အဆုံးမရှိသော
Vol. 52 Ch. 697
“နောင်တော်ချီ၊ ငါ့ကတိအတိုင်း မင်းကို အသက်ချမ်းသာပေးလိုက်မယ်”
ချင်မူနှစ်ယောက်လုံးက ပြိုင်တူခေါင်းငုံ့ပြီး ဆက်လက်တိုက်ခိုက်ရန် ကုန်းရုန်းထနေသော ချီကျုံရီအား ကြည့်နေသည်။ “မင်း ပြောပြခဲ့တဲ့ သတင်းက ငါ့အတွက် အရေးကြီးတယ်... ဒါ့ကြောင့် ငါ မင်းကို မသတ်တော့ဘူး”
ချီကျုံရီမှာ ကုန်းရုန်းထနေသော်လည်း မတ်တပ်မရပ်နိုင်သေးပေ။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း သူ့ကိုယ်သူ လှောင်သလို ရယ်လိုက်သည်။ “အစက အဲဒီသတင်းနဲ့ မင်းရဲ့တာအိုနှလုံးသားကို ဖျက်စီးဖို့ ကြံစည်ခဲ့တာ... ဒါပေမယ့် အဲဒီသတင်းကပဲ ငါ့အသက်ကို ကယ်ပေးနိုင်မယ် မထင်ထားဘူး”
သူ့လုပ်ရပ်က ဟာသသဖွယ် ဖြစ်နေသလို သူ ခံစားရသည်။ သူက စိတ်အားတင်းကာ ဆက်ပြောသည်။ “ဒီတိုက်ပွဲပြီးတာနဲ့ ငါ ကောင်းကင်နတ်ဘုံဆီ ပြန်ပြီး မဆုတ်မနစ် ကြိုးစားမယ်... ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တွေဆီက သင်ယူမယ်... နောင်တော်ချင်၊ ငါ့နောက် မကျန်ခဲ့စေနဲ့”
ချင်မူ ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ ထို့နောက် ထူးဆန်းသောအမူအရာဖြင့် ပြောလေသည်။ “နောင်တော်ချီ၊ မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူး... ငါတောင် ဒီမှာ ပိတ်မိနေလောက်တယ်”
ချီကျုံရီ အနည်းငယ် မှင်သက်သွားသည်။ မြေကြီးများ မီးလောင်၍ ကျွံကျသွားခဲ့တုန်းက နတ်သက်ကြွေတောင်တန်း၏ မြေအောက်နေရာထဲရှိ ထူးဆန်းသော မြင်ကွင်းကို သူ သတိထားမိခဲ့၏။ သို့သော် ချင်မူနှင့် တိုက်ခိုက်ရာတွင် အာရုံအပြည့်အဝ စူးစိုက်ထားရသောကြောင့် ပတ်ဝန်းကျင်ကို သေသေချာချာ မလေ့လာခဲ့ရပေ။
ချင်မူ ကတိတည်သည့်အခါမှ သူ စိတ်ချလက်ချ ဖြစ်သွားပြီး ပတ်ဝန်းကျင်အား ကြည့်လိုက်မိသည်။
နန်းဆောင်၏အောက်၌ မိစ္ဆာနတ်ဆိုးမျိုးနွယ်များ တည်ဆောက်ထားပုံရသော ယဇ်ပလ္လင်တစ်ခု ရှိနေပြီး နတ်ဆိုးမျိုးနွယ်၏ သင်္ကေတအမှတ်အသားများလည်း ပုံပန်းမပျက် ရှိနေသည်။ တစ်ခါတုန်းက ထိုနေရာတွင် သွေးယဇ်ပူဇော်မှုတစ်ခု လုပ်ဆောင်ခဲ့သည့်အလား သွေးကွက်များက ယဇ်ပလ္လင်တွင် စွန်းထင်းလျက် ရှိသေးသည်။
သူတို့သည် အထူမရှိသယောင် ထင်ရသော ဓားမကြီး၏မျက်နှာပြင်ထက်၌ ရပ်နေကြခြင်းဖြစ်၏။ ဓားမ၏အသွားက အလွန်တရာ ရှည်လျားလှသဖြင့် လက်ကိုင်ကိုသော်လည်းကောင်း၊ ဓားထိပ်ဖျားကိုသော်လည်းကောင်း မမြင်ရပေ။
