မိန်းမလှများနှင့် ရောက်ရှိလာခြင်း
Vol. 11 Ch. 143
အကယ်၍ အကြောင်းမသင့်ပါက ထိုအချင်းအရာမှာ သူတို့၏ အုပ်စိုးမှုများကို ပျက်ပြားစေပြီး ဝူမျိုးနွယ်၏ လက်အောက်ခံ ဘဝကိုပင် ကျရောက်သွားစေနိုင်စွမ်း ရှိသည်။ ထိုအရာက အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို မီးလောင်ပြကျ သွားစေနိုင်သည့် ကပ်ဘေးမျိုး ဖြစ်၏။
သို့သော်လည်း သူတို့တွင် အခွင့်အရေး တစ်ခုတော့ ရှိပေသေးသည်။ ထိုအရာက သူတို့၏ မျိုးဆက်များကို ဝိညာဥ် နတ်မိမယ်၏ ဂိုဏ်းအတွင်း စေလွှတ်ကာ ကျင့်ကြံစေရန်ပင် ဖြစ်သည်။ အကယ်၍ ထိုဂိုဏ်းကြီး၏ ထောက်ခံမှုကိုသာ ရရှိထားပါက ဝူကျိုးမှာ သူတို့ကို လွယ်လွယ်နှင့် ထိရဲတော့မည် မထင်ချေ။
တင်းကြပ်လွန်းသည့် စည်းမျဥ်းများ ရှိသည့်တိုင် အနန္တ ကုန်းမြေတိုက်ကြီးတွင် ထိုလိုအပ်ချက်များနှင့် ကိုက်ညီသည့် ပါရမီရှင်များစွာ ရှိနေခဲ့သည်။ တိုင်းပြည် ခုနစ်ခုမှ ထိပ်တန်း ပါရမီရှင်များစွာမှာ အသက် တစ်ရာ မပြည့်ခင် သေမျိုး နတ်ဘုရား အဆင့်ကို ရောက်ရှိကြသူများချည်းသာ ဖြစ်သည်။
ဝိညာဥ် နတ်မိမယ်၏ ကြေညာချက်မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါရမီရှင် အားလုံးကို ထွက်ပေါ် လာစေခဲ့သည်။ ထိုအထဲ၌ လျှို့ဝှက် မျိုးနွယ်စုဝင်များနှင့် နာမည်ဆိုးနှင့် ကျော်ကြားသည့် ကျင့်ကြံသူများပင် ပါဝင်နေကြသည်။ များလှစွာသော ကျင့်ကြံသူများမှာ ဝူတိုင်းပြည်အတွင်း ထုနှင့်ထည်နှင့် ဝင်ရောက်လာခဲ့သော်လည်း သူတို့ အားလုံးမှာ အတားအဆီး မရှိ ကြိုဆိုခံကြရသည်။
ထိုအရာက ဝိညာဥ် နတ်မိမယ်၏ အမိန့်ဖြစ်သည်။ တိုက်ကြီးတစ်ခုလုံးကို ပိုင်ဆိုင် အစိုးရသည့် ဂိုဏ်းကြီး၏ အကြီးအကဲတစ်ဦးထံမှ အမိန့်ဖြစ်သည်။
ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရား ဧကရာဇ်များ အပါအဝင် တိုင်းပြည် ခုနစ်ခုမှ အကြီးအကဲများသည် သူတို့၏ မျိုးဆက်များကို ခေါ်ဆောင်လာကြသည်။ သို့သော်လည်း သူတို့ အားလုံသည် စည်းကမ်းသေဝပ်ကာ ဝူတိုင်းပြည်အတွင်း မည်သည့် ပြဿနာကိုမှ မဖန်တီးကြချေ။ ဝူကျိုးကား တိုက်ကြီး၏ အနာဂတ် ခေါင်းဆောင် ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ မည်ကဲ့သို့ အတင့်ရဲဝံ့မည်နည်း။
ပါရမီရှင်များ အကြား၌ တိုက်ပွဲ ဖလှယ်မှု အချို့ ဖြစ်ပွားခဲ့ခြင်းမှ လွဲ၍ မြေခွေးအိုကြီးများမှာမူ တိတ်ဆိတ် နေခဲ့သည်။ ထိုအတောအတွင်း လူအသေ အပျောက်ပင်လျှင် မရှိခဲ့ချေ။
ဝေ့ဝူယင်၊ စုမေ့နှင့် ပိုင်လင်တို့သည်လည်း ဝူဗဟို နယ်မြေ တော်ဝင်မြို့တော်သို့ နောက်တစ်ခေါက် ပြန်လည် ရောက်ရှိလာခဲ့ပြန်သည်။
