အဆုံးသတ်
Vol. 10 Ch. 140
ဝေ့ဝူယင် ခေါင်းအား ခါလိုက်ရင်း တွေဝေ ငေးငိုင်နေသည့် မေ့ယန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် ဖြစ်စဥ်တစ်ခုလုံးတွင် ကြားနေသူ တစ်ယောက် အဖြစ်သာ ရပ်တည်ခဲ့ရာ မထိမခိုက် ကျန်ရှိနေဆဲ ဖြစ်သည်။
မေ့ယန်သည် သူမရှေ့သို့ ဝေ့ဝူယင် ရောက်ရှိလာသည်ကို သတိထားမိသွား၏။ သူမ၏ ဝိညာဥ် အာရုံကို ဝေ့ဝူယင် အပေါ် ရွေ့လျားသွားသော်လည်း ကိုယ်ပွားတစ်ယောက် ဖြစ်ကြောင်း ဘယ်လိုမှ သဲလွန်စ မရခဲ့ပါချေ။ သူက အစစ်နှင့် ခွဲမရအောင် တူလွန်းသည်။ သူမအား အခွင့်အရေး ယူခဲ့သူက အစစ်အမှန် ဝေ့ဝူယင်လား၊ ကိုယ်ပွားလားပင် သူမ ဝေခွဲမရတော့ချေ။
ဝေ့ဝူယင်မှာ သူမ၏ မေးခွန်းထုတ်သည့် အကြည့်ကို ရိပ်မိသည့် အလား ပြုံးလိုက်၏။
“မစိုးရိမ်ပါနဲ့... အဲဒါက တကယ်ပဲ ငါပါ”
အခြားလူများနှင့် မတူညီစွာပင် သူ၏ အမူအရာက တည်ငြိမ်ကာ သက်တောင့်သက်သာ ရှိနေခဲ့သည်။ သူသည် မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည့် ရည်ရွယ်ချက်ကို အောင်မြင်ခဲ့သည်။ သူ၏ မျက်လုံးများက ဆန္ဒ အရိပ်အယောင် တစ်ခုဖြင့် တောက်ပနေကာ မေ့ယန်၏ နားနားကို ကပ်၍ တစ်စုံတစ်ရာကို တီးတိုး ပြောဆိုလိုက်၏။
မေ့ယန်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာ၏။
“နင် လုပ်နိုင်တယ်လား...”
“ဒါပေါ့...”
ဝေ့ဝူယင်က ယုံကြည်ချက် ရှိသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် လင်းကျိရန်မှာ သူတို့ အနားသို့ လျှောက်လာခဲ့၏။ သူမ၏ မျက်လုံးများမှာ ဒေါသ အရိပ်အငွေ့ဖြင့် အနည်းငယ် လောင်ကြွမ်းနေလေသည်။
“နင် မင်ရှုဖုန်းကို ဘယ်နေရာ ခေါ်သွားတာလဲ... ခုချက်ချင်း သူ့ကို ပြန်ပေးစမ်း... မပေးရင် ငါ နင့်ကို သတ်ပစ်လိုက်မယ်”
ဝေ့ဝူယင်က လင်းကျိရန် ဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါသူ့ကို သဘောကျတယ်... ဝူကျိုး ပေါ်လာရင် သူ အန္တရာယ် ကျရောက်တော့မယ့် အကြောင်း ငါသိထားတယ်... နောက်ပြီး ငါ့မှာ စဥ်းစားဖို့ အချိန်ကလည်း အများကြီး မရှိဘူးလေ”
ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသည့် အသွေးအသားပုံများကို တစ်ချက် ကြည့်ရင်း ဝေ့ဝူယင် ပိပိရိရိပင် လိမ်လိုက်သည်။
“နောက်ပြီး ရှုပ်ထွေးတဲ့ အရာတွေ ဖြစ်လာရင် အဆုံးသတ်မှာ အဆင်ပြေပါ့မလား ဘယ်သူမှ မသိနိုင်ဘူး မလား... ဒါကြောင့်ပဲ ငါ မြန်မြန်လှုပ်ရှားလိုက်ရတာပါ... စိတ်ချ ငါသူ့ကို ထိခိုက်အောင် မလုပ်ဘူး... မင်း အနေနဲ့ နားလည်ပေးဖို့ မျှော်လင့်မိပါတယ်”
လင်းကျိရန်မှာ ဝေ့ဝူယင် စကားကို မည်သို့ တုန့်ပြန်ရမည်မှန်း မသိပဲ ငြိမ်သက်သွားသည်။ သူက မင်ရှုဖုန်းကို ချစ်နေသည်လား။
လင်းကျိရန်၏ အခြေအနေကို ကြည့်ကာ ဝေ့ဝူယင်က စကားဆက်လိုက်သည်။
“ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဝိညာဥ် နတ်မိမယ် ပြောသွားတဲ့ ဂိုဏ်းဝင်ခွင့် စစ်ဆေးပွဲ မတိုင်ခင် အထိ သုံးလကြာအောင် လုံခြုံတဲ့ နေရာတစ်ခုမှာ ရှိနေလိမ့်မယ်... ဝူကျိုး လုံးဝ ရှာတွေ့မှာ မဟုတ်တဲ့ နေရာ တစ်ခုမှာပေါ့... သုံးလပြည့်တာနဲ့ ငါ သူ့ကို ခေါ်ပြီး ပြန်လာခဲ့မယ်”
“နင်... သူ့ကို...”