ထို့အပြင် ထူးဆန်းသည်က သူတို့မူလဝိညာဉ်များနှင့် ယခုလေးတင် ရောက်လာသည့် နဂါးချီလင်၏မူလဝိညာဉ်သည် အထူမရှိသော ဓားမအသွားထဲ ရောက်နေကြသည်။
ဓားမအတွင်းတွင် အခြားကမ္ဘာတစ်ခုပမာ ကြီးမားကျယ်ပြောသော နေရာဟင်းလင်းပြင်တစ်ခု ရှိနေသည်။
ချီကျုံရီ မူလဝိညာဉ်ကို ပြန်ဆွဲကြည့်ခေါ်သော်လည်း သူနှင့် မူလဝိညာဉ်အကြား၌ ကမ္ဘာတစ်ခု ခြားနေကြောင်း တွေ့လိုက်ရသည်။ မူလဝိညာဉ်ကို ခံစားရသော်လည်း ပြန်ခေါ်မရပေ။
သူ့နဖူးမှ ချွေးများကျလာသည်။ “နောင်တော်ချင်၊ ဘာတွေဖြစ်နေတာလဲ”
ချင်မူက သူ့ကို ပြန်မဖြေဘဲ မျက်နှာအမူအရာသည် တင်းမာသည်ထက် တင်းမာလာနေ၏။
ချင်မူအနေဖြင့် အထက်ကောင်းကင်ဘုံနှင့် တိုက်ပွဲကတည်းက ဤဓားမကြီးကို မြင်ဖူးထားခြင်းဖြစ်သည်။ ထိုစဉ်တုန်းက နတ်သက်ကြွေတောင်တန်းမှာ မြေပြင်နှင့်တစ်သားတည်း ဖြစ်သည့်တိုင်အောင် ပြားကပ်သွားခဲ့ပြီး တိုက်ပွဲသည်လည်း အတိုင်းထက်အလွန် ပြင်းထန်ခဲ့၏။ ထိုတိုက်ပွဲ၌ ရွာလူကြီး ‘သေဆုံး’ သွားသည့်အပြင် မိစ္ဆာမျိုးနွယ်၏ မိစ္ဆာနတ်မင်းငါးပါးအနက်မှ မိုးမခနတ်မင်း၊ အဖြူနတ်မင်း၊ အဝါနတ်မင်းတို့လည်း သေဆုံးသွားခဲ့သည်။ တာအိုသခင်ဟောင်း၊ တထာဂတဟောင်း၊ တာအိုရသေ့ကြီးလင်းကျင့်၊ လူငယ်ဂိုဏ်းချုပ်၊ ထုရှင်းဖုန်းနှင့် ရွှမ်ရှန်းဝူတို့လည်း အသီးသီးကျဆုံးခဲ့ကာ ကျန်ရှိသူများလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ကြ၏။ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများလည်း ‘သေဆုံး’ ခဲ့ကြသည့်တိုင် ချင်မူက သူတို့ဝိညာဉ်များကို ပြန်လည်ဆင့်ခေါ်၍ အသက်သွင်းပေးခဲ့သည်။
ထိုတိုက်ပွဲတွင် အထက်ကောင်းကင်ဘုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မယှဉ်နိုင်တော့သည်အထိ ရှုံးနိမ့်သွားခဲ့၏။
ထိုစဉ်အခါက သားသတ်သမား၊ အဘွားစစ်နှင့် ကျန်ရှိသူများက နတ်သက်ကြွေတောင်တန်းအောက်တွင် ဓားမကြီးကို ရှာတွေ့ခဲ့ပြီး ဓားမအောက်ရှိ မိစ္ဆာနတ်ဘုရားရုပ်တုကိုလည်း မြင်ခဲ့ကြသည်။ ဓားမ၏အောက်ရှိ မြေကြီးထဲမှ ထိုးထွက်လာခဲ့သော ကျောက်ရုပ်တုမှာ မိစ္ဆာနတ်ဆိုးကမ္ဘာတစ်ကမ္ဘာ၏ ဘိုးဘေးကြီး၊ ကြောက်မက်ဖွယ်ရာ မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်၏။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဆင်းသက်လာသည့်အချိန်တွင် နေရာအရွေးမှားပြီး ဓားမ၏အသွားကိုမှ တည့်တည့်ဝင်တိုးမိခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုးကို ထုတ်သုံးခဲ့တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အခြားကမ္ဘာတစ်ကမ္ဘာအကြားရှိ လောကစည်းအတားအဆီး ကျိုးပျက်သွားခဲ့သည်။ ထိုကမ္ဘာမှာ ဤမိစ္ဆာဘိုးဘေးကြီး နေထိုင်ရာ မိစ္ဆာနတ်ဆိုးကမ္ဘာအပြင် တခြားမဟုတ်ပေ။ သူတို့၏ဘိုးဘေးကြီးကို ကယ်တင်ရန် မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများက ကျောက်ရုပ်တုများအသွင် ပြောင်း၍ နတ်သက်ကြွေတောင်တန်းဆီ ဝင်ရောက်လာကာ ဓားမကြီးအား လိုက်ရှာခဲ့ကြသေးသည်။
အဆုံးသတ်တွင် ထိုကမ္ဘာထဲရှိ မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ သွေးယဇ်ပူဇော်မှုကို ချင်မူက မှန်များ သုံးကာ ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ မိစ္ဆာနတ်ဘုရားကို အသက်သွင်းခြင်း မအောင်မြင်ခဲ့သည့်အတွက် ထိုကျောက်ရုပ်တုအားလုံး မြေကြီးထဲ ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့ကြ၏။
ထိုမိစ္ဆာနတ်ဆိုးကမ္ဘာက လော့ဖူကောင်းကင်ဘုံဖြစ်မည်ဟု ချင်မူ ထင်ခဲ့သေးသော်လည်း လော့ဖူကောင်းကင်ဘုံကို မြင်တွေ့ပြီးနောက် သူ့အထင် မှားခဲ့ကြောင်း သဘောပေါက်ခဲ့သည်။
မိစ္ဆာနတ်ဘုရားရုပ်တု၏ ကမ္ဘာသည် လော့ဖူကောင်းကင်ဘုံထက် အဆင့်အတန်းမြင့်မားသည့်အပြင် ကောင်းကင်နတ်ဘုံ၏လက်အောက်ခံ မိစ္ဆာနတ်ဆိုးကမ္ဘာတစ်ကမ္ဘာ ဖြစ်လောက်၏။ လော့ဖူကောင်းကင်ဘုံ၏ အင်အားက ထိုမိစ္ဆာနတ်ဆိုးကမ္ဘာအောက် များစွာနိမ့်ကျပေသည်။
ဓားမရှည်ကြီးကိုမူ မည်သူမျှ ရွှေ့ပင် မရွှေ့နိုင်ခဲ့ပေ။ ထို့အပြင် ဓားမရှည်ကြီးသည် မဟာမြို့ပျက်၏ အမှောင်ထု ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ မကျူးကျော်လာအောင် ဟန့်တားပေးထားသော ခိုင်ဧကရာဇ် ရတနာတစ်ပါးနှင့် တူသောကြောင့် မည်သူမှ ဓားမအား မထိခဲ့ကြပေ။
ထိုအချိန်တုန်းက အဘွားစစ်တို့၏ မူလဝိညာဉ်များအပြင်၊ အထက်ကောင်းကင်ဘုံမှ နတ်ဘုရားတို့၏ မူလဝိညာဉ်များလည်း ဓားမအတွင်းရှိ နေရာဟင်းလင်းပြင်ထဲ ဝင်ရောက်သွားခဲ့သည်။ သူတို့အတွက် ကံကောင်းသည်မှာ ဖုန်းတုက ဤနေရာမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားခဲ့သဖြင့် အဘွားစစ်တို့၏မူလဝိညာဉ်များ ဓားမအပြင် ထွက်ကာ ရုပ်ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားခဲ့ကြ၏။ ဖုန်းတုကယ်၍ သူတို့ မသေခဲ့ကြပေ။
ချင်မူ့မူလဝိညာဉ်က သူ့ရုပ်ခန္ဓာကို ကြည့်နေ၏။ မူလဝိညာဉ်ကို ကယ်တင်ချင်လျှင် ဖုန်းတု ဖြတ်သွားမည့်အချိန်ကို စောင့်ရလိမ့်မည်။
