ငရဲ
Vol. 11 Ch. 141
“ရွှေရောင် နို့နှစ်မြို့ ၊ စူရဗီ ကုန်တိုက်၊ အကြွင်းမဲ့ သုည ရေခဲ အမတေ၊ ဝိညာဥ် ကျိန်စာ...”
မင်ရှုဖုန်းမှာ မျက်မှောင်ကြုတ်ကာ အပိုင်းအစများကို ပြန်လည် ချိတ်ဆက်ရန် ကြိုးစားနေ၏။ ခဏကြာပြီးနောက်၌ သူမ၏ မျက်လုံးများက အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်လာသည်။
“နေဦး... ရှင်က... ရှင် ဘယ်လိုဖြစ်ပြီး မသေသေး...”
သူမမှာ စကားများပင် ထစ်နေခဲ့၏။ ကောင်းကင်တာအိုက မည်သည့် အရာများ မှားယွင်းနေခဲ့သနည်း။ မဖြစ်နိုင်ချေ။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ငွေရောင် မျက်လုံးများနှင့် ထိုလူငယ်မှာ ချီပျစ်ခဲခြင်း အဆင့်ငါးတွင်သာ ရှိနေခဲ့သေးသည်။ ထိုကျင့်ကြံခြင်း အခြေခံဖြင့် အကြွင်းမဲ့ သုည ရေခဲအမတေကို သန့်စင်ပါက ကျိန်းသေ သေဆုံးရမည့် အကြောင်း ကောင်းကင်တာအိုက သူမထံ နိမိတ်ပြခဲ့သည်။ သူမက လမ်းကြုံသဘောမျိုးဖြင့် သတိပေးခဲ့သော်လည်း လူငယ်က လက်မခံခဲ့ပဲ လောင်းကြေးထပ်ရန်ပင် ပြန်လည် စိန်ခေါ်ခဲ့သည်။
ဤသို့ဖြင့် သူတို့ နှစ်ယောက် ဝိညာဥ် ကျိန်ဆိုမှု ပြုလုပ်ကာ တစ်လ အကြာတွင် ပြန်တွေ့ရန် ရက်ချိန်းထားခဲ့ကြသည်။ သို့သော်လည်း သူမနှင့် လင်းကျိရန်တို့မှာ သူ့အား သေလူအဖြစ် သဘောပိုက်ကာ တစ်လ မပြည့်ခင်မှာပင် ရွှေရောင် နို့နှစ်မြို့တော်မှ ထွက်ခွာလာခဲ့ကြသည်။
ထိုအချိန်မှ စတင်ရေတွက်ပါက ဆယ်နှစ်ကျော် ကာလ ကြာမြင့်ခဲ့လေပြီ ဖြစ်သည်။ သူမသည်လည်း သူ့အား မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တစ်နေ့တစ်ချိန်၌ ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု သူမ တစ်ခါမှပင် မတွေးခဲ့ဖူးချေ။
မင်ရှုဖုန်းက အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။ ယခု ရောက်ရှိနေသည့် နေရာက မည်သည့် နေရာမှန်း မသိသည့်တိုင် အလောင်းအစားအတွက် မင်္ဂလာပွဲမှ ဖမ်းခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သူမ ရိပ်မိပေသည်။
“ရှင် ဘာလိုချင်လဲ...”
သူမက ရှည်ရှည်ဝေးဝေး မစဥ်းစားတော့ပဲ တိုက်ရိုက်ပင် မေးလိုက်သည်။
ဝေ့ဝူယင်၏ နှုတ်ခမ်းတွင် အပြုံး တစ်ခု ဖြစ်ပေါ်လာ၏။ သူမထံမှ အကြားချင်ဆုံး စကားကို ကြားလိုက်ရပြီ မဟုတ်ပါလော။ သူ၏ ငွေရောင် မျက်လုံးများက သူမ၏ အပြာရောင် မျက်ဝန်းများဆီသို့ စူးစူးစိုက်စိုက် ကျရောက်သွားသည်။
“လိုချင်တာ အများကြီး မရှိဘူး... ငရဲ အကြောင်း နင် သိသလောက်ပဲ ပြောပြ...”
