ဝိညာဥ် နတ်မိမယ်
Vol. 10 Ch. 138
ထိုအချိန် နန်းတော် အပြင်ဘက် မိုးကောင်းကင် တိမ်စိုင်များ အကြားတွင် ပုဂ္ဂိုလ် နှစ်ယောက်မှာ ပုန်းအောင်း နေကြ၏။ သူတို့ကား ဝေ့ဝူယင် အစောပိုင်းက သတိထားမိခဲ့သည့် ချင်ချူးမူနှင့် သူမ၏ ဖခင် ချင်ချီတို့ပင် ဖြစ်လေတော့သည်။
ချင်ချူးမူသည် မျက်နှာကာ ဇာပုဝါကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ချင်ချီကမူ အသွင်အပြင်ကို ပြီးပြည့်စုံစွာ ဖော်ပြထားသည်။ သူသည် သူ၏ ဖြူဖွေသော အသားအရေနှင့် လိုက်ဖက်သည့် အဖြူရောင် အယ်ဗန် မှင်စာရိုးရာဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ခပ်ပါးပါး မျက်ခုံးမွေးများ၊ ရှည်လျား ချွန်ထက်သည့် နားရွက်များ၊ ရှည်လျား ပိန်သွယ်သည့် ကိုယ်ဟန်နှင့် မြစိမ်းရောင် မျက်လုံးတို့မှာ နေရာတိုင်း အတွက် ပြီးပြည့်စုံ နေခဲ့လေသည်။
သူတို့ နှစ်ယောက်သည် ချီပျစ်ခဲခြင်း အဆင့်၏ အကန့်အသတ်ကို ကျော်လွန်သည့် အစီအရင် တစ်ခုဖြင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ အနံ့ခံမိသည့် ဝေ့ဝူယင်မှ လွဲ၍ ဝူကျိုးပင်လျှင် သူတို့အား သတိမထားမိခဲ့ချေ။
“ဝိညာဥ် နတ်မိမယ်...”
ချင်ချီက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူက သမီးဖြစ်သူ၏ လက်ကို ဆွဲကာ ထိုနေရာမှ ထွက်ခွာရန် အလျှင်အမြန်ပင် ကြိုးစားလိုက်တော့သည်။
“နင်က ငါ့ကိုတောင် နှုတ်မဆက်တော့ဘူးလား ချင်းချီ...”
ချိုသာသော အသံက နောက်တစ်ကြိမ် ပျံ့နှံ့လာခဲ့ပြန်၏။
ချင်ချီမှာ ရှုံ့မဲ့သွားကာ နေရာတွင်ပင် ရပ်လိုက်ရသည်။ အသက်ပြင်းပြင်း တစ်ချက် ရှူရင်း အပြုံးတု တစ်ခုကို သူ ဆင်မြန်းလိုက်သည်။ ထို့နောက် သူသည် သူနှင့် သမီးဖြစ်သူတို့အား ဖုံးကွယ်ထားသည့် အစီအရင်ကို ဖယ်ရှားလိုက်၏။
ချင်ချူးမူမှာ ဖခင်ဖြစ်သူ၏ အပြုအမူကြောင့် ဇာပုဝါအောက်မှ နေ၍ အံ့အားသင့် သွားခဲ့၏။ ထိုအသံရှင်က မည်သူနည်း။
ထိုအရာကား ချင်ချူးမူသာ မက လူတိုင်းသိချင်နေကြသည့် မေးခွန်းတစ်ခုပင် ဖြစ်ပေသည်။ သို့သော်လည်း အဖြေအား ရရှိချိန်၌ သူတို့၏ အောက်မေးရိုးနှင့် အပေါ်မေးရိုးများမှာ တစ်ခုနှင့် တစ်ခု မချိတ်ဆက်မိကြတော့ချေ။
