ဘိုးဘေး အင်ပါယာ
Vol. 10 Ch. 134
စုမေ့သည် ပိုင်လင် ကျောပေါ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်၏။ ပိုင်လင်သည် ဖြစ်စဥ်များကို သေချာစွာ ကြည့်ရှုနေသည့် အပြင် စုမေ့ထံမှ ညွှန်ကြားချက်ကို မဆက်မပြတ် လက်ခံ ရရှိနေရာ မည်ကဲ့သို့ လှုပ်ရှားရမည်ကို သိရှိထားသည်။ ထိုကြောင့်ပင် ဝေ့ဝူယင် သူတို့ထံသို့ ပြေးလာသည်နှင့် ချက်ချင်းပင် အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်တော့၏။
ဟူး... ဟူး...
ပိုင်လင်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ မြောက်တက်လာသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဖျော့တော့သော အဖြူရောင် မီးတောက်များနှင့် ဝန်းရံနေ၏၊ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်သည် ပိုင်လင်၏ ကျောထက်သို့ ရောက်ရှိလာသည်။ သူ၏ မျက်လုံးများက အပြင်ဘက် တစ်နေရာကို စိုက်ကြည့်လိုက်၏။ အကယ်၍ ထိုပုဂ္ဂိုလ်သာ လှုပ်ရှားလာပါက ပြန်လည် တိုက်ခိုက်ရန် အတွက် အစစ အရာရာကို သူ ပြင်ဆင်ထားပြီး ဖြစ်၏။
ဝှစ်...
ပိုင်လင်သည် အရှိန်အဟုန်နှင့် အတူ ကောင်းကင်သို့ ထိုးတက်လာ၏။ စက္ကန့်ဝက်မျှ အတွင်းမှာပင် သူမသည် အဆောက်အဦများ၏ ထိပ်ကို ကျော်လွန်ကာ ဟင်းလင်းပြင် ကောင်းကင်သို့ ရောက်ရှိလာခဲ့၏။ ထိုအချိန်ထိ သူတို့၏ လှုပ်ရှားမှု မှန်သမျှကာ ချောမွေ့ကာ မည်သည့် လစ်ဟာမှု တစ်ခုမှ ရှိမနေခဲ့ချေ။
သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းနေ၏။ ထိုဖြစ်စဥ်၌ တစ်ခုခု လွဲချော်နေသလို သူ ခံစားနေရသည်။ မည်သည့် အရာမှန်း သူ မပြောတတ်သော်လည်း အပြစ်သား အမွေခံ တစ်ယောက်၏ အာရုံခံစားမှုကတော့ မမှားနိုင်ချေ။
“ပိုင်လင်... မြန်မြန်ပျံ”
ဝေ့ဝူယင် အမိန့်ပေးလိုက်၏။ ဤနေရာမှ မြန်နိုင်သမျှ မြန်မြန်ထွက်ရမည်။ မဟုတ်ပါက ကြီးမားသော ကပ်ဘေးကြီး တစ်ခု အတွင်း သူတို့ပါ ကျရောက်သွားနိုင်သည်။
သို့သော်လည်း ကံကြမ္မာမှာ သူ့အား ထိုမျှ မျက်နှာသာ မပေးချေ။ ရုတ်ချည်းပင် ကြယ်တာရာ ကပ်ဘေးသည် အကြောင်းပြချက် မရှိ ပျောက်ကွယ်သွား၏။
ဂီး...
ပိုင်လင်သည် အော်ဟစ်ရင်း ကောင်းကင်တွင် အေးခဲသွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ သံကြိုးတစ်ထောင်၏ ချည်နှောင်ခြင်း ခံထားရသလို တစ်လက်မပင် လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။
ထို့နောက်တွင် ကြောက်မက်ဖွယ် ဆွဲအားတစ်ခု၏ ဆွဲခေါ်မှုကို ခံရသည့် အလား သူမ၏ ခန္ဓာကိုယ်မှ နောက်ပြန် ရွေ့လျားသွားတော့သည်။ ဝေ့ဝူယင် နောက်သို့ လှည့်ကြည့်လိုက်ရာ ကောင်းကင်၌ လွင့်မြောနေသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ သူ မချိပြုံး ပြုံးကာ ခေါင်းခါလိုက်မိ၏။
ဝှစ်... ဝှစ်...
တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင် အပါအဝင် မင်္ဂလာပွဲမှ ထွက်ပြေးရန် ကြိုးစားကြသူ အားလုံးမှာ မင်္ဂလာ ခန်းမအတွင်း ပြန်လည် ဆွဲခေါ်ခံလိုက်ရပြီ ဖြစ်သည်။
“နင်...”
ဝေ့ဝူယင်၏ လက်ထဲတွင် သတိလစ် မေ့လဲနေသည့် မင်ရှုဖုန်းကို တွေ့သော အခိုက်၌ လင်းကျိရန်၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်သွားသည်။
သို့သော်လည်း သွေးအလိမ်းလိမ်းနှင့် လုံချန်မှာမူ ဝေ့ဝူယင်ကိုရော လင်းကျိရန်ကိုပါ ဂရုမစိုက်အားချေ။ သူသည် မျက်တောင်တစ်ချက် မခပ်ပဲ ကောင်းကင်၌ လွင့်မြောနေသည့် ပုံရိပ်ကိုသာ မော့ကြည့်နေ၏။
“မင်းတို့တွေက ငါ့တိုင်းပြည်ကို ပွက်လောရိုက်အောင် လုပ်ပြီး ဒီအတိုင်း ထွက်ပြေးချင်ကြတာလား... မင်းတို့က ဝူမျိုးနွယ်၊ ဝူတိုင်းပြည်ကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နိုင်တဲ့ နေရာ ထင်နေတာလား”
ရာဇမာန်တို့နှင့် ပြည့်နှက်နေသည့် အသံတစ်ခုသည် လောကကို ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာ၏။ အကြောက်တရားများက ကြားရသူတိုင်း၏ နှလုံးသားများကို သိမ်းကြုံး လွှမ်းမိုးသွားသည်။
ပိုင်လင်သည် အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိ၏။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသည်။ ထိုအခိုက်၌ သူမသည် လောကကြီး တစ်ခုလုံးအား ထမ်းပိုးထားရသလို ခံစားနေရ၏။
တစ်ချိန်တည်း၌ စုမေ့၏ နှလုံးသားမှာလည်း တုန်ရီနေ၏။ လွတ်ခါနီးဆဲဆဲတွင် ထိုကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် ပြန်လည် ဆွဲခေါ်ခံရမည်ဟု သူမ ထင်မထားခဲ့ချေ။ အခြားလူများ ကဲ့သို့ပင် သူမ၏ မျက်လုံးများက ကောင်းကင်သို့ ရောက်ရှိသွားကာ ကြောက်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန် ကောင်းကင်၌ ရွှေရောင် ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် လေထုလွှာကို မြေပြင်အလား သဘောပိုက်ကာ ရပ်တည်နေ၏။ ထိုပုဂ္ဂိုလ်ကို လူဟု ခေါ်ဆိုနိုင်ပါမည်လော။ သူကား သက်ရှိအားလုံး၏ အင်ပါယာ အရှင် တစ်ပါး အလား အနှိုင်းမဲ့သော အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
