ပိုကောင်းတဲ့ ဝှက်ဖဲ
Vol. 10 Ch. 137
“ဒါပေမဲ့ ချီပျစ်ခဲခြင်း အဆင့်နဲ့ မတူတာက ကြယ်တာရာ အမြုတေ အဆင့်ဟာ ကမ္ဘာနဲ့ ကြယ်တွေ၊ သူတို့ရဲ့ လျှို့ဝှက် ဆန်းပြားမှုတွေ၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို နားလည်တဲ့ အဆင့်တစ်ခုပဲ... အဲဒီ အရာတွေကို နားလည်ခြင်း အားဖြင့် မင်းတို့ရဲ့ ကြယ်တာရာ ဝိညာဥ် အတွက် ကပ်ဘေးတွေကို ဆင့်ခေါ်လာနိုင်လိမ့်မယ်”
"ဪ... ဟုတ်သားပဲ ပြောဖို့နေတာ... ကြယ်တာရာ အမြုတေ အလွှာရဲ့ ပထမဆုံး အဆင့်ကို ရောက်တာနဲ့ လူတစ်ယောက်ရဲ့ ဇာတိ ဝိညာဥ်၊ မင်းတို့ အခေါ် ချီဝိညာဥ်ဟာ ကြယ်တာရာ ဝိညာဥ် အဖြစ် အသွင်ပြောင်း သွားလိမ့်မယ်... အဲဒီဝိညာဥ်က မင်းတို့ရဲ့ လောကအင်အားကို သန့်စင်ပေးပြီး ကြယ်တာရာ အင်အားလို့ ခေါ်တဲ့ အင်အား အသစ်တစ်ရပ်ကို မွေးဖွားပေးလိမ့်မယ်”
ဝူကျိုး၏ မျက်လုံးတွင် အဆုံးမဲ့ ကြယ်တာရာ အလင်းတန်းများမှာ လင်းလက်လာ၏။ ထိုအရာက ကြယ်တာရာ အင်အားကို ကိုယ်စားပြုသည့် အရာတစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။ ထိုအရာမှာ လောကကြီးကို ငုံ့ကြည့် နေရသကဲ့သို့ အကန့်အသတ်မဲ့လှ၏။
ထို့နောက်တွင် ဝူကျိုးထံမှ မည်သည့် စကားမှ ထပ်ထွက်မလာတော့ချေ။ သူ၏ ဟောပြောချက်မှာ ပြီးဆုံးသွားဟန် ရသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူက အဘယ်ကြောင့် အခြား အဆင့်များကို ထပ်မံ မရှင်းပြတော့သနည်း။ သူကိုယ်တိုင် နားလည်မှု လစ်ဟင်းနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ပါမောက္ခအိုကြီး တစ်ပါးကဲ့သို့ တည်ကြည်အေးချမ်းလှသည့် ဝူကျိုး၏ အမူအရာက ပျက်ပြယ်သွားကာ ဧကရာဇ်တစ်ပါး၏ ရာဇမာန် အဟုန်ဖြင့် ပြန်လည် နိုးကြားလာ၏။ သူက မထီတရီ အပြုံးဖြင့် ဝေ့ဝူယင်အား ကြည့်လိုက်လေသည်။
“ငါဘာကြောင့် ရှင်းပြနေတယ် ဆိုတာ မင်းသိလား...’
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ပြန်လည် အဖြေပေးလိုက်သည်။
“ကျုပ်တို့လို နောက်ပေါက်လေးတွေကို ဉာဏ်အလင်းဖွင့်ပေးဖို့နဲ့ လောကအင်အား အကြောင်း နားလည်သဘောပေါက် စေဖို့လို့ ယူဆမိပါတယ်”
“ဟွန့်...”
