← Chapters

တော်ဝင်မုခ်ဝ နတ်ဓားမ

Vol. 52 Ch. 698

တော်ဝင်မုခ်ဝ နတ်ဓားမ

Vol. 52 Ch. 698

ချီကျုံရီမှာ နံရံမှာ လျှောကျလာပြီး တံခါးအပြင် ထွက်နေသည့် ခေါင်းကြီးကို စိုက်ကြည့်ရင်း အံ့အားသင့်နေသည်။

ခေါင်းက လူမျက်နှာရှိသော်လည်း ထူးဆန်းသော တောင်ဆိတ်ချိုနှစ်ချောင်းလည်း ပေါက်နေသည်။ သူ့မေးစေ့၌ တောင်ဆိတ် မုတ်ဆိတ်မွှေးများ ပေါက်နေပြီး သူ့ခံတွင်းမှ အရက်နံ့ တထောင်းထောင်း ထနေသည်။ သူက ဂေ့ခနဲ လေချဉ်တက်ကာ သူတို့ကို အကဲခတ်နေ၏။

ချင်မူ ရိုရိုကျိုးကျိုး မေးလိုက်သည်။ “ဆရာကြီး၊ ကျွန်တော်တို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာကပါ ... ဒီနေရာကို အမှတ်တမဲ့ ဝင်ပြီး ဆရာကြီးကို ထိတ်လန့်သွားစေမိပါတယ်... ကျွန်တော်တို့ ဒီကနေ ဘယ်လို ထွက်ရမလဲ ဆရာကြီးဆီ မေးလို့ရမလားဗျာ”

ဆိတ်ချိုနှင့်လူက တံခါးအပြင် ထွက်လာသည်။ သူသည် ချင်မူနှင့် ချီကျုံရီထက်သာမက နဂါးချီလင်ထက်ပင် အရပ်ရှည်နေ၏။ သူက လေးနက်သောအမူအရာဖြင့် သူတို့ကို ငုံ့ကြည့်သည်။ သူ့အကြည့် နဂါးချီလင်အပေါ် ရောက်သွားသည့်အခါ သူ့ဆီမှ ဂလုခနဲ တံတွေးမြိုချသံ ထွက်လာသည်။ “အသားမစားရတာ တော်တော် ကြာခဲ့ပြီ... မင်းတို့က အသားမရှိတဲ့ မူလဝိညာဉ်တွေ ဖြစ်နေတာ ဆိုးတာပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဟုတ်လား... ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ ဘယ်လိုနေရာမျိုးလဲ”

သူ၏အဝတ်အစားအရ လက်ရှိခေတ်မှ လူတစ်ယောက်မဟုတ်ပေ။ ရှေးခေတ်အဝတ်အစားကို ဝတ်ဆင်ထား၏။

သူ၏ကြွက်သားများသည် နွားသိုးစိမ်းကြီးလောက် မသန်မာသော်လည်း အတွေ့အကြုံရှိသည့် ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်သဖွယ် မာန်အပြည့်ရှိ၏။ ထို့အပြင် သူက အသိဉာဏ်ရှိလာသော တောင်ဆိတ်တစ်ကောင် မဟုတ်ပေ။

သူ့ကိုယ်ပေါ်၌ လည်နေသော သင်္ကေတအမှတ်အသားများကို ကြည့်ရသလောက် နတ်ဘုရားတစ်ပါး၏ မူလဝိညာဉ်ဖြစ်လောက်သည်။ သို့သော် သူ၏မူလဝိညာဉ်သည် အကောင်အထည်ရှိသည့်အဆင့်အထိ ဖွဲ့တည်နေချေပြီ။ ဓားမကို စောင့်ရှောက်နေသော မူလဝိညာဉ်ဖြစ်သည်လား သူတို့မသိပေ။

မူလဝိညာဉ်ကို အကောင်အထည်ရှိသည်အထိ ကျင့်ကြံဖွဲ့တည်နိုင်ခြင်းမှာ သာမန်ဖြစ်ရပ်မဟုတ်ပေ။ သူ၏သိုင်းအဆင့်က အလွန်မြင့်မားကြောင်း ထင်ရှား၏။