သို့သော် သူ ဖုန်းတုဆီသို့ ချောင်းပေါက်မတတ် ရောက်ခဲ့ဖူးသော်လည်း ဖုန်းတု၏ ပထမမြို့ကိုသာ ဝင်ခဲ့ရသည်။ ဖုန်းတု၏ အခြားမြို့များထံ မရောက်ဖူးသလို၊ ယမမင်းကလည်း လည်ပတ်ခွင့်မပေးပေ။
ဖုန်းတုတွင် လျှို့ဝှက်ချက်များစွာ ရှိနေသေးသည်။
အဓိကအချက်က ဓားမထဲမှ မည်သို့ထွက်ရမည်လဲ ဆိုသည့် ကိစ္စပင်။
ဓားမအတွင်း ကမ္ဘာသည် ကျယ်ဝန်းပြန့်ပြူးနေသည်။ ကြည်လင်တောက်ပနေသော မှန်ကြီးနှစ်ချပ်က မျက်စိတစ်ဆုံး ဆန့်တန်းလျက် သူတို့၏မူလဝိညာဉ်ကို အလယ်၌ ထား၍ အပေါ်နှင့်အောက်မှ ပိတ်ထားသည့်အလား ထင်ရသည်။ မူလဝိညာဉ်သည် ရုပ်ခန္ဓာ၏ဖနောင့်၌ ကပ်လျက် ဇောက်ထိုးအနေအထားဖြင့် ရှိနေသော်လည်း ရုပ်ခန္ဓာထဲသို့ ဝင်မရပေ။
“ဖုန်းတု ဘယ်တော့မှ ဒီနေရာကနေ ဖြတ်သွားမှာပါလိမ့်... ကျင့်ကျင့်ပြောပုံအရဆို အရင်တစ်ခေါက်တုန်းက ယိုတု ကျုးကျော်လာလို့ ယမမင်းက ဖုန်းတုရဲ့ နတ်ဘုရားတွေကို ဦးဆောင်ပြီး နတ်သက်ကြွေတောင်ကြောဆီ ရောက်လာခဲ့တာတဲ့... ငါ ဒီမှာ ပိတ်မိနေတာ ယမမင်း မသိလောက်ဘူး..”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ မူလဝိညာဉ်က ဤနေရာတွင် ပိတ်မိနေသဖြင့် လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံကို အသုံးပြုကာ စစ်ယွင်ရှန်းနှင့် လင်ယွိရှို့ဆီ အကြောင်းကြားမရပေ။ သူတို့ မသိလျှင် ယမမင်းလည်း လာရောက်ကူညီလိမ့်မည်မဟုတ်။
“ငါတို့ ဓားမရဲ့ နေရာဟင်းလင်းပြင်ထဲမှာ သေသွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး”
ချင်မူက စိတ်အားတင်းပြီး ရှေ့သို့ လျှောက်သွားသည်။
ချီကျုံရီသည် အနည်းငယ် သက်သာလာ၍ ထပြီး ချင်မူ့နောက် လိုက်လာသည်။ နဂါးချီလင်လည်း အလျင်အမြန် လိုက်လာသည်။
ချင်မူ အပေါ်နှင့်အောက်ရှိ မှန်များကို ကြည့်နေသော်လည်း သွန်းလုပ်ခံထားရသော အရာများ မတွေ့ပေ။ ဓားမကို မည်သည့်သတ္ထုဖြင့် ပုံသွင်းပြီး မည်သည့်နည်းလမ်းဖြင့် သွန်းလုပ်ထားမှန်း သူ မသိပေ။ ပန်းပဲပညာတွင် မဟာဆရာသခင်အဆင့် ရှိသော သူပင်လျှင် မည်သည်ကိုမှ မဖော်ထုတ်နိုင် ဖြစ်နေသည်။
ရွှေအသည် ပန်းပဲလမ်းစဉ်တွင် ဆရာတစ်ဆူဖြစ်ပြီး ချင်မူက ရွှေအဆီမှ သင်ယူခဲ့ရခြင်းဖြစ်သည်။ သူ၏ပန်းပဲစွမ်းရည်သည် တစ်လောကလုံးတွင် နံပါတ်နှစ် ဖြစ်ရာ သူပင် မဖော်ထုတ်နိုင်လျှင် အခြားသူများအတွက် ဆိုဖွယ်မရှိတော့ပေ။
ချီကျုံရီက ရုတ်တရက် ခေါင်းကိုးခေါင်း ဖွဲ့တည်ကာ မီးတောက်များ မှုတ်ထုတ်လိုက်သော်လည်း မှန်မှာ ရဲပင် မရဲလာပေ။ အရည်ပျော်မည့်အရိပ်အယောင်လည်း မရှိ။
“ဒီနေရာက အောက်ဘုံရော ဟုတ်ရဲ့လား”