“ငရဲ...”
မင်ရှုဖုန်းမှာ ခုန်ထလိုက်၏။ သူမ၏ မျက်လုံးများက ဝိုင်းစက်သွားကာ အသက်ရှူသံများမှာ မူမမှန် ဖြစ်သွားသည်။ တည်ငြိမ်ပြီး လျှို့ဝှက်ဆန်းကြယ်နေသည့် ငွေရောင်မျက်လုံးများကို ကြည့်ရင်း အန္တရာယ် အငွေ့အသက် အချို့ကို သူမ ခံစားလိုက်ရ၏။
“ငရဲ အကြောင်း ရှင်ဘယ်ဘယ်လိုလုပ် သိတာလဲ”
ငရဲဆိုသည်မှာ အဘယ်နည်း။ အရှင်းလင်းဆုံး အဖြေပေးရပါက ၎င်းမှာ ကြောက်မက်ဖွယ် အတိပြီးသော နေရာတစ်ခု ဖြစ်သည်။ ကောင်းကင်တာအိုသည် ကမ္မ အပြစ်ကို ကျူးလွန်သော အပြစ်သားတို့ အတွက် ထိုသို့သော ဒုက္ခဘုံ တစ်ခုအား ဖန်ဆင်းခဲ့ခြင်း ဖြစ်၏။ ကမ္ဘာပေါ်တွင် ငရဲနှင့် ပတ်သက်သည့် ဇာတ်လမ်း ပုံပြင် အမျိုးမျိုး ရှိသော်လည်း အများစုကမူ ကလေးများ ခြောက်လှန့်ရန် တီထွင်ထားသည့် ထွင်လုံးသက်သက်ဟုသာ ယူဆခဲ့ကြသည်။
အကယ်၍ ကောင်းကင်တာအို၏ ဆန္ဒကို ခြေရာကောက်နိုင်သည့် ကံကြမ္မာ ဟောပြောသူ တစ်ယောက်သာ မဟုတ်ပါက သူမသည်လည်း ငရဲကို ယုံကြည်ခဲလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဝေ့ဝူယင်အား ကြည့်ရသည်က ငရဲ တည်ရှိသည့် အကြောင်း ကျိန်းသေနေပုံ ပေါ်သည်။ သူသည်လည်း ကံကြမ္မာ ဟောပြောသူ တစ်ယောက်လော။
ဝေ့ဝူယင်က ခေါင်းကို ခါယမ်းလိုက်၏။
“ငါ အများကြီး သိမထားဘူး... အဲဒါကြောင့်ပဲ ငါနင့်ကို လိုအပ်တာပေါ့... ငရဲ အကြောင်း နင်သိသမျှ အရာအားလုံးကို ပြောပြစေချင်တယ်”
အမွေခံ အပြစ်သား တစ်ယောက် တစ်ယောက်၏ လမ်းကို လျှောက်လှမ်းခဲ့ပြီးသည့်နောက် သူသည် ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုကို ကျော်ဖြတ်ရမည် ဖြစ်သည်။ ပထမ ကပ်ဘေးကိုမူ ဘာမှန်း မသိသော အခြေအနေ တစ်ခုနှင့် သူ ကျော်ဖြတ်နိုင်ခဲ့သည်။ ဒုတိယ ကပ်ဘေးမှာ ပထမ ကပ်ဘေးထက် အဆပေါင်းများစွာ ပိုခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူ သိရှိ၏။
ထို့ကြောင့်ပင် သူ အကောင်းဆုံး ကြိုတင် ပြင်ဆင်လိုသည်။ မင်ရှုဖုန်းမှာ ကောင်းကင်တာအိုနှင့် ဆက်သွယ်နိုင်ရာ ငရဲ အကြောင်း အနည်းနှင့် အများ သိရှိပေလိမ့်မည် ဖြစ်ကြောင်း သူ ရိပ်မိခဲ့သည်။ မည်မျှ သေးငယ်သော အချက်အလက် ဖြစ်စေ ကပ်ဘေးများကို ရင်ဆိုင်ရာ၌ တစ်နည်းနည်းဖြင့် အထောက်ကူ ပေလိမ့်မည်။ ထို့ကြောင့်ပင် မင်ရှုဖုန်းကို ဖမ်းဆီးရန် သူ ထိုမျှ အားထုတ်ခဲ့ခြင်း ဖြစ်သည်။
