လုံချန်နှင့် ဧကရာဇ်ဝူ (၂)
Vol. 10 Ch. 133
ရုတ်တရက်... ဧကရာဇ်ဝူ၏ စိတ်နှင့် နှလုံးသားထဲတွင် ကြောက်ရွံ့မှု အငွေ့အသက် အချို့ ထွက်ပေါ်လာ၏။ အချိန်ကာလ ရှည်ကြာစွာ ပျောက်ကွယ်နေခဲ့သည့် ထိုခံစားချက်ကြောင့် ဧကရာဇ်ဝူမှာ တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း သူသည် အတွေ့အကြုံ မြင့်မားသည့် လူတစ်ယောက်ဖြစ်ရာ ချက်ချင်းပင် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းလိုက်နိုင်သည်။ သူက မျက်မှောင်ကြုတ်ရင်း လုံချန်ကို ကြည့်လိုက်၏။
“အစတုန်းက မင်းရဲ့ ပါရမီကို နှမြောလို့ အသက်ချမ်းသာပေးဖို့ ငါ ဆုံးဖြတ်ထားတာ... ကြည့်ရတာ မလိုတော့ဘူး ထင်တယ်”
သူ၏ ထည်ဝါသော လေသံက လောကကြီး၏ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့် ကြီးမြတ်သူ တစ်ယောက် အလားပင်။ ထို့နောက်တွင် သူက လက်သီးကို တင်းတင်း ဆုပ်လိုက်ရာ ငွေရောင် အလင်းတန်းတို့မှာ ပေါက်ကွဲ ထွက်ပေါ်လာသည်။
လုံချန်၏ အကြည့်များမှာ မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာမူ ပိုမို၍ အားကောင်းလာနေခဲ့သည်။ သူလက်တစ်ဖက်ကို မြှောက်ကာ လက်ဖဝါးကို ကောင်းကင်နှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
ထိုလှုပ်ရှားမှုကာ နှေးကွေးကာ ပေါ့ပေါ့တန်တန် နိုင်လှသော်လည်း မည်သူတစ်ဦး တစ်ယောက်မှ သူတို့၏ အကြည့်များကို ရှောင်လွှဲနိုင်စွမ်း မရှိကြချေ။ သူ၏ လက်ဖဝါး အလယ်တွင် စွမ်းအား တစ်ခုမှာ စတင်ကာ လည်ပတ်လာ၏။ လေတိုးကဲ့သို့ အသံများက ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာကာ လူအားလုံးကို စိတ်ကူးယဥ် နယ်ပယ်တစ်ခုအတွင်း ကျရောက်သွားစေသည်။
သွေးတို့နှင့် တိုက်ပွဲဝင်နေသည့် ကမ္ဘာတစ်ခု...
အနန္တ ကုန်းမြေတိုက်ကြီး အတွင်း နေထိုင်သည့် သေမျိုးနှင့် တန်ခိုးရှင် အားလုံးသည် စစ်လက်နက်များကို ဆွဲကိုင်ကာ တိုက်ပွဲဝင်နေကြသည်။ သူတို့သည် အသက်ကိုပင် ဂရုမစိုက်ပဲ သည်းသည်းမည်းမည်း တိုက်ခိုက် သတ်ဖြတ်နေကြ၏။ ခေါင်းများက ကောင်းကင်ယံ၌ လွင့်ပျံနေကာ သွေးများမှာ ချောင်းငယ်များ ကဲ့သို့ စီးဆင်းနေသည်။ ငိုကြွေးသံနှင့် အော်ဟစ်သံများမှာ ပွက်လောရိုက်နေ၏။
သူတို့၏ အထက်ရှိ ကောင်းကင်ကြီးကား ကောင်းကင် မဟုတ်တော့ချေ။ ချွန်ထက်သော ဓားတစ်ခု အသွင် ပြောင်းလဲကာ အောက်သို့ ထိုးစိုက်ကျလာ၏။ ထိုဓားကြီးသည် နားမလည်နိုင်လောက်အောင် ကြီးမားလှကာ အဆုံးသတ်ပင် မရှိသယောင် ထင်ရသည်။ ၎င်းသည် အောက်၌ ရှိသည့် သက်ရှိအားလုံး၏ အသက်ကို နှုတ်ယူရန် အတွက် ဖြည်းညင်းစွာ ကျဆင်းလာနေခဲ့လေ၏။
“ဟမ်...”