ချီကျုံရီ ဒေါသများဖြင့် ရယ်လိုက်မိသည်။ “အောက်ဘုံမှာ အခုလို အင်အားကြီးမားတဲ့ နေရာမျိုး ရှိလို့လား.... တောသ.... အောက်ဘုံကလူတွေမှာ ဒီလောက် နက်နဲသိမ်မွေ့တဲ့ ပန်းပဲစွမ်းရည် ရှိနိုင်လို့လား”
“ကောင်းကင်နတ်ဘုံရဲ့ တောသားတွေက ဗဟုသုတကို မရှိဘူး” နဂါးချီလင်က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ သူ့ကို သရော်သည်။
ချီကျုံရီ ဒေါသထွက်သွား၏။ ကောင်းကင်နတ်ဘုံတွင် အရေးပေးခံရသော ကလေးတစ်ယောက် ဖြစ်သည်သာမက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်နှစ်ယောက်၏ တပည့်ဖြစ်သော သူလိုလူအား ထိုသတ္တဝါက အထင်သေးနေချေသည်။
ချင်မူလည်း ကောင်းကင်မီးလျှံနတ်သိုင်းဖြင့် မှန်ကို မီးမြှိုက်ကြည့်သော်လည်း ချီကျုံရီနည်းတူ မည်သို့မျှ ဖြစ်မသွားပေ။
“ဒီကမ္ဘာမှာ အဆုံးတော့ ရှိသင့်တယ်မဟုတ်လား”
သူတို့ ရှေ့ဆက်လျှောက်လာကြသော်လည်း လမ်းကား အဆုံးမရှိသကဲ့သို့ ရှည်လျားနေသဖြင့် စိတ်ပျက်လာကြသည်။
မည်မျှဝေးဝေး လျှောက်လာခဲ့ပြီးမှန်း မသိသော်လည်း အားလုံး စိတ်ဓာတ်ကျနေကြချေပြီ။ နဂါးချီလင်မှာ ဆက်မလျှောက်ချင်တော့၍ မှန်သားပြင်ထက်တွင် တုံးလုံးပက်လက် လှဲချလိုက်သည်။
ချင်မူက လက်တစ်ဖက်ဖြင့် သူ့ကို အမြီးမှ ဆွဲ၍ တရွတ်တိုက်ခေါ်လာသည်။ မှန်သည် အလွန်ချောမွတ်နေသောကြောင့် အားစိုတ်ထုတ်စရာမလိုပေ။
ချီကျုံရီ၏မျက်ဝန်းများမှာ ငေးကြောင်နေပြီး နဂါးချီလင်နောက်မှ လိုက်လာသည်။ မှန်ပေါ်၌ နဂါးချီလင်၏ ဧရာမခေါင်းကြီးနှင့် ကိုယ်လုံးကြီးကိုသာ သူ မြင်နေရ၏။ နဂါးချီလင်က ချင်မူ ဆွဲခေါ်ရာနောက်သာ လိုက်နေသည်။
“အဆုံးမရှိတာ မဖြစ်နိုင်ဘူး...”
ချီကျုံရီက စိတ်ပျက်အားလျော့စွာ ပြုံးကာ ပြောလိုက်သည်။ “ငါတို့လျှောက်နေတာ နှစ်နှစ် ရှိပြီမဟုတ်လား... အဆုံးထိ အဆုံးကို မတွေ့သေးဘူး... ဒီဓားမလို နေရာသေးသေးလေး မပြောနဲ့... နှစ်နှစ်ဆိုတဲ့ အတိုင်းအတာက ကောင်းကင်နတ်ဘုံရဲ့ အဆုံးတစ်ဖက်ကနေ နောက်တစ်ဖက်ကို လျှောက်ဖို့ လုံလောက်တယ် မဟုတ်လား”
ချင်မူက ပြန်မဖြေ။ သူသည် အရှေ့တည့်တည့်ကိုသာ ကြည့်၍ ဆက်လျှောက်နေ၏။
“နှစ်နှစ်တောင် ကြာပြီ... ငါတို့ရုပ်ခန္ဓာတွေ သေသွားလောက်ပြီမလား”
ချီကျုံရီမှာ ပြိုလဲတော့မည့် လက္ခဏာများ ပြလာပြီး သွေးပျက်စွာ ရယ်နေတော့သည်။ “ဓားမအပြင် ငါတို့ရုပ်ခန္ဓာတွေ ပုပ်ကုန်လောက်ပြီ.... ယင် တလောင်းလောင်းနဲ့ ပုပ်ပွနေပြီး လောက်တွေက ငါတို့အသွေးအသားတွေကို စားနေလောက်တယ်... သေချာပေါက် အနံ့ဆိုးတွေ ထွက်နေမှာပဲ...”
