← Chapters

အနိုင်မခံ အရှုံးမပေး

Vol. 11 Ch. 142

အနိုင်မခံ အရှုံးမပေး

Vol. 11 Ch. 142

“ဒုတိယ အလွှာက....”

မင်ရှုဖုန်းမှာ ရှင်းပြနေ၏။ သို့သော်လည်း ဝေ့ဝူယင်မှာ သူမ၏ ပါးစပ်မှု ထွက်လာသမျှ စကားလုံးတိုင်းကို အနည်းငယ်ပင် နားမလည်ချေ။ ထိုအရာက နိုင်ငံခြား ဘာသာစကား တစ်ခုကို သူ၏ အရှေ့၌ ပြောနေသလိုပင်။ သူ စိတ်ရှုပ်ထွေးလာရာ မျက်မှောင်ကြုတ်ကာ ရပ်တန်ဖို့ ပြောရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ သူ၏ ညာဘက်လက်မှာ တစ်အောင်စပင် မရှိတော့သလို ပေါ့ပါးသွား၏။ ထို့နောက် ဝေ့ဝူယင်၏ ကမ္ဘာမှာ အတောမတတ်နိုင်အောင် ဝေဝါးသွားသည်။ ထို့နောက် အချိန်သည် ရပ်တန့်သွား၏။ အရာအားလုံးသည် ရပ်တန့်သွား၏။

အား...

ဝေ့ဝူယင်၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် မျက်လုံးကို စုံမှိတ်ကာ အော်ဟစ်လိုက်မိသည်။ သူ၏ လည်ပင်း၊ လက်မောင်းနှင့် ခြေထောက်များရှိ သွေးကြောများသည် သဘာဝ ဖြစ်စဥ်ကို ကျော်လွန်၍ ပေါက်ထွက်ကုန်ကာ ချင်းချင်းနီသော သွေးများမှာ သူ၏ ဒွါရပေါက် မျိုးစုံမှ စီးထွက်လာလေ၏။

ဘုန်း...

လက်နှစ်ဖက်ဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ရင်း သူ၏ ဒူးများက မြေပြင်ပေါ် ခွေယိုင်ကျသွားသည်။ သူ ကယ်သူ တွေ့နိုးနိုးဖြင့် အဆက်မပြတ် အော်ဟစ် မြည်တမ်းနေချိန်တွင် မင်ရှုဖုန်း၏ ခန္ဓာကိုယ်မှာမူ အချိန်တစ်ခုတွင် အေးခဲ ငြိမ်သက်နေ၏။

“ငရဲဆိုတာ ဒါလား... အား...”

ထိုအရာက အရှင်လတ်လတ် ကြိတ်စက်ကြီး တစ်ခုထဲ ဇောက်ထိုး ပြတ်ကျသွားသလိုလို၊ အရှိန်တရဲရဲ ရှားမီးခဲတွင် မီးဖုတ်ကျည်းခံရသလိုလိုပင်။

မဟုတ်သေး... ထိုထက် အဆ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း မက ပိုမိုသည်။ အလွန်တရာ ကြောက်မက်ဖွယ် နာကျင်မှုနှင့် ခံစားမှုတို့ အလယ်၌ သူ၏ အသက်နှင့် ဝိညာဥ်မှာ ချက်ချင်းပင် ကွယ်ပျောက်သွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။

သူ၏ ညာဘက်လက်မှ နေ၍ အပြစ်သား တက်တူးများမှာ စတင်ကာ တောက်ပလာ၏။ မည်းမှောင်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ အသွေးရောင် အလင်း ဖျော့ဖျော့ တစ်ခုက နေရာယူလာသည်။

