အခန်း (၇၀၂)
Vol. 51 Ch. 702
ကျွမ်းကျင်သူအများအပြားသည် ကွမ်းယွမ်ဓားဂိုဏ်းတွင် ရှိနေသော်လည်း ကောင်းကင်အဆင့်ကို ကျော်လွန်ပြီး ကံကြမ္မာစက်ဝန်းကို နားလည်နိုင်သောလူများက အနည်းငယ်သာ ရှိကြသည်။
ဤလူများထဲတွင် ဓားတစ်လက်လွယ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးကသာ ကံကြမ္မာကို နားလည်ပြီး ဓားတာအို၏ သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်နေသည်။
“ကျူးကော၊ ဒါက မင်းရဲ့ အခွင့်အရေးပဲ။ မင်းက ဒီကျားကွက်ကို သေချာလေ့လာနိုင်ရင် ကံကြမ္မာအဆင့်ကို သေချာပေါက် ရောက်သွားလိမ့်မယ်”
အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။
ကွမ်းယွမ်ဓားဂိုဏ်းသည် ထိုသို့ပင် ဖြစ်သည်။ တခြားဂိုဏ်းများနှင့် ဆက်ဆံရေးမကောင်းသော်လည်း အချင်းချင်း စည်းလုံးကြသည်။
ကျူးကောလုက ခေါင်းညိတ်လိုက်ပြီး လက်ထဲတွင်ရှိသော ကျားစေ့ကို ကြည့်သည်။
“ဂိုဏ်းတူအစ်ကိုယန်ရှန်း၊ တကယ်လို့ ဆယ်နာရီကြာတဲ့အထိ ဒီကျားကွက်ကို တွက်ချက်နိုင်ရင် အဲဒါကလည်း ကံကြမ္မာစွမ်းအားပဲလား”
သူက ဆယ်နာရီအကြာတွင် ကျားစေ့ကို ပစ်ထုတ်ခဲ့သော်လည်း တားဆီးခံလိုက်ရသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ထိုလူများက ခေါင်းခါလိုက်ကြသည်။
ထိုလူမျိုးသည် လောကတွင် မည်သို့ ရှိနိုင်မည်နည်း။
အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက ခေါင်းခါလိုက်ပြီး ရယ်သည်။
“အဲဒါက ကံကြမ္မာစွမ်းအား မဟုတ်တော့ဘူး”
“မင်းက အချိန်နဲ့တည်နေရာရဲ့ စွမ်းအားကို နားလည်ဖို့ လိုလိမ့်မယ်”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆက်ပြောသည်။
“အထက်ဘုံသုံးပါးရဲ့ ကျွမ်းကျင်သူတွေကတောင် အဲဒီလိုလူမျိုးရဲ့ဖိနပ်ကို သယ်ဖို့ အဆင့်မီမှာမဟုတ်ဘူး”
ထို့နောက် သူတို့က ပျောက်ကွယ်သွားကြသည်။
သူတို့က ကျိုးပဲ့တိမ်တိုက်နန်းတော်သို့ ခဏသာ ရောက်လာကြခြင်းဖြစ်သည်။
သူတို့က ကျူးကောလု၏စကားကို အလေးအနက် မထားခဲ့ပေ။
ထိုကျွမ်းကျင်သူမျိုးသည် ဤလောကတွင် တည်ရှိရန် မဖြစ်နိုင်ပေ။
ကျူးကောလုက ထိုကျွမ်းကျင်သူမျိုးနှင့် မဆုံတွေ့နိုင်ပေ။
သို့သော် ကျူးကောလု၏ နှလုံးသားက အလွန်ပြင်းထန်စွာ လှုပ်ရှားနေသည်။
မဟာပုဂ္ဂိုလ်များသည် အချိန်နှင့် တည်နေရာစွမ်းအားကို ထိန်းချုပ်ထားကြသည်။
‘ကျားစေ့က အချိန်နဲ့တည်နေရာကို ဖြတ်ကျော်ပြီး ဆယ်နာရီအကြာမှာ လှုပ်ရှားလိုက်တာလား’
သူက ရုတ်တရက် ထရပ်ပြီး ကျိုးပဲ့တိမ်တိုက်နန်းတော်မှ ထွက်သွားသည်။
ကျိုးပဲ့တိမ်တိုက်နန်းတော်၏ အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ခေါင်းခါလိုက်ပြီး ရှေ့တွင်ရှိနေသော ကျားစေ့ကို သိမ်းသည်။
“ကျူးကောလုက တကယ့်ကို ထိန်းချုပ်မရ ဖြစ်နေတာပဲ ....”