လုံလောက်သည့် ကျင့်ကြံခြင်း အဆင့် ရှိသူများ သာလျှင် ထိုပုဂ္ဂိုလ်၏ အသွင်အပြင်ကို အရောင်အဝါများ အကြားမှ ဖြတ်သန်း တွေ့မြင်နိုင်သည်။ သူသည် အရပ်ရှည်ကာ သွယ်လျပြီး ဉာဏ်ပညာ၊ ပါးနပ် လိမ္မာမှု၊ နှိမ့်ချမှု၊ ထက်မြက်မှုတို့ကို ပိုင်ဆိုင်ရန် လုံလောက်သော လူလတ်ပိုင်း မျက်နှာကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်လုံးများမှာ ထူထဲကာ အားအင်များ ပြည့်ဝနေ၏။
သူ၏ မျက်လုံးများမှာမူ သီးသန့် အရောင်တစ်ခုဖြင့် တည်ရှိ မနေချေ။ အဆုံးမဲ့ ညပင်လယ်ကို တွေ့မြင်ရသည့် အလား တောက်ပမှု မှောင်မိုက်မှုတို့ အတိဖြင့် ပြီး၏။ သူကား အသက်လတ်ပိုင်း အရွယ်ဖြင့်ပင် အလွန် ချောမော ပြေပြစ်လွန်းသည်။
ဝေ့ဝူယင်နှင့် လုံချန်တို့ အပါအဝင် အားလုံးမှာ ကောင်းကင်ကို ငေးကြောင်ကာ ကြည့်နေခဲ့ကြ၏။ အကြောက်တရားမှာ သူတို့၏ ဝိညာဥ်နှင့် အသွေးအသားထဲတွင် ထိန်းမနိုင် သိမ်းမနိုင်အောင် ဖြစ်ပေါ်နေခဲ့သည်။ ထိုပုဂ္ဂိုလ်၏ တည်ရှိမှုကား မြင့်မားကာ ဝေးကွာလွန်းသည်။
သူ၏ အကြည့်များက လဲပြိုနေသည့် ဧကရာဇ်ဝူဆီသို့ ရွေ့လျားသွားသည်။ သူက တည်ငြိမ်စွာပင် အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ လှုပ်ရှားမှုက ပေါ့ပါးလှကာ ခွန်အားစိုက်ထုတ်သည့် အရိပ်အငွေ့ တစ်ချက်ပင် ပါမနေခဲ့ချေ။
ဝှစ်... ဝှစ်...
ဝိညာဥ် စွမ်းအင်များသည် သူ၏ လက်အိုးအတွင်းမှ စမ်းချောင်းတစ်ခု အလား စီးဆင်းသွားကာ ဧကရာဇ်ဝူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်သွားကြ၏။ အားလုံး၏ အကြည့်များ အောက်တွင်ပင် ဧကရာဇ်ဝူ၏ အသက်စွမ်းအင်များမှာ လျှင်မြန်စွာ ပြန်လည် မြင့်တက်လာကာ ကိုယ်ရောင် ကိုယ်ဝါ ဖျော့ဖျော့ကိုပင် ပြန်လည် ထုတ်လွှတ်လာသည်။
“အဟွတ်... အဟွတ်...”
ဧကရာဇ်ဝူထံမှ ပြင်းပြသော ချောင်းဆိုးသံ တစ်ချို့ ထွက်ပေါ်လာ၏။ သူသည် နာကျင်မှုများကို ခံစားနေရဆဲ ဖြစ်သည့်တိုင် အနည်းဆုံးတော့ သူ အသက်ရှင်ခဲ့ပြီ ဖြစ်သည်။ အခြားလူများ ကြည့်နေစဥ်မှာပင် ဧကရာဇ်ဝူ၏ ဝိညာဥ်ချီမှာ ပြန်လည် လည်ပတ်လာ၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာလည်း အသက်ရှူလိုက်တိုင်း၌ အရှိန်အဟုန်နှင် အတူ ပြန်လည် တိုးပွားလာနေခဲ့သည်။
ဝှစ်...
ရွှေရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်သည် ကောင်းကင်မှ ညင်သာစွာပင် ဆင်းသက်လာ၏။ သူ့အတွက် ကောင်းကင်နှင့် မြေကြီးက အတားအဆီး မရှိသလိုပင်။
နတ်ဘုရားတစ်ပါး အလား ခန့်ညားထည်ဝါလှသည့် ထိုပုဂ္ဂိုလ်ကို ကြည့်ရင်း ရင်ဆိုင် တိုက်ခိုက်ရန် အခွင့်အရေး မရှိကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ သို့သော်လည်း ဤပဋိပက္ခတွင် မင်ရှုဖုန်းကို ပြန်ပေးဆွဲခဲ့ခြင်းမှ တစ်ပါး၊ ကြားနေလူ တစ်ယောက် အနေဖြင့်သာ ရပ်တည်ခဲ့ရာ မျှော်လင့်ချက် ရေးရေးက သူ၏ စိတ်တွင် ပြန်လည် ပေါ်လာခဲ့သည်။
ထိုအခိုက်တွင်ပင် ဧကရာဇ်ဝူသည် ပြန်လည် မတ်တပ်ရပ် လာနိုင်ခဲ့၏။ သူ၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်ရွှမ်းနေ၏။ နှစ်ရာချီ အသက်ရှင်ခဲ့သော ဧကရာဇ် တစ်ပါး အနေဖြင့် အဘယ်ကြောင့် လူငယ်တစ်ယောက်ထံတွင် ရှုံးနိမ့်ရသနည်း။
သို့သော်လည်း သူ့အား ကြည့်နေသည့် ရွှေရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်ကို တွေ့သော အခိုက်၌ သူ၏ မျက်လုံးထဲမှ ဒေါသများမှာ လေးစားခြင်းနှင့် ကြောက်ရွံခြင်းများ အဖြစ် ပြောင်းလဲသွား၏။
“အဘိုး...”
သူက ချက်ချင်းပင် ဒူးထောက်ကာ နှုတ်ဆက်လိုက်၏။
လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ရွှေရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ် မည်သူ ဖြစ်ကြောင်း ဆက်စပ် ခန့်မှန်းလိုက်နိုင်ကြသည်။ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်လှသော အာမေဍိတ်သံ မျိုးစုံမှာ သူတို့၏ နှုတ်ဖျားများမှ နေ၍ ထွက်ပေါ်လာ၏။
ဧကရာဇ်ဝူ၏ အဘိုးကား ဝူတိုင်းပြည်၏ မီးရှူးတန်ဆောင် တစ်ဖြည်လည်း တစ်ဦးတည်းသော ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ကြယ်တာရာ ဧကရာဇ်ဝူပင် ဖြစ်လေသည်။ သူကား ကြယ်တာရာ ကုန်းမြေကြီး တစ်ခုလုံးတွင်ပင် ထိပ်တန်း အဆင့်၌ ရပ်တည်နေနိုင်သည့် စစ်မှန်သော စွမ်းအားရှင် တစ်ဦး ဖြစ်ပေသည်။
ဝူကျိုး...
ထိုနာမည်သည် ခေတ်သစ်တစ်ခုကို စတင်စေခဲ့သည်။ ဂုဏ်သိက္ခာ ကြီးမားလှသော ဝူတိုင်းပြည်ကြီးကို ဖြစ်တည်စေခဲ့သည်။ ဝူတိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းသူပြည်သား အားလုံးမှာ ထိုနာမည်အား ရိုသေညွှတ်တွားကြရပေသည်။
ဝူကျိုးသည် မြေးဖြစ်သူ ဝူယုအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“မင်းက ဘုရင်တစ်ပါး ဖြစ်ဖို့တောင် ထိုက်တန်သေးရဲ့လား...”