ရုတ်တရက် ဝေ့ဝူယင်၏ မျက်ဝန်းအိမ်များက တုန်လှုပ်သွားကာ ပစ္စုပ္ပန်သို့ ပြန်လည် ရောက်ရှိလာသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များကို မိနစ် အနည်းငယ် ကြာအောင် မြင်တွေ့ခဲ့ရသည့်တိုင် အမှန်တကယ်တွင်မူ တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။ တစ်ချိန်တည်း၌ အခြားလူများမှာမူ ပုံရိပ်များထဲ၌ ဆက်လက် ပိတ်မိနေဆဲ ဖြစ်သည်။
“ဓားရည်ရွယ်ချက်... သတ်ဖြတ်ခြင်း ရည်ရွယ်ချက်...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ အရောင်ပြောင်းလဲသွား၏။ ဆေဘာရည်ရွယ်ချက်ကို နားလည်ထားသူ တစ်ယောက် တစ်နေဖြင့် ရည်ရွယ်ချက် တစ်ခု အောင်မြင်ရန် မည်မျှ ခက်ခဲကြောင်း သူ သိရှိသည်။ သို့တိုင်အောင် လုံချန်ကမူ တစ်ချိန်တည်းတွင် ဓားရည်ရွယ်ချက်နှင့် ဆေဘာရည်ရွယ်ချက် နှစ်ခု စလုံးကိုပင် အောင်မြင်ထားခဲ့သည်။
သူ့ ကဲ့သို့ ချီဝိညာဥ် လေးခု မွေးဖွားထားနိုင်သူ၊ အစစ်အမှန် နဂါးသွေးမျိုးဆက် ပိုင်ဆိုင်ထားသူ တစ်ယောက် ပင်လျှင် လုပ်နိုင်စွမ်း မရှိခဲ့သည့် အရာကို လုံချန်က လုပ်နိုင်ခဲ့သည်။ ထို့အပြင် သူနှင့် လုံချန်တို့၏ ကံကြမ္မာမှု မိတ်ဆွေများ ဖြစ်ရန် မွေးဖွားလာခဲ့ခြင်း မဟုတ်ချေ။ သူ၏ လည်ပင်းထက်သို့ လုံချန်၏ ဓားကျရောက်လာခဲ့သည့် မြင်ကွင်းအား ဝေ့ဝူယင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲ ဖြစ်၏။
“ငါ သူ့ကို သတ်လိုက်သင့်လား...”
အတွေးတစ်ခုက နေရာယူလာသည်နှင့် အချိန်ကိုက်ပင် ဝေ့ဝူယင်၏ ခေါင်းမှာ စစ်ခနဲ ကိုက်ခဲသွား၏။ သူ ခေါင်းကို တစ်ချက် ရိုက်လိုက်ကာ နှုတ်ခမ်းများကို ကိုက်လိုက်သည်။
သူ့နေရာတွင် အခြားတစ်ယောက်ဆိုပါက သတိထားမိချင်မှ သတိထားမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် အမွေခံ အပြစ်သား တစ်ယောက် ဖြစ်ရာ ကောင်းစွာ သိရှိသည်။ ကောင်းကင်တာအိုသည် လုံချန်အား သတ်ဖြတ်ရန် ဟူသော သူ၏ အတွေးကို ဖိနှိပ်လိုက်ခြင်းပင် ဖြစ်၏။
လုံချန်ကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ပိုမို ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်လာ၏။ သူ လှုပ်ရှားရန် ဟန်ပြင်လိုက်စဥ်မှာပင် ပုံရိပ်တစ်ခုကို သူ၏ နတ်ဘုရား စိတ်အာရုံမှ တစ်ဆင့် အာရုံခံမိလိုက်၏။
