← Chapters

ဂိုဏ်းဝင်ခွင့် စာမေးပွဲ

Vol. 10 Ch. 139

ဂိုဏ်းဝင်ခွင့် စာမေးပွဲ

Vol. 10 Ch. 139

"ဘာအခက်အခဲတွေလဲ…"

ရုတ်တရက် ဝေ့ဝူယင်က မေးလိုက်၏။

"ဟုတ်သား ငါ မေ့တော့မလို့… နင်လည်း ဝိညာဉ် နှစ်ခု ကျင့်ကြံထားတာပဲ"

ဝိညာဉ် နတ်မိမယ်မှာ ဝေ့ဝူယင်ဘက်သို့ လှည့်လာ၏။

"ဘယ်လို…"

လင်းကျိရန်နှင့် လုံချန်တို့မှာ အံ့အားသင့် သွားကြသည်။ အထူးသဖြင့် လင်းကျိရန်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့၏။ သူမသည် ဝိညာဉ်နှစ်ခု ရှိသည့် ယောက်ျားနှင့် ချည်နှောင်ရန် ကံကြမ္မာ ပါလာသူ ဖြစ်သည်။ သို့သော်လည်း ယနေ့၌ ဝိညာဉ် နှစ်ခု ပိုင်ဆိုင်ထားသည့် ယောက်ျား နှစ်ယောက်ပင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။

သို့သော်လည်း လုံချန်မှာမူ အခြား အကြောင်းရင်း တစ်ခုကြောင့် အံ့အားသင့် သွားခြင်း ဖြစ်၏။ သူသည် ကောင်းကင်ချီ နှလုံးသား နည်းလမ်း၏ ပျောက်ဆုံးနေသော အပိုင်းများကို ရှာဖွေရန် မရေမတွက်နိုင်သည့် အခက်အခဲများကို ဖြတ်ကျော်ခဲ့ရသည်။ သေဆုံးလုနီးနီး အဖြစ်သို့ ရောက်ခဲ့သည်က အကြိမ်ကြိမ် ဖြစ်သည်။ အကယ်၍ အနက်ရောင် လက်စွပ်ကြောင့်သာ မဟုတ်ပါက သူ ကျဆုံးနေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း သူ သတ်ဖြတ်ရမည့် ရန်သူ တစ်ယောက်မှာလည်း ချီဝိညာဉ် နှစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

ချင်ချီက ကြားဝင်ကာ ဝေ့ဝူယင်၏ မေးခွန်းကို ဖြေပေးလိုက်၏။

"ကြယ်တာရာ အမြုတေ အလွှာကို ရောက်ဖို့ ဆိုရင် ပြီးပြည့်စုံတဲ့ အမြုတေ တစ်ခုကို ဖွဲ့စည်းဖို့ လိုအပ်တယ်… အဲဒီ အမြုတေကို ဖွဲ့စည်းဖို့ ဆိုရင် ပြီးပြည့်စုံတဲ့ ချီဝိညာဉ်တွေ တစ်ခု လိုအပ်တယ်… နှစ်ပိုင်း ခွဲထားတဲ့ ချီဝိညာဉ်တွေက ဘယ်လိုလုပ်ပြီး  ပြီးပြည့်စုံတော့မှာလဲ… အဲဒီအခါ အမြုတေ တစ်ခု ဖြစ်တည်လာဖို့က အဆတစ်ရာ ပိုခက်ခဲသွားပြီ"

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ကံကောင်း ထောက်မစွာပင် သူသည် ဝိညာဉ်ကို နှစ်ပိုင်း ခွဲထားခြင်း မဟုတ်ပဲ ပင်မ ဝိညာဉ်နှင့် ဆက်သွယ်၍ အသစ် ဖန်တီးထားခြင်းသာ ဖြစ်သည်။ သူ၏ ဝိညာဉ်တိုင်းမှာ ပြီးပြည့်စုံ ပေသည်။