လင်းကျိရန်၏ စကား မဆုံးသေးခင်မှာပင် ဝေ့ဝူယင်က နောက်တစ်ကြိမ် ဖြတ်ပြောလိုက်သည်။
“ဘာမှ စိတ်မပူနဲ့... အဲဒီ သုံးလ အတွင်း ငါ သူ့ရဲ့ မူလယင်ကို ထိန်းသိမ်းပေးထားမယ်... သူ လိုလိုလားလား ပေးတာက လွဲရင်ပေါ့... မယုံရင် မေ့ယန်ဒီမှာ ရှိတယ် မေးကြည့်လိုက်... ငါစိတ်နှလုံး ဘယ်လောက်ဖြူစင်လဲ ဆိုတာ သူသိတယ်”
ဝေ့ဝူယင်က အဓိပ္ပာယ်မဲ့စွာ ပြောချင်ရာ လျှောက်ပြောပြီးနောက် မေ့ယန်ဘက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
ဝေ့ဝူယင်မှာ ဆက်လက် အချိန်ဖြုန်းရန် စိတ်မပါတော့ချေ။ သူ၏ ခန္ဓာကိုယ်မှာ မြူခိုး အဖြစ် ပြိုကွဲသွားကာ အရပ်မျက်နှာ ရှစ်ခုကို ဦးတည်၍ ထွက်ခွာသွားလေတော့သည်။ မကြာခင်မှာပင် သူသည် အားလုံး၏ မြင်ကွင်းများမှ ပျောက်ကွယ်သွား၏။
...
ထိုအချိန် ကောင်းကင်ဝူမြို့တော်နှင့် ကီလိုမီတာပေါင်း နှစ်သိန်းကျော် ဝေးကွာသော နေရာတစ်ခု၌...
ပေငါးရာကျော် မြင့်မားသည့် တောင်ထွတ်ကြီး တစ်ခုသည် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ထီးထီး တည်ရှိနေ၏။ တောင်ခြေပတ်လည်တွင်မူ များစွာသော ကျေးရွာများမှာ ပြန့်ကျဲစွာ နေရာယူ ထားကြသည်။ သူတို့သည် ဝတ်ဝတ်နေရေးနှင့် ကျင့်ကြံခြင်း အခွင့်အလမ်းများ အတွက် အဖိုးတန် သတ္တုရိုင်းများ တူးဖော်သည့် အလုပ်များကို လုပ်ကိုင်ကြ၏။
တောင်တန်းကြီး၏ အောက် မြေကြီးအတွင်းတွင် ထူးခြားသည့် နည်းလမ်းများဖြင့် ဖောက်ထွင်းထားသော ဥမင် ကွန်ယက်တစ်ခု ရှိနေခဲ့သည်။ ၎င်းသည် မိုင်ရာပေါင်းများစွာ ရှည်လျားကာ ဝင်္ကပါကဲ့သို့ ရှုပ်ထွေး ပွေလီနေ၏။ ထိုဥမင်များ အတွင်း၌ အမျိုးမျိုးသော ချီအစီအရင်များ တည်ရှိနေကာ နံရံများမှာလည်း ထူးခြားသော သင်္ကေတများဖြင့် ပြည့်နှက်နေ၏။
အကယ်၍ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ရောက်ရှိလာလျှင်ပင် ထိုဝင်္ကပါ ဥမင်ကို ကျော်ဖြတ်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အကယ်၍ မြေပုံသာ မရှိပါက ထောင်ချောက်မျး အတွင်း သေဆုံးသွားခြင်း၊ သို့မဟုတ် ဝင်္ကပါ အတွင်း လမ်းပျောက်နေခြင်းမျိုး ဖြစ်နိုင်ပေသည်။
တောင်တန်းကြီး၏ အတွင်းအကျဆုံး နေရာ၌ အလွန် ကျယ်ပြန့်သော ခန်းမကြီး တစ်ခု ရှိနေခဲ့သည်။ ထိုခန်းမကြီးသည် ပိုင်လင် ကဲ့သို့ ဧရာမ သားရဲ ဆယ်ကောင်လောက်ကိုပင် ထည့်သွင်းထားနိုင်သည် အထိ ကျယ်ဝန်းသည်။
ခန်းခကြီး အတွင်း၌ စုမေ့သည် မင်ရှုဖုန်း၏ အသိစိတ် လွတ်နေသော ခန္ဓာကို စူးစမ်းနေခဲ့၏။ ဝေ့ဝူယင်မှာမူ အနီးအနားတွင် ရှိနေခဲ့သည်။ သူ၏ မျက်လုံးများသည် တဖျပ်ဖျပ် လက်နေကာ ကိုယ်ပွားကို အာရုံခံ နေခဲ့၏။
အခက်အခဲ အချို့ ရှိခဲ့သော်လည်း အဆုံးသတ်တွင် သူ၏ အစီအစဥ်များမှာ အလုပ်ဖြစ်ခဲ့ပေသည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများကို ကိုင်တွယ်ရခြင်းမှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှ၏။
“အရှင်ဝေ့... သူ နိုးလာပြီ”
စုမေ့၏ အသံကြောင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပွင့်ဟလာ၏။ သူက အရိပ်အယောင် ပြလိုက်ရာ စုမေ့မှာ ချက်ချင်းပင် သဘောပေါက်သွားသည်။ ချက်ချင်းပင် သူမသည် ပိုင်လင်ကို ခေါ်ဆောင်ကာ ဥမင်တစ်ခု အတွင်း ဝင်ရောက်သွား၏။
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်နှင့် မင်ရှုဖုန်းတို့ နှစ်ယောက်သာ ခန်းမကျယ်ကြီး အတွင်း ကျန်ရစ်ပေတော့သည်။
မင်ရှုဖုန်းမှာ မျက်လုံးများ ပွင့်ဟလာရာ ပထမဆုံး ကျောက်သား မျက်နှာကျက်ကို တွေ့မြင်လိုက်ရသည်။
“ငါ ဘယ်မှာ ရောက်နေတာလဲ...”