ဝေ့ဝူယင်၏ အသွင်အပြင် တစ်ခုလုံးမှာ ပြောင်းလဲသွားဟန် ရ၏။ သူ့တွင် အသက်အရွယ်နှင့် မလိုက်ဖက်သည့် တည်ငြိမ်မှုနှင့် ယုံကြည်ချက်များ ရှိနေခဲ့၏။ ယနေ့၌ သူသည် အသက် သုံးဆယ့် ခုနစ်နှစ်သာ ရှိသေးသည့်တိုင် ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းမှာ အလွန် နက်ရှိုင်းနေခဲ့ပြီ ဖြစ်၏။
သူသည် ချီပျစ်ခဲခြင်း အဆင့်ကိုး ချီအမတေ အဆင့်ကို ခြေမချရသေးသည့်တိုင် အဆင့်ခုနစ် အဂ္ဂိရတ် တာအို၏ အကူအညီဖြင့် များစွာသော ချီအမတေ အမှုန်များကို ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။
ဆန်းကြယ် ဆေဘာဝိညာဥ် ... ချီအမတေ အမှုန် ၉၉ ခု
ဒြပ်စင် ဆန်းကြယ် ဝိညာဥ် ... ချီအမတေ အမှုန် ၉၉ ခု
နဂါးသွေး ဝိညာဥ် ... ချီအမတေ အမှုန် ၉၉ ခု
အဂ္ဂိရတ် ဧဒင်ဝိညာဥ် ... ချီအမတေ အမှုန် ၉၉ ခု
သို့သော်လည်း ဝေ့ဝူယင်သည် အဆင့်ကိုး သေမျိုး အဆင့်ကို ကျေနပ်ခြင်း မရှိသေးချေ။ သူသည် ဇာတိ ဝိညာဥ် တစ်ခုချင်းစီကို ဝူကျိုး ပြောသည့် ဒဏ္ဍာရီလာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်ရှိလိုနေခဲ့သည်။
အခြား အဂ္ဂိရတ် ပညာရှင်များနှင့် မတူညီစွာပင် ဝေ့ဝူယင်၏ အောင်မြင်မှုနှုန်း၊ အရည်အသွေးနှင့် ဖော်စပ်မှု အရှိန်တို့မှာ မိုးကောင်းကင်ကို အံတုနိုင်လောက်အောင် ထူးခြားသည်။ အထူးသဖြင့် သူ၏ အဂ္ဂိရတ် ဝိညာဥ်နှင့် သန်မာသော ခန္ဓာကိုယ်တို့မှာ အဂ္ဂိရတ် လုပ်ငန်းစဥ်များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရာနှုန်းပြည့် ထောက်ပံ့ပေးထားသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အရာရာကား ဆေးဖော်စပ်ရန် အထူးပြုလုပ်ထားသည့် စက်တစ်လုံးလိုပင်။
အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရသည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ချေ။ စုမေ့သည်လည်း အဆင့်မြင့် မှော်ဆေးလုံးများ၏ အကူအညီဖြင့် ချီပျစ်ခဲခြင်း အဆင့်ခုနစ်ကို အောင်မြင်စွာ အခြေချနိုင်ခဲ့သည်။ ကိုယ်တိုင် ဖန်တီးထားသည့် မှော်ဆေးလုံးများ၏ ထိရောက်မှုကို ဝေ့ဝူယင် ပင်လျှင် ထိတ်လန့်ခဲ့ရသည်။
အမတေ မြှင့်တင်ခြင်းဆေး ဟု ခေါ်သည့် ဆေးတစ်မျိုး ရှိသည်။ ထိုဆေးသည် အဆင့်ခြောက် အထွတ်အထိပ်ဆေး တစ်မျို ဖြစ်ကာ အမတေ ကျောက်တုံး ငါးဆယ်စာ အမတေများကို သိုလှောင်ထားသည်။ ၎င်းအား သန့်စင်ရခြင်းမှာ အမတေ ကျောက်တုံး တစ်တုံးကို သန့်စင်ရခြင်းထက် အဆများစွာ ပိုမို ခက်ခဲသလို အချိန်လည်း ပိုမို လိုအပ်သည်။
စုမေ့သည် “အမတေ မြင့်တင်ခြင်း” ဆေးသုံးလုံး တိတိကို သွေးကြောများ၏ သန့်စင်မှုကို ပိုမို လျှင်မြန်အောင် လှုံ့ဆော်ပေးနိုင်သော “လှုံ့ဆော်ခြင်း ဆေးလုံး” နှင့် တွဲကာ သောက်သုံးခဲ့သည်။ ထိုအရာက ရူးသွပ်လောက်သည့် ပေါင်းစပ်မှု တစ်ခု ဖြစ်သည်။
သေမျိုး နတ်ဘုရား အများစု အစောပိုင်း အဆင့် သို့မဟုတ် အဆင့်ခြောက်တွင်သာ ပိတ်မိနေရခြင်းမှာ အမတေ ကျောက်တုံး လိုအပ်ချက် တစ်ခုတည်းကြောင့် မဟုတ်ချေ။ စုပ်ယူ၊ သန့်စင်၊ စုစည်းရန် အချိန် လိုအပ်ချက်ကြောင့်ပင် ဖြစ်၏။
ကျင့်ကြံသူ အများစု အတွက် အမတေ ကျောက်တုံး တစ်တုံးကို စုပ်ယူရန် ပျမ်းမျှ ကြာချိန်မှာ တစ်နှစ် ဖြစ်သည်။ သို့သော်လည်း စုမေ့မှာမူ ထိုထက် လေးဆ ပိုမို လျှင်မြန်စွာ စုပ်ယူ သန့်စင်နိုင်စွမ်း ရှိသည်။ “လှုံ့ဆော်ခြင်းဆေး” နှင့် ပေါင်းစပ်မှု အောက်တွင် သူမ၏ သန့်စင်မှုနှုန်းမှာ အဆပေါင်းများစွာ ပိုမို လျှင်မြန်လာခဲ့သည်။ အကျိုးဆက် အနေဖြင့် သူမသည် သုံးလ အတွင်းမှာပင် “အမတေ မြှင့်တင်ခြင်း” ဆေးသုံးလုံးကို သန့်စင်ကာ မြင့်မြတ်သောချီ အဆင့်ကို ခြေချနိုင်ခဲ့လေသည်။
ဝေ့ဝူယင်၊ ပိုင်လင်နှင့် စုမေ့တို့သည် ဆုံမှတ်သို့ သတ်မှတ်လမ်းကြောင်း အတိုင်း လျှောက်လာခဲ့၏။ သူတို့သည် တအံ့တသြ အမူအရာများနှင့် စကားပြောဆိုနေကြသည့် မရေမတွက်နိုင်သော လူများကို လှမ်းမြင်လိုက်ရသည်။ ဤနေ့၌ အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှ နာမည်ကျော် ကျင့်ကြံသူများစွာ ရောက်ရှိလာရာ သူတို့တွင် ပြောမကုန်သော အကြောင်းအရာများစွာ ရှိနေခဲ့ကြပုံ ရသည်။
ဝေ့ဝူယင်နှင့် စုမေ့တို့မှာ အနာဂတ် အကြောင်း ဆွေးနွေး နေကြ၏။ သူတို့သည် ကျော်ကြားသော ပုံရိပ်များ နှင့် သူတို့၏ အတင်းအဖျင်းများ အကြောင်းကို လေ့လာရန် စိတ်မဝင်စားခဲ့ကြချေ။ အံ့အားသင့်စွာပင် စုမေ့က သူမ ထိုဂိုဏ်းအတွင်း ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောပြသည်။ သို့သော်လည်း ခွင့်ပြုပါက ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက်၊ အစေခံ တစ်ယောက် အဖြစ် သူမ လိုက်ပါမည် ဖြစ်သည်။ ထိုအရာမှာ အဆင့်နိမ့် တပည့် တစ်ယောက် ဖြစ်ရခြင်းထက် ပိုမို ကောင်းမွန်ပေလိမ့်မည်။