လှပလွန်းသည်။ အလွန်အမင်း လှပလွန်းသည်။
သူမသည် စိတ်နှင့် ဝိညာဥ်နှစ်ပါး စလုံးကို ခံစားစေနိုင်စွမ်း ရှိသည့် သဘာဝ ကျက်သရေတို့ကို ဖြန့်ကျက်ထားသည်။ ကောင်းကင်ကဲ့သို့ အပြာရင့်ရောင်ရှိသည့် လှပသော မျက်လုံးများနှင့် ရှည်လျားသည့် မျက်တောင်ရှည်များက သူမ၏ ဆွဲဆောင်မှု အရှိဆုံး အပိုင်းများပင် ဖြစ်သည်။
သူမ၏ နူးညံ့သိမ်မွေ့လှသော နှုတ်ခမ်းပါးများက နှင်းဆီဖြန်းထားသလို အနီရောင် တောက်ပနေ၏။ ထို့အပြင် ဖြောင့်စင်းနေသော နှာတံ၊ ခါးထိရောက်သည့် အနက်ရောင် ဆံနွယ်များနှင့် ခန္ဓာကိုယ် အကွေ့အကောက်များမှာလည်း အသက်ရှူ မှားလောက်အောင် ပြီးပြည့်စုံစွာ တည်ဆောက်ထား၏။ သူမသည် အနည်းငယ် အလှပြင်ထားသည့်ပုံ ရှိသော်လည်း ထိုအရာက အနည်းငယ်မျှသာ ဖြစ်ကာ သဘာဝ အလှကိုသာ အသားပေး ဖော်ပြထားသည်။
ယောက်ျားသားများအားလုံး ထိုအမျိုးသမီးနှင့် ပတ်သက်၍ စိတ်ကူးယဥ်နေကြချိန်တွင် ချင်ချီနှင့် ဝူကျိုးတို့၏ အမူအရာများမှာမူ လေးစားမှုများနှင့်သာ ပြည့်နှက်နေသည်။ ချင်ချီဆိုလျှင် ဖော်ရွေသော အပြုံးတစ်ခုကို အတင်းအကြပ် ဆင်မြန်းထား၏။
ဝှစ်...
ဝိညာဥ်နတ်မိမယ်သည် တမင် ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ဝေ့ဝူယင်နှင့် ပေပေါင်း အနည်းငယ် အကွာသို့ ဆင်းသက်လာသည်။ သူမ၏ မျက်လုံးများကမူ ချင်ချူးမူ၏ အပေါ်၌သာ ကျရောက်နေ၏။
“ယင်သစ်သား အမတေ ခန္ဓာ၊ အသက်မြက်ကိုးခု စွမ်းအင် သွေးကြော၊ ခရမ်းရောင် သစ်သား ဝိညာဥ် နန်းတော်... ဒီမိန်းကလေးက တကယ့်ကို ကောင်းချီးပေးခံထားရတာပဲ”
သူမ၏ အသံက စိတ်ဝင်များမှု၊ အံ့သြမှုများနှင့် ရောထွေးနေ၏။
ဘေးမှ နားထောင်နေသည့် ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်းသွား၏။ ဝိညာဥ် နတ်မိမယ် ရေရွတ်လိုက်သည့် နာမည်များမှာ ရှင်းလင်းစွာပင် အမတေ၊ ရုပ်နှင့် စိတ် တို့၏ ထူးခြားသော ပါရမီများကို ကိုယ်စားပြုနေသည်။ ချင်ချူးမူနှင့် တွေ့ဆုံချိန်တိုင်း တစ်စုံတစ်ခု ထူးခြားနေသလို ခံစားရခြင်းကား အံ့အားသင့် စရာ မရှိတော့ချေ။
