← Chapters

ဝူကျိုး၏ သင်ပြမှု

Vol. 10 Ch. 136

ဝူကျိုး၏ သင်ပြမှု

Vol. 10 Ch. 136

“မန်နာ...”

ဝေ့ဝူယင် ထိုအမည်ကို လိုက်လံ ရေရွတ်လိုက်၏။ ဝူကျိုးက သူ့အား ကြည့်ရင်း ပြုံးလိုက်သည်။

“အဆင့်ခုနစ်မှာတော့ မင်းတို့ဟာ စုပ်ယူထားတဲ့ မန်နာတွေကို ပြည့်စုံတဲ့ အဆင့်တစ်ခု အထိ ရောက်သွားအောင် သန့်စင်ကြရတယ်... အဲဒီ အဆင့်ကို မြင့်မြတ်သောချီ အဆင့်လို့ ခေါ်ကြတယ်”

ဝူကျိုးက သူ၏ စကားများကို လူအများ သဘောပေါက်သည့် အချိန်အထိ စောင့်ဆိုင်းနေခဲ့သည်။ သူ မိတ်ဆက်ပေးလိုက်သည့် မန်နာ ဟူသော အယူအဆမှာ အံ့မခန်း ကြီးကျယ်လှသည်။ ထို့ကြောင့်ပင် သာမန် ပါရမီရှိသူများ အနေဖြင့် ၎င်းတို့၏ အတွေးများကို အပြည့်အဝ ချိတ်ဆက်ရန် အချိန် အနည်းငယ် လိုအပ်လိမ့်မည် ဖြစ်သည်။

ထိုအချိန်၌ ပရိသတ်အတွင်းရှိ များစွာသော လူများမှာ ဉာဏ်အလင်း လွှမ်းမိုးနေသည့် အခြေအနေများ အတွင်း ကျရောက်နေကြသည်။ စုမေ့သည် တရားထိုင်နေကာ ပိုင်လင်၏ မျက်လုံးများမှာ ဗလာထည် ဖြစ်နေခဲ့၏။ မန်နာ ဆိုသော နာမည်သည် စကြဝဠာနှင့် ကောင်းကင်ဆိုင်ရာ အမှန်တရား တစ်ခုကို ဆွဲကိုင်ထားသည်။ ၎င်းသည် အက္ခရာ နှစ်လုံးတည်းဖြင့် ဖွဲ့စည်းထားသည့်တိုင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် များစွာသော အဓိပ္ပာယ်များ ပါဝင်နေ၏။

“ဝိညာဥ် ဆက်သွယ်ခြင်း ဆိုတဲ့ အဆင့်ရှစ်ကတော့ နာမည်အတိုင်းပဲ ဖြစ်တယ်... ချီဟာ အမြင့်မြတ်ဆုံး အဆင့်ကို ရောက်လာတဲ့အခါမှာ အမြုတေထဲမှာ ရှိတဲ့ ဝိညာဥ်နဲ့ ဆက်သွယ်လာနိုင်ကြတယ်... ဝိညာဥ်နဲ့ ချီတို့ ပေါင်းစပ်သွားတဲ့ အချိန်မှာ ချီဟာ ဒုတိယ ဝိညာဥ် တစ်ခု အဖြစ် အသွင်ပြောင်း သွားခဲ့တယ်.. ကျင့်ကြံခြင်း လောကကမှာ အဲဒါကို ဇာတိ ဝိညာဥ်လို့ ခေါ်ဆိုကြတယ်”

ဇာတိဝိညာဥ်...

ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပနေ၏။ သူသည် ကောင်းကင် နှလုံးသား ချီနည်းလမ်းကို ကျင့်ကြံခဲ့ပြီး တစ်ချိန်တည်း၌ သူ၏ ဝိညာဥ်များမှာ အဘယ်ကြောင့် ထိုမျှ ဉာဏ်ရည်ထက်မြက်သည်ကို သိလိုနေခဲ့သည်။ ယခုတွင်မူ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ ဝိညာဥ်များမှာ အစစ်အမှန် ဝိညာဥ်များ၊ သို့မဟုတ် ဒုတိယ ဝိညာဥ်များ အဖြစ် ဖွံ့ဖြိုးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူတော်စင်တို့၏ နယ်ပယ်မှာ ဝိညာဥ်ကို ကျင့်ကြံသည့် နယ်ပယ် တစ်ခုဟု ဆိုသည်။ အစစ်အမှန်  အပြစ်သား ဝိညာဥ် အကြောင်း အချက်အလက်များမှာ ဝေ့ဝူယင်၏ စိတ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာ၏။

၎င်းသည် ကမ္မ အပြစ်ကို ပင်မ ဝိညာဥ် အတွက် အာဟာရ အဖြစ် စုပ်ယူနိုင်ကြောင်း ဖော်ပြထားသည်။ ထိုနည်းလမ်းက ဝိညာဥ်များ အတွက် ရည်ရွယ်ချင်းမျိုး ဖြစ်နိုင်ပါသလော။ မေးခွန်းက ခေါင်းအတွင်း ဝင်ရောက်လာသည်နှင့် အတွေးများမှာ ပိုမို ကျယ်ပြန့်လာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။

ကမ္ဘာလောကကြီးအား အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှသည်။

“မင်းတို့ရဲ့ ဇာတိဝိညာဥ်က မွေးဖွားလာပြီ ဆိုပါစို့... အခု အဆင့်ကိုးနဲ့ နောက်ဆုံး အဆင့်ကို သွားကြမယ်... အမတေကို စုပ်ယူခြင်အားဖြင့် မင်းတို့ရဲ့ ဇာတိဝိညာဥ်ဟာ မန်နာကြိုးတွေရဲ့ ဖုံးလွှမ်းထားတဲ့ ပြိုင်ဘက်ကင်း ပုံစံတစ်ခုကို သန့်စင်ကြရတယ်... ကျင့်ကြံခြင်း လောကမှာတော့ အဲဒါကို ချီအမတေလို့ ခေါ်ကြတယ်”

“သင့်စင်ပြီး ရရှိလာတဲ့ ချီအမတေ အရေအတွက်ပေါ် မူတည်ပြီး မင်းတို့ရဲ့ ချီနဲ့ အသွင်ပြောင်းခြင်းက ကွဲပြားသွားတယ်... အဲဒီ အရေအတွက်ကပဲ မင်းတို့ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်နိုင် မရောက်နိုင် ဆုံးဖြတ်ပေးနိုင်တယ်”

"ချီအမတေ ဆယ့်တစ်ခုနဲ့ အသွင်ပြောင်းခြင်းကို သေမျိုး အဆင့်တစ်လို့ ခေါ်တယ်... နှစ်ဆယ့် နှစ်ခုနဲ့ အသွင်ပြောင်းခြင်းကတော့ သေမျိုး အဆင့်နှစ်ပေါ့... သုံးဆယ့် သုံးခုနဲ့ အသွင်ပြောင်းနိုင်ရင် သေမျိုး အဆင့်သုံးလို့ သတ်မှတ်ကြတယ်”

“... သေမျိုး အဆင့်ကိုးမှာတော့ ချီအမတေ ကိုးဆယ့်ကိုးခု ပါဝင်နေတယ်... ဒါပေမဲ့ အဲဒါက အဆုံးသတ် မဟုတ်သေးဘူး... မင်းတို့ရဲ့ ဇာတိဝိညာဥ်က ချီအမတေ ကိုးဆယ့်ကိုးခုကို သန့်စင်နိုင်ပြီးတဲ့ နောက်မှာ မင်းတို့သာ ထပ်ပြီး ဆန္ဒရှိသေးရင် မန်နာ အမတေ တစ်ခုကို ထပ်ပြီး ဖန်တီးလို့ ရတယ်... အဲဒီအခါကျရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းက ချီပျစ်ခဲခြင်းရဲ့ အပြည့်စုံဆုံး အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်... အဲဒီ အဆင့်ကို သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်လို့ ခေါ်ဆိုတယ်”