“ပိတ်ထားစမ်း” ချင်မူက တင်းမာခက်ထန်စွာ အော်လိုက်သည်။
နဂါးချီလင်ကလည်း ငေးငေးကြောင်ကြောင် မျက်လုံးများကို ဖွင့်ကာ အားမရှိသောအသံဖြင့် ပြောသည်။ “ပိတ်ထားစမ်းပါ ခေါင်းကိုးလုံးငှက်ရဲ့...”
ချီကျုံရီ ဒေါသထွက်သွားပြီး သရော်တော်တော် ပြောလိုက်သည်။ “မင်းတို့ သခင်နဲ့ အစေခံက ငါ့ကို အနိုင်ကျင့်ဖို့ပဲ သိတယ်... မင်းတို့နှစ်ယောက်လည်း ငါနဲ့ ဘဝတူဆိုတာ မမေ့နဲ့... မင်းတို့နှစ်ယောက်လုံး လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သေနေလောက်ပြီ... ဟီးဟီး ဒီထူးဆန်းတဲ့ကမ္ဘာမှာ ကောင်းကင်နတ်ဘုံရဲ့ တော်ဝင်သွေးသားပဲဖြစ်ဖြစ်၊ လူ့ပြည်ရဲ့ ဧကရာဇ်ပဲဖြစ်ဖြစ် မူလဝိညာဉ် ပိတ်မိသွားတာနဲ့ သေရလိမ့်မယ်... ငါ မဟူရာနတ်မင်းစကား နားထောင်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဆင်းမလာသင့်ဘူး... မင်းကို ဖမ်းဖို့ ဒီအစုတ်အပြတ်နေရာဆီ မလာခဲ့သင့်ဘူး... လီး မင်တု၊ လီး မဟူရာနတ်မင်း...”
သူက တတွတ်တွတ် ဆဲနေပြီး သူ၏စိတ်အခြေအနေမှာ ပြိုကွဲသွားပြီဖြစ်၏။
ချင်မူမှာလည်း ချီကျုံရီ၏စကားများကြောင့် စိတ်အခြေအနေ ပြိုကွဲနေသည့် လက္ခဏာများ ပြလာသည်။ သူ့ခေါင်းထဲတွင် မကောင်းသော အကြံအစည်များ ပေါ်လာ၏။ “ချီကျုံရီ ပါးစပ်ပေါက်ပိတ်သွားအောင် သတ်ပစ်လိုက်မှပဲ ထင်တယ်...”