ချင်မူ မယုံသင်္ကာသလို မေးလိုက်သည်။ “ဆရာကြီးက ခိုင်ဧကရာဇ်ခေတ်က လူလား... အဲဒါဆို မဟာမြို့ပျက်ကို သိလား”

“မဟာမြို့ပျက်လား သိတာပေါ့ဟ.... ခိုင်ဧကရာဇ်က ငါ့ကို နတ်ဓားမ ပေးပြီး ယိုတုဆီကနေ အပိုင်းတစ်ပိုင်း ခုတ်ဖြတ်ခိုင်းတာလေ... အဲဒီအပိုင်းနဲ့ မဟာမြို့ပျက်အရွယ်ရှိတဲ့ ဖုန်းတုကမ္ဘာကို တည်ဆောက်ခဲ့တာပဲ”

ဆိတ်ချိုနှင့်လူက ရီဝေဝေ မေးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘယ်နေရာလဲ... ဘယ်နှစ်လဲ”

“ဆရာကြီးက ဖုန်းတုရဲ့ ဖန်ဆင်းရှင်လား”

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ကပျာကယာ ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်ရဲ့ အရှေ့အရပ်မှာ ရှိတာပါ... ခိုင်ဧကရာဇ်ခေတ်က လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကတည်းက အဆုံးသတ်သွားပါပြီ... လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စတင်တည်ထောင်ခဲ့ပြီး အခုအချိန်ကတော့ ပြုပြင်ပြောင်းလဲနေတဲ့ ကာလဖြစ်ပါတယ်... ဆရာကြီးက....”

ဆိတ်ချိုနှင့်လူမှာ အတန်ငယ် မူးနေပုံရသည်။ “ခိုင်ဧကရာဇ်ခေတ်က လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက အဆုံးသတ်သွားပြီဟုတ်လား... ဟီးဟီး အံ့ဩစရာမရှိဘူး... ငါ ဒီမှာ ရောက်နေတာ နှစ်ရှစ်သန်း ရှိပြီထင်တာပဲ... ငါက ခိုင်ဧကရာဇ်ရဲ့လက်အောက်က ကောင်းကင်ဧကရာဇ်ကြယ်၊ လက်ဝဲယံ လက်ထောက်ဝန်မင်းပဲ... မျိုးရိုးကတော့ တျန်း၊ နာမည်က ရှု... ဒါပေမဲ့ မင်း ငါ့ကို သိမှာလည်း မဟုတ်ပါဘူး”

သူက လှည့်၍ အခန်းထဲ ပြန်ဝင်သွားပြီး အရက်အိုးကြီးတစ်လုံး ထုတ်လိုက်၏။ ထို့နောက် ဂလုဂလုမြည်သံများ ထွက်နေသည်အထိ မော့သောက်နေသည်။

ထိုအခါမှ သူ့ခြေထောက်များကလည်း လူခြေထောက်မဟုတ်မှန်း ချင်မူ သတိထားမိသည်။ ၎င်းတို့က ခပ်ကွေးကွေး  ဆိတ်ခြေထောက်များ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အလွန်မြင့်မားသဖြင့် ခွာများသည်လည်း အလွန်ကြီးမား၏။

“ကောင်းကင်ဧကရာဇ်ကြယ် လက်ဝဲယံ လက်ထောက်ဝန်မင်းတဲ့လား”

ချီကျုံရီ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး သူ့ဘာသာသူ တွေးလိုက်သည်။ ‘ကောင်းကင်နတ်ဘုံအတုက အသက်ရှင်ကျန်ခဲ့တဲ့လူပဲ....”