သို့သော်လည်း ထိုအရာက သူ၏ လမ်းစဉ် လွယ်ကူလိမ့်မည်ဟု မဆိုလိုချေ။ သူသည်  ချီဝိညာဉ် လေးခုကို ပိုင်ဆိုင်ထား သာမန် လူများထက် လေးဆ ပိုမို၍ ကြိုးပမ်းရလိမ့်မည် ဖြစ်သည်။

အကြီးအကဲရှန်းမှာ သူတို့ကို နှောက်ယှက်ခြင်း မပြုချေ။ ထို့အစား ချင်ချူးမူ၏ ကျင့်ကြံခြင်း အလားအလာကိုသာ သုံသပ် နေခဲ့၏။ သူမသည် အတော် ငယ်ရွယ်သေးသလို မူလယင်ကိုလည်း ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ အရာ အားလုံးကို အသစ်မှ တစ်ဖန် ပြန်စနိုင်ရန် သူမတွင် အခွင့်အရေး ရှိပေသည်။

ကျေနပ်လောက်အောင် စစ်ဆေးပြီးနောက်၌ အကြီးအကဲရှန်းက ပရိသတ်ဘက်သို့ လှည့်ကာ ကြေညာလိုက်၏။

"ဂိုဏ်းဝင်ခွင့် စာမေးပွဲက မကြာခင် စတင်မယ်… ချင်ချူးမူရယ်၊ ကလေးမလေးရယ် နောက်ပြီး သူရယ်... သုံးယောက်ကို ဝင်ဖြေဆိုခွင့် ငါပြုတယ်”

သူမ နောက်ဆုံး ရည်ညွှန်းလိုက်သည့် “သူ” ဆိုသည်မှာ လုံချန်ကို ဆိုလိုလိုက်ခြင်းပင် ဖြစ်သည်။

“သူတို့ သုံးယောက်အပြင် အခြား စမ်းသပ်ခံချင်တဲ့ လူတွေ နောက်သုံးလ အတွင်း ဒီနေရာမှာ လာစုစည်း ရမယ်… သတ်မှတ်ချက်က နှစ်ခုတည်းပဲ... တစ် အသက် တစ်ရာ မကျော်ရဘူး… နှစ် အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ရောက်နေရမယ်"

တစ်ဆက်တည်းပင် သူမက ဝူကျိုးကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။

"ငါသတိပေးလိုက်မယ်… အဲဒီ အတောအတွင်း နင် ဘယ်သူ့ကိုမှ မသတ်မိစေနဲ့"

ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ချင်ချူးမူနှင့် နတ်ဘုရား ဧကရာဇ် အဆင့် မိန်းမငယ်လေးတို့ကို သူမအနားသို့ ခေါ်ဆောင်လိုက်၏။

"သူတို့နှစ်ယောက်ကို ငါ တစ်ခါတည်း ခေါ်သွားမယ်…"

မကြာခင်မှာပင် ဝိညာဉ် နတ်မိမယ်သည် မိန်းကလေး နှစ်ယောက်နှင့် အတူ ကောင်းကင် တိမ်စိုင်များ အကြား တိုးဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။

...

ဝိညာဥ် နတ်မိမယ်သည် ရုတ်တရုတ် ‌ရောက်ရှိလာကာ ရုတ်တရက်ပင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ မည်သည့် ခြေရာမျှ မကျန်ရစ်ချေ။ ချင်းချီနှင့် ဝူကျိုးတို့ ကဲ့သို့သော နတ်ဘုရား ဧကရာဇ်များ ပင်လျှင် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြ၏။ သမီးဖြစ်သူကို မျက်စိအောက်တွင်ပင် သိမ်းယူသွားသည့် အတွက် ချင်ချီ၏ အမူအရာက အနည်းငယ် အရုပ်ဆိုး နေခဲ့သည်။

လုံချန်နှင့် ဝေ့ဝူယင်တို့မှာမူ နေရာတွင်ပင် ရပ်နေကြသည်။

မည်သည့် အရာများ ဖြစ်ပွားသွားခဲ့ သနည်း။ မင်္ဂလာပွဲ အခမ်းအနား၊ မင်းသားချန်း၏ အာဏာသိမ်းရန် ကြိုးပမ်းမှု၊ ကြယ်တာရာ ဧကရာဇ်ဝူ ‌ရောက်ရှိလာမှု၊ ဟောပြော ပို့ချမှု၊ ဝေ့ဝူယင်၏ လွတ်မြောက်သွားမှု၊ ထို့နောက် ဝိညာဥ် နတ်မိမယ် ‌ရောက်ရှိလာကာ ပြန်လည် ထွက်ခွာသွားမှု... အရာအားလုံးကား မျက်လှည့်ဆန်စွာပင် ပြီးဆုံးသွားကြသည်.