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နောက်ဆုံး မှတ်မိသလောက်ဆိုလျှင် သူမသည် လင်းကျိရန်၏ မင်္ဂလာပွဲသို့ ရောက်ရှိနေသည်။ ထို့နောက်တွင် ကြယ်တာရာ ကပ်ဘေးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင်ရော... သူမ ဘာကိုမှ စဥ်းစား၍ မရတော့ချေ။
“နင် လုံခြုံတဲ့ နေရာတစ်ခုကို ရောက်နေတာပါ”
ဝေ့ဝူယင်က အဖြေပေးလိုက်သည်။
မင်ရှုဖုန်း၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားကာ သူမ၏ မျက်လုံးများမှာ အသံလာရာသို့ ရွေ့လျားသွား၏။ ငွေရောင် မျက်လုံး၊ ချောမောသော ရုပ်ရည်... သူ့အား တွေ့ဖူးသလိုလို ရှိကြောင်း သူမ ခံစားလိုက်ရသည်။
“ရှင်က...”
သူမ၏ မျက်လုံးများမှာ ကောင်းကင် အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပသွားသည်။ ဝေ့ဝူယင်၏ ရည်ရွယ်ချက်နှင့် ကံကြမ္မာကို တစ်စိတ်တစ်ပိုင်း သိလိုသိငြား သူမ ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ခဏအကြာ၌ သူမ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ မည်မျှပင် ကြိုးစားစေကာမူ သူ၏ ကံကြမ္မာကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်း မရှိခဲ့ချေ။
“နင် ဘာလိုချင်လို့လဲ...”
သူမက အပြာရောင် မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ကြည့်ကာ မေးလိုက်၏။
“မင်းငါ့ကို မှတ်မိလား”
ဝေ့ဝူယင်က အဖြေပေးရမည့် အစား ပြန်လည် မေးခွန်းထုတ်လိုက်သည်။
မင်ရှုဖုန်းမှာ တိတ်ဆိတ် ငြိမ်သက်သွားသည်။ သူမသည် ဘဝ တစ်လျှောက်လုံး၌ မရေမတွက်နိုင်သော လူများနှင့် တွေ့ဆုံ ဆက်ဆံခဲ့ဖူးသည်။ ဝေ့ဝူယင်မှာ ထိုအထဲမှ တစ်ယောက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်က သူမအား အပြစ် မတင်ချေ။ ဆယ်နှစ်ကျော် ကာလများ အတွင်း၌ သူသည် များစွာသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသည်။ ရုပ်ရည်သွင်ပြင်က တူနိုင်သေးသည့်တိုင် ကိုယ်ရောင် ကိုယ်ဝါနှင့် အငွေ့အသက်တို့မှာမူ အခြားလူ တစ်ယောက် အသွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
“ရွှေရောင် နို့နှစ်မြို့တော်၊ စူရဗီ ကုန်တိုက်မှာ... လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းနဲ့ငါ ဝိညာဥ် ကျိန်ဆိုမှု တစ်ခု ပြုလုပ်ဖူးတယ်”
သူက လက်ကို မြှောက်လိုက်ရာ ရေခဲချီ တစ်ခုမှာ စတင် စုစည်းလာ၏။ မကြာခင်မှာပင် အကြွင်းမဲ့ သုည ရေခဲချီ တစ်ခု ဖြစ်ပေါ်လာသည်။ ခန်းမ၏ အပူချိန်သည် ချက်ချင်းဆိုသလိုပင် ဒီဂရီပေါင်းများစွာ ကျဆင်းသွားခဲ့၏။
“ငါ လောင်းကြေး နိုင်ခဲ့တယ်”
***