ဝေ့ဝူယင်၏ မျက်လုံးများက လုံချန်ထံမှ တစ်ဆင့် အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ကြည့်ရသည်က လုံချန်ကို မည်သည့် အကျိုးဆက်မှ မရှိပဲ သတ်ဖြတ်ရန် ဖြစ်နိုင်တော့မည် မထင်ချေ။ ကောင်းကင်တာအိုသည် ၎င်း၏ ချီးမြှောက်ခံ သားတော်များ အတွက် အဖက်ဖက်မှ ကြိုတင်ကာကွယ်ထားပုံ ရသည်။
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြန်လည် တည်ငြိမ်အောင် ကြိုးစားရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။ သူသည် လက်ရှိ အခြေအနေဖြင့်ပင် လုံချန်ကို မသတ်ဖြတ်နိုင်ခဲ့ချေ။ သံသယ ရှိစရာ မလိုလောက်အောင်ပင် အနာဂတ်၌ လုံချန်မှာ ပိုမို အစွမ်းထက်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ရှိပါက အနက်ရောင် အရိုးစုပြသသည့် နိမိတ် ပုံရိပ်ထဲက ကဲ့သို့ သမိုင်းတစ်ကြော့ပြန်လည် မလား သူ မဆိုတတ်ချေ။
ဝေ့ဝူယင် အတွေးလွန်ဆွဲနေတွင်ပင် သွေးရောင်များ ဖြာလင်းနေသော ဓားတစ်စင်းမှာ လုံချန်၏ လက်တွင် ဖြစ်ပေါ်လာ၏။ ထိုဓားသည် စစ်ပွဲနှင့် သေဆုံးခြင်းတို့၏ အငွေ့အသက်များကို သယ်ဆောင်ကာ ဧကရာဇ်ဝူထံ ပြင်းထန်စွာ တိုးဝင်သွားလေ၏။
“အစစ်အမှန် သတ်ဖြတ်သူရဲ့ ဓား...”
ရုတ်တရက် ဧကရာဇ်ဝူ၏ မျက်လုံးများမှာ ဖျတ်ခနဲ ပွင့်ဟလာ၏။ အရှိန်ပြင်းစွာ တိုးဝင်လာနေသည့် ဓားကို ကြည့်ရင်း သူ၏ ခန္ဓာကိုယ်ဆဲလ်များ၊ ဝိညာဥ်၊ နှလုံးသားနှင့် အသိစိတ် ပင်လယ်အားလုံးက စကားလုံးတစ်လုံးကို ပြင်းထန်စွာ အော်ဟစ်လိုက်ကြသည်။ ထိုစကားလုံးကား “ပြေး” ဟူ၍ပင်။
သို့သော်လည်း သူသည် ဧကရာဇ် တစ်ပါး ဖြစ်သည်။ ကြီးမြတ်သော ဧကရာဇ် တစ်ပါး အနေဖြင့် ရန်သူနှင့် ရင်ဆိုင်ရချိန်၌ သူ ဘယ်တော့မှ ထွက်ပြေးလိမ့်မည် မဟုတ်ချေ။ သေလိုက သေစေ... သူ မားမားမတ်မတ် ရပ်ကာ ရင်ဆိုင်မည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က မိုက်မဲလှသော်လည်း ကြီးမြတ်လှသည့် ရာဇပလ္လင်၏ ဂုဏ်သိက္ခာကို နောက်ဆုံး ကောက်ရိုးတစ်မျှင် အဖြစ် ထိန်းသိမ်းလိုက်ခြင်းသာ ဖြစ်ပေသည်။
ဝှစ်...
သွေးဆာလောင်နေသော ဓားသည် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူ့အရှေ့သို့ ရောက်ရှိလာ၏။ ဧကရာဇ်ဝူသည် အံကို တင်းတင်းကြိတ်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
ဝိညာဥ် ရဲတိုက် တံခါး...