“ ... “

လူအုပ်မှာလည်း စက္ကန့်များစွာ ကြာအောင် တိတ်ဆိတ်နေကြ၏။ အချို့ဆိုလျှင် ပစ္စုပ္ပန်ကိုပင် သတိမရတော့ပဲ စိတ်လှုပ်ရှားမှုနှင့် တွေဝေမှုများ အကြား၌ ပျောက်ဆုံးနေကြသည်။

ဝူကျိုး၏ မျက်နှာကမူ စိတ်ပျက်နေဟန် ရသည်။ သူသည် အချိန်များစွာ ဖြုန်းတီးခဲ့မိသည်။ ယခုဆိုလျှင် မြေးဖြစ်သူအား သေလုမြောပါး ဒဏ်ရာများ ရရှိအောင် တိုက်ခိုက်ခဲ့သူကိုပင် ပြန်လည် သတ်ဖြတ်ရန် အခွင့်အရေး မရှိတော့ချေ။ ထို့အပြင် ဝေ့ဝူယင်မှာလည်း အသက် တစ်ရာ မကျော်သေးသည့် ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မသတ်ဖြတ်ရ ဟူသော ကောင်းကင် အမိန့်အောက်၌ သူသည်လည်း အကျုံးဝင်နေပေသည်။

ထိုအရာက သူ့အတွက် ဆိုးရွားသည့် ထိုးနှက်ချက် တစ်ခုလို ဖြစ်သွားကာ ဒေါသတရားမှာ အတိုင်းအဆ မရှိ မြင့်တက်လာခဲ့၏။

ဝေ့ဝူယင်မှာ ဤနေရာ၌ မရှိတော့သည့်တိုင် သူ၏ အာရုံခံစားမှုများမှာမူ ထက်ရှနေဆဲ ဖြစ်သည်။ ကောင်းကင်တာအို၏ အငွေ့အသက် အချို့က လက်ရှိကမ္ဘာအား လွှမ်းမိုးလာသလို သူ ခံစားလိုက်ရသည်။ တစ်ဆက်တည်းပင် ဝူကျိုး၏ မျက်လုံးများမှာ ဒေါသတရား၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ ထိုအရာက မကြာခင် ကပ်ဘေး တစ်ခု ကျရောက်လာတော့မည် ဖြစ်ကြောင်း ဖော်ပြနေသည်။

အစစ်အမှန် ခန္ဓာကိုယ်က ဤနေရာတွင် ရှိမနေလေရာ ဝေ့ဝူယင်မှာ တည်ငြိမ်နေ၏။ သို့သော်လည်း ကမ္ဘာကြီးကမူ ပိုမို တိတ်ဆိတ်လာကာ အမှန်တကယ် အန္တရာယ် ကျရောက်လာတော့မည် ဖြစ်ကြောင်း အတည်ပြု ပေးနေခဲ့သည်။

ဝူကျိုး၏ မျက်လုံးများမှာ လူအုပ်အကြား လျှပ်စီးလက်သလို ရွေ့လျားနေ၏။ သူကား ထိုလူများ အားလုံးကို စိတ်ထဲမှ အမှတ်အသား ပြုလုပ်နေသယောင်ပင်။