ချင်မူ ဇဝေဇဝါ ဖြစ်နေသည်။ “ဆရာကြီးလည်း မူလဝိညာဉ်အသွင်နဲ့နော် ဟုတ်တယ်မလား... ဆရာကြီးရဲ့ ရုပ်ခန္ဓာ ဘယ်ရောက်သွားတာလဲ”

တျန်းရှုက အရက်အိုးတစ်လုံးစလုံး မော့သောက်ပြီး အိုးအား ခွဲလိုက်သည်။ အိုးသည် ကွဲသွားသော်လည်း လျင်မြန်စွာ ပြန်ဆက်သွားသည့်အပြင် မွှေးပျံ့သင်းကြိုင်သော အရက်များလည်း ပြန်ပြည့်လာကြောင်း ချင်မူ တမုဟုတ်ချင်း သတိထားမိလိုက်၏။

“စကားတစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြဖို့ ခက်တယ်ကွာ”

တျန်းရှု၏အမူအရာ ညှိုးမှိုင်သွားသည်။ သူက အခန်းထဲ ပြန်ဝင်ကာ အရက်အိုးများ ထုတ်လိုက်ရင်း ရီဝေဝေ မေးလိုက်သည်။ “မင်းက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်မဟုတ်လား... မင်းဆီမှာ ခိုင်ဧကရာဇ်ရဲ့ သွေးကို ခံစားနေရတယ်... မင်းရဲ့ ရုပ်ကလည်း သူနဲ့နည်းနည်းဆင်တယ်... မင်း ခေါ်လာတဲ့ ဒီကြက်လေးက ကောင်းကင်နတ်ဘုံဆိုတဲ့နေရာက ခေါင်းကိုးလုံး ဇာမဏီမီးငှက်မျိုးနွယ် ဖြစ်လောက်တယ်... ဟီးဟီး၊ တောင်ကောင်းကင်ဇာမဏီနတ်မင်း ချီရှားယွီက တော်တော်လေး ထူးချွန်တယ်ကွ... ဟိုကောင်စုတ် လီရုံလန်ကို သဘောကျမိတဲ့ အမှားပဲ ရှိတာ...”

သူက မော့သောက်လိုက်ပြန်ကာ အရက်အိုးကို ရိုက်ခွဲလိုက်သည်။ ထို့နောက် သူ့ဇာတ်လမ်းအား ဆက်၏။ “ခိုင်ဧကရာဇ်က နတ်ဓားမကို ငါ့လက်ထဲ ထည့်ပြီး ဓားမနတ်ဘုရားဘွဲ့ အပ်နှင်းခဲ့တယ်... ငါက ယိုတုထဲ လွတ်လွတ်လပ်လပ် ဝင်နိုင်ထွက်နိုင်တဲ့လူလေ... ဒီတော့ ဖုန်းတုကို တည်ဆောက်ဖို့ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုအစတစ်စ ဖဲ့ယူနိုင်ခဲ့တယ်... အဲဒီနောက်တော့ ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာကို သွားချင်တာနဲ့ မဟာမြို့ပျက်ရဲ့ အမှောင်ထု တခြားနေရာတွေဆီ မကျူးကျော်အောင် တော်ဝင်မုခ်ဝမှာ စောင့်ကြပ်ပေးထားဖို့ ငါ့ကို အမိန့်ပေးခဲ့တာပဲ”