ဧကရာဇ်ဝူမှာ ချွေးစေးများ ပျံလာကာ နဖူးနှင့် ကြမ်းပြင်အား အကြိမ်ကြိမ် တိုက်လိုက်၏။
“အဘိုး... ကျွန်တော် ဘာမှားလဲ ကျွန်တော် သိပါတယ်... ကျွန်တော့်ကို အပြစ်ပေးပါ”
တစ်ခဏအတွင်းမှာပင် ကြီးမြတ်လှသော ဧကရာဇ်ဝူကား အမှားဝန်ခံကာ သနားကြင်နာမှုနှင့် ညှာတာမှုကို တောင်းခံရသည့် မြေးမြစ်လေး တစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ကြမ်းပြင်နှင့် အကြိမ်ကြိမ် အရှိန်ပြင်းစွာ ထိတွေ့မှုကြောင့် ဝူယု၏ နဖူးတွင် သွေးများ စီးကျလာနေခဲ့ပြီ ဖြစ်၏။
သို့သော်လည်း ဝူကျိုးမှာ ဧကရာဇ်ဝူကို တားဆီးခြင်း မပြုသလို၊ မည်သည့် တုန့်ပြန်မှုမှ မပြုချေ။ ထို့အစား သူ၏ မျက်လုံးများက ခန်းမအတွင်းရှိ လူများထံသို့ ရွေ့လျားသွားသည်။ လုံချန်အား တွေ့မြင်သော အခိုက်၌ စိတ်ဝင်စားမှု အချို့က သူ၏ အကြည့်များထဲတွင် ပေါ်လာခဲ့၏။
“ဝိညာဥ် နှစ်ခု... ဓားနဲ့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်...”
ပွင့်ပွင့်လင်းလင်းပင် မှတ်ချက်ချပြီးနောက် သူ၏ အကြည့်များက ဝေ့ဝူယင်ဆီ ရွေ့လျားသွားသည်။ ရုတ်ချည်းပင် ဝိညာဥ်အာရုံ တစ်ခုက လျှို့ဝှက်ချက် အားလုံးကို နှိုက်ထုတ်ရန် ကြိုးစားနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သို့သော်လည်း အလိုအလျောက်ပင် သူ၏ နဂါးသွေး မျိုးဆက်သည် ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကျက်သွားကာ အရာအားလုံးကို ဖုံးအုပ်လိုက်၏။
ဝေ့ဝူယင်၏ အပေါ်ယံကိုသာ တွေ့မြင်လိုက်ရသည့်တိုင် ဝူကျိုး၏ မျက်ဝန်း၌ အံ့အားသင့်ခြင်း အရိပ်အငွေ့ အချို့ ဖြစ်ပေါ်လာသည်။
“ဆေဘာ ရည်ရွယ်ချက်ကို နားလည်ထားတဲ့ အပြင် ခန္ဓာကိုယ်ကိုပါ မြင့်မားတဲ့ အဆင့် တစ်ခု အထိ ရောက်အောင် သန့်စင်ထားတယ်... အဲဒါက ငါ့ခန္ဓာကိုယ် ထက်တောင်...”
သူက စကားကို အဆုံးထိ ရောက်အောင် မပြောပဲ ရပ်လိုက်၏။ သို့သော်လည်း ထိုတစ်ဝက်တစ်ပျက် စကားလုံးများကပင် ဝေ့ဝူယင်အား လူအားလုံး၏ အာရုံစိုက်စရာ အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။
ရည်ရွယ်ချက် တစ်ခုအား ပေါက်မြောက် နားလည်သူတိုင်းမှာ ခေတ်တစ်ခေတ်၏ ပါရမီရှင်များ ဖြစ်လာကြသည်။ သူတို့သည် ကျင့်ကြံခြင်း အလွှာ၏ ကန့်သတ်ချက်များကိုပင် ကျော်လွန်နိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်ပင် မနှိုင်းယှဥ်နိုင်သည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားခြင်းကမူ ထိုထက် အဆများစွာ ပိုမိုလှပေသည်။
သို့သော်လည်း တစ်ခါတစ်ရံ၌ မြင့်မားသော အရည်အချင်းကို ပိုင်ဆိုင်ထားခြင်းက အန္တရာယ်များကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပေသည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ်ကြည့်ရင်း ဝူကျိုး၏ မျက်လုံးများက အရောင်ပြောင်းလဲ သွားခဲ့၏။
“ငါသာ မမှားရင် မင်းဆီမှာ ...”
***