ဝေ့ဝူယင် အနေဖြင့် ဂိုဏ်းအတွင်း၌ မြင့်မားသော အဆင့်အတန်း တစ်ခုကို အလျှင်အမြန် လက်ခံရရှိမည်မှာ သံသယ ရှိစရာ မလိုချေ။ သူကား အဂ္ဂိရတ် ဧကရာဇ် တစ်ပါး ဖြစ်သည်။ နတ်ဘုရား ဧကရာဇ်ကိုပင် သတ်ဖြတ်နိုင်သည့် နတ်ဘုရား အရှင် အဆင့် ဖြစ်သည်။ ထို့အပြင် သူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မြင့်မားသော သဘောပေါက်နိုင်စွမ်းတို့မှာလည်း မခန့်မှန်းနိုင်သော အဆင့် တစ်ခုတွင် တည်ရှိနေသည်။ ထို့အပြင် သူသည် ဒြပ်စင် ကိုးခု၊ ဆေဘာ ရည်ရွယ်ချက်တို့ကိုလည်း မွေးဖွားထားနိုင်သေးသည်။ အထူးခြားဆုံး အချက်ကား ထိုအရာ အားလုံးကို သူ အသက် လေးဆယ် မပြည့်ခင်မှာပင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်၏။
ဝေ့ဝူယင်၏ နောက်ကို လိုက်ခြင်းအားဖြင့် သာမန် တပည့်များထက် အဆများစွာ ပိုမိုသော အခွင့်အလမ်းများကို သူမ ရရှိနိုင်ပေသည်။ ဝေ့ဝူယင်သည် သူမ၏ ဆုံးဖြတ်ချက်ကို လေးစား၏။ အကယ်၍ သူသာ သူမ နေရာတွင် ဆိုလည်း ထိုကဲ့သို့သာ ရွေးချယ်ခဲ့လိမ့်မည် ဖြစ်သည်။
မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် မင်္ဂလာဆောင် ခန်းမ ဖြစ်ခဲ့သော ကြီးကျယ်ခမ်းနားသည့် ရင်ပြင်ကြီးသို့ ရောက်ရှိလာကြသည်။ သို့သော်လည်း ထိုနေရာတွင် ထိုင်ခုံများ အစား ရွက်ဖျင်တဲများ၊ ရထားလုံးများနှင့် သေးငယ်သော ဘုံဗိမာန်တို့က နေရာယူနေခဲ့သည်။ ထိုအရာကား မြင်တွေ့ခဲသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ထို့အပြင် စုဝေးနေကြသည့် ထိပ်တန်း ကျင့်ကြံသူများနှင့် ပါရမီရှင် အားလုံးမှာ တိတ်ဆိတ်ကာ နာခံမှု ရှိနေကြသည်။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။
မကြာခင်မှာပင် သူတို့သည် ထောင့်တစ်ခု၌ နေရာလွတ် တစ်နေရာ ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုနေရာမှာ ပိုင်လင်၏ ခန္ဓာကိုယ်ဖြင့်ပင် စတည်းချနိုင်သည် အထိ ကျယ်ဝန်း၏။ ပိုင်လင်မှာ တောင်ပံ နှစ်ဖက်ကို ယှက်ရင်း မြေပြင်ပေါ် လှဲလိုက်၏။ ထို့နောက် သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ရင်း မှိန်းနေလေတော့သည်။
ဝေ့ဝူယင်နှင့် စုမေ့တို့သည် စောင့်ဆိုင်းရင်း ကျင့်ကြံခြင်း အကြောင်း ပြောဆိုနေကြသည်။
ထိုအတောအတွင်း၌ များစွာသော နာမည်ကျော်များမှာ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာနေကြသည်။ လူထုမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ကာ သူ့ထက် ငါခေါင် တိုးဝှေ့ကြည့်ရှုနေကြ၏။ အားလုံးထဲ၌ လူခြောက်ယောက် ပါဝင်သော အုပ်စု တစ်ခုမှာမူ အခြား အဖွဲ့များထက် အဆများစွာ သာလွန်သည့် လူထု၏ အာရုံစူးစိုက်မှုကို သိမ်းကြုံး ရယူသွားခဲ့သည်။
မိန်းမပျို ငါးဦးနှင့် လူငယ်တစ်ဦး...