ဝူကျိုး၏ မျက်လုံးများက တမ်းတ လွမ်းဆွတ်မှုများနှင့် ပြည့်စုံသွားသည်။ ထိုအထဲတွင် နောင်တရခြင်း အငွေ့အသက်များမှာ မထင်မရှား နေရာယူနေခဲ့၏။

“သေမျိုး အဆင့်လေးထက် နိမ့်ကျတဲ့ လူတွေကတော့ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိဖို့ လုံးဝ အခွင့်အရေး မရှိကြဘူး”

ထိုစကားအား နားထောင်ရင်း မိန်းမငယ်လေး၏ မျက်လုံးများက စိတ်ဓာတ်ကျခြင်းများနှင့် ပြည့်နှက်သွားသည်။ သူမက အလျင်စလိုပင် မေးလိုက်၏။

“အဆင့်ကိုးကို တက်လှမ်းပြီးရင်ရော အဲဒီ သေမျိုး အဆင့်တွေကို ပြောင်းလဲလို့ ရလား”

ဝူကျိုးမှာ အချိန်အတန်ကြာအောင် မျက်မှောင်ကြုတ် နေခဲ့၏။ ပါ့ချန်း၊ ဧကရာဇ်ဝူနှင့် မိန်းမငယ်လေးတို့၏ နှလုံး ခုန်သံများက အမြင့်ဆုံး အထိရောက်အောင် ကျယ်လောင်လာခဲ့ကြသည်။ အကယ်၍ ထိုအဆင့်များကို မပြောင်းလဲနိုင်ဆိုပါက သူတို့ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိရန် ဤတစ်သက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။ သူတို့အားလုံးမှာ သေမျိုး အဆင့်လေးထက် ပို၍ နိမ့်ကျကြသူများ ဖြစ်ပေသည်။

ဝူကျိုး၏ မျက်လုံးများမှာ မှုန်မှိုင်းသွား၏။ သို့သော်လည်း သူက ခေါင်းညိတ်ကာ စကားတစ်ခွန်းကို ပြောလိုက်သည်။

“ရနိုင်ပါတယ်”

နတ်ဘုရား ဧကရာဇ် သုံးပါးမှာ ပြိုင်တူ သက်ပြင်းချ လိုက်မိကြသည်။ သို့သော်လည်း ဧကရာဇ်ဝူ၏ အမူအရာက အနည်းငယ် တစ်မျိုး ဖြစ်နေ၏။ အဘိုးဖြစ်သူမှာ အဘယ်ကြောင့် ထိုကဲ့သို့ အရေးကြီးသည့် အ‌ကြောင်းအရာများကို အစောကတည်းက မပြောပြခဲ့သနည်း။ အဘယ်ကြောင့် လုံလောက်သည့် ချီအမတေ မရှိပဲ နတ်ဘုရား ဧကရာဇ် အဆင့်ကို တက်လှမ်းရန် ခွင့်ပြုလိုက်သနည်း။

သို့သော်လည်း သေမျိုး အဆင့်များကို ပြောင်းလဲ၍ ရသည်ဟု ဆိုလေရာ အဘိုးတွင် သူ့အား ကူညီရန် အစီအစဥ်များ ရှိထားဟန် ရသည်။ သူသည် အဘိုးဖြစ်သူအပေါ် ချွင်းချက်မရှိ ယုံကြည်သည်။

သို့သော်လည်း ကံဆိုးစွာပင် ဝူကျိုးထံမှ နောက်ထပ် ထွက်ပေါ်လာသည့် စကားလုံးများမှာ သူ၏ မျှော်လင့်ချက်များကို အဆုံးထိ ရိုက်ချသွားလေ၏။