သူ့အနေဖြင့် အသက်တစ်ရာအောက်နှင့် ချီပျစ်ခဲခြင်း အဆင့်ခြောက် ပုဂ္ဂိုလ်များကို မထိနိုင်သော်လည်း ကျေးဇူးကန်းသော နိုင်ငံသားများမှာမူ ခြားနားသည်။ မိုးခြိမ်း သကဲ့သို့ အော်ဟစ်သံ တစ်ခုနှင့် အတူ သူ ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ ထိုလှုပ်ရှားမှုကား နားမလည်နိုင်လောက်အောင် လျှင်မြန်ကာ မျက်စိ တစ်မှိတ်စာ အတွင်းမှာပင် သူ အမှတ်အသားပြုထားသည့် လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းသို့ လွှမ်းခြုံသွား၏။

သူတို့ အားလုံးကား ချက်ချင်းပင် ဖိနှိပ်ခံခဲ့ရ၏။ ထိုပုဂ္ဂိုလ်များမှာ ဖြစ်သူ ဖြစ်ကြောင် ဝေ့ဝူယင်သည် ပထမဆုံး တွေ့မြင်လိုက်ရသည်။

သူတို့သည် ကောင်းကင်ဓားဂိုဏ်း ဘိုးဘေး အကြီးအကဲ ရှန်ဖန်း၊ ကျောက်စိမ်းကြာပန်းဂိုဏ်းချုပ် ချင်ဖုန်းတို့နှင့် ဝူချန်း၏ ဘက်၌ ရပ်တည်ခဲ့သည့် သေမျိုး နတ်ဘုရား အချို့ ပင် ဖြစ်ကြသည်။ များမကြာခင်မှာပင် ဝူချန်းဘက်၌ ရပ်တည်ခဲ့ကြသည့် အသက်တစ်ရာကျော် ပုဂ္ဂိုလ်တိုင်းမှာ ဝူချန်း၏ စွမ်းအားတွင် လှောင်ပိတ်မိသွားကြ‌တော့သည်။

ဝေ့ဝူယင် အေးဆေးစွာပင် ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြသည်။ ထိုလူများအားလုံးမှာ သူနှင့် သွေးမတော် သားမစပ်သလို နက်ရှိုင်းသည့် ပတ်သက် ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိကြသူများလည်း မဟုတ်‌ချေ။ အားလုံးထဲ၌ ချင်ဖုန်းမှာ သူနှင့် ရင်းနှီးသည် ဆိုသော်လည်း ထိုအရာက အပေါ်ယံ အပေးအယူ ဆက်ဆံရေးမျှသာ ဖြစ်၏။

သို့သော်လည်း ဝေ့ဝူယင်နှင့် မတူညီစွာပင် လုံချန်၏ တုန့်ပြန်မှုမှာမူ ပြတ်သားကာ သူရဲကောင်းဆန်လှသည်။ သူသည် တစ်ချက်ပင် မတုန့်ဆိုင်းပဲ ဝိညာဥ်ဓားနှင့် ဓားချီတို့ကို အသုံးပြုကာ ဝူကျိုးအား ခုတ်ထစ်လိုက်တော့သည်။ သို့သော်လည်း ဝူကျိုးသည်  အကြည့်တစ်ချက်ဖြင့်ပင် တုန့်ပြန်လိုက်သည်။ ရုတ်ချည်းပင် လောက အင်အားများသည် စုစည်းလာကာ လုံချန်၏ တိုက်ခိုက်မှုကို အဆုံးတိုင် ဖျက်ဆီးပစ်လိုက်လေ၏။

သို့သော်လည်း ထိုနှောင့်နှေးမှုကပင် ချင်ချီ အတွက် လှုပ်ရှားနိုင်ရန် အခွင့်အရေး တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် သူသည် ဝူကျိုး၏ ပစ်မှတ်များထဲမှ တစ်ယောက်တည်းသော ပုဂ္ဂိုလ်ကိုသာ လှမ်းဆွဲယူလိုက်၏။

ဘုန်း... ဘုန်း

ခန္ဓာကိုယ်များစွာမှာ တစ်ခုပြီး တစ်ခု သွေးမှုန်များ အဖြစ် ပေါက်ကွဲသွားကာ အရိုးများနှင့် ကလီစာများမှာ ခန်းမအတွင်း ပြန့်ကျဲသွားလေ၏။