မင်ရှုဖုန်းမှာ ဝေ့ဝူယင်ကို ကြည့်ရင်း အနည်းငယ် ဇဝေဇဗါ ဖြစ်သွား၏။ ထိုလူငယ်မှာ ငရဲအကြောင်း မသိဟု ဆိုရာ သူမကဲ့သို့ ကံကြမ္မာ ဟောပြောသူ တစ်ယောက်တော့ မဖြစ်နိုင်တော့ချေ။ သို့သော်လည်း သူ့ ကဲ့သို့ သာမန်လူ တစ်ဦးက အဘယ်ကြောင့် အပြစ်သားတို့၏ နေရာတစ်ခုကို စိတ်ဝင်စားနေရသနည်း။
“... ငါနင့်ကို ပြောပြရင် နင် ငါ့ကို ဘာမှ မလုပ်ဖူးလို့ ကတိပေးလား”
မင်ရှုဖုန်းက မေးလိုက်၏။ သူမသည်လည်း ကောင်းကင်၏ အရိပ်အောက်၌ တည်ရှိနေသည့် လူတစ်ဦး ဖြစ်ရာ ဝိညာဥ် ကျိန်ဆိုခြင်းကို ပယ်ဖျက်၍ မရနိုင်ချေ။ တစ်နေ့တာ အတွက် ဝေ့ဝူယင် တောင်းဆိုသမျှကို သူမ လိုက်လျောရမည် ဖြစ်သည်။ ဝိညာဥ် ကျိန်ဆိုမှုတွင် သူမ၏ မူလယင်ကို မယူ ဟူသည့် အချက် တစ်ချက် ပါဝင်နေသော်လည်း ပါးစပ်ကို သုံး၍ ပြုစုခိုင်းလျှင်ရော...ထိုအတွေးကြောင့် မင်ရှုဖုန်းမှာ အနည်းငယ် ကြက်သီးထသွားခဲ့၏။
“နင့် အဖြေက ငါ့ကို ကျေနပ်စေမယ် ဆိုရင် ငါ နင့်ကို လွှတ်ပေးမယ်...”
ဝေ့ဝူယင်က ပြုံးကာ အဖြေပေးလိုက်သည်။
မင်ရှုဖုန်းမှာ ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ သူ့အား ယုံသင့်သလော၊ မယုံသင့်သလော သူမ မသိချေ။ ထိုလူငယ်၏ အတွေးနှင့် ရည်ရွယ်ချက်များမှာ ခန့်မှန်းရန် ခက်ခဲလှသည်။ ထို့အပြင် ဝေ့ဝူယင်အား ခုခံရန်လည်း သူမတွင် ယုံကြည်ချက်လည်း မရှိပြန်ချေ။ သူမ၏ ခန့်မှန်းချက်သာ မမှားပါက ဝေ့ဝူယင်မှာ နတ်ဘုရား အရှင် အဆင့် ဖြစ်သည်။ သို့သော်လည်း သူမကမူ ယခုမှ အစောပိုင်း သေမျိုး နတ်ဘုရား တစ်ယောက်သာ ဖြစ်သည်။ နတ်ဘုရား အရှင် တစ်ပါးအား အထွတ်အထိပ် သေမျိုး နတ်ဘုရား အဆင့်ဖြင့်ပင် ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။
သို့ဖြစ်လေရာ သူမတွင် အခြား ရွေးချယ်စရာ မရှိချေ။ မည်မျှပင် မိုက်ရူးရဲဆန်သည် ဆိုစေကာမူ သူ့အား ယုံကြည်ရန်သာ ရှိတော့သည်။
နူးညံ့သည့် ပန်းနုရောင် နှုတ်ခမ်းပါးလေးကို ကိုက်ရင်း မင်ရှုဖုန်း အတွေးများကို စုစည်းလိုက်သည်။ သူမ၏ အာရုံများက မမြင်နိုင်သည့် အလွှာများစွာကို ဖြတ်ကျော်သွား၏။ တစ်ခဏ အကြာ၌ သေခြင်း၊ ရှင်းခြင်းနှင့် ဝိညာဥ်များ ပြည့်နှက်နေသည့် နိမိတ် ပုံရိပ်ယောင် တစ်ခုက သူမ၏ ရှေ့တွင် ဝေဝေဝါးဝါး ပေါ်လာခဲ့လေတော့သည်။
သူမ ငရဲကို မြင်နေရ၏။