ကျူးကောလုက ကွမ်းယွမ်ဓားဂိုဏ်း၏ ခန်းဆောင်ထဲသို့ တိုက်ရိုက်ပျံသန်းသွားသည်။ သူက ခန်းဆောင်ထဲသို့ ရောက်လာသောအခါတွင် မျက်နှာချင်းဆိုင်လျက် ထိုင်နေသော ဓားဘုရင်ယွမ်ထျန်းနှင့် ဟန်မူယဲ့ကို မြင်လိုက်ရသည်။
ဓားအလင်းများသည် သူတို့နှစ်ယောက်၏ ပတ်ဝန်းကျင်တွင် ရှိနေကြသည်။
“တိုက်ဆိုင်လိုက်တာ”
ဓားဘုရင်ယွမ်ထျန်းနှင့် ဟန်မူယဲ့က တည်ငြိမ်စွာ ပြိုင်တူပြောသည်။
“ဘုန်း”
ကျူးကောလုက ခန္ဓာကိုယ်ကို ထိန်းချုပ်မရတော့ပေ။ သူက ဓားအလင်းများ၏အလယ်သို့ ရောက်သွားသည်။
သူက ဓားဘုရင်ယွမ်ထျန်း၏ အဆုံးမရှိသောဓားအလင်းများကို မြင်လိုက်ရပြီး မျက်နှာတစ်ခုလုံးက ဖြူဖျော့သွားသည်။
‘မဟာအကြီးအကဲက ငါ့ကို သတ်ချင်နေတာလား ....’
သူက ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်ပြီး တစ်ခါမှမမြင်ဘူးသော အဆုံးမရှိသည့် ဓားအလင်းများကို မြင်လိုက်ရသည်။
‘သခင်လေးကူကလည်း ငါ့ကို သတ်ချင်နေတာလား’
“ခလွမ် ....”
ဓားရှည်သည် အသံပေးလိုက်သည်။ ဓားဘုရင်ယွမ်ထျန်း၏ ဓားအလင်းသည် ကျူးကောလုဆီသို့ တိုးဝင်လာသည်။
ကျူးကောလုက မျှော်လင့်ချက်ကင်းမဲ့နေပြီး မျက်လုံးမှိတ်လိုက်သည်။
“ခလွမ် ....”
ဓားနှစ်လက်ထိတွေ့သွားသောအသံကို ကြားနိုင်သည်။
ကျူးကောလုက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်သောအခါတွင် အချင်းချင်းရင်ဆိုင်နေသော ဓားနှစ်လက်ကို မြင်လိုက်ရသည်။
ထို့နောက် သူက မျက်လုံးကို ဖွင့်ကြည့်မိသည့်အတွက် နောင်တရသွားသည်။
ဓားဘုရင်ယွမ်ထျန်းက မရေမတွက်နိုင်သော ဓားအလင်းများကို ထုတ်ဖော်၍ သူ့ကို ခုတ်ချသည်။ ဓားအလင်းတိုင်းသည် သူ့ကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေချင်ပုံပေါ်သည်။
‘မဟာအကြီးအကဲက ငါ့ကို သတ်ဖို့အတွက် ဒီလောက် ဒုက္ခခံနေဖို့ လိုလား’
“ခလွမ် ....”
“ခလွမ် ....”
မရေမတွက်နိုင်သော ဓားအလင်းများသည် ဓားဘုရင်ယွမ်ထျန်း၏ ဓားအလင်းနှင့် ရင်ဆိုင်လိုက်ကြသည်။
ဓာအးလင်းများသည် ကောင်းကင်နှင့်မြေကြီး၏ ကြားတွင် သွယ်ယှက်နေကြသည်။
ကျူးကောလုက ထိုမြင်ကွင်းကို ဘဝတစ်လျှောက်လုံး မေ့နိုင်တော့မည်မဟုတ်ပေ။
မရေမတွက်နိုင်သော ဓားများသည် သူ့ရှေ့တွင် တိုက်ခိုက်နေကြသည်။
ထိုဓားအလင်းများသည် ဦးတည်ချက်မရှိသလို မူလရင်းမြစ်လည်း မရှိကြပေ။ ထို့အပြင် အဆုံးလည်း မရှိပေ။
“မဟုတ်သေးဘူး။ ကံကြမ္မာ ....”