ထိပ်တန်း ပါရမီရှင် လူငယ် များစွာမှာ ကြွားလုံးထုတ်ရန် အတွက် များစွာသော မိန်းမလှ အချွေအရံများစွာကို သွားလေရာ နေရာ ခေါ်ဆောင်သွားလေ့ ရှိသည်။ ထိုအရာက သူတို့၏ စည်းစိမ်ခံစားနည်း တစ်မျိုးလည်း ဖြစ်၏။
ထို့သော်လည်း ယခု ရောက်ရှိလာသည့် မိန်းမပျို ငါးဦးမှာမူ ထိုထက် အဆပေါင်း ထောင်သောင်းချီအောင် ပိုမိုလှ၏။ သူမတို့ တစ်ယောက်ချင်းစီကို ပိုင်ဆိုင်ခွင့် ရရှိရန် အတွက် ကမ္ဘာပေါ်ရှိ ယောက်ျားများစွာမှာ ဘာမဆို ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း အလှတရားမှာ အရေပြား တစ်ထောက်စာသာ ဖြစ်သည်။ ထိုထက် လူထုကို အုံကြွစေခဲ့သည့် အဓိက အချက်ကား သူတို့ အားလုံးမှာ အနည်းဆုံး သေမျိုး နတ်ဘုရား အဆင့်ကို ရောက်ရှိနေကြသောကြောင့်ပင်။
လူတိုင်းကို မနာလို မုန်းတီးဖြစ်စေနိုင်သည့် အလှတရားများ၏ ဝန်းရံမှု အလယ်၌ ရှိနေသူကတော့ လုံချန်မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
ဝေ့ဝူယင်၏ မျက်လုံးများ ပင်လျှင် ထိုနေရာသို့ ရောက်ရှိသွား၏။ ယောက်ျား တစ်ယောက် အနေဖြင့် သူသည် ဣတ္ထိယတို့၏ အလှတရားကို တန်ဖိုးထားသည်။ ထိုကဲ့သို့ ပန်းပွင့်များ အလယ်၌ ကြွားကြွားဝင့်ဝင့် ရပ်တည်ရန်မှာ ယောက်ျား အများစု၏ အိပ်မက် ဖြစ်ပေလိမ့်မည်။ လေးစားမှု အချို့မှာ သူ၏ မျက်ဝန်းတွင် ဖြစ်ပေါ်လာခဲ့၏။
ပထမဆုံး တစ်ယောက်ကား ဝူတိုင်းပြည်၏ ထိပ်တန်း အလှမယ် သုံးယောက်ဝင်၊ ဝူမျိုးဆက်၏ အငယ်ဆုံး မင်းသမီး ဝူပိုင်ကျိုးပင် ဖြစ်သည်။ သူမသည် မြင့်မြတ်မှုနှင့် တော်ဝင်ဆန်ဆန် ဆန်းပြားသော အလှတရားကို ပိုင်ဆိုင်ထား၏။ သူမ၏ မျက်နှာမှာ ပြီးပြည့်စုံလှ၏။ အထူးသဖြင့် သလင်းကျောက် အလား ကြည်လင်လှသည့် မျက်ဝန်းလေးများနှင့် မက်မွန်သီး နှုတ်ခမ်းတို့က အရာအားလုံးထက် သာလွန်နေသည်။
သို့သော်လည်း သူမမှာ ငါးယောက်ထဲမှ တစ်ယောက်သာ ဖြစ်၏။ အခြား မိန်းမပျို တစ်ယောက်ချင်းစီမှာလည်း ချို့ယွင့်ချက် မရှိအောင် လှပကြသူများ ဖြစ်သည်။ ထိုအထဲ၌ လင်းကျိရန်နှင့် မင်ရှုဖုန်းတို့ပင် ပါဝင် နေခဲ့၏။
“နေဦး သူက...”