ဝူကျိုးက ဝေ့ဝူယင်၏ စကားကို မကြားသည့် အလား နှာခေါင်းရှုံ့လိုက်၏။
“စိတ်ကူးယဥ်မနေနဲ့... တကယ်တော့ မင်းကို အချိန်ဆွဲဖို့ အသက်သက်ပဲ... ငါ အခု မင်းရဲ့ ဆေးလုံးတွေကို ထိန်းချုပ်နိုင်နေပြီ... မင်းမှာ ဘာဝှက်ဖဲမှ မရှိတော့ဘူး”
သို့သော်လည်း ဝေ့ဝူယင်က ထိုအဖြေကို ကြိုတင် မျှော်လင့်ထားသည့် အလား တောက်ပစွာပင် ပြုံးလိုက်သည်။ သူ၏ မျက်လုံးများ၌ ကြောက်ရွံ့မှု တစ်ခုတစ်လေမျှ ရှိမနေခဲ့ချေ။ သူကိုယ်တိုင် ပြုလုပ်ထားသည့် ဆေးလုံးများ၏ ပြောင်းလဲမှုကို သူ မည်ကဲ့သို့ မရိပ်မိပဲ နေပါမည်နည်း။
“ကျုပ် ဘာလို့ ခင်ဗျားကို ပြောခွင့်ပြုထားခဲ့တာကိုရော ခင်ဗျား သိလား”
သူက မထီတရီ အပြုံးဖြင့် ပြန်လည် မေးလိုက်သည်။ ထို့နောက်သူက စိတ်အေးလက်လက်အေးပင် ကောင်းကင်သို့ မော့ကြည့်လိုက်၏။
“ဘာကြောင့်လဲ ဆိုတော့ ကျုပ်မှာ ပိုကောင်းတဲ့ ဝှက်ဖဲတွေ ရှိနေလို့ပေါ့”
ဝေ့ဝူယင်၏ တည်ငြိမ်လွန်းသော အမူအရာကြောင့် ဝူကျိုးမှာ ရင်ထိတ်သွားကာ ကောင်းကင်သို့ လိုက်လံ မော့ကြည့်လိုက်သည်။ ထိုအခါ ကြယ်တံခွန် ဒါဇင်ပေါင်းများစွာမှာ နယ်စပ်ဒေသမှနေ၍ ကောင်းကင်ဝူ မြို့တော်ဆီသို့ ဦးတည် ပျံသန်းလာသည်ကို သူတွေ့ရှိလိုက်ရ၏။ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်၏ မျက်လုံးများဖြင့် ထိုကြယ်တံခွန်များကို အနီးကပ်ချဲ့ကြည့်ရန်မှာ သူ့အတွက် သိပ်မခက်ခဲလှချေ။
“အဆင့်ခုနစ် ဆေးလုံးတွေ သိုလှောင်ထားတဲ့ ကိုယ်ပွားတွေ...”
သူ၏ နှလုံးသားက တုန်ရီသွား၏။ အဆင့်ခုနစ် ဆေးများမှာ အဂ္ဂိရတ် ဧကရာဇ်များသာ ဖန်တီးနိုင်သည့် ဒဏ္ဍာရီ ဆန်ဆန် ဖြစ်တည်မှုများ ဖြစ်သည်။ ရာနှင့်ချီအောင် များပြားလှသည့် အဆင့်ခုနစ် ဆေးလုံးများကို ထိုလူငယ် မည်သည့် နေရာမှ ရရှိလာသနည်း။
ဝေ့ဝူယင်သည် တိတ်တဆိတ်ပင် ဝူကျိုးအား လေ့လာနေခဲ့သည်။ အကယ်၍ ဝူကျိုးသာ ကောင်းကင်ဝူ မြို့တော်ကို ဂရုမစိုက်ပဲ လှုပ်ရှားမည်ဆိုလျှင် မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။ ကျိန်းသေသည့် အရာတစ်ခုကတော့ သူသည် ကိုယ်ပွားများထဲရှိ ဆေးလုံးအားလုံးကို ဖောက်ခွဲကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိမ့်မည်တော့ မဟုတ်ချေ။ သူ့တွင် အခြားဝှက်ဖဲများ ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ဒြပ်စင်ဆေဘာ အသက်ကယ် ကျင့်စဥ်ကို သုံးကာ သူ ထွက်ပြေးနိုင်ပေသည်။
“အတော်လေး အထင်ကြီးစရာပဲ”
ဝူကျိုးက ချီးကျူးသော လေသံမျိုးဖြင့် ဆိုလိုက်၏။
“တကယ်လို့ ငါသာ မင်းကို လွှတ်မပေးရင် မြို့တော်ကြီးက မြေမှုန်ဖြစ်သွားတော့မယ့် ပုံပဲ... ဒါပေမဲ့ မင်း ဖောက်ခွဲရဲလိမ့်မယ်လို့ ငါမထင်ဘူး”
ယုံကြည်မှု ရှိသည့် အရိပ်အယောင် တစ်ခုက ဝူကျိုး၏ နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့သည်။ သို့သော်လည်း သူ၏ ယုံကြည်မှုက အခြားလူများကို ဗျာများသွားစေ၏။ အကယ်၍ ဝေ့ဝူယင်သာ အမှန်တကယ် ဖောက်ခွဲပစ်ပါက မည်ကဲ့သို့ လုပ်မည်နည်း။
“ခင်ဗျားမှန်တယ်... ကျုပ် ဖောက်ခွဲမှာ မဟုတ်ဘူး...”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်။ တည်ငြိမ်စွာပင် သူက ပိုင်လင်ထံသို့ လျှောက်သွားကာ စုမေ့အား ကျောထက်သို့ တက်စေလိုက်သည်။ထို့နောက် သူက မြေပြင်တွင် လဲကျနေသည့် မင်ရှုဖုန်း၏ ခန္ဓာကိုယ်ကို မကာ စုမေ့ထံ လက်ကမ်းပေးလိုက်၏။