ချင်မူ မျက်တောင်ပုတ်ခတ်ပြီး ချီကျုံရီဆီသို့ ကြည့်လိုက်သည်။

ချီကျုံရီမှာ ဇဝေဇဝါ ဖြစ်နေချေရာ သူလည်း ဤလျှို့ဝှက်ချက်ကို မသိထားကြောင်း သိသာသည်။

‘နောင်တော်ချီကို နှုတ်ပိတ်လိုက်သင့်လား’ ချင်မူက ပြုံးရင်း တွေးနေ၏။

လက်ဝဲယံ လက်ထောက်ဝန်မင်းက သက်ပြင်းချကာ ပြောသည်။ “ဒါပေမဲ့ ငါ့မှာ ပြဿနာတစ်ခု ရှိတယ်... အရက်မှ မသောက်ရရင် မပျော်တာပဲ... ငါ ဒီနေရာကို စောင့်ကြပ်နေတုန်း အမြဲ အရက်သောက်ချင်နေခဲ့ပေမယ့် အရက်သွားရှာရမှာလည်း ရှက်တယ်လေ... တစ်နေ့ ငါ့ရဲ့ ပြိုင်ဘက်၊ ကောင်းကင်နတ်ဘုံရဲ့ လက်ဝဲယံ လက်ထောက်ဝန်မင်း ယန်ရှောင်ချင်း ရောက်လာခဲ့တယ်... အဲဒီလူယုတ်မာက ငါနဲ့ အလောင်းကစား လုပ်တယ်၊ ဆုကြေးက သောက်မကုန်မယ့် အရက်တဲ့... ပုံမှန်ဆို အဲဒီကောင်ကို အနိုင်ယူဖို့ သိပ်ခက်ပေမယ့် သူ ငါ့ကို ရှုံးသွားတယ်... အဲ့သကောင့်သားက တော်ဝင်မုခ်ဝ နတ်ဓားမထဲမှာ အရက်ဖွက်ထားခဲ့ပြီး ပြန်သွားတယ်... ငါလည်း ထောင်ချောက်မှန်း သိသိကြီးနဲ့ကို ကိုယ့်ပါးစပ်ကို မထိန်းနိုင်ဘူး... ပါးစပ်ကို မထိန်းနိုင်မှတော့ ဦးနှောက်ကိုလည်း ဘယ်ထိန်းနိုင်တော့မလဲ”

ချင်မူ နဂါးချီလင်ဆီသို့ ကြည့်၍ ပြောလိုက်သည်။ “ဆရာကြီးရဲ့ ခံစားချက်ကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်”

“မင်းလည်း သောက်တတ်တယ်လား”

တျန်းရှုက ‌ခေါင်းတယမ်းယမ်းဖြင့် ပြောသည်။ “မင်းပုံစံက အရက်ကြိုက်တဲ့ပုံ မပေါ်ပါဘူး... အရက်မကြိုက်တဲ့လူက အရက်ကို မြင်ရင် မသောက်ဘဲ နေနိုင်တယ်.... ငါကတော့ တော်ဝင်မုခ်ဝနတ်ဓားမထဲ ဝင်ပြီး အရက်သောက်ချင်လွန်းလို့ မနေနိုင်ခဲ့ဘူး... ဒါပေမဲ့ တော်ဝင်မုခ်ဝ နတ်ဓားမက အင်မတန် အစွမ်းထက်ပြီး လူတစ်ယောက်ရဲ့ မူလဝိညာဉ်ကို ဝါးမြိုနိုင်မှန်း ငါ သိတယ်... ငါက ဓားမကိုင်တဲ့လူ၊ ဓားမ ဖန်ဆင်းတဲ့လူ မဟုတ်ဘူး... ငါ ဂရုမစိုက်ရင် ငါ့မူလဝိညာဉ်လည်း ဓားမထဲ ကျသွားပြီး မထွက်နိုင်မှန်း သိတယ်... ဒါပေမဲ့ နောက်ဆုံးတော့လည်း မနေနိုင်ပါဘူး.... ဓားမကို ထိန်းချုပ်နိုင်ခဲ့တာ ကြာပြီဆို‌တော့ အရက်လေးတစ်ကျိုက်လောက် သောက်ပြီးရင် ရုပ်ခန္ဓာထဲ ပြန်ဝင်နိုင်မယ်ပေါ့လေ...”

နဂါးချီလင် မနေနိုင်တော့ဘဲ မေးသည်။ “အဲဒါနဲ့...”

တျန်းရှုက သက်ပြင်းချပြီး ပြောသည်။ “အဲဒါနဲ့ ငါ ပြန်မလာနိုင်တော့ဘူး... အဲဒီခွေးသား ယန်ရှောင်ချင်း မှန်တယ်... ငါ ဒီအရက်ကို ဘယ်တော့မှ ကုန်အောင် မသောက်နိုင်ဘူး..”