ဝေ့ဝူယင်၏ မျက်လုံးများက မိန်းမပျို တစ်ယောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ ရင်သားများမှာ ဝူပိုင်ကျိုးလောက် မဖွံ့ဖြိုးသော်လည်း သာမန်ထက်တော့ ပိုမို ထွားကြိုင်နေသည်။ သူမ၏ ဆံချည်ဆံသားများနှင့် မျက်ဝန်းတို့မှာ ပတ္တမြား ကဲ့သို့ တလက်လက် တောက်ပနေ၏။ သူမ၏ သူငယ်အိမ်များကို ကြည့်ရသည်က ရေထဲတွင် နစ်မြုပ်နေသည့် အဖိုးတန် ကျောက်မျက်တစ်စုံကို မြင်တွေ့နေရသလိုပင်။
သူမကား ရေပဲ့တင်သံဂိုဏ်း ဂိုဏ်းချုပ် လျဲ့ရန်လင်၏ မျိုးဆက် ဝူတိုင်းပြည်၏ ထိပ်တန်း အလှမယ် သုံးဦးထဲမှ တစ်ဦး ဖြစ်သည့် လျဲ့ယုပင် ဖြစ်လေတော့သည်။
ဝေ့ဝူယင်မှာ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွား၏။ ဝူတိုင်းပြည်၏ ဂန္တဝင်မြောက် ထိပ်တန်း အလှမယ် နှစ်ဦးကို ခြံရံလာနိုင်ခြင်း... ထို့အပြင် လင်းကျိရန်နှင့် မင်ရှုဖုန်းတို့မှာလည်း ထိုနှစ်ယောက်ထက် မနိမ့်ကျသည့် အလှပိုင်ရှင်များ ဖြစ်ကြသည်။ ထိုလုံချန်ကား အမှန်တကယ်ပင် ကောင်းကင်၏ ကောင်းချီး ပေးခံရသည့် သားတော် တစ်ယောက်ပင် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ လုံချန်၏ ဘေးနားရှိ နောက်ဆုံးသော မိန်းမပျိုထံသို့ ရောက်ရှိသွား၏။ ရုတ်ချည်းပင် သူ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ခါ၍ အေးခဲသွားကာ သူ၏ မျက်လုံးများမှာလည်း အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွားသည်။
စုမေ့ကလည်း သူမအား လိုက်လံ ကြည့်လိုက်သည်။ နှိုင်းယှဥ်ရပါက ထိုမိန်းကလေးမှာ အခြားလေးယောက်ထက်ပင် သာလွန်သော အလှတရားကို ပိုင်ဆိုင်ထားသည်။ သူမ ကြည့်ရင်း တဖြည်းဖြည်းနှင့် စုမေ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။
“အရှင်ဝေ့... သူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
ထိုစကားသံက သတိပေးချက် တစ်ခု ထုတ်လွှတ်လိုက်သည့် အလား မိန်းမပျိုကို သူတို့ နှစ်ယောက်ထံ လှည့်ကြည့်စေခဲ့သည်။
ထို့နောက် ဝေ့ဝူယင်နှင့် သူမတို့မှာ အကြည့်ချင်း ဆုံသွားခဲ့ကြ၏။ ထိုအရာက တဒင်္ဂမျှသာ ကြာမြင့်သည့်တိုင် ဘဝ တစ်ခုစာလောက်ကို သော့ခတ် သိမ်းဆည်းလိုက်သလိုပင်။ မီးပွားလေး တစ်ခုမှာ ရုတ်ချည်း မွေးဖွားလာကာ သက်တမ်းများစွာကို သိမ်းဆည်း ကျော်ဖြတ်သွား၏။ အတိတ်၏ လေထုနှင့် ကံကြမ္မာတို့က သူတို့ နှစ်ယောက် အကြား ရေစက်ကြိုး တစ်ခုလို ချည်နှောင်သွားသည်။
လွန်ခဲ့သော နှစ်ကာလများ၌ ဖြစ်ပျက်ခဲ့သော မှတ်ဉာဏ်များက သူတို့၏ အသိစိတ် ပင်လယ်များထဲ တစ်ပြိုင်နက်တည်း စီးဆင်းနေ၏။ အကယ်၍ လူတို့၏ စိတ်ကို ထွင်းဖောက် မြင်ယောင်နိုင်သည့် နတ်ဘုရားများမှာ ရှိပါက သူတို့ နှစ်ယောက်၏ အတွေးများမှာ အံ့သြဖွယ်ရာ တူညီနေသည်ကို တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
ရေစက်နှင့် ကံကြမ္မာမှာ ဆန်းကြယ် ပွယ်လီလွန်းလှပေသည်။
***