ဧကရာဇ်ဝူ၏ လက်ဝါးနှစ်ဖက်မှ ဝိညာဥ် စွမ်းအင်များမှာ ရေတံခွန်အလား စီးထွက်လာကာ တံခါးကြီး တစ်ချပ် အဖြစ် ပေါင်းစည်းသွားကြသည်။ ၎င်းသည် နှစ်ဆယ် မီတာခန့် မြင့်မားကာ ဧကရာဇ်ဝူကို လုံခြုံစွာ ကာကွယ်ထားလိုက်၏။
ဘုန်း...
ဓားနှင့် တံခါးတို့ ထိပ်တိုက် တွေ့ဆုံကြရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာ၏။ လူတိုင်းမှာ နားများကိုပင် ယောင်ယမ်းကာ ပိတ်လိုက်မိကြ၏။
“အား...”
ဧကရာဇ်ဝူ၏ ထိတ်လန့်ကြောက်ရွံဖွယ် အော်သံကြီးမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က အရုပ်ကြိုးပြတ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားကာ ပေါက်ကွဲမှုတစ်ခုကို ထပ်မံ ဖြစ်ပေါ်စေ၏။
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်သလို ခံစားလိုက်ကြရသည်။ ဝူတိုင်းပြည်၏ ဒုတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူက ထိုကဲ့သို့ ရှုံးနိမ့်သွားရသည်လား။
“ကောင်းတယ်...”
ကောင်းကင်၌ လွင့်မြောနေသည့် ကောင်မလေးက လက်သီးများကို ဆုပ်ရင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ နှုတ်ခမ်းမှ ခရမ်းရောင်သွေးများ စီးကျနေသည့်တိုင် ပြုံးရွှင်နေသော သူမ၏ ပုံစံက တစ်မျိုး ချစ်စဖွယ် ကောင်းနေခဲ့သည်။
ဝေ့ဝူယင် နေရာတွင်ပင် တည်ငြိမ်စွာ ရပ်ရင်း အဆင်သင့် စောင့်နေသည့် ပိုင်လင်နှင့် စုမေ့တို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
အပြင်ဘက်၌ တည်ရှိနေသည့် ပုဂ္ဂိုလ်သည် သူ၏ ကျင့်ကြံခြင်း အဆင့်ထက် များစွာ ကျော်လွန်နေသည်မှာ သေချာသည်။ သို့သော်လည်း သူ မလှုပ်ရှား၍ မရတော့ချေ။ သူ၏ အသက်နှင့် အနာဂတ်မှာ ထိုအပေါ်တွင် မူတည်နေခဲ့ပြီ ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ်... ဒီနေ့မှာ ကြယ်တာရာ အမြုတေ အဆင့် တစ်ဦးနဲ့ တိုက်ခိုက်ရမယ်လို့ ငါ အစောတည်းက မျှော်လင့်ထားပြီးပြီ... အဲဒီပုဂ္ဂိုလ်က ငါ ရည်ရွယ်ထားတဲ့သူ မဟုတ်ရင်တောင် ငါ့ဘက်က အကောင်းဆုံး ပြင်ဆင်ထားတာပဲ”
ပြန်လည် ပွင့်ဟလာချိန်၌ ဝေ့ဝူယင်၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း ကံကြမ္မာကား သူ၏ လုပ်ရပ်များကို အမြဲတမ်း အနှောက်အယှက် ပေးချင်နေပုံ ရသည်။
လောကကြီးသည် ဆိတ်ငြိမ်ကျသွား၏။ ဝေ့ဝူယင် ထိုကဲ့သို့သော တိတ်ဆိတ်မှုမျိုးနှင့် ရင်းနှီးသည်။ သူ၏ မျက်လုံးများမှာ ကောင်းကင်သို့ ရောက်ရှိသွားလေ၏။
“ကြယ်တာရာ ကပ်ဘေး...”