ကြမ်းပြင်တွင် ကွဲသွားသော အရက်ပုလင်းက နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ပြည့်နေဆဲပင်။

“ဒါ ဒီမှာ အရက်‌သောက်နေခဲ့တာ နှစ်ခုနစ်သန်း၊ ရှစ်သန်းလောက် ရှိတာတောင် မကုန်နိုင်သေးဘူး... ဒီကနေလည်း ပြန်မထွက်နိုင်တော့ဘူး”

တျန်းရှုက ပြောသည်။ “မင်းတို့သုံးယောက် ရောက်လာတာ အတော်ပဲ... အတူတူ သောက်ကြတာ‌ပေါ့”

ချင်မူနှင့် ချီကျုံရီ မျှော်လင့်ချက်ကုန်ခမ်းသွားသည်။ တျန်းရှုမှာ ‌တော်ဝင်မုခ်ဝ နတ်ဓားမ၏ အပြင်ပြန်မထွက်နိုင်ဘဲ နှစ်ရှစ်သန်းခန့် နေခဲ့ရရာ သူတို့လည်း မထွက်နိုင်လောက်ပေ။

သူတို့အားလုံး ဤနတ်ဓားမထဲမှ မထွက်နိုင်ဘဲ ပိတ်မိသွားတော့မည်လား။

ချီကျုံရီ တုန်ရီနေ‌သော လက်ဖြင့် တံခါးတစ်ချပ် ဖွင့်လိုက်ရာ အထဲ၌ စုပြုံနေသော အရက်အိုးများအား မြင်လိုက်ရသည်။ နောက်တစ်ခါးတစ်ချပ် ဖွင့်ကြည့်လိုက်သည့်အခါတွင်လည်း အရက်အိုးများသာ ရှိနေသည်။ သူက တံခါးတစ်ချပ်ပြီးတစ်ချပ် ဖွင့်ကြည့်ပြီး အရက်အိုးများ ပြည့်နေသည်ကိုသာ တွေ့ရ၏။

ချီကျုံရီ အရူးတစ်ယောက်သဖွယ် ပြေးနေသော်လည်း သူ မည်မျှပြေးစေကာမူ စင်္ကြံလျှောက်လမ်း၏ အဆုံးကို မမြင်ရသေးပေ။

စင်္ကြ၏ ဘေးနှစ်ဖက်ရှိ အခန်းများတွင်လည်း အရက်အိုးများသာ ပြည့်သိပ်နေသည်။

အတန်ကြာသော် သူက တံခါးတစ်ချပ်ကို စိတ်ပျက်လက်ပျက် မှီကာ အတန်ကြာ တိတ်ဆိတ်နေသည်။ ထို့‌နောက် တိတ်ဆိတ်စွာ ထပြီး တံခါးတစ်ချပ် ဖွင့်၍ အရက်အိုးတစ်အိုး ယူကာ အားရပါးရ သောက်နေတော့သည်။ များစွာမကြာလိုက်ဘဲ သူ လူမှန်းသူမှန်း မသိအောင် မူးသွား၏။

ထို့အပြင် သူ့လက်ထဲရှိ အရက်အိုးမှာ မည်မျှသောက်စေကာမူ လျော့မသွားပေ။

“ဆရာကြီး၊ ‌တော်ဝင်မုခ်ဝ နတ်ဓားမထဲကို အမှတ်တမဲ့ ဝင်သွားပြီး ပြန်ထွက်လာနိုင်ခဲ့တဲ့ မူလဝိညာဉ်တွေ ရှိတယ်”

ချင်မူ၏မျက်ဝန်းများ လှုပ်ခတ်နေသည်။ “ဆရာကြီး ဒီအကြောင်းသိလား”

“မင်းပြောတဲ့ အဖြစ်အပျက်က လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က ဖြစ်မယ်”

တျန်းရှုက အရက်သောက်နေပြီး မုတ်ဆိတ်မွှေးမှ စက်လက်စက်လက် ကျနေသော အရက်များကို သုတ်လိုက်သည်။ “အဲဒီအချိန်တုန်းက တော်ဝင်မုခ်ဝနတ်ဓားမ အပြင်လောကနဲ့ ဆက်သွယ်သွားသလို ငါ ခံစားခဲ့ရပေမယ့် ခွေးလိုဝက်လို မူးရူးနေတော့ အသိစိတ်ပြန်ကပ်တဲ့အချိန်မှာ အပြင်ထွက်ဖို့ နောက်ကျသွားတယ်လေ”