“ငရဲဆိုတာ ကမ္မ အပြစ် ကျူးလွန်သူတွေကို ဒဏ်ခတ်ဖို့ ကောင်းကင်တာအိုက ဖန်တီးထားတဲ့ သီးသန့် နေရာ တစ်ခုပဲ... ကမ္မ အပြစ်ဟာ ကူးစပ်ရောဂါတွေလို ကြီးစွာသော တန်ခိုးကို စွဲကိုင်ထားတဲ့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ သန့်စင်ဖို့ လိုအပ်တယ်... ကမ္မ အပြစ်ကိုသာ မသန့်စင်လိုက်ဘူး ဆိုရင် မဟာ ဆမ်ဆာရာ ဝိညာဥ်မြစ်ကို ပြန်လည် ဝင်ရောက်တဲ့ အခါမှာ အဲဒီ မသန့်စင်တဲ့ ပင်မ ဝိညာဥ်တွေဟာ မကောင်းမှုတွေကို ဖြန့်ဝေ ကြလိမ့်မယ်... အဲဒီအခါ လောကဟာ သက်ရှိ ငရဲဘုံ အဖြစ် ပြုန်းတီးရလိမ့်မယ်”
“ဒါပေမဲ့ ကမ္မအပြစ်ကို သန့်စင်ဖို့ ငရဲ မဟုတ်တဲ့ အခြား နည်းလမ်း နှစ်ခု ရှိနေပါသေးတယ်... တစ်ခုက ကမ္မ အပြစ်ရဲ့ ဆန့်ကျင်ဘက် ဝန်ရိုးစွန်း ကမ္မ ကုသိုလ်ပဲ... အခြား တစ်ခုကတော့ မူလ နတ်ဘုရားတွေရဲ့ သွေး”
မင်ရှုဖုန်းက ရပ်လိုက်သည်။ ဝေ့ဝူယင်မှာ အပြင်ပန်းတွင် ငြိမ်သက်နေသော်လည်း သူ၏ နှလုံးသားမှာမူ အဆုံးမရှိ ထိတ်လန့် တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။
ထို့အကြောင်းကြောင့်ပင် ငရဲ၏ ပထမ ကပ်ဘေးကို ဖြတ်ကျော်ပြီးသည့်နောက် သူ ကမ္မ ကံကောင်းခြင်းများစွာကို လက်ခံရရှိသည်လား။ ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုကရော အမွေခံ အပြစ်သားများ၏ ခန္ဓာကိုယ်ထဲရှိ အညစ်အညေးများကို သန့်စင်ခြင်း တစ်မျိုးလား။ အကယ်၍ သူ့တွင် ကမ္မ အပြစ် မရှိပါက ထိုကပ်ဘေးများမှာ မသက်ရောက်နိုင်သည်လား။
ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် သူ၏ ခေါင်းမှာ ထိုးကာ ကိုက်ခဲ လာခဲ့၏။ ရုတ်ချည်းပင် ဝေ့ဝူယင်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး သူ၏ နောက်ကျောမှာ ချွေးများဖြင့် စိုရွှဲသွားသည်။
“မဟုတ်သေးဘူး... ငါ သေမှာ သေချာတယ်... ငါ့မှာ အပြစ် သွေးမျိုးဆက် ရှိတယ်... ငါ့ အတွေးက လုံးဝကို မှားယွင်းနေတာပဲ... တကယ်လို့ အစစ်အမှန် အပြစ်ရဲ့ ဝိညာဥ်ဟာ ငရဲရဲ့ ကပ်ဘေးတွေမှာ အမွေခံ အပြစ်သားတွေကို ကာကွယ်ပေးတယ် ဆိုရင် အဲဒါက အပြစ်ရဲ့ ရင်းမြစ်ကို ကာကွယ်ခြင်း သက်သက်ပဲ... ငါတို့ရဲ့ သွေးတွေမှာ အပြစ်သွေးတွေ စီးဆင်းနေခြင်းကြောင့်သာ အမွေခံ အပြစ်သား ဖြစ်နေကြရတာ မဟုတ်လား”
ဝေ့ဝူယင် ညာဘက်လက်ရှိ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်မိ၏။ အကယ်၍ သူသာ ငရဲ၏ ကပ်ဘေးကို ကျဆုံးခဲ့ပါက မည်ကဲ့သို့ ဖြစ်မည်နည်း။
“ဒါပေမဲ့...”