ဝေ့ဝူယင်တွင် ရှင်းပြရန် စကားလုံး မရှိချေ။ ဖော်ပြရန် လမ်းညွှန်ချက် မရှိချေ။ သူသည် ထိုဆင်းရဲ ဒုက္ခကို ဆယ့်ခုနစ် စက္ကန့်တိုင်တိုင် ခံစားခဲ့ရသည်။ နတ်ဘုရားများနှင့် တစ္ဆေများပင် ငိုကြွေးမြည်တမ်း စေနိုင်သည့် ဆယ့်ခုနစ်စက္ကန့်ကြာ နာကျင်မှု... သူ၏ စိတ်ကား လုံးဝ ပြိုလဲလု နီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူ ခံစားခဲ့ရသည့် အရာကို ဖော်ပြရန် ခက်ခဲသည့်တိုင် ဦးနှောက်ကို ပင်အပ်တစ်သောင်းနှင့် အကြိမ်ကြိမ် ထိုးနှက်နေသလို၊ တစ်ကိုယ်လုံးကို ဆီအိုးထဲ ထည့်ကြော်သလို၊ နတ်ဘုရားတို့၏ လက်ဖြင့် အရေခွံ ဆုတ်ခြင်း ခံရသလိုဟု ပြောလျှင်ပင် များစွာ နိမ့်ပါးနေလိမ့်ဦးမည်။ ထိုနာကျင်မှုမျိုးက သာမန်လူများ ပုံဖော်နိုင်သည့် အပြင်းထန်ဆုံး နာကျင်မှုထက်ပင် အဆ သုံးထောင်ခန့် ပိုမို ပေလိမ့်မည်။

“ ... အဲဒါတွေက ငရဲရဲ့ အထပ်ကြီး ဆယ့်ရှစ်ထပ်ပဲ နင် ကျေနပ်ပြီလား...”

မင်ရှုဖုန်းက စကားကို အဆုံးသတ်လိုက်၏။ သူမသည် ငရဲ၏ ကြောက်မက်ဖွယ် အနိဋ္ဌာရုံ မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည့် အတွက် အနည်းငယ် ကတုန်ကယင် ဖြစ်နေခဲ့၏။ သို့သော်လည်း တစ်ခဏ အတွင်းမှပင် သူမ ပြန်လည် တည်ငြိမ်လာသည်။

ဆိုရလျှင် ငရဲကြီး ဆယ့်ရှစ်ထပ်မှာ အပြစ်သားများ အတွက်သာ တည်ဆောက်ထားခြင်း ဖြစ်သည်။ သူမသည် မည်သည့် အပြစ်မှ မရှိသည့် ကံကြမ္မာ ဟောပြောသူ တစ်ယောက်ဖြစ်ရာ ငရဲနှင့် လားလားမျှ ဆိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ခြားနားစွာပင် ဝေ့ဝူယင်၏ မျက်လုံးများမှာမူ အဆုံး မရှိ တုန်လှုပ်နေ၏။ အားငယ်ခြင်းနှင့် စိုးရိမ်ခြင်းတို့မှာ သူ၏ နှလုံးသား တစ်ခုလုံးကို စိုးမိုးထား၏။ ထိုအခိုက်၌ သူသည် မွေးကင်းစ ကလေး တစ်ယောက် ကဲ့သို့ မိခင်၏ ရင်ခွင်အတွင်းကိုသာ ပြန်လည် တိုးဝင်လိုနေခဲ့သည်။‌ နွေးထွေးသော ချစ်မေတ္တာနှင့် လူသားဆန်မှု အငွေ့အသက်တို့ကိုသာ သူ တောင့်တနေခဲ့သည်။  သူ၏ မျက်ဝန်းများမှာ မျက်ရည်များနှင့် စိုရွှဲလာ၏။

“နင်... နင် အဆင်ပြေရဲ့လား”

မင်ရှုဖုန်းမှာ ဝေ့ဝူယင်ကို ကြည့်ကာ ‌မေးလိုက်သည်။ ထိုလူငယ်၏ တုန့်ပြန်မှုမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။ ငရဲအကြောင်း ကြားဖူးသည့် သာမန် လူတစ်ဦးထက် အဆများစွာ ပိုကဲလွန်းနေသည်။ သူက ဤဒုက္ခ ဝေဒနာများနှင့် ကြုံတွေ့ရမှာ စိုးရွံ့နေသည်လား။ ကောင်းကင် တာအို၏ ကောင်းချီခံ တစ်ယောက် အနေဖြင့် ငရဲသို့ ပို့လွှတ်ခံရမည် သူ အဘယ်ကြောင့် စိုးရွံ့နေရသနည်း။

“ငါ... ငါ...”

