ဝူကျိုး၏ သင်ပြမှု
Vol. 10 Ch. 135
ဝေ့ဝူယင်မှာ ထပ်မံ တုန့်တိုင်းမနေတော့ချေ။ သူ လျှင်မြန်စွာပင် လက်တစ်ဖက်အား ဝှေ့ယမ်းရင်း မြူစက်လုံး တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုမြူစက်လုံးထဲတွင် အရောင်မျိုးစုံ ရောယှဥ်နေသည့် မှော်ဆေးလုံးများ ပါဝင်နေ၏။
ထိုအရာကား သူ ယူဆောင်လာခဲ့သည့် ပထမ အစီအစဥ်ပင် ဖြစ်သည်။ မြူစက်လုံးသည် တစ်ခဏ အတွင်းမှာပင် အခြား ဝေ့ဝူယင် တစ်ယောက် အဖြစ် ပြောင်းလဲသွား၏။
ဝူကျိုးမှာ ဝေ့ဝူယင်၏ ကိုယ်ပွားကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။
“မင်းက ကိုယ်ပွားထဲမှာ မှော်ဆေးလုံးတွေ မြှုပ်ထားတယ်ပေါ့... အဲဒါက မင်းရဲ့ အသက်ကယ် ဝှက်ဖဲလား”
ဝေ့ဝူယင်က အကြောက်အလန့် ကင်းမဲ့စွာပင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ခင်ဗျား တစ်ချက် လှုပ်ရှားတာနဲ့ မှော်ဆေးလုံးတွေထဲမှာ ပါတဲ့ စွမ်းအင်တွေ အကုန်လုံးကို ကျုပ်ဖောက်ခွဲပစ်မယ်... ဒီနေရာမှာရှိတဲ့ လူတိုင်း သေရမယ်.. ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့ အဓိက ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး”
ဝူကျိုးမှာ သဘောကျဟန် အနည်းငယ် ရယ်မောလိုက်၏။
“ကောင်လေး... ငါက ကြယ်တာရာ အမြုတေ အဆင့်ဆိုတာ မင်းမေ့နေတာလား... ငါဆန္ဒရှိရင် ဒီနေရာမှာ ရှိတဲ့ လူတိုင်းကို အပြင်ကို ခေါ်ထုတ်သွားလို့ရတယ်”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်သည်။ ထို့နောက် သူက ဝူကျိုးကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။
“ခင်ဗျား မှားသွားပြီ...”
“ဘာကိုလဲ...”
ဝူကျိုး၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။
“ကျုပ်ပြောတဲ့ ဒီနေရာ ဆိုတာ ဒီမင်္ဂလာ ခန်းမ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူး... တစ်မြို့လုံး... ပိုပြီး တိတိကျကျ ပြောရရင် ကောင်းကင်ဝူမြို့တော် တစ်ခုလုံးကို ဆိုလိုတာ”
ဝေ့ဝူယင်က ပြုံးလိုက်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ကိုယ်ပွား အတွင်းရှိ ဆေးလုံးများမှာ စတင် တုန်ခါလာကာ တောက်ပသော အရောင်အဝါများကို စတင်ကာ ထုတ်လွှတ်လာကြလေ၏။
“အဆင့်ခုနစ် မှော်ဆေးလုံးတွေ...”
ဝူကျိုး၏ အမူအရာက ပြောင်းလဲသွား၏။ အဆင့်ခုနစ်ဆေးလုံးများကား ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ အတွက်ပင် အကျိုးရှိသည့် ဆေးလုံးများ ဖြစ်သည်။ အကယ်၍ ယင်းတို့သာ ပေါက်ကွဲပါက ကောင်းကင်ဝူ ကဲ့သို့သော မြို့တော် တစ်ခုမှာ သံသယ ရှိစရာ မလိုလောက်အောင်ပင် ပျောက်ကွယ်သွားရလိမ့်မည် ဖြစ်သည်။
ဝူကျိုးမှာ တိတ်တဆိတ်ပင် စဥ်းစားနေ၏။
“အဘိုး...”