“အဆင့်ကိုးကို ခြေချပြီးတဲ့ နောက်မှာ ဇာတိဝိညာဥ်ရဲ့ သေမျိုး အဆင့်တွေကို ပြင်ဆင်နိုင်ပါတယ်... မင်းတို့ ကြယ်တာရာ အမြုတေ အဆင့်ကို မဝင်မချင်း ပြင်ဆင်နိုင်တယ်... အဲဒီလို လုပ်ဖို့ မန်နာ အမြုတေ အရည် လို့ ခေါ်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာ တစ်ခု လိုအပ်တယ်... ဒါပေမဲ့ အဲဒီအရည်က ဒီအနန္တ ကုန်းမြေတိုက်ကြီးမှာ မရှိဘူး... အခြား နည်းလမ်း တစ်ခုတော့ ရှိပါသေးတယ်... အဂ္ဂိရတ် ဆေးတာအိုပေါ့... သေမျိုး အဂ္ဂိရတ် အာဏာရှင် တွေဟာ မန်နာ အမြုတေ အရည်တွေကို သန့်စင်နိုင်စွမ်း ရှိကြတယ်”

“ ... “

တိတ်ဆိတ်မှု လှိုင်းတစ်ခုက ခန်းမ အတွင်း ဖုံးလွှမ်းသွား၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်... ထိုအရာကား အဆင့်ကိုး ဆေးလုံးများကို ဖန်တီးနိုင်သည့် အဆင့် ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် အနန္တကုန်းမြေ တိုက်ကြီးတွင် အဆင့်ခုနစ် ဆေးလုံးများကို ဖန်တီးနိုင်သည့် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် ပင်လျှင် တရားဝင် မရှိချေ။  သို့ဖြစ်ရာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို သူတို့က ဘယ်နေရာတွင် သွားရှာရမည်နည်း။

သမိုင်းတွင် မှတ်တမ်းတင်ခံထားရသည့် တစ်ဦးတည်းသော သေမျိုး အဂ္ဂိရတ် အာဏာရှင်မှာ ထာဝရ သစ်သား ဧကရာဇ်ပင် ဖြစ်သည်။ သူကား အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုပင် စည်းလုံးစေခဲ့သည့် ဂန္တဝင်မြောက် ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်ပေသည်။

မိန်းမငယ်လေး၊ ပါ့ချန်းနှင့် ဧကရာဇ်ဝူတို့၏ မျက်နှာများကား ဖြူရော်နေကြပြီ ဖြစ်သည်။ အထူးသဖြင့် ဆယ်နှစ်ပင် ကျော်ပုံ မရသေးသည့် မိန်းမငယ်လေးမှာ မျက်ရည်များပင် ဝဲတက်လာနေခဲ့ပြီ ဖြစ်၏။ သူမကား ရုပ်ရည်အတိုင်းပင် အမှန်တကယ် ငယ်ရွယ်သူ တစ်ယောက် ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ သူမ၏ ငယ်ရွယ်မှု၊ ထူးချွန်ထက်မြက်မှု၊ တောက်ပနေသည့် အနာဂတ်နှင့် အလားအလာများမှာ ရေပေါ် အရုပ်ရေးသည့် အလား ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သူမသည် ဤတိုက်ပွဲတွင် လုံချန်ကို ကူညီကာ ပါ့ချန်းအား ရင်ဆိုင်ရန် အတွက် အလျှင်စလို အဆင့်တက်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူမ၏ ရွေးချယ်မှုကို ပြန်လည် ပြင်ဆင်၍ မရတော့သလို သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ဘယ်တော့မှ ရှေ့ဆက် တိုးလာတော့လိမ့်မည် မဟုတ်ချေ။