“ဒါပေမဲ့ ရွေးချယ်စရာ မရှိတဲ့ အဆုံးမှာတော့ ကျုပ် အာမမခံနိုင်ဘူး”
သူက ပိုင်လင်၏ ကိုယ်လုံးကို လက်ဖြင့် ထိလိုက်ရင်း ဆေဘာ အခြေတည်ဝိညာဥ်၊ ဒြပ်စင် ဝိညာဥ်ချီ၊ ဆေဘာ ဝိညာဥ်ချီနှင့် နဂါးသွေးစွမ်းအားတို့ကို စုစည်းလိုက်၏။ နဂါးအော်သံ တစ်ခုနှင့် အတူ ရှေးဟောင်းခေတ်မှ စွမ်းအား တစ်မျိုးမှာ ပိုင်လင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ခင်ဗျား တစ်ချက် လှုပ်ရှားတာနဲ့ ကောင်းကင်ဝူမြို့တော် တစ်ခုလုံး ပြာပုံဖြစ်ပြီလို့သာ မှတ်လိုက်”
တစ်ချိန်တည်း၌ ကောင်းကင်၌ ရှိနေသည့် ကိုယ်ပွားအားလုံးမှာ ပေါက်ကွဲမည့် အရိပ်အယောင်များကို ပြလသလာကြ၏။ ဝေ့ဝူယင်အား အမှန်တကယ်ပင် အတွေးတစ်ချက်ဖြင့် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည့်ပုံ ရသည်။
ဝူကျိုးမှာ ဘာမှ မပြောပဲ ရပ်နေခဲ့၏။ လင်းကျိရန်က တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သော်လည်း လုံချန်က သူမအား ဆွဲကာ ခေါင်းခါပြလိုက်သည်။
ဝှစ်...
ပိုင်လင်သည် ကောင်းကင်သို့ ပျံတက်သွား၏။ ထို့နောက် မျက်စိတစ်မှိတ် အတွင်း မိုးကုက်စက်ဝိုင်းအောက်သို့ တိုးဝှေ့ကာ ပျောက်ကွယ်သွားလေတော့သည်။
ဝူကျိုးက ထက်ရှမှုများ ပြည့်နေသည့် အကြည့်ဖြင့် ဝေ့ဝူယင်အား ကြည့်လိုက်သည်။
“ငါ မင်းကို လွှတ်မပေးဘူး ဆိုတာ မင်းသိတယ်... ဒါကြောင့် မင်းက မင်းရဲ့ အဖော်တွေကို ဘေးလွတ်ရာ ပို့လိုက်တာပဲ.. စိတ်ဝင်စားစရာ ကောင်းပေမဲ့ နည်းနည်းတော့ အဓိပ္ပာယ် မဲ့သား... မင်း ကိုယ်တိုင်ကတော့ ဒီနေရာမှာ ကျန်ရစ်ခဲ့တယ်လေ”
ဝူကျိုးမှာ မိမိကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့၏။ ထိုအချိန်အတွင်း၌ သူသည် ဝိညာဥ် စွမ်းအားကို ထုတ်လွှတ်ကာ ဝေ့ဝူယင်၏ ကိုယ်ပွားတစ်ဝက်ခန့်ကို မပေါက်ကွဲနိုင်အောင် တားဆီးခဲ့ပြီ ဖြစ်သည်။ နောက်ထပ် မိနစ် အနည်းငယ် ကြာသည်နှင့် သူ အကုန်လုံးကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။
ထိုအခါကျလျှင် အဆင့်ခုနစ် ဆေးလုံး အမြောက်အများ ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်၏ လျှို့ဝှက်ချက်။ သူ၏ ခန္ဓာကျင့်စဥ်တို့ အားလုံးကို သူ ပိုင်ဆိုင်လာပေလိမ့်မည်။
သို့သော်လည်း ဝေ့ဝူယင်ကမူ ဂရုစိုက်ဟန် မပြချေ။ စုမေ့တို့ ဘေးကင်းသည့် နေရာသို့ ရောက်မည့် အချိန်အထိ သူ အေးဆေးစွာပင် ဆက်လက် စောင့်ဆိုင်းနေခဲ့၏။
လုံချန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်ရှိ အနက်ရောင် လက်စွပ်လေးကို ပွတ်သပ်နေခဲ့၏။ ဝေ့ဝူယင်မှာ အာရုံခံနိုင်စွမ်းမှာ ထက်မြက်လှရာ ထိုလက်စွပ်ထဲမှ ဝိညာဥ်စွမ်းအား ခပ်ဖျော့ဖျော့ တစ်ခု ထွက်ပေါ်နေသည်ကို သတိထားလိုက်မိ၏။
“အဲဒီ လက်စွပ်ထဲမှာ ဝိညာဥ် တစ်ခုခု ရှိနေတာလား”
အတွေးတစ်ခုက သူ၏ စိတ်အတွင်း ဝင်လာသော်လည်း သူ ခေါင်းခါလိုက်သည်။ ကောင်းကင်တာအို၏ မျက်နှာသာပေးခြင်း ခံရသည့် သားတော်တွင် အသက်ကယ် ဝှက်ဖဲများ ကျိန်းသေ ရှိနေနိုင်သည်။ ယနေ့၌ ကျိုးဝူ၏ လက်၌ လုံချန်သေလိမ့်မည်ဟု ဝေ့ဝူယင် မထင်ချေ။
စက္ကန့်များသည် တရွေ့ရွေ့ ရွေ့လျားကာ တစ်မိနစ် ပြည့်သွားခဲ့၏။
“ပြီးပြီ...”