ကံကောင်းလွန်းသည့် ချင်ဖုန်း တစ်ယောက်သာလျှင် ချင်ချီ၏ ဆွဲယူမှုဖြင့် အသက်ရှင်ခဲ့ပေသည်။

ကြမ်းပြင်၌ ပုံနေသည့် အနိဋ္ဌာရုံ မြင်ကွင်းကို ကြည့်ရင်း လုံချန်၏ မျက်လုံးများမှာ သွေးဆာမှုများဖြင့် တလက်လက် တောက်ပလာ၏။ ဓားတစ်စင်း၏ ထက်ရှသော အငွေ့အသက်နှင့် သတ်ဖြတ်လိုစိတ်များက သူ၏ ခန္ဓာကိုယ်မှ ရုန်းကြွလာသည်။ သူ၏ မျက်လုံးများက ပြင်းထန်သော ပြတ်သားခြင်းများနှင့် ပြည့်နှက်လာ၏။

“ငါ့နာမည်၊ ငါ့အသက်၊ ငါ့ဝိညာဥ်နဲ့ ငါ့ရဲ့ အရာအားလုံးကို တိုင်တည်ပြီး ငါ ကျိန်ဆိုတယ်... ငါ မင်းကို တစ်နေ့ ရအောင် သတ်မယ်”

သို့သော်လည်း ဝူကျိုးက လုံချန်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။

“မင်းလို ချို့ယွင်းချက် ရှိတဲ့ ကျင့်စဥ်ကို ကျင့်ကြံထားတဲ့ အမှိုက်ကောင်က ငါ့ကို သတ်ချင်တယ်ပေါ့..  မင်း အနေနဲ့ နောက်ထပ် အသက်တစ်နှစ် ထပ်ရှင်ဖို့ပဲ အရင် ဆုတောင်းလိုက်ဦး”

ဝေ့ဝူယင်သည် ထိုမြင်ကွင်းကို ငြိမ်သက်စွာပင် ကြည့်နေခဲ့၏။ လုံချန်သည် သွေးဆူကာ ခံစားလွယ်သည့် ဗီဇရှိပြီး မည်သည့် အချိန်၌ မည်ကဲ့သို့ နှိမ့်ချရမည်ကိုပင် သိပုံ မရချေ။ အကယ်၍ ကောင်းကင်၏ ကောင်းချီပေးခံထားရသည့် သားတော်သာ မဟုတ်ပါက ထိုကဲ့သို့ စရိုက်မျိုးနှင့် ခေါင်းပြတ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။

ထို့နောက်တွင် ဝူကျိုး၏ မျက်လုံးများမှာ ဝေ့ဝူယင် အပေါ် ကျရောက်သွား၏။ ထိုလူငယ်သည် သူ့အား အထိတ်တလန့် ဖြစ်နေစေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် ထက်မြက်သည့် အပြင် လျှို့ဝှက် ဆန်းကြယ်သော နည်းလမ်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။ သူသည်လည်း ဝိညာဥ်နှစ်ခုကို ကျင့်ကြံထား‌‌သည့်တိုင် ထိုအရာက အကန့်အသတ် ဖြစ်စေနိုင်လိမ့်မည်ဟု သူ မထင်ချေ။ ထို့အပြင် အကြီးအကဲကျိုး အမိန့် မထုတ်ခဲ့လျှင်ပင် ထိုလူငယ်အား တွေ့အောင် ရှာနိုင်ရန် သူ့တွင် ယုံကြည်ချက် မရှိချေ။

သူ၏ အမြင်အရဆိုလျှင် လုံချန်နှင့် ယှဥ်ပါက ထိုလူငယ်ကသာလျှင် သူ၏ အသက်ကို ပိုမို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် ဧကရာဇ်ဝူနှင့် မင်းသားလဲ့တို့ကို ခေါ်ဆောင်ကာ တိုက်ရိုက်ပင် ထွက်ခွာသွားသည်။ ကြည့်ရသည်က သူသည် မင်းသားကျန်း အပါအဝင် အခြားလူများကို ဂရုပင် စိုက်ပုံ မရချေ။

***

All Chapters