ကျူးကောလုက မျက်လုံးပြူးသွားပြီး ဓားအလင်းများကို ငေးကြည့်နေသည်။
ထိုဓားများသည် ရုတ်တရက် ပေါ်လာပြီး အရိပ်အယောင် မချန်ခဲ့ကြပေ။
အကျိုးအပြစ် မရှိပေ။
တည်နေရာကို ထိုးဖောက်ခဲ့သည်။
နှစ်နာရီ ....
တစ်ရက် ....
တစ်နှစ် ....
နှစ်တစ်ရာ ....
ကျူးကောလုက ဓားအလင်းများကြားတွင် နှစ်တစ်ရာအထိ ရှိနေခဲ့သည်ဟု ခံစားလိုက်ရသည်။
“ဘုန်း”
ဓားအလင်းများသည် ပြိုကွဲပြီး ပျောက်ကွယ်သွားကြသည်။ ပေါ့ပါးသော တိမ်တိုက်နှင့် လေပြင်းများသည် ပြန်လည်ပေါ်ထွက်လာကြသည်။
ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းသည် တစ်ချိန်တည်းမှာပင် ရပ်တန့်လိုက်ကြသည်။
ကျူးကောလုက ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာသည်။ သူက ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းကို ကြည့်လိုက်သည်။
သူ့မျက်လုံးထဲတွင် အဆုံးမရှိသော လောကအတွေ့အကြုံများကို မြင်နိုင်သည်။
“သွားတော့။ ဒါက မင်းရဲ့ အခွင့်အရေးပဲ”
ဓားဘုရင်ယွမ်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ကျူးကောလုက ခန်းဆောင်၏အပြင်ဘက်သို့ ရောက်သွားသည်။
သူက ရှေ့တွင်ရှိနေသော ကျောက်လှေကားကို ကြည့်သည်။
ယခုအချိန်တွင် သူက လှေကားပေါ်တွင်ရှိသော မြက်ပင်များ၏ ကြီးထွားခြင်းနှင့် ခြောက်သွေ့ခြင်းကို မြင်လိုက်ရပုံပေါ်သည်။
ကံကြမ္မာ ....
သူက နားလည်ခဲ့သည်။
“ဆရာဦးလေး၊ ဘာဖြစ်လို့ ခန်းဆောင်ထဲကို မဝင်တာလဲ။ ဆရာဦးလေးက ဒီမှာရပ်နေတာ ဆယ့်ငါးမိနစ်လောက် ရှိပြီ”
သူ့နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် တပည့်တစ်ယောက်က တီးတိုးပြောလိုက်သည်။
‘ဒီမှာရပ်နေတာ ဆယ့်ငါးမိနစ်ရှိပြီတဲ့လား’
‘ငါက ခန်းဆောင်ထဲကို ဝင်မသွားခဲ့ဘူးလား’
“နှစ်တစ်ရာအချိန်က ပုံရိပ်ယောင်လား’
သူက အစိမ်းရောင်ဝတ်စုံနှင့်တပည့်ကို လှည့်ကြည့်သည်။
“မင်းက မဆိုးဘူးပဲ”
ကျူးကောလုက လက်မြှောက်ပြီး ဓားရှည်တစ်လက်ကို ထုတ်ပေးသည်။ ထို့နောက် ဖြည်းဖြည်းချင်း ထွက်သွားသည်။
‘မဆိုးဘူးတဲ့လား’
တပည့်က လက်ထဲတွင်ရှိသော ဝိညာဉ်အလယ်အလတ်အဆင့် ဓားကို ကြည့်လိုက်ပြီး လမ်းပျောက်နေသည်။
‘ဆရာဦးလေးက ဒီလောက်တောင် ရက်ရောတာလား’
သူက တွေးမိသည်။
‘ဆရာဦးလေးက ချမ်းသာသွားတာများလား’
....
ခန်းဆောင်ထဲတွင် ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းသည် မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။
“အချိန်နဲ့ တည်နေရာ။ မင်းက အဲဒီစွမ်းအားကိုတောင် ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ဓားဘုရင်ယွမ်ထျန်း၏ မျက်နှာထားက ထူးဆန်းနေပြီး ဟန်မူယဲ့ကို ကြည့်သည်။
“အထက်ဘုံသုံးပါးနဲ့ ပုန်းကွယ်နေတဲ့ နတ်ဘုရားဘုရင်တချို့ကလွဲပြီး ဒီလိုစွမ်းရည်မျိုး ဘယ်သူမှမရှိဘူး”
“ငါတကယ်သိချင်မိတယ်။ မင်းက ဘယ်သူနဲ့ တွေ့လာတာလဲ”
‘ကျွန်တော်က ဘယ်သူနဲ့ တွေ့ခဲ့တာလဲ’
ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်းကို မော့ကြည့်သည်။
တူညီသောမျက်နှာ၊ တူညီသော အကျင့်စရိုက် ....