ထိုအခိုက်အတန့်တွင် အရှေ့ရှိ မှန်အလွှာနှစ်ထပ်သည် ကွဲကြေသွား၏။
ချင်မူ မှင်သက်သွားပြီး တုံ့ခနဲ ရပ်လိုက်သည်။ သူက ကွဲသွားသော မှန်နေရာဆီသို့ ငေးကြည့်နေပြီး ထိုနေရာတွင် မှောင်မိုက်နေသည့် နေရာဟင်းလင်းပြင်တစ်ခုအား မြင်လိုက်ရ၏။ အပေါ်နှင့်အောက်၌ ကောင်းကင်နှင့်မြေကြီး မရှိဘဲ အဖြူရောင်ကျောက်ပြားများဖြင့် တည်ဆောက်ထားသော လှေကားထစ်တစ်ခုသာ ရှိသည်။ အမှောင်ထဲတွင် လှေကားထစ်သည် ညီညီညာညာ ခင်းကျင်းထားကာ အမှောင်ထု၏အတွင်းထဲသို့ ဆန့်တန်းဝင်ရောက်သွား၏။ လှေကားထစ်များ ဦးတည်နေသော နေရာအား သူ မမြင်ရပေ။
“လမ်းတစ်လမ်းပဲ”
ချင်မူ ဝမ်းသာအားရ အော်ဟစ်ပြီး နဂါးချီလင်ကို အမြှီးမှ ဆွဲမြောက်ကာ မှန်သားပြင်ထက်သို့ ရက်ရက်စက်စက် ရိုက်ချလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ဆွဲယမ်း၍ ရိုက်ချပြန်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဖက်တီးနဂါး ၊ မြန်မြန်ထတော့ ရှေ့မှာ လမ်းရှိတယ်”
နဂါးချီလင်မှာ ချင်မူ့ကြောင့် မူးဝေသွားသဖြင့် အလျင်အမြန် ပြောလိုက်သည်။ “နိုးပြီ နိုးပြီ”
ချင်မူက သူ့ကို လွှတ်ချကာ ချီကျုံရီဆီသို့ ကြည့်လိုက်၏။
“ပျော်ချင်သလောက် ပျော်ပါဗျာ... ကျွန်တော့်ကိုတော့ ကိုင်ပေါက်စရာ မလိုပါဘူး”
နဂါးချီလင် ကုန်းရုန်းထပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူက အဖြူရောင်ကျောက်စိမ်းပြားများ ခင်းထားသော လမ်းဆီသို့ ကြည့်ကာ ဝမ်းသာအားရ မေးလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော်တို့ အပြင်ထွက်နိုင်ပြီလား”
လူနှစ်ယောက်နှင့် နဂါးချီလင်တစ်ကောင် ပျော်ရွှင်မြူးထူးစွာဖြင့် ကျောက်လှေထားထစ်များကို နင်းကာ ပျံသန်းနေသကဲ့သို့ ပြေးသွားကြသည်။
သုံးလကြာသော် ချင်မူ၏မျက်လုံးများ အသက်မဲ့နေပြီး နဂါးချီလင်ကို အမြီးမှ ဆွဲကာ လှေကားထစ်တစ်ထစ်အပေါ် ခြေချလိုက်၏။
ချီကျုံရီက သူတို့နောက်မှ လိုက်လာကာ လှမ်းခုန်သည်။ ထို့နောက် နဂါးချီလင်၏ ခေါင်းပေါ်၌ ပက်လက်လှန်ကာ တုတ်တုတ်မလှုပ်တော့ပေ။
ချင်မူက နဂါးချီလင်၏ အမြီးကို ဆွဲ၍ နှစ်ယောက်လုံးအား အရှေ့သို့ ပစ်လိုက်၏။ နဂါးချီလင်နှင့် ချီကျုံရီ ကျောက်ပြားနောက်တစ်ချပ်အပေါ် ပြိုင်တူကျသွားကြသည်။
ထို့နောက် ချင်မူ ခုန်တက်ပြီး ချီကျုံရီအား အင်္ကျီမှ ဆွဲရင်း လက်သီးဖြင့် ထိုးတော့သည်။ ချီကျုံရီက ပြန်မတိုက်ခိုက်ဘဲ ချင်မူ၏လက်သီးများအား သူ၏ချောမောခံ့ညားသော မျက်နှာအပေါ် ကျရောက်ခွင့်ပြုထားသည်။ သူ့အသံမှာ အားမရှိပေ။ “စိတ်တိုင်းကျသာ ထိုးကွာ... သေအောင်သာ ထိုးလိုက်....”
နှစ်ချက်ထိုးပြီးနောက် ချင်မူမှာ သူ့ကို ထိုးချင်စိတ်မရှိတော့၍ ဘေးသို့ လွှတ်ပစ်လိုက်သည်။ ချီကျုံရီ ကျောက်ပြားပေါ် လဲကျသွားပြီး ပက်လက်လန်နေတော့၏။
နဂါးချီလင်က ငေးငေးငိုင်ငိုင် မျက်နှာအမူအရာဖြင့် ချီကျုံရီအပေါ် တက်ထိုင်သည်။ သူက မျက်လုံးများဖွင့်ကာ နှုတ်ခမ်းပါးနား သပ်နေသည်။ “သွေးနီမီးလျှံဆေးလုံးတွေက အရသာအကောင်းဆုံးပဲ... ဂိုဏ်းသခင် ကျွန်တော့်အတွက် သွေးနီမီးလျှံဆေးလုံးတွေ တစ်ပုံကြီး ဖော်ပေးနေတယ်လို့ အိပ်မက်မက်တယ်... တစ်ကမ္ဘာလုံး စွမ်းအင်ဆေးလုံးတွေ အပြည့်ပဲ... ကျွန်တော် ပြေးတယ်... ပြေးတယ်.... ဒါပေမဲ့ ဘယ်လောက်ပြေးပြေး အဆုံးကို မရောက်ဘူး.... စွမ်းအင်ဆေးလုံးပင်လယ်ကြီးထဲမှာ လူးလိမ့်ပြီး ကူးခတ်နေတုန်း... ဂိုဏ်းသခင်၊ အရှေ့မှာ တံခါး...”