ချင်မူ အံ့အားသင့်သွားသည်။ ‘နှစ်နှစ်ထောင်တဲ့လား... အဘွားစစ်တို့ မူလဝိညာဉ်တွေ ဒီနတ်ဓားမထဲ ပိတ်မိခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းကပါ... ဒါဆို အပြင်က တစ်ရက်က ဒီမှာ တစ်နှစ်ပေါ့... ဆိုလိုတာက ငါနဲ့ ချီကျုံရီရဲ့ မူလဝိညာဉ် ဒီမှာ ပိတ်မိသွားတာ နှစ်ရက်လောက်ပဲ ရှိသေးတယ်... ငါတို့ရုပ်ခန္ဓာတွေ မသေသေးဘူး”

ချင်မူ စိတ်အားတရှိန်းရှိန်း တက်ကြွလာသည်။ ဓားမထဲ၌ ချီကျုံရီနှင့်အတူ နှစ်နှစ်ကျော် ပြေးခဲ့ရပြီး ချီကျုံရီမှာ သူ့ရုပ်ခန္ဓာ သေဆုံးသွားပြီဟုပင် ထင်ခဲ့သည်။ နှစ်ရက်သာ ကြာသေးမည် မထင်ထားပေ။

‘ရုပ်ခန္ဓာ မသေသေးသရွေ့ မျှော်လင့်ချက် ရှိ‌သေးတယ်’

ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး သူက အလေးအနက် ပြောလိုက်သည်။ “ဆရာကြီးက တော်ဝင်မုခ်ဝကို နှစ်တွေအကြာကြီး ထိန်းချုပ်ခဲ့ရတာဆိုတော့ တော်ဝင်မုခ်ဝအကြောင်း သိမှာပဲ ဟုတ်တယ်မလား... တော်ဝင်မုခ်ဝ နတ်ဓားမထဲက ဝင်္ကပါတည်ဆောက်ပုံနဲ့ သင်္ကေတဖွဲ့စည်းပုံတွေကိုလည်း သိလောက်ပါတယ်.... ဆရာကြီး အတွင်းပိုင်းတည်ဆောက်ပုံကို သိရင် ကျွန်တော်တို့ ဖြေရှင်း...”

“မသိဘူး”

တျန်းရှုက ခေါင်းယမ်း၏။ “မင်း ထင်တာ လွဲနေပြီ... ငါက ဒီနတ်ဓားမကို ထိန်းချုပ်နိုင်ပေမယ့် ဒီအထဲက သင်္ကေတဖွဲ့စည်းပုံ ဘာညာကွိကွတွေ သိတာမဟုတ်ဘူး... ငါ ဒီဓားမရဲ့ ကိုင်ဆောင်သူ ဖြစ်လာတာက သူများနဲ့ မတူတဲ့ ရုပ်ခန္ဓာကြောင့်ပဲ.... ငါက ယိုတုထဲ ဝင်နိုင်တယ်လေ... ဒီနတ်ဓားမကို ခိုင်ဧကရာဇ်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပေးပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ဖြတ်ခိုင်းခဲ့တာ... မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုတွေက ဘယ်လောက်ကြီးလိုက်သလဲ.... မြေအောက်ဘုံအရှင်သခင်က ဘယ်လောက်အင်အားကြီးလိုက်သလဲ.. သူ့ချိုကို ဖြတ်ဖို့ ခိုင်ဧကရာဇ်ကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့တာ ဆိုမှတော့ ဒီဓားမရဲ့ ဝင်္ကပါတွေနဲ့ သင်္ကေတအမှတ်အသားတွေက ဘယ်လောက် နက်နဲလိုက်မလဲ တွေးသာကြည့်”

ချင်မူ မျက်မှောင်ကြုတ်သွားသည်။

တျန်းရှုက ဆက်ပြောသည်။ “ပြီးတော့ ဒီဓားမကို သွန်းလုပ်ပေးခဲ့တဲ့လူက ခိုင်ဧကရာဇ်နတ်ဘုရားနိုင်ငံတော်မှာ အင်အားအကြီးဆုံး ကောင်းကင်လုပ်သားပဲ.... စောစောက မင်းကို ပြောခဲ့တဲ့ တစ်ယောက်... လီရုံလန်ဆိုတာလေ... ဇာမဏီနတ်မင်းချီရှားယွီနဲ့ ဘာဘာညာညာ ဖြစ်ခဲ့တဲ့လူပေါ့... အဲဒီလူက ချောလွန်းလို့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဖြစ်ခဲ့တာ...”