မိုးကောင်းကင်ကြီး တစ်ခုလုံး ပြိုကျသွားသည့် အလား သူမ၏ အရောင်အဝါများမှာ အဆုံးထိရောက်အောင် ကျဆင်းသွား၏။ ညတိုင်း အိပ်မက်မက်ခဲ့ရသည့် ကြယ်တာရာများအား စူးစမ်းခွင့်၊ မိုးကောင်းကင် တိမ်ဆိုင်များကို နမ်းရှုံ့နိုင်ခွင့်... သူမ ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ချေ။ မိန်းမငယ်လေး၏ နှလုံးသားမှာ ပို၍ မျှော်လင့်ချက် ကင်းမဲ့ကာ အသက်ရှင်သန်လိုစိတ်များပင် ပျောက်ဆုံးသွားခဲ့တော့၏။

သူမနှင့် ယှဥ်ပါက ဧကရာဇ်ဝူနှင့် ပါ့ချန်းတို့မှာ စိတ်အား ဖြေနိုင်ကြသေးသည်။ အစကတည်းကပင် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ရန် သူတို့တွင် ယုံကြည်ချက် သိပ်မရှိကြချေ။ ဝူကျိုး၏ စကားက ကောက်ရိုး တစ်မျှင် ဖြစ်ခဲ့သော်လည်း ထိုကောက်ရိုး တစ်မျှင်မှာ လျှင်မြန်စွာ ပြန်လည် ပျောက်ဆုံးသွားသည်။ သူတို့ ဝမ်းနည်းမိသည့်တိုင် ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျခြင်းမျိုးတော့ မဖြစ်မိချေ။

လုံချန်မှာ သူ့အား “အကိုကြီး” ဟု ခေါ်သည့် မိန်းမငယ်လေးကို ကြည့်ရင်း နှလုံးသားများ အစိတ်စိတ် ပဲ့ကြွေသွားသလို ခံစားလိုက်ရသည်။ သူသည် လတ်တလော ရင်ဆိုင်နေရသည့် အခက်အခဲများကိုပင် မေ့လျော့ကာ အံကို တင်းတင်းကြိတ်လိုက်၏။

“ငါ လုံချန် ကျိန်ဆိုတယ်... ညီမလေး လုံထျန်းယုကို ကူညီဖို့ အတွက်ဆိုရင် တုံးတိုက်တိုက် ကျားကိုက်ကိုက် ဘယ်တော့မှ နောက်မဆုတ်ဘူး”

သူ၏ စကားလုံးများက ပြတ်သားကာ ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင် အပါအဝင် ပရိသတ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပင့်သက်ရှိုက်လိုက်မိကြသည်။ သူက သူ့ကိုယ်သူပင် ကာကွယ်နိုင်ပါမည်လော။ ဝူကျိုးသည် စိတ်ရှည်လက်ရှည်နှင့် သင်ခန်းစာ တစ်ခုကို သင်ပြနေသော်လည်း ထိုအရာက သူတို့အားလုံးကို လွှတ်ပေးပါမည်ဟု မဆိုလိုချေ။

လုံထျန်းယု၏ မျက်ရည်များက ဝူကျိုးအပေါ်၌ မသက်ရောက်ပါချေ။ သူက အေးအေးဆေးဆေးပင် ဆက်ပြောလိုက်၏။

“မင်းတို့အားလုံးဟာ ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ရောက်ပြီးတဲ့ လူတွေတိုင်းကို သေမျိုး နတ်ဘုရားတွေလို့ ခေါ်ဆိုကြတယ်... ဒါပေမဲ့ သူတို့က သေမျိုး နတ်ဘုရားတွေ မဟုတ်ကြဘူး... ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ပေးထားတဲ့ နာမည် အစစ်အမှန်က သေမျိုး တာအို အတုအယောင် နတ်ဘုရား၊ ဝိညာဥ် အတုအယောင် အရှင်နဲ့ ချီသေမျိုး ဧကရာဇ်တို့ပဲ”