လုံချန်ပင်လျှင် ထိုစကားလုံးများကြောင့် အံ့သြသွားခဲ့ဟန် ရ၏။ သူက အနက်ရောင် လက်စွပ်ကို ပွတ်သပ်လိုက်သည်။ လက်စွပ်မှ အလင်းမှိန်မှိန် တစ်ခုမှာ ဖျပ်ခနဲ တောက်ပလာကာ မကြာမီမှာပင် ပြန်လည် ဆိတ်ငြိမ်သွားသည်။ သတင်းကောင်း တစ်ခု ကြားလိုက်ရသကဲ့သို့ သူ၏ အမူအရာက အနည်းငယ် ပြေလျော့သွားလေ၏။
ထိုမြင်ကွင်းမှာ အမြဲလိုလို အကဲခတ်နေသည့် ဝေ့ဝူယင်၏ မျက်လုံးမှ ပြေးမလွတ်ခဲ့ချေ။ ထိုလက်စွပ် အတွင်း၌ တစ်စုံတစ်ရာ တည်ရှိနေကြောင်း သူ၏ သံသယများမှာ ပိုမို ခိုင်မာလာ၏။
“အကြီးအကဲရှန်း... ဘာကြောင့် ဒီကောင်လေးကို ကယ်ဖို့ ဆန္ဒရှိနေတာလဲ ဆိုတာ ပြောပြနိုင်မလား”
ဝူကျိုး ဝိညာဥ် နတ်မိမယ်ကို ကြည့်ရင်း မေးလိုက်၏။ သူ၏ မေးခွန်းက ဝေ့ဝူယင်အား သူ့ထံ ခေါ်ဆောင်လုနီးနီးတွင် ဝင်ရောက် စွက်ဖက်ခဲ့သည့် အကြီးအကဲရှန်း၏ လုပ်ရပ်ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
အကြီးအကဲရှန်းမှာ သူ့အား လှည့်မကြည့်သေးပဲ ချင်ချူးမူကိုသာ အကဲခတ် နေခဲ့၏။ ဝူကျိုးမှာ ဘာမှ ဆက်မပြောတော့ပဲ စိတ်ရှည်စွာပင် အဖြေကို စောင့်ဆိုင်းနေခဲ့သည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက်၌ အကြီးအကဲရှန်းက ဝေ့ဝူယင်ဘက်သို့ လှည့်လာကာ လက်တစ်ဖက်ကို ခါယမ်းလိုက်၏။ ထိုလက်ထဲတွင် ဝေ့ဝူယင်၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့် ဝိညာဥ် အင်အားများ ပါဝင်နေဟန် ရသည်။ မတုန့်ပြန်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ကြည်လင်သွားကာ အတွင်းပိုင်း အားလုံးမှာ ဓာတ်မှန်ရိုက် သကဲ့သို့ ကြည်လင် ပြတ်သားသွား၏။
ဝေ့ဝူယင်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက လူအုပ်၏ အရှေ့၌ ရှင်းလင်း ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။ လုံချန်နှင့် လင်းကျိရန်တို့ အပါအဝင် လူတိုင်း၏ မျက်နှာ၌ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာ၏။
“ဘယ်လို ဖြစ်သွားတာလဲ...”
ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲ၌ မည်သည့် ကလီစာ၊ သွေးကြောနှင့် အရိုးများ ရှိမနေခဲ့ချေ။ အရာအားလုံးမှာ ချီစွမ်းအားများဖြင့်သာ အတိပြီး နေခဲ့သည်။ သို့ဖြစ်ရာ ဖြစ်နိုင်ချေမှာ တစ်ခုသာ ရှိတော့၏။ သူတို့ အရှေ့ရှိ ဝေ့ဝူယင်မှာ ကိုယ်ပွားတစ်ခုသာပေ။
ဝူကျိုး၏ နှလုံးသားမှာ လှုပ်ခါသွား၏။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့် ကိုယ်ပွားတစ်ခုမှာ အစစ်နှင့် ခွဲမရအောင် တူနေခဲ့သနည်း။ မည်သည့်အချိန်က ဝေ့ဝူယင်မှာ ကိုယ်ပွားနှင့် အစစ်အမှန် ခန္ဓာတို့ကို ဖလှယ်ခဲ့သနည်း။
ဝေ့ဝူယင်မှာ သူ၏ လှည့်စားမှု ဖော်ထုတ်ခံလိုက်ရသဖြင့် မချိပြုံး ပြုံးလိုက်မိသည်။
“ဒါပေမဲ့ ဘယ်လိုဖြစ်သွားတာလဲ”
ဝူကျိုးက အကြီးအကဲရှန်းကို ကြည့်ရင်း မေးလိုက်၏။
“နင် အချိန်ဆွဲဖို့ ကြိုးစားခဲ့သလို သူကလည်း အတူတူပဲ... အဲဒီအချိန်အတွင်းမှာ သူက ဒီကိုယ်ပွားကို တိတ်တဆိတ် ဖန်တီးနေခဲ့တာ... မြို့တော်ကို ဝန်းရံပြီး အခြားကိုယ်ပွားတွေ အများကြီး ပေါ်လာတဲ့ အချိန်၊ နင် အဲဒီကို အာရုံရောက်သွားတဲ့ အချိန်မှာ သူက အစစ်အမှန် ခန္ဓာကိုယ်နဲ့ ကိုယ်ပွားကို နေရာချင်း ပြောင်းလိုက်တာပဲ”
အကြီးအကဲရှန်းက အေးဆေးစွာပင် အဖြေပေးလိုက်၏။ သူမ၏ အမူအရာက တည်ငြိမ်နေသော်လည်း လေသံတွင်မူ ချီးကျူးခြင်း အရိပ်အငွေ့ အချို့က ရောယှက်ပါဝင်နေသည်။
ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။ သူသည် သူ၏ လုပ်ဆောင်ချက်များကို မည်သူမျှ မတွေ့မြင်နိုင်ဟု ယုံကြည်ချက် ရှိခဲ့သော်လည်း ထိုအမျိုးသမီးက ဖောတ်ထုတ်ခဲ့သည်။ ဤသို့ဆိုလျှင် သူ၏ မူလခန္ဓာနှင့် ပိုင်လင်တို့ တည်ရှိနေသည့် နေရာကိုရော သူမ ရှာဖွေနိုင်ပါမည်လော။
ဝေ့ဝူယင်မှာ အကူအညီမဲ့သလို ခံစားလိုက်ရ၏။
သို့သော်လည်း အကြီးအကဲရှန်းမှာ ထိုအရာကို စိတ်ဝင်စားပုံ မရချေ။ သူမက ချင်ချူးမူကိုသာ လှမ်းကြည့်လိုက်၏။
“သူက အသက်နှစ်ဆယ်ကျော်နေပြီ... အရွယ်တောင် အတော်လွန်နေပြီ... နင် ဘာလို့ သူ့ကို ဂိုဏ်းဆီ မပို့သေးတာလဲ”
သူမ၏ စကားလုံးများတွင် မကျေနပ်မှု အရိပ်အငွေ့ အချို့ ရောယှက်ပါဝင်နေ၏။
ချင်းချီက ဖြူရော်စွာ ပြုံးလိုက်ရင်း...
“အဲ... အဲဒါက သမီးကိုယ်တိုင်က မသွားချင်သေးတာကြောင့်ပါ... မဟုတ်ရင် ကျွန်တော် ပို့ပြီးတာ ကြာပြီပေါ့”
“အိုး... သူက ဘာလို့ မလာချင်ရတာလဲ”
အကြီးအကဲရှန်းက တိုက်ရိုက်ပင် မေးလိုက်၏။
တောင်တစ်တောင်၏ ဖိအားကို ရင်ဆိုင်နေရသည့် အလား ချင်းချီမှာ နဖူးထက်၌ ချွေးစေးများ ပျံလာခဲ့သည်။ သို့သော်လည်း သူက အမှန်အတိုင်း ပြောရန်သာ ဆုံးဖြတ်လိုက်သည်။
“သမီးက သူ့ကို မခွဲခွာချင်တဲ့ အတွက်ကြောင့်ပါ...”