ဝေ့ဝူယင်မှာ တုန်လှုပ်ချောက်ချားစွာဖြင့် ပြန်လည် အသိဝင်လာခဲ့၏။ ထိုအရာက သူ၏ ကံကြမ္မာလော။ အကယ်၍ ကံကြမ္မာ ဆိုလျှင်ရော သူ မည်ကဲ့သို့ ကျော်ဖြတ်ရမည်နည်း။ သူတော်စင် အဆင့် အမွေခံ အပြစ်သားများပင် ငရဲ၏ ကပ်ဘေးများ၌ ကျဆုံးခဲ့ရကြောင်း အနက်ရောင် အရိုးစုက ပြောပြဖူးသည်။ ထိုအတိုင်းဆိုလျှင် သူ့ကဲ့သို့ ပမွှား တစ်ယောက်က အောင်မြင် နိုင်ပါမည်လော။

“မဟုတ်ဘူး...”

ဝေ့ဝူယင် အရူးတစ်ပိုင်း သဖွယ် ခေါင်းခါလိုက်မိသည်။ ထိုအခိုက်တွင်ပင် အသိစိတ် ပင်လယ် အတွင်းမှ အဂ္ဂိရတ် ဧဒင်ချီနှလုံးသားမှာ တောက်ပစွာ လင်းလက်လာ၏။ ဧဒင်စိတ်ချီတို့က ညင်သာစွာ စီးထွက်လာကာ အသိစိတ် ပင်လယ်နှင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။

တဖြည်းဖြည်းနှင့် ဝေ့ဝူယင်၏ စိတ်မှာ ပြန်လည် တည်ငြိမ်လာကာ အတွေးများကို ပြန်လည် အာရုံစိုက် လာနိုင်ခဲ့သည်။ မည်သည့် အရာနှင့်မျှ မတူသည့် ကြည်လင် ပြတ်သားမှု တစ်ခုမှာ သူ၏ မျက်လုံးများအတွင်း နေရာယူလာခဲ့သည်။

မင်ရှုဖုန်းမှာ ဝေ့ဝူယင်၏ စူးရှ တောက်လောင်နေသည့် မျက်လုံးများကို ကြည့်ရင်း မလုံခြုံသလို ခံစားလိုက်ရသည်။ သူမ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ပင် ယောင်ယမ်း၍ အုပ်လိုက်မိ၏။ ဤအရူးက ကတိကို ချိုးဖောက်တော့မည်လော။ ထိုအတွေးက သူမ၏ ခေါင်းထဲဝင်ရောက်လာစဥ်မှာပင် ဝေ့ဝူယင်က ပြောလိုက်သည်။

“နောက်တစ်ခေါက်လောက် ထပ်ရှင်းပြပါဦး”

“ဟမ်...”

မင်ရှုဖုန်းမှာ အနည်းငယ် အံ့အားသင့်သွား၏။ နောက်တစ်ကြိမ် ဟုတ်လား... ဘာလို့လဲ...

"ဒီအတိုင်းပဲ ရှင်းပြစမ်းပါ”

ဝေ့ဝူယင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ သူ၏ တည်ငြိမ်နေသော မျက်လုံးများက အလျှော့ မပေးလိုသော ဆန္ဒတို့နှင့် ပြည့်နှက်လာသည်။

ထိုကဲ့သို့ နည်းလမ်းများဖြင့် အသက်အား ဆုံးရှုံးခံရန် သူ့တွင် ဆန္ဒ မရှိချေ။ တစ်နှစ်ကျော် တိုင်အောင် သူသည် သေခြင်းတရားကို လက်ခံကာ ဘဝအား အရှုံးပေးခဲ့ဖူးသည်။ သို့သော်လည်း ထိုတစ်နှစ်က လုံလောက်နေပြီ ဖြစ်သည်။

ငရဲ၏ ကပ်ဘေးများကို လက်ဗလာဖြင့် ရင်ဆိုင် အရှုံးပေးရန် သူ့တွင် ဆန္ဒ မရှိတော့ချေ။ အကယ်၍ သူ၏ စိတ်တွေ ပြိုလဲသွားလျှင်ပင် ပြန်လည် နိုးထရန် အခွင့်အရေး တစ်ခုသာ ရှိပေလိမ့်မည်။

“ငါ...”