ဧကရာဇ်ဝူက မဝံ့မရဲဖြင့် ခေါ်လိုက်၏။ အမှန်အတိုင်းဆိုရလျှင် ဝေ့ဝူယင် မည်သူ ဖြစ်သည်ကိုပင် သူ မသိချေ။ သူ ဝူချန်းကို မုန်းသည်။ လုံချန်ကို မုန်းသည်။ သူ၏ တော်ဝင် အင်ပါယာကို တိုက်ခိုက်ခဲ့သည့် လူအားလုံးကို မုန်းသည်။ သို့သော်လည်း ဝေ့ဝူယင်မှာမူ အစမှ အဆုံးအထိ တစ်စက်ပင် ဝင်မပါခဲ့။ သူက မိန်းမ တစ်ယောက်ကို ဖမ်းဆီးပြီး ထွက်ပြေးခဲ့ရုံသာ ဖြစ်သည်။
သူ့အမြင်အရဆိုလျှင် ဝေ့ဝူယင်၏ အပြစ်က ပြောလောက်စရာ ဘာမှ မရှိချေ။ အကယ်၍ သူ၏ လျှို့ဝှက်ချက်များကို စိတ်ဝင်စား လျှင်ပင် ထိုအရာက ကောင်းကင်ဝူ မြို့တော်လောက်တော့ တန်ဖိုးရှိလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ ထိုလူငယ်ကို လွှတ်ပေးလိုက်သည်ကသာ အကောင်းဆုံး ဖြစ်သည်။
သို့သော်လည်း ဝူကျိုးက ဧကရာဇ်ဝူ၏ အမြင်ကို ဂရုမစိုက်သလို တစ်ချက်ပင်လှည့်ပင် မကြည့်ချေ။ ထို့အစား သူက လေထဲတွင် ရပ်ရင်း သဘောကျစွာ ပြုံးလိုက်၏။
“မျက်ကန်း တစ္ဆေမကြောက်ဘူး ဆိုတဲ့ စကားက တကယ်မှန်တာပဲ... ကလေး... မင်း ကြယ်တာရာ အမြုတေ အလွှာကို သိရော သိရဲ့လား”
ဝူကျိုးက ဝေ့ဝူယင်ကို မေးခွန်းထုတ်လိုက်သည်။ သူ၏ စကားလုံးများမှာ လူတိုင်း၏ နားစည်များ အတွင်း ပဲ့တင်ထပ်ကာ ဝင်ရောက်လာ၏။ သူမ၏ အမူအရာက ညင်သာနေကာ တစ်ကမ္ဘာလုံးကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်သလိုပင်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူသည် ကလေးဟု အခေါ်ခံရခြင်းကို မနှစ်သက်ချေ။ သို့သော်လည်း ဝူကျိုးမှာ အသက်ထောင်ချီ သို့မဟုတ် ထိုထက်ပင် ပိုကြီးနိုင်ကြောင်း တွေးမိသွားကာ ထိုအရာကို လက်ခံလိုက်သည်။ သူသည် မောက်မာကာ မာနကြီးသူ တစ်ယောက်ဖြစ်သော်လည်း စီနီယာနှင့် ဂျူနီယာများ အကြား၌ ထားရှိသင့်သည့် ကျင့်ဝတ်မျိုးကို နားလည်ပေသည်။
“ကျုပ်ကို ဉာဏ်အလင်းပြပေးပါဦး”
ဝေ့ဝူယင်က အေးစက်စွာပင် တုန့်ပြန်လိုက်၏။
ပတ်ဝန်းကျင်ရှိ လူထုမှာ တိတ်ဆိတ် ငြိမ်သက်သွားကြသည်။ ဝူကျိုးအား မော့ကြည့်ရင်း သိလိုစိတ်များက သူတို့၏ မျက်ဝန်းများတွင် မွေးဖွားလာ၏။ ရေငတ်သော အချိန်၌ မည်သူ့ ရေတွင်း ဖြစ်သည်က အရေးမပါတော့ချေ။ အရိုးသားဆုံး ဝန်ခံရလျှင် ကြယ်တာရာ အမြုတေ အလွှာမှာ သူတို့ အားလုံးအတွက် ဤတစ်သက် အလှမ်းမမှီနိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။ ဤနေရာမှ အသက်ရှင်လွတ်မြောက်နိုင်ခဲ့ပါက ထိုဗဟုသုတက အဆုံးမဲ့ အကျိုးကျေးဇူးများကို သူတို့ အတွက် ဆောင်ကျဥ်းပေးလာလိမ့်မည် ဖြစ်သည်။
“ကောင်းပြီလေ... ဒါဆိုလည်း ငါပြောပြမယ်”
ဝူကျိုး၏ မောက်မာကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် အမူအရာက ဝါ၊သဘာတို့နှင့် ပြည့်စုံသော ပါမောက္ခအိုကြီး တစ်ဦးအလား တည်ကြည် အနည်ထိုင်သွား၏။
“ကြယ်တာရာ အမြုတေ အလွှာကို နားလည်ဖို့ဆိုရင် အရင်ဆုံး ချီပျစ်ခဲခြင်း အလွှာကို နားလည်ဖို့ လိုအပ်တယ်”
ထိုဟောပြောချက် နောက်ကွယ်၍ အကြောင်းပြချက်များ ရှိလိမ့်မည် ဖြစ်ကြောင်း သိသော်လည်း ဝေ့ဝူယင် တားဆီးခြင်း မပြုခဲ့ချေ။ ငြိမ်သက်စွာပင် နားထောင်ရန် ဆုံးဖြတ်လိုက်၏။ သူ မသိသည့် ကျင့်ကြံခြင်း နယ်ပယ် တစ်ခုအကြောင်း နားထောင်ရခြင်းက တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ တစ်ခုပင် ဖြစ်သည်။ ထို့အပြင် သူ့တွင်လည်း သီးခြား အစီအစဥ်တစ်ခု ရှိနေသေး၏။
“ချီဆိုတာက လျှို့ဝှက်ဆန်းပြားတဲ့ လောကုတ္တရာ စွမ်းအင်တစ်ခုပေါ့.. ချီကို အမြုတေ လေးခု ဖြစ်တဲ့ စိတ်၊ ရုပ်၊ အမတေနဲ့ ဝိညာဥ်တို့ကနေ ပေါင်းစပ်ဖန်တီးထားတယ်...”