ဝေ့ဝူယင် အကူအညီမဲ့စွာ ရေရွတ်လိုက်မိသည်။ မှန်၏။ လောက၏ အရှိန်အဝါများသည် စတင် ပြောင်းလဲလာကာ ကြယ်တာရာ ကပ်ဘေးတစ်ခုမှာ အစပျိုး နေခဲ့ပြီ ဖြစ်သည်။ ထိုခံစားချက်မှာ အလွန် ရှင်းလင်းလှကာ လုံးဝ မှားနိုင်ဖွယ်ရာ မရှိချေ။
ဘုန်း... ဘုန်း...
ကြယ်တာရာ ကပ်ဘေး၏ ဖိအားများမှာ ပြင်းထန်သော အဟုန်ဖြင့် မြေပြင်ဆီ ရိုက်ခတ်လာ၏။ ၎င်းကား ညတစ္ဆေ ရင်ဆိုင်ခဲ့ရသည့် ကောင်းကင်ကပ်ဘေးထက်ပင် ပိုမို ပြင်းထန်ပုံ ရသည်။
ကံကောင်းထောက်မစွာပင် ထိုဖြစ်ရပ်သည် ဝေ့ဝူယင် အတွက် ဆုလာဒ်တစ်ခုကို ယူဆောင်လာပေးခဲ့သည်။ ၎င်း၏ သက်ရောက်မှုအောက်တွင် ကောင်းကင်ဘုံ၏ အလိုတော်ကို သယ်ဆောင်ထား သကဲ့သို့ သန့်ရှင်း စင်ကြယ်လှသော အငွေ့တစ်ခုမှာ ထွက်ပေါ်လာ၏။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ လှမ်းကြည့်လိုက်၏။ ထိုအခါ သာမန်ထက် အနည်းငယ် ပိုပုပြီး ရွှေရောင် ဆံပင်၊ နက်ရှိုင်းသော အပြာရောင် မျက်လုံးများ ရှိသည့် မိန်းကလေး တစ်ယောက်ကို သူ မြင်တွေ့လိုက်ရသည်။
“သူက တစ်ချိန်လုံး ကိုယ်ဖျောက်နေခဲ့တာကိုး...”
ဝေ့ဝူယင် အထင်ကြီးမိသွား၏။ သူ့ကဲ့သို့ ဝိညာဥ် လေးခု၊ ဆေဘာ ရည်ရွယ်ချက်နှင့် နဂါးသွေး မျိုးဆက်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် ပင်လျှင် သူမကို အာရုံခံနိုင်စွမ်း မရှိခဲ့ချေ။ သူမ၏ ကိုယ်ယောင်ဖျောက်သည့် နည်းလမ်းမှာ ဆန်းကြယ်ကာ အစွမ်းထက်လွန်းလှသည်။ အကယ်၍ ကြယ်တာရာ ကပ်ဘေးသာ ဖြစ်ပေါ် မလာပါက ယနေ့တွင် သူမအား သူ ရှာတွေ့လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင် ကြယ်တာရာ ကပ်ဘေးနှင့် လုံချန်တို့အား ထပ်မံ ဂရုစိုက်ခြင်း မပြုတော့ချေ။ သူ ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်မှာ တစ်ခုတည်း ဖြစ်သည်။
ဝှစ်...
တစ်စက္ကန့်မျှ အတွင်းမှာပင် ဝေ့ဝူယင်သည် မူလနေရာမှ ပျောက်ကွယ်သွားကာ မင်ရှုဖုန်း၏ ဘေး၌ ပြန်ပေါ်လာ၏။ သူ၏ လက်မှာ လျှင်မြန်စွာ လှုပ်ရှားကာ မင်ရှုဖုန်း၏ နဖူးကို တို့ထိလိုက်၏။
မင်ရှုဖုန်းမှာ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေသွားကာ မျက်လုံးများ ဖြည်းညှင်းစွာ မှိတ်သွားတော့၏။ သူမကား နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် သူမအား ဂရုတစိုက်ဖြင့် ချီလိုက်သည်။ ထို့နောက်တွင် ပိုင်လင်နှင့် စုမေ့တို့ တည်ရှိရာ နေရာသို့ လျှင်မြန်စွာ ရွေ့လျားသွားလေတော့၏။
***