“ဆရာကြီး ပြောတဲ့ တော်ဝင်မုခ်ဝ နတ်ဓားမကို သွန်းလုပ်ခဲ့တဲ့လူက သိကြားဗုဒ္ဓလား” ချင်မူ အံ့ဩဝမ်းသာသွားသည်။

“လီရုံလန်ပါဆို... သိကြားဗုဒ္ဓက ဘယ်သူတုန်း” တျန်းရှု ဇဝေဇဝါ ဖြစ်သွားသည်။

ချင်မူမှာ ဝမ်းသာသွားပြီး စင်္ကြလမ်းပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ သူက အပြုံးတစ်ခုဖြင့် ပြောသည်။ “သိကြားဗုဒ္ဓက လီရုံလန်ပဲလေ... လီရုံလန်က သူ့ရဲ့ လူနာမည်... သူက အချစ်ရေးကိစ္စကြောင့် ဘုန်းကြီးဝတ်လိုက်တာ... တော်ဝင်မုခ်ဝ နတ်ဓားမကို သွန်းလုပ်ခဲ့တဲ့လူက သူဆို ကျွန်တော်တို့ အပြင်ထွက်နိုင်မယ့် အခွင့်အရေး ရှိသေးတယ်... သူ့ကျင့်စဉ်ကို ကျွန်တော် သင်ထားဖူးတယ်...”

တျန်းရှုမှာ မျှော်လင့်နေခဲ့သော်လည်း ချင်မူ ပြောနေသည်ကို ကြားသည့်အခါ အတန်ငယ် စိတ်ပျက်သွားသည်။ “မင်းက အဲဒီအကြောင်း တွေးနေတာကိုး... ငါ မင်းကို အကြံပေးမယ်၊ အချိန်ကုန်ခံမနေနဲ့... ဒီနေရာမှာ မဟာကောင်းကင်နတ်သိုင်းကိုတောင် ထုတ်လွှတ်လို့မရဘူး... ခိုင်ဧကရာဇ်ကိုယ်တိုင် ဒီက သင်္ကေတအမှတ်အသားတွေကို ရေးဆွဲထားတာ... ဘယ်သူမှ မလွတ်နိုင်ဘူး.. မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ဖြတ်နိုင်ခဲ့မှာလဲ”

သူက စိတ်လှုပ်ရှားနေသောအမူအရာ ဖြစ်လာသည်။ “အဲဒီအချိန်တုန်းကပေါ့... ငါ ဒီဓားမကို ဆွဲရင်း ယိုတုထဲ တိုးဝင်ပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ခုတ်ခဲ့တာကွာ... မြေအောက်ဘုံအရှင်သခင် ဘယ်လောက် ဒေါသထွက်ပြီး အံ့အားသင့်သွားတယ်ထင်လဲ... ခွီးခွီးခွီး ....ငါ့ဘဝက အဲဒါနဲ့တင် တန်တယ်... အဲဒါနဲ့တင် တန်တယ်”

ချင်မူက ‌ရှေ့လျှောက်နောက်လျှောက်ရင်း သိကြားဗုဒ္ဓ‌ပေးခဲ့သော သိကြားကျမ်းစာကို တွေးနေသည်။ သိကြားကျမ်းစာတွင် ဗုဒ္ဓဝါဒနှင့် မဆိုင်သည့် အရာများစွာ ရှိပြီး ယခင်တုန်းက ချင်မူသည် သိုင်းကွက်ကျင့်စဉ်များကိုသာ လေ့လာခဲ့ကာ အခြားအရာများအား မထိခဲ့ပေ။ ယခု အသေးစိတ် ပြန်ဖတ်ကြည့်သည့်အခါမှ သိကြားဗုဒ္ဓ၏ကျမ်းစာတွင် ပန်းပဲပညာ၏ ဆန်းကြယ်သော သဘောတရားများ ကိန်းဝပ်နေကြောင်း တွေ့လိုက်ရ၏။