“အဲဒီနာမည်တွေမှ စစ်မှန်ပြီး အဓိပ္ပာယ် ရှိတယ်... တကယ်တော့ မင်းတို့ အားလုံးက သေမျိုးတွေ အကြားမှာ နေထိုင်တဲ့ အတုအယောင် နတ်ဘုရားတွေချည်းပဲ... မင်းတို့ဘာသာ ဘယ်လောက်ပဲ ဘဝင်မြင့်ပါစေ... ဘယ်လောက်ပဲ ‌မောက်မာပါစေ... မင်းတို့ အကုန်လုံးက ပုရွက်ဆိတ်တွေ သာသာပဲ... ရေတွင်းထဲက ဖားတွေ သာသာပဲ”

“တကယ်တော့ မင်းတို့ရဲ့ သေမျိုး နတ်ဘုရား၊ နတ်ဘုရား အရှင်နဲ့ နတ်ဘုရား ဧကရာဇ် ဆိုတဲ့ နာမည်တွေက ဟာသ တစ်ခုသာသာပဲ... ဆန်းကြယ် ဧကရာဇ် ရှဲ့ယန်တောင်မှ သူ့ကိုယ်သူ နတ်ဘုရား ဘွဲ့အမည်ကို မခံယူခဲ့ဘူး... မင်းတို့တွေဟာ ကျင့်ကြံခြင်းရဲ့ အမှန်တရားကိုတောင် မသိပဲ လောကကို ဘယ်လို အုပ်စိုးမှာလဲ... နတ်ဘုရား အရှင်ဘွဲ့ကို ဘယ်လို ခံယူမှာလဲ”

ဝူကျိုးမှာ အေးဆေးတည်ငြိမ်စွာ ပြောနေသော်လည်း သူ၏ စကားလုံးများမှာမူ အထင်အမြင်သေးခြင်း၊ မထီမဲ့မြင် ပြုခြင်း၊ လှောင်ပြောင်ခြင်းတို့နှင့် ပူလောင်နေသည်။ သေမျိုး နတ်ဘုရား၊ နတ်ဘုရား အရှင်များနှင့် နတ်ဘုရား ဧကရာဇ်များ၏ မျက်နှာများမှာ ဖြူဖျော့နေကြ၏။

သူတို့သည် သူတို့၏ ဘွဲ့နာမည်များ အပေါ် အင်မတန် ဂုဏ်ယူခဲ့ကြသည်။ ဝင့်ကြွားခဲ့ကြသည်။ သို့သော်လည်း ထိုနာမည်များက ဟာတစ်ခုသာ ဖြစ်နေခဲ့သည်လား။

သူတို့၏ နှလုံးသားထဲ၌ မခံမရပ်နိုင်သည့် မီးတောက်တစ်ခုမှာ လောင်ကြွမ်းလာ၏။ သူတို့ကာ အမှန်တကယ် ရေတွင်းထဲမှ ဖားသူငယ်များသာ ဖြစ်သည်။ သူတို့သည် ရေတွင်းထဲမှ ခုန်တက်ကာ အဆုံးမဲ့ ကြယ်များအကြား ခုန်ဆင်းလိုလာကြ၏။ ကြီးမြတ်သော နတ်ဘုရားများ၊ နတ်ဆိုးများ၊ မိစ္ဆာများနှင့် သူတို့ တွေ့ဆုံ ရင်ဆိုင်ချင်လာကြ၏။

“ချီပျစ်ခဲခြင်း အဆင့်လိုပဲ ကြယ်တာရာ အမြုတေ အဆင့်ကို အဆင့်ကိုးဆင့် ခွဲခြားထားတယ်”

ဝူကျိုး စကားဦးသမ်းလိုက်သည်နှင့် လူများ၏ အာရုံက သူ့အပေါ် ပြန်လည် ကျရောက်သွားလေ၏။

***

All Chapters