ဝူကျိုးက ပြုံးကာ ရေရွတ်လိုက်သည်။ သူကား နောက်ဆုံး၌ ကိုယ်ပွားအားလုံးရှိ အဆင့်ခုနစ် ဆေးလုံးများကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ရုတ်ချည်းပင် ကိုယ်ပွားအားလုံးမှာ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွား၏။
“ဘာလဲ...”
ဝူကျိုးမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ခုကို ရိပ်စားမိသည်နှင့် သူ၏ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်လာခဲ့၏။ ထိုကိုယ်ပွား အားလုံးက အတုများ ဖြစ်နေခဲ့သည်လား။ မဖြစ်နိုင်ချေ။ ၎င်းတို့ အားလုံးမှာ လုံးဝ အစစ်အမှန်များ အတိုင်းပင်။
ဝေ့ဝူယင်က ပြုံးကာ ခေါင်းကို ခါယမ်းလိုက်၏။
“အထင်မလွဲပါနဲ့... အဲဒါတွေ အးလုံးက အစစ်တွေပါ”
မပေါက်ကွဲနိုင်တော့ရော ဘာအရေးနည်း။ ထိုဆေးလုံးများကို ဖန်တီးခဲ့သူ တစ်ယောက်၊ ကြိုတင်ကာ အစီအရင်များ ထည့်သွင်းထားသူ တစ်ယောက် အနေဖြင့် ၎င်းတို့ကို အသုံးမဝင်တော့အောင် ဖျက်ဆီးနိုင်စွမ်း သူ့တွင် ရှိပေသေးသည်။
“အထင်ကြီးစရာပဲ... အထင်ကြီးစရာပဲ...”
ဝူကျိုးက လက်ခုပ်တီးလိုက်၏။ သို့သော်လည်း ချက်ချင်းပင် သူ၏ မျက်လုံးများက ရက်စက် ကြမ်းကြုတ်ခြင်းများနှင့် ပြည့်နှက်သွားသည်။
“အခု လိမ်လိမ်မာမာနဲ့ ငါ့ဆီလာစမ်း”
ဝေ့ဝူယင်ကို ကြည့်ရင်း များစွာသော လူများမှာ သက်ပြင်းချလိုက်ကြသည်။ တစ်ခေတ်တစ်ယောက် ပေါ်ထွန်းသည့် ပါရမီရှင် တစ်ယောက်က ယခုကဲ့သို့ အဆုံးသတ်ရတော့မည်လော။ သို့သော်လည်း စိတ်မကောင်းဖြစ်ရုံက လွဲ၍ သူတို့ ဘာတတ်နိုင်မည်နည်း။ ဝေ့ဝူယင် ပြီးလျှင် သူတို့ အလှည့်ပင် ကျရောက် လာနိုင်ပေသည်။
“မလိုတော့ဘူး ဝူကျိုး... နင့်ရဲ့ ငါးလေးက မင်းအကြည့်အောက်တင် ပိုက်ကွန်က ထွက်သွားခဲ့တာ ကြာပေါ့”
ထိုအချိန်တွင်ပင် ချိုသာ ကြည်လင်သော အသံတစ်ခုမှာ လေထဲတွင် ပဲ့တင်ထပ်ကာ ပျံ့နှံ့လာသည်။
ရုတ်တရက် ဝူကျိုး၏ အမူအရာက ပြောင်းလဲသွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ လေးစားမှု အရိပ်အရောင်များက သူ၏ မျက်လုံးများထဲ၌ နေရာယူလာလေသည်။
“ဝိညာဥ် နတ်မိမယ်...”
***