မင်ရှုဖုန်းမှာ ဘာဆက်လုပ်ရမှန်း မရေရာနေပုံ ပေါ်၏။ သို့သော်လည်း ဝေ့ဝူယင်၏ တဝင်းဝင်း လက်နေသော မျက်လုံးများကို ကြည့်ကာ ဆက်ပြောရန်ပင် ဆုံးဖြတ်လိုက်သည်။

“ ... “

သူမက နောက်တစ်ကြိမ် ထပ်မံ ရှင်းပြလိုက်ပြန်သည်။

ဆယ့်ခုနစ် စက္ကန့်...

ဝေ့ဝူယင်မှာ နတ်ဘုရားနှင့် ဝိညာဥ်များပင် အော်ဟစ် တောင်းပန်လောက်သည့် ခန္ဓာနှင့် ဝိညာဥ် နာကျင်ခြင်း ဖြစ်စဥ်ကို ထပ်မံ ကြုံတွေ့လိုက်ရပြန်သည်။ သို့သော်လည်း သူ ရရှိခဲ့သမျှမှာ နားမလည်နိုင်သည့် အရှုပ်အထွေး တစ်ခုသာ ဖြစ်၏။

“ရပြီလား...”

ဒုတိယ အကြိမ်မြောက် ရှင်းပြနောက် မင်ရှုဖုန်းက မေးလိုက်သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ သွေး‌ရောင်လွှမ်း နေခဲ့ပြီ ဖြစ်၏။ ထိုအရာက အဖြူရောင် ပင်လယ်ပြင် အတွင်း သွေးမြစ်များ တဟုန်းဟုန်း စီးဆင်းနေသကဲ့သို့ပင်။

“ဟင့်အင်း... နောက်တစ်ကြိမ်...”

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။

“အမ်...”

မင်ရှုဖုန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ပွင့်ဟသွား၏။ အဘယ်ကြောင့် ဝေ့ဝူယင်မှာ ထိုစကားများကို ထပ်ခါ တလဲလဲ ကြားချင်နေရသနည်း။

“ပြောလေ... ငါနင့်ကို အမိန့်ပေးနေတယ်”

ဝေ့ဝူယင် အရူးတစ်ယောက် သဖွယ် အော်ဟစ်လိုက်၏။ မင်ရှုဖုန်းမှာ အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားသော်လည်း သူ့စကားကိုသာ နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက ဝိညာဥ် ကျိန်စာမှာ သူမ၏ ဝိညာဥ်ကို ဖျက်ဆီးသွားပေလိမ့်မည်။ သူမ ထိုကဲ့သို့ ဖြစ်ခွင့် မပြုနိုင်ချေ။

“ ... “

“ ... “

“ ... “

တစ်နေ့တာလုံး၌ မင်ရှုဖုန်းသည် ထိုစကားများကိုသာ ထပ်ခါ တလဲလဲ ပြောရန် စေခိုင်းခံနေရ၏။ အကြိမ်တိုင်း၌ ဝေ့ဝူယင်သည် ငရဲ၏ ဆင်းရဲ ဒုက္ခကို ဆယ့်ခုနစ် စက္ကန့်တိုင်တိုင် ခံစားရသည်။ သို့သော်လည်း သူသည် အံကို တင်းတင်းကြိတ်ကာ လက်သီးအား ဆုပ်ရင်း ဆက်လက် နား‌ထောင်ရန်သာ စိတ်အား ထက်သန်နေခဲ့၏။

ထိုတစ်နေ့ ကုန်လွန်ပြီးနောက်၌ မင်ရှုဖုန်းမှာ ဝိညာဥ် ကျိန်စာမှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ အစောပိုင်းက ဝိညာဥ်ကျိန်ဟာ၏ ပိတ်ဆို့မှုဖြင့် သူမ မလွတ်မြောက်နိုင်ခဲ့သော်လည်း ယခုတွင်မူ လွတ်လပ်မှုကို တဖန် ပြန်လည် ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူမသည် တောက်ပသော မျက်လုံးများနှင့် ဝေ့ဝူယင်ကို ကြည့်ကာ နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်၏။ ထို့နောက် လျှပ်တစ်ပြက်ပင် သိုလှောင် လက်စွပ်ထဲမှ သလင်းကျောက် တစ်ခုကို ထုတ်ယူကာ သူမ ချေမွှ ပစ်လိုက်သည်။