အခြား အတွေးတစ်ခု ဝေ့ဝူယင်၏ ခေါင်းအတွင်း ဝင်ရောက်စဥ်မှာပင် မင်ရှုဖုန်းက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ဆက်လက် ပြောလိုက်လေသည်။
“ဒါပေမဲ့ ကောင်းကင် တာအိုတွေဟာ အမြဲတမ်း တရားမျှတမှု ရှိတယ်... ငရဲရဲ့ ကမ္မ အပြစ် သန့်စင်မှု အောက်မှာ မသေဆုံးတဲ့ ဒါမှမဟုတ် ကြံကြံခံနိုင်တဲ့ ဝိညာဥ်တွေဟာ အမြင့်မားဆုံး ကမ္မ ကံကောင်းခြင်းကို ပြန်လည် ရရှိကြပြီး လူဝင်စားခြင်း ကောင်းချီး မင်္ဂလာကိုပါ ရရှိကြတယ်”
မင်ရှုဖုန်းမှာ ဝေ့ဝူယင်၏ အမူအရာ ပြောင်းလဲမှုကို ဆက်တိုက် ဆိုသလို အကဲခတ်နေခဲ့၏။ ဝေ့ဝူယင်မှာ ကျိန်းသေ သေဆုံးနိုင်မည့် ကပ်ဘေးမှ လွတ်မြောက်ခဲ့သည့် အပြင် နတ်ဘုရား အရှင် အဆင့်ကိုပါ တက်လှမ်း နိုင်ခဲ့သည်။ သူသည်လည်း ကောင်းကင်တာအို၏ ကောင်းချီးခံ တစ်ယောက် ဖြစ်နေနိုင်သည်။
အတန်ကြာ တိတ်ဆိတ်ပြီး နောက်၌ ဝေ့ဝူယင်က သူမအား ကြည့်လိုက်သည်။
“စောစောက ငရဲမှာ အထပ်တွေ ရှိတယ်လို့ နင် ပြောခဲ့တယ် မလား...”
