်းတော်အထိ ရောက်ရှိလာကာ ဧကရာဇ်ကို အန်တုခဲ့သည်။ သို့သော်လည်း နောက်ဆုံး၌ ထိုသို့သာ အဆုံးသတ်ရသည်။

ဝေ့ဝူယင် လင်းကျိရန်ထံသို့ ရွေ့လျားရန် ဟန်ပြင်လိုက်စဥ်မှာပင် ဖြိုးဖြိုးဖျောက်ဖျောက် အသံများမှာ သွေးအလိမ်းလိမ်း လုံချန်ထံမှ ထွက်ပေါ်လာ၏။

ဧကရာဇ်ဝူက တဖြည်းဖြည်း ပြန်လည် မတ်တပ်ရပ်လာသည့် လုံချန်အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူသည် ချက်ချင်း မလှုပ်ရှားသေးပဲ အရာရာကို ထိန်းချုပ်ထားနိုင်သည့် အလား စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေခဲ့သည်။

“ဒီသောက်ဘဝင်ရူးကတော့ ဘာလုပ်နေတာလဲ... သူ့ကို မြန်မြန် အဆုံးသတ်လိုက်တော့လေ...”

ဝေ့ဝူယင် စိတ်ထဲမှ အော်ဟစ်လိုက်၏။ သူသည် တဖြည်းဖြည်း မတ်တပ်ရပ်လာနေသည့် လုံချန်ကို ကြည့်ရင်း အန္တရာယ်ကြီး တစ်ခု မွေးဖွားလာနေသလို ခံစားနေရသည်။

“သူက ကောင်းကင်က မြှောက်စားခြင်းကို ခံထားရတဲ့ သားတော် တစ်ယောက်လား”

ညာဘက်လက်အား ငုံ့ကြည့်ရင်း ဝေ့ဝူယင် တွေးလိုက်မိသည်။ ကြည့်ရသည်က လုံချန်တွင် ဤကပ်ဘေးကို ကျော်လွှားနိုင်ရန် လုံလောက်သည့် ကမ္မ ကံကောင်းမှုများ ရှိနေဟန် ရ၏။ အဆုံးသတ်၌ လုံချန်အစား ဧကရာဇ်ဝူ ပင်လျှင် သေဆုံးသွားရန် ဖြစ်နိုင်ချေ ရှိသည်။

ဝေ့ဝူယင် စုမေ့ကို အချက်ပြလိုက်၏။ သူမက နားလည်စွာပင် ခေါင်းညိတ်ပြကာ ပိုင်လင် တည်ရှိရာ နေရာသို့ လျှင်မြန်စွာပင် ရွေ့လျားသွားသည်။

ဝေ့ဝူယင် လင်းကျိရန်ကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်လုံးများမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေကာ လုံချန် တစ်ယောက်တည်းကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ ဤအခြေအနေက လှုပ်ရှားရန် အကောင်းမွန်ဆုံး အခြေအနေ ဖြစ်သည်။

ဘုန်း...

ထိုအချိန်တွင်ပင် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုမှာ လုံချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ အဖြူရောင်နှင့် နေရောင် ပြိုးပြိုးပြက်ပြက် အလင်းများမှာ သူ့အား ဗဟိုပြု၍ ကောင်းကင်သို့ ထိုးတက်သွားသည်။

ဝေ့ဝူယင် လုံချန်ကို လှမ်းကြည့်လိုက်၏။ နှုတ်းခမ်းနှင့် ခန္ဓာကိုယ်ထက်၌ သွေးစများ ရှိနေသေးသည့်တိုင် လုံချန်မှာ မားမားမတ်မတ် ရပ်လျှက်ရှိသည်။ သူ၏ မျက်လုံးများက အလွန်အမင်း တည်ငြိမ်ကာ ဧကရာဇ်ဝူကို စိုက်ကြည့်နေသည်။ ထိုအကြည့်က ကြက်သီးထဖွယ်ကောင်းကာ သတ်ဖြတ်ခြင်းနှင့် သေခြင်းတို့၏ အငွေ့အသက်များ ပါဝင်နေသယောင်ပင်။

***

All Chapters