“အဲဒီ အထဲမှာမှ အရေးကြီးဆုံးက အမတေပဲ... အဲဒီ အမတေ မရှိရင် ဘယ်လိုမှ ကျင့်ကြံခြင်း အမှုကို ပြုနိုင်ကြတော့မှာ မဟုတ်ဘူး... အဲဒီ အမတေကို သုံးပြီးတော့ပဲ ငါတို့ဟာ စိတ်၊ ရုပ်နဲ့ ဝိညာဥ်တွေကို ပိုသန်စွမ်းလာအောင် ကျင့်ကြံကြရတယ်”
“ချီပျစ်ခဲခြင်းရဲ့ ပထမဆုံး အဆင့်က အဲဒီ လောကုတ္တရာ စွမ်းအင်ကို ဖန်တီးတာပဲ...”
သူသည် ချီပျစ်ခဲခြငး အလွှာ၏ အဆင့်များ အကြောင်းကို အသေးစိတ်ကျကျ ရှင်းလင်း ပြောပြနေခဲ့၏။ ပရိတ်သတ်များထဲ၌ ထိုအဆင့်များကို ရောက်ခဲ့ပြီးသူများစွာ ပါရှိသည့်တိုင် မည်သူမျှ ဝူကျိုး၏ စကားများကို မလျစ်လျူရဲကြချေ။ အတွေးအခေါ်သစ်များ၊ ရှုဒေါင့်သစ်များကို ခံစားမိကြသဖြင့် သူတို့၏ မျက်လုံးများမှာ ဉာဏ်အလင်းများဖြင့် ပြည့်ဝလာခဲ့၏။ အချို့ဆိုလျှင် ကာလရှည်ကြာစွာ ပဟေဠိ ဖြစ်နေခဲ့သည့် ပုစ္ဆာများကို ဖြေရှင်းနိုင်ခဲ့သောကြောင့် စိတ်သက်သာရာ ရသွားသည့် ခံစားချက်များပင် ဖြစ်ပေါ်နေကြသည်။
“... ချီပျစ်ခဲခြင်း အဆင့်ခြောက်ကိုတော့ မင်းတို့အထဲက အတော်များများလည်း ရောက်ရှိနေကြပြီးပါပြီ... ဒါပေမဲ့ ယင်နဲ့ ယန်စွမ်းအင်တွေကို ဘာလို့ ပူးပေါင်းဖို့ လိုအပ်တယ်ဆိုတာ မင်းတို့ သိရဲ့လား”
လူကျိုးက ပရိသတ်ကို မေးလိုက်၏။
နတ်ဘုရား ဧကရာဇ် အဆင့် မိန်းကလေးက သူမ၏ ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ဝင်ရောက် ပြောဆိုလိုက်သည်။
“သမုဒ္ဒရာတွေ၊ တောင်တန်းတွေ၊ လေထုတွေ၊ မြေပြင်တွေ အပါအဝင် ကျွန်မတို့ ရပ်တည်နေတဲ့ ကမ္ဘာကြီးပေါ်မှာ ရှိတဲ့ အရာအားလုံးကို ယင်ယန် စွမ်းအင်တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ်... အဲဒါကြောင့်ပဲ ပြီးပြည့်စုံတဲ့ ဖြစ်တည်မှု တစ်ခု စွမ်းအားတစ်ခု ဖြစ်ဖို့ ယင်နဲ့ယန်ကို ပေါင်းစပ်ဖို့ လိုအပ်ပါတယ်”
သူမ၏ စကားကို နားထောင်ရင်း များစွာသော လူများ၏ မျက်လုံးများထဲတွင် လက်မခံနိုင်မှုများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူတို့သည် နတ်ဘုရား ဧကရာဇ် တစ်ပါးနှင့် ဖက်၍ ငြင်းဆိုရန် အတွက်မူ ဝန်လေး နေကြ၏။
လုံချန်က ခေါင်းခါလိုက်သည်။
“မူလစွမ်းအင်ကို ပြန်သွားခြင်းလို့ ကျုပ်ထင်တယ်... ယန်နဲ့ယန်ဆိုတာ အစောတည်းက နှစ်ခုမဟုတ်ဘူး... တစ်ခုတည်းပဲ... ပေါင်းစပ်ခြင်း မဟုတ်ဘူး... ပြန်လည် ပေါင်းစည်းပေးခြင်းပဲ”
ထို့နောက် အခြားသော နတ်ဘုရား အရှင်များကလည်း သူတို့ ထင်မြင်သည့် အဖြေများကို ဝင်ရောက် ဆွေးနွေးကြသည်။ သို့သော်လည်း စကားပြောခဲ့သူ ဆယ့်နှစ်ယောက်စလုံးတွင် တူညီသည့် အမြင်ရှိသူ ဟူ၍ တစ်ယောက်မှ မပါရှိခဲ့ချေ။