တစ်ခုတည်းသော ကွာခြားချက်သည် သူ့ရှေ့တွင်ရှိနေသော ဓားဘုရင်ယွမ်ထျန်းက ထိုဓားချက်ကို ထုတ်မသုံးနိုင်ပေ။
သူတို့နှစ်ယောက် ယှဉ်ပြိုင်ခဲ့သောအချိန်တွင် ဓားဘုရင်ယွမ်ထျန်းက အသာစီးမရခဲ့ပေ။
သို့သော် ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်း၏ ဓားဝင်္ကပါကို ချိုးဖောက်နိုင်ခဲ့သည်။
အချိန်နှင့်တည်နေရာကို အပေါ်ယံသာ ဖမ်းဆုပ်ခဲ့လျှင်ပင် မဟာဓားကျင့်ကြံသူတစ်ယောက်၏ ဓားဝင်္ကပါကို ချိုးဖောက်နိုင်သည်။
“ဓားဘုရင်က အဲဒီလူကို မြင်ပြီးသားဖြစ်မှာပါ။ နောက်ကျရင် ပြန်တွေ့ရလောက်ပါတယ်”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်ထဲတွင် ရွှေအလင်းလုံးတစ်ခုကို ဖန်တီးသည်။
“ဓားဘုရင်၊ ရှေးခေတ်နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်နဲ့ နတ်ဘုရားဧကရာဇ်ရဲ့ ဓား။ ဘယ်ဟာက အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အထက်ဘုံကိုးပါးကို ဆွဲဆောင်နိုင်မလဲ”
ရှေးခေတ်နတ်ဘုရားခုံရုံး၏ ရတနာတိုက်နှင့် နတ်ဘုရားဧကရာဇ်၏ ဓား ....
လောကတွင်ရှိသော ကျင့်ကြံသူများသည် ထိုအကြောင်းနှင့်ပတ်သတ်၍ မတွေးဘူးကြပေ။
ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“နတ်ဘုရားဧကရာဇ်ရဲ့ ဓားက လောကမှာရှိတဲ့ သေမျိုးတွေအားလုံးကို သတ်ဖြတ်နိုင်တယ်လို့ ပြောကြတယ်။ အဲဒီဓားကို ကောင်းကင်သတ်ဓားလို့ ခေါ်တယ်”
ကောင်းကင်သတ်ဓား ....
ဟန်မူယဲ့က တိတ်ဆိတ်နေသည်။
ထိုဓားသည် နတ်ဘုရားစစ်သူကြီး၏ မှတ်ဉာဏ်ထဲတွင် သူမြင်ထားသောဓား ဖြစ်လိမ့်မည်။
“အင်မော်တယ်ရင်းမြစ်ကမ္ဘာမှာ နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်တချို့ ပေါ်လာဖူးတယ်”
ဓားဘုရင်ယွမ်ထျန်းက တောက်ပနေသောမျက်လုံးများနှင့် တီးတိုးပြောသည်။
“တိုက်ပွဲတိုင်းက သွေးစွန်းနေတယ်”
ထို့နောက် သူက တည်ငြိမ်စွာ ဆက်ပြောသည်။
“ရတနာတိုက်တစ်ခုကို ဖွင့်လိုက်တိုင်းမှာ ဂိုဏ်းတစ်ဂိုဏ်းက မြင့်တက်လာလေ့ရှိတယ်”
အထက်ဘုံသုံးပါး၏ အင်အားစုကြီးများသည် ကိုယ်ပိုင်အမွေအနှစ်အပြင် အမျိုးမျိုးသော ရတနာများနှင့် အရင်းအမြစ်များကို စုဆောင်းကြသည်။
သူတို့က ကြယ်များ၏ အရင်းအမြစ်များကို အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားကြသည်။ သူတို့အတွက် အစစ်အမှန် ကြွယ်ဝမှုသည် ရှေးခေတ်အချိန်မှ ဆင်းသက်လာသော နတ်ဘုရားခုံရုံး၏ ရတနာတိုက်များပင် ဖြစ်ကြသည်။
ထိုရတနာတိုက်များသည် နှစ်သောင်းချီအောင် စုစည်းထားသော မရေမတွက်နိုင်သည့် ကြွယ်ဝမှုကို ကိုယ်စားပြုသည်။
“အဲဒီတော့ ဒီသတင်းနှစ်ခုလုံးက အင်မော်တယ်ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်လို့ ပြောချင်တာလား”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး ညင်သာစွာပြောသည်။