ချင်မူ လှမ်းကြည့်ပြီး အားရဝမ်းသာစွာ မအော်မိဘဲ မနေတော့ပေ။ “နောင်တော်ချီ၊ အရှေ့မှာ တံခါး ရှိနေတယ်... တံခါးရှိနေတယ်”
ချီကျုံရီမှာ နဂါးချီလင်၏ တင်ပါးအောက်၌ ပိနေပြီး ခြေထောက်နှစ်ချောင်းသာ အပြင်ထွက်နေသည်။ သူက ခြေထောက်များကို ကန်နေသော်လည်း ထွက်မလာနိုင်ပေ။ “ဘာပြောတာလဲ... ငါ သေချာမကြားရဘူး”
ချင်မူက ဝမ်းသာပျော်ရွှင်စွာဖြင့် တံခါးဆီ ပြေးသွားသည်။ နဂါးချီလင်လည်း ကပျာကယာ ထရပ်ကာ ဝမ်းသာမျက်ရည်များ ကျလျက် ပြေးသွား၏။
ချီကျုံရီ ထလိုက်ပြီး ဆံပင်များ ဖွာလန်ကြဲနေသည်။ သူက အားနည်းဖျော့တော့စွာ မေးလိုက်သည်။ “မင်း ဘာတွေပြောနေတာလဲ.. တံခါးပါလား”
ချီကျုံရီ ဝမ်းသာအားရ အော်လိုက်မိပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ထွန်းလာသည်။ သူက တံခါးဆီ ခုန်ပေါက်ပြေးသွားတော့သည်။
နောက်ဆုံးကျောက်လှေကားထစ်သို့ ရောက်သည့်အခါ ချင်မူ တံခါးထဲ အရင်ဆုံးပြေးဝင်သွားပြီး နဂါးချီလင်က နောက်မှ ခုန်ဝင်ကာ တံခါးကို ဆောင့်ကန်၍ သူ့ကို အပြင်၌ ပိတ်ထားလိုက်သည်ကို ချီကျုံရီ လှမ်းမြင်လိုက်လေသည်။
ချီကျုံရီ ဒေါသတကြီး ပြေး၍ တံခါးထဲ ဝင်လိုက်သော်လည်း ဘေးနှစ်ဖက်လုံးတွင် တံခါးများ ပြည့်နေသော စင်္ကြလျှောက်လှမ်းအရှည်ကြီးကိုသာ မြင်လိုက်ရသည်။
ချီကျုံရီ ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ့မှာ လမ်းဆက်လျှောက်ရန် အားမရှိတော့၍ နဂါးချီလင်၏ အမြီးကို ဆွဲကာ လိုက်သွားတော့သည်။ “များလိုက်တဲ့ တံခါးတွေ... ဘယ်အထိ လျှောက်ရဦးမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်နိုင်ခဲ့ရင်တောင် ငါတို့ရုပ်ခန္ဓာတွေက သေနေလောက်ပြီ...”
ထိုစဉ် တံခါးတစ်ချပ်က ကျွီခနဲ ပွင့်လာကာ အထဲမှ ခေါင်းတစ်ခေါင်း ပြူထွက်လာသည်။ “မင်းတို့က ဘယ်သူတွေတုန်း ... ဒီကို ဘာလို့ရောက်နေကြတာလဲ”
နဂါးချီလင်က ချီကျုံရီကို နံရံတစ်ခုဆီသို့ ဆောင့်ကန်ကာ မေးခွန်းမေးလိုက်သူအား စပ်စပ်စုစု ကြည့်လိုက်သည်။
၎
င
၎
၎