ဝူကျိုးက ပြုံးလိုက်၏။
“မက်တို့အားလုံး မှန်ပါတယ်”
“မှန်တယ်... ဘယ်လိုလဲ”
လူအုပ်ကြီးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့အားလုံး မှန်သည်ဟု ဆိုသည်။ သို့သော်လည်း... မည်ကဲ့သို့နည်း။ အချို့က ရေအကြောင်းပြောသည်။ အချို့က ကောင်းကင်အကြောင်း ပြောသည်။ အချို့က အသံလှိုင်းများ အကြောင်း ပြောသည်။ သူတို့၏ အဖြေများမှာ နီးနီးစပ်စပ်ပင် မတူကြချေ။
“မင်းတို့အားလုံး အဆင့်ခြောက်ကို ရောက်ခဲ့တယ်... အဲဒီ အတွက် မင်းတို့အားလုံး မှန်ကြပါတယ်”
ဝူကျိုးက ပြောလိုက်သည်။
ဝေ့ဝူယင် ပြုံးကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူတို့အားလုံးမှာ ထိုအဆင့်ကို ခြေချခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ မည်ကဲ့သို့ မမှန်ရမည်နည်း။
“မင်းတို့ အားလုံးရဲ့ နားလည်မှုတွေ မှန်တယ်... မှန်လို့ပဲ မင်းတို့အားလုံး မှားသော အမှန်အဆင့်ကို ရောက်ရှိခဲ့ကြတာပေါ့... မင်းတို့ ခေါင်းစဥ်တပ်ထားတဲ့ စကားလုံးလေးတွေ ကွဲသွားရုံတင်ပါပဲ... ဒါပေမဲ့ ငါ့အဆင့်ကို ရောက်လာတဲ့ လူတွေကတော့ အဲဒါကို မာနာလို့ပဲ ခေါ်ကြတော့တယ်”
မန်နာ...
ထိုနာမည်က ခေါင်းလောင်းများ ကဲ့သို့ လူတိုင်း၏ စိတ်နှလုံးကို ပဲ့တင်ထပ်ကာ မြည်ဟည်းသွား၏။ အဓိပ္ပာယ်ကို နားမလည်သည့်တိုင် ထိုအရာက အမှန်တကယ် ဖြစ်သည်ဆိုသော ခံစားချက် တစ်ခုက သူတို့အတွက် သေချာနေခဲ့သည်။
ဝုန်း...
ရုတ်ချည်းပင် ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံခြင်း အခြေခံရှိသည့် အင်ပါယာ အစောင့်တပ်သား တစ်ဦးမှာ လျှပ်စီးလက် သကဲ့သို့ ဖြစ်သွားကာ မှားသောအမှန်အဆင့် ကူးပြောင်းခြင်း ဖြစ်စဥ်ကို စတင် ထုတ်လွှတ်လာသည်။ အဆုံးမဲ့သော အလင်းတန်းများနှင့် ယင်ယန် စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံကာ ဖြာထွက်လာ၏။
လူတိုင်းမှာ အင်ပါယာ အစောင့်ကို ကြည့်ကာ မယုံကြည်နိုင်ခြင်းများအား ခံစားလိုက်ကြရသည်။ နာမည် တစ်ခုတည်းက ပင်လျှင် သူ့အား အဆင့်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့လေသည်။
သတိထားစရာ တစ်ခုကား ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် သေမျိုး နတ်ဘုရား အရေအတွက်မှာ တစ်ထောင်ခန့်သာ ရှိသည်။ ထိုမျှ လွယ်လွယ်ကူကူဖြင့် သေမျိုး နတ်ဘုရား တစ်ပါး ထပ်မံ မွေးဖွားလာခြင်းကို မည်သူက မတုန်လှုပ်ပဲ နေနိုင်ပါမည်နည်း။
***