ဓားဘုရင်ယွမ်ထျန်းက ခေါင်းခါသည်။
“အဲဒီနှစ်ခုက မတူဘူး”
“နတ်ဘုရားဧကရာဇ်ရဲ့ဓားက အထက်ဘုံသုံးပါးရဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်လိမ့်မယ်။ နတ်ဘုရားခုံရုံးကို စိတ်ဝင်စားတဲ့လူတွေပဲ ဝင်ပါကြလိမ့်မယ်”
“ရတနာတိုက်ကတော့ အင်အားစုအမျိုးမျိုးကို ဆွဲဆောင်လိမ့်မယ်။ ဒါပေမဲ့ အစစ်အမှန်ကျွမ်းကျင်သူတွေက ဝင်ပါလာမှာ မဟုတ်ဘူး”
“မင်းက ဘယ်သူ့ကို မျှားခေါ်ဖို့ ကြိုးစားနေတာလဲ”
ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တာအိုပြိုင်ပွဲက ဒီအဆင့်အထိ ရောက်နေပြီလား”
ဓားဘုရင်ယွမ်ထျန်းသည် ကောင်းကင်အံ့ဖွယ် တာအိုဘိုးဘေး၏ တပည့်တစ်ယောက် ဖြစ်သည်။ သူကလည်း တာအိုပြိုင်ပွဲတွင် ဝင်ပါရန် စီစဉ်ထားသည်။
ကွမ်းယွမ်ဓားဂိုဏ်းသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ တစ်ကိုယ်တော်ဓားကျင့်ကြံသူများကို စုစည်းထားခဲ့သည်။ ဓားဘုရင်ယွမ်ထျန်းက စကားတစ်ခွန်းဖြင့် သူတို့အားလုံးကို တာအိုပြိုင်ပွဲသို့ ခေါ်သွားနိုင်သည်။
သို့သော် ဟန်မူယဲ့က နတ်ဘုရားဧကရာဇ်၏ဓားနှင့် ရတနာတိုက်ကို တာအိုပြိုင်ပွဲအတွက် အသုံးချချင်နေသည်။
သူက ထိုရတနာများကို ကိုယ်တိုင်မသုံးဘဲ မုန်တိုင်းတစ်ခုကို အစပျိုးချင်နေသည်။
‘တာအိုပြိုင်ပွဲမှာ ဘယ်လိုအင်အားစုတွေ ဝင်ပါနေတာလဲ’
နတ်ဘုရားဘုရင်များသည် တာအိုပြိုင်ပွဲတွင် ဝင်ပါလာကြသည်။ နောက်ကွယ်တွင် အထက်ဘုံသုံးပါးမှ အင်အားစုကြီးနှစ်ခု၏ ကစားပွဲတစ်ခု ရှိနေသည်။
တာအိုပြိုင်ပွဲသည် အင်မော်တယ်တက်လှမ်းစင်မြင့်နှင့် ပတ်သတ်နေသည်။
ဓားဘုရင်ယွမ်ထျန်း၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
တာအိုပြိုင်ပွဲသည် လောကတစ်ခုလုံး၏ လှည့်ကွက်များနှင့် ချိတ်ဆက်နေလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။
“ယွီလင်တာအိုနန်းတော်၊ သူတို့ကတောင် ဝင်ပါလာတာလား ....”
သူက တီးတိုး ရေရွတ်လိုက်ပြီး ခေါင်းမော့ကြည့်သည်။
“ဓားစံအိမ်က ဝမ်မော့ရှန်ဘက်ကနေ ဝင်ပါလိုက်တာ ပုံမှန်ပါပဲ”
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကောင်းကင်ရင်းမြစ်ကမ္ဘာ ဖြစ်ခဲ့သည်။ ဓားနတ်ဘုရားသည် ထိုလောကကို လွှမ်းမိုးခဲ့သည်။
ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ ဓားနတ်ဘုရားသည် ဓားစံအိမ်၏ခေါင်းဆောင် ဖြစ်သည်။
ထို့ကြောင့် ဓားစံအိမ်သည် ဝမ်မော့ရှန်၏ဘက်တွင် ရှိနေခဲ့သည်။ ထို့အပြင် တာအိုပြိုင်ပွဲသည် တာအိုဂိုဏ်းနှင့် ဓားစံအိမ်၏ ပြိုင်ပွဲ ဖြစ်သည်။ ထို့ကြောင့် ဓားစံအိမ်က တစ်ဖက်တွင် အမြဲရှိနေရမည်။