သူက လုံချန်ကို လက်ညိုးထိုးပြလိုက်၏။
လုံချန်မှာ လန့်ဖျန့်သွား၏။ သူတို့ ပြောဆိုနေသည့် အကြေင်းအရာများကို နားမလည်သည့်တိုင် ချင်ချူးမူမှာ အမှန်တကယ် ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း သူသိရှိထားသည်။ သူတို့ နှစ်ယောက်သည် ဆယ်နှစ်ကျော်ကြာ သိကျွမ်းခဲ့ကာ အန္တရာယ်များစွာကို အတူတူ ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော်လည်း သူမတွင် ထိုကဲ့သို့ ဆက်နွယ်မှုများ ရှိနေကြောင်း သူ သိမထားခဲ့ချေ။
“သူလား... သူက နင့်သမီးနဲ့ မတန်ဘူး... နင် ဘာလို့ ခွင့်ပြုထားရတာလဲ”
သူမ ပြောလိုက်သည့် စကားလုံးများမှာ တည့်တိုးဖြစ်လေရာ အဓိပ္ပာယ်ကို မေးခွန်းထုတ်စရာ မလိုချေ။
လုံချန်၏ အမူအရာက ပြောင်းလဲသွား၏။ ထို့အတူ လင်းကျိရန်နှင့် ဝူပိုင်ကျိုး (မင်းသမီးဝူ) တို့၏ မျက်နှာတွင်လည်း ဒေါသ အရိပ်အငွေ့များ ထွက်ပေါ်လာခဲ့သည်။
ဝေ့ဝူယင်မှာ ထိုအရာကို ရှင်းလင်းစွာ သတိထားမိရာ အံ့အားသင့်သွား၏။ ဝူပိုင်ကျိုးမှာလည်း လုံချန်နှင့် ဖြစ်နေသည်လား။
ဖြစ်နိုင်သည်။ လုံချန်နှင့် သူမ၏ အကို ဝူချန်းတို့ အကြား၌ ပတ်သက် ဆက်နွယ်မှုကို ထောက်ချင့်ပါက ထိုအရာက အဓိပ္ပာယ် ရှိသည်။
"မချောသုံးယောက် ကိုယ်တစ်ယောက်ပါလား… ဘယ်လောက် ကံကောင်းလိုက်လဲ"
ဝေ့ဝူယင်မှာ ဖြူရော်စွာ ပြုံးလိုက်မိ၏။
"နေဦး… ဒါဆို ဝူပိုင်ကျိူး အပျိုရည် ပျက်သွားတာကရော လုံချန်နဲ့ပဲလား… အဟွတ်… အဟွတ်… ဘာပဲဖြစ်ဖြစ်လေ ထားလိုက်ပါ"
တစ်ချိန်တည်း၌ အကြီးအကဲရှန်းမှာမူ လုံချန်ကို တစ်ချက်ပင် လှည့်ကြည့်ချေ။
"သူက ချို့ယွင်းချက်တွေနဲ့ ကောင်းကင် ချီနှလုံးသား နည်းလမ်းကို ကျင့်ကြံထားသေးတယ်… တကယ့် အမှိုက်ကောင်… အဲဒီ လမ်းစဉ်ကြောင့် သူ့ရဲ့ အနာဂတ် အခက်အခဲတွေက ဘယ်လောက် မြင့်မားလာမယ်ဆိုတာ သိမယ့်ပုံတောင် မရဘူး…"
ချီဝိညာဉ် နှစ်ခုဆိုသည့် အရာမှာ အခြားလူများ အတွက် အထင်ကြီးစရာ ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် သူမ အတွက်တော့ ဘာမှ မဟုတ်ချေ။
လုံချန်က အံကို ကြိတ်ရင်း လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ လောက၌ "အမှိုက်" ဆိုသော စကားလုံးကို သူအမုန်းတီးဆုံး ဖြစ်သည်။ အကယ်၍ လုံလောက်သော ခွန်အားကိုသာ ပိုင်ဆိုင်ထားပါက ထိုမိန်းမကို သူ သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်သည်။
***