သူက ကြိုးကြိုးစားစား တွေးခေါ်စဉ်းစားနေပြီး မသိလိုက်မသိဖာသာဖြင့် နှစ်ဝက် ကုန်ဆုံးသွားချေပြီ။

တျန်းရှုက ချီကျုံရီကို သွားခေါ်၍ ခြေထောက်မှ မြှောက်ဆွဲလာသည်။ နှစ်ယောက်သား ထိုင်၍ ခေါင်းမထောင်နိုင်သည့်တိုင်အောင် သောက်ကြ၏။ နဂါးချီလင်လည်း သူတို့ဝိုင်းထဲ ဝင်ထိုင်ပြီး ငိုလိုက်၊ ရယ်လိုက်၊ စကားပြောလိုက်ဖြင့် ချီကျုံရီ၊ တျန်းရှုတို့နှင့် သွေးသောက်ညီအစ်ကိုပမာ ဖြစ်သွားသည်။

ချင်မူ လိုအပ်နေသည့်အချက်ကို တွေးမိသွားသည့်အချိန်မှာပဲ ဒူးထောက်ဂါဝရပြုသံများ ကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ ချီကျုံရီ၊ တျန်းရှုနှင့် နဂါးချီလင်တို့သုံးယောက် အရက်အိုးအား အလေးအနက် ရှိခိုးပြီး ဖအေမတူ၊ မအေကွဲ သွေးသောက်အစ်ကိုများ လုပ်နေကြကြောင်း မြင်လိုက်ရသည်။

“တစ်နေ့တည်း မမွေးခဲ့ပေမယ့် တစ်နေ့တည်း အတူသေကြမယ်” သုံးယောက်သား ပြိုင်တူအော်နေကြသည်။

ချင်မူ ခေါင်းယမ်းပြီး ချောင်းဟန့်လိုက်၏။ “ဒီနေရာက ထွက်သွားနိုင်မယ့် နည်းလမ်း ရှာတွေ့ပြီ”

သုံးယောက်သား သူ့ကို လှည့်ကြည့်ကြသည်။

ချင်မူက ပြောလိုက်သည်။ “သိကြားဗုဒ္ဓရဲ့ ကျင့်စဉ်ကနေ ဟာကွက်လေးတစ်ခု ရှာတွေ့လိုက်တယ်.... အဲဒီဟာကွက်ကနေတစ်ဆင့် ဒီနတ်လက်နက်ကို သွန်းလုပ်တဲ့အချိန် သူ ချန်ခဲ့တဲ့ အားနည်းချက်ကို ရှာလို့ရတယ်... ဒီတော်ဝင်မုခ်ဝ နတ်ဓားမက ပြစ်ချက်ကင်းနေတာ မဟုတ်ဘူး... အားနည်းချက်နေရာ ရှာတွေ့တာနဲ့ ကောင်းကင်အလိုတော်မုခ်ဝ ထုတ်လွှတ်လိုက်ရင် ငါတို့ ယိုတုထဲ ထွက်ပြေးနိုင်မယ်... အဲဒီကနေမှ သက်ရှိကမ္ဘာဆီ ပြန်ပြီး ရုပ်ခန္ဓာတွေထဲ ပြန်ဝင်နိုင်ပြီ”

တျန်းရှုက သူ၏ဆိတ်မုတ်ဆိတ်များကို ဆွဲပြီး အော်လိုက်သည်။ “ယိုတုထဲ ထွက်ပြေးမယ်ဟုတ်လား.. ငါ့ မြေအောက်ဘုံအရှင်သခင်နဲ့ တွေ့နေရမှာပေါ့... ငါ မသွားဘူး.. မြေအောက်ဘုံအရှင်သခင် ငါ့ကို စားလိမ့်မယ်... ငါ မသွားဘူး”

ချင်မူ စိတ်ရှည်ရှည် ပြောလိုက်သည်။ “ဆရာကြီးတျန်း၊ ကျွန်တော်က မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးပါတယ်... စိတ်မပူပါနဲ့ စိတ်အေးအေးသာထား”

All Chapters