သူမ၏ ရုပ်သွင်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် နေရာမှ ရုတချည်း ပျောက်ကွယ်သွားခဲ့၏။ ဝေ့ဝူယင်သည် သူမအား တားဆီးနိုင်သည့်တိုင် သည်အတိုင်း ကြည့်နေကာ သွားခွင့်ပေးလိုက်သည်။ သူမ၏ အသုံးဝင်မှုကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မလိမ့်တပတ် လုပ်သွားခြင်း အပေါ် လက်စားချေလိုသည့် သူ၏ ဆန္ဒများမှာလည်း ပျက်ပြယ်သွားခဲ့ပြီ ဖြစ်၏။ နောင်တစ်ချိန်တွင် ဤအခိုက်အတန့်ကို ပြန်လည် မြင်ယောင်မိသည့် အခါတိုင်း သူ သူမကို ကျေးဇူးပင် တင်မိနေပေလိမ့်မည်။

ဝေ့ဝူယင် တိတ်တဆိတ်ပင် ဆက်လက် ထိုင်နေခဲ့၏။ သူ၏ ကြွက်သားများက တဆတ်ဆတ် တုန်ရီနေကာ သူ၏ အမြင်အာရုံမှာ ဝေဝါးနေသည်။ သူ၏ အသိစိတ် အာရုံမှာ စီးဆင်းမှု မမှန်ကန်‌တော့ပဲ မင်ရှုဖုန်း၏ စကားများကိုသာ ပြန်လည် ကြား‌ယောင် နေခဲ့၏။

“ဒုတိယ ကပ်ဘေး... အမှောင်ထုတွင် လွတ်မြောက်ခြင်း... အသက်ရှင်သန်ခြင်း...”

…

သုံးလဟူသော အချိန်ကာလကား ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ထိုသုံးလအတွင်း အနန္တ ကုန်းမြေတိုက်ကြီး၌ များစွာသော အကြောင်းအရာများမှာ ဖြစ်ပျက်သွားခဲ့သည်။ ဂိုဏ်းဝင်ခွင့် စာမေးပွဲ ကျင်းပမည် ဆိုသော ဝိညာဥ် နတ်မိမယ်၏ စကားသည် ဂယက်တစ်ခု သဖွယ် အားလုံးကို ရိုက်ခတ် သွားခဲ့၏။ ထိပ်တန်း ပါရမီရှင်များသည် ကျင့်ကြံခြင်းနှင့် တောက်ပသော တောက်ပသော အနာဂတ် အတွက် ထိုဂိုဏ်းကို ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။

ပထမ၌ များစွာသော လူများမှာ ထိုသတင်း အမှန်ဖြစ်ကြောင်း မယုံကြည်ကြသေးချေ။ သို့သော်လည်း တိုင်းပြည် ခုနစ်ခုမှ ပါရမီရှင်များ စုစည်းကာ ထိုအတွက် ပြင်ဆင်နေသည်ကို မြင်တွေ့လာရပြီးနောက်၌ ထိုဖြစ်ရပ်မှာ အစစ်အမှန် ဖြစ်ကြောင်း လက်ခံ လာခဲ့ကြသည်။

ထိုအတောအတွင်း၌ ဝူကျိုးသည် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်က မရေမတွက်နိုင်သည့် ထိပ်တန်း ကျင့်ကြံသူများကို တုန်လှုပ်စေခဲ့၏။

အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ အရေအတွက်မှာ တစ်ဆယ်ပင် မ‌ကျော်ချေ။ အားလုံးမှာလည်း ပထမ အဆင့်တွင်သာ ရှိနေကြသူများ ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ဝူကျိုးမှာ လူတိုင်းထက် သာလွန်သော ကျင့်ကြံခြင်း အဆင့် ရှိနေကြောင်း ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ မည်သူက မတန်လှုပ်ပဲ နေနိုင်ပါမည်နည်း။

***

All Chapters