မင်ရှုဖုံးက ခေါင်းတစ်ချက် ညိတ်ကာ ပြန်ဖြေလိုက်၏။
“ငရဲကို အထပ်ကြီး ဆယ့်ရှစ်ထပ် ခွဲခြားထားတယ်... အပြစ်သား တစ်ယောက် သေဆုံးသွားတဲ့ အခါ သူ့အပြစ်နဲ့ လျော်ညီတဲ့ အထက်ကို ပို့လွှတ်ခံရတယ်... ကမ္မ အပြစ်က ပိုကြီးလေလေ သူတို့ဟာ ပိုပြီး နက်နက် သွားရလေလေပဲ... အချို့ ငရဲတွေဆိုရင် သူတို့ ကျူးလွန်တဲ့ အပြစ် အလိုက် သူတို့ရဲ့ ကံကြမ္မာကို ပုရွက်ဆိတ်၊ ခွေး၊ ဒါမှမဟုတ် ကျေးကျွန်လို ဘဝမျိုးတွေမှာ မွေးဖွားလာအောင် ပြောင်းလဲပစ်တယ်... အဲဒီ ငရဲကြီး ဆယ့်ရှစ်ထပ်လုံးက အပြစ်သားတွေ အတွက် တကယ့် ကပ်ဘေးပဲ”
“အဲဒီ ဆယ့်ရှစ်ထပ်က ဘာတွေလဲ”
ထိုအခိုက်၌ ဝေ့ဝူယင်၏ နှလုံးသားကား မာရသွန် ပြိုင်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်နေရသလို တဒိတ်ဒိတ်ခုန်ကာ အဆက်မပြတ် လှုပ်ရှားနေ၏။
“ငရဲရဲ့ ပထမ အထပ်ဟာ အထပ်ကြီး ဆယ့်ရှစ်ထပ်မှာ အားအနည်းဆုံး ဖြစ်ပြီးတော့ အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေးလို့ ခေါ်ဆိုကြတယ်... ဆုံးရှုံးခြင်း ကပ်ဘေးဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့နဲ့ နှောက်ယှက်ခြင်း၊ အနာကျင်ရဆုံး အမှတ်တရတွေကို ပြန်လည် သတိရစေခြင်း၊ သေခြင်းနဲ့ အသက် ဆုံးရှုံးခြင်း အတွေ့အကြုံတို့ အပြင် ဘဝရဲ့ အရေးအပါဆုံး မှတ်ဉာဏ်တွေကို ယိုယွင်းစေခြင်းတို့နဲ့ အပြစ်သားတွေကို သန့်စင်ကြတယ်... အဲဒါက အရမ်း ရက်စက်လွန်းတယ်”
မင်ရှုဖုန်းမှာ အတွေးဖြင့်ပင် ထိတ်လန့် တုန်လှုပ်သွားခဲ့၏။ မိနစ် အနည်းငယ်ကြာ စိတ်တည်ငြိမ်အောင် ပြန်လည် ကြိုးစားပြီးမှ သူမက ဆက်ပြောလိုက်သည်။
“အပြစ်သားတွေဟာ အဲဒီလို ပြင်းထန်တဲ့ ဝေဒနာကို ထပ်ခါထပ်ခါနဲ့ အဆုံးမရှိသည် အထိ ခံစားကြရတယ်... နောက်ဆုံး သူတို့ရဲ့ ဝိညာဥ် ပြိုကွဲသွားတဲ့ အခါမှသာလျှင် အပြစ်တွေ စင်ကြယ်သွားပြီလို့ ယူဆကြပြီး ပြန်လည် လူဝင်စားဖို့ ဝိညာဥ်မြစ်ကို ပို့ဆောင်ကြတယ်”
ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ တုန်လှုပ်နေ၏။ သူသည် ငရဲ၏ ပထမ ကပ်ဘေးကို ဖြတ်ကျော်စဥ်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို ပြန်လည် မြင်ယောင်နေမိသည်။
အကယ်၍ သာမန် အခြေအနေတွင် ဆိုပါက ထိုမြင်ကွင်းများကို ကြည့်ကာ သူ ရူးသွပ်သွားပေလိမ့်မည်။ သို့သော်လည်း ကံကောင်းထောက်မစွာ အတိတ်မေ့နေခဲ့သည့် အခြေအနေကပင် သူကိုယ်တိုင်နှင့် သူချစ်ခင်လေးစားရသည့် အကိုကြီးတို့ ရက်ရက်စက်စက် အသတ်ခံနေရသည့် မြင်ကွင်းများကိုပင် ပြဇာတ်တစ်ခုနှယ် ကြည့်နိုင်အောင် ကူညီပေးခဲ့သည်။
ထို့ကြောင့်ပင် ငရဲ၏ ပထမ ကပ်ဘေးကို သူ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ဒုတိယ အထပ်ကရော...”
ဝေ့ဝူယင်၏ အသံက အနည်းငယ် တုန်သွားခဲ့၏။
မင်ရှုဖုန်းက နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်သည်။
“ဒုတိယ အထပ်က...”
***