← Chapters

အခန်း (၇၀၅)

Vol. 51 Ch. 705

အခန်း (၇၀၅)

Vol. 51 Ch. 705

အင်မော်တယ်ချီသည် အကြောက်တရားသားရဲ၏ အရင်းအမြစ်ပင် ဖြစ်သည်။

အင်မော်တယ်ချီသည် အင်မော်တယ်ကမ္ဘာ၏စွမ်းအင် ဖြစ်သည်။ ထိုစွမ်းအင်သည် ချီစွမ်းအင်ထက် တစ်ဆင့်မြင့်ပြီး မြင့်မားသောစွမ်းအားကို ရည်ညွှန်းသည်။

သို့သော် ထိုအင်မော်တယ်စွမ်းအင်သည် အကြောက်တရားသားရဲတစ်ကောင် ဖြစ်ပေါ်လာစေရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်နေပြန်သည်။

ဟန်မူယဲ့က အင်‌မော်တယ်ချီကို မထိန်းချုပ်ဘူးလျှင် ယုံကြည်ရန် ခက်ခဲနေလိမ့်မည်။

ဓားဘုရင်ယွမ်ထျန်းက လက်မြှောက်ပြီး စွမ်းအင်တချို့ကို ထိတွေ့ကြည့်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“အင်မော်တယ်ချီက အကြောက်တရားသားရဲနဲ့ ပတ်သတ်နေတယ်။ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“အင်မော်တယ်တွေအားလုံးက မြင့်မြတ်နေတာ မဟုတ်ပါဘူး”

ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်းနှင့်အတူ ရှိနေခဲ့သည်။ ထိုသို့မဟုတ်လျှင် ထိုစကားများကို ပြောလိုက်သောလူက ဓားနတ်ဘုရားဟု ထင်မိလိမ့်မည်။

“သွားကြရအောင်။ ဒါက နတ်ဘုရားဓားရဲ့စွမ်းအား ဖြစ်လိမ့်မယ်”

သူက လက်ထဲတွင်ရှိသော အင်မော်တယ်ချီကို လွှတ်ပေးလိုက်သည်။

အင်မော်တယ်ချီက အလို‌လျောက် လွင့်မျောသွားသည်။

ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းက လျင်မြန်စွာလျှောက်လာခဲ့သည်။ ဟန်မူယဲ့က လက်ကိုဝှေ့ယမ်း၍ မိုးကြိုးလျှပ်စီးများကို ထုတ်ဖော်ပြီး လမ်းရှင်းပေးနေသည်။

သူ့ရှေ့တွင်ရှိသော အကြောက်တရားသားရဲများသည် အသတ်ခံလိုက်ရပြီး အင်မော်တယ်ချီအဖြစ် ပြောင်းလဲသွားကြသည်။

အင်မော်တယ်ချီသည် ပိုမိုသိပ်သည်းလာသည်။

မိုင်တစ်ထောင်အကွာ၌ ဟန်မူယဲ့သည် အင်မော်တယ်မြစ်တစ်စင်းထဲတွင် ရှိနေသကဲ့သို့ အစိမ်းရောင်အလင်းများဖြင့် လွှမ်းခြုံခံထားရသည်။

နတ်ဘုရားဓားကို မရခဲ့လျှင်ပင် ထိုအင်မော်တယ်ချီကြောင့် အမြတ်ထွက်နေသည်။

“တခြားကျင့်ကြံသူတွေက ဒီအင်မော်တယ်ချီကို မြင်သွားခဲ့ရင် တိုက်ရိုက် လုယူလောက်တယ်”

ဓားဘုရင်ယွမ်ထျန်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

ဓားဘုရင်ယွမ်ထျန်းသည် ကိစ္စအများအပြားကို သိထားသည်။ သူ့သတင်းများသည် ရှေးခေတ်မှ ရှင်သန်ခဲ့သော နတ်ဘုရားဘုရင်များနှင့် ယှဉ်နိုင်သည်။

သူက ရှေးခေတ်နတ်ဘုရားခုံရုံး၏ ပျက်စီးမှုနှင့် အင်မော်တယ်ကမ္ဘာမှ ကျင့်ကြံခြင်းနည်းစနစ်များ၏ အကြောင်းကို သိထားသည်။

“ကောင်းကင်စက်ဝန်းဓားဝင်္ကပါက အင်မော်တယ်ကမ္ဘာရဲ့ အမွေအနှစ်တစ်ခုပဲ။ ဒါပေမဲ့ ဒီလောကရဲ့စွမ်းအားနဲ့ ပေါင်းစပ်သွားပြီ”

“အထက်ဘုံသုံးပါးရဲ့ ဂိုဏ်းကြီးတွေက ပါးနပ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာ သူတို့က အင်မော်တယ်ကမ္ဘာရဲ့ အမွေအနှစ်နဲ့ ဒီလောကရဲ့စွမ်းအားကို ပေါင်းစပ်ပြီး ကျင့်ကြံခြင်းနည်းစနစ်တွေ အများကြီးကို တီထွင်ခဲ့ကြတယ်”

ဓားဘုရင်ယွမ်ထျန်းက အစိမ်းရောင်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသော အင်မော်တယ်ချီကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“လူအများအပြားက အင်မော်တယ်ကမ္ဘာကို တက်လှမ်းနိုင်ဖို့ စိတ်ကူးနေကြတယ်”

အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းခြင်း ....

အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ယွီလင်တာအိုဂိုဏ်းကဲ့သို့ မဟာအင်အားစုတစ်ခုက ဦးဆောင်နေသည်။ အင်မော်တယ်ကမ္ဘာသို့ တက်ရောက်ချင်သောလူများသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ပိုများနေပုံရသည်။

ထိုအရာသည် လူသားများ၏ နှလုံးသားပင် ဖြစ်သည်။

များသောအားဖြင့် မခန့်မှန်းနိုင်သောအရာသည် လူသားတစ်ယောက်၏ နှလုံးသားပင် ဖြစ်သည်။

“ဝှစ် ....”

အစိမ်းရောင်ငှက်သည် တောင်ပံဖြန့်လိုက်ပြီး လေဟာနယ်ထဲသို့ ပျံသန်းသွားသည်။

လေဟာနယ်သည် ထိုးခွဲခံလိုက်ရပြီး အင်မော်တယ်ချီကြောင့် ဖြစ်ပေါ်လာသော အစိမ်းရောင်ငှက်သည် ပျောက်ကွယ်သွားသည်။

သို့သော် ဟန်မူယဲ့က မတိုက်ခိုက်ခဲ့ပေ။

ဓားဘုရင်ယွမ်ထျန်းကလည်း မလှုပ်ရှားပေ။

“ဝီ”

ငှက်သည် ဟန်မူယဲ့၏နောက်တွင် ပြန်ပေါ်လာသည်။

ငှက်၏ လက်သည်းရှည်များသည် ကျဆင်းလာခဲ့သည်။

ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူ့နောက်တွင်ရှိနေသော ဓားဘုရင်ယွမ်ထျန်းက လက်မြှောက်လိုက်ပြီး ခုတ်ချသည်။

“ရွှပ် ....”

ဓားရှည်သည် ငှက်ကို ဖြိုခွဲလိုက်သည်။ အင်မော်တယ်ချီများသည် ချက်ချင်းဖြာထွက်လာပြီး ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းကို လွှမ်းခြုံလိုက်သည်။

သူတို့နှစ်ယောက်က အင်မော်တယ်အလင်းရောင်နှင့်အတူ ပျောက်ကွယ်သွားသည်။

“ဘန်း”

ပုံရိပ်ယောင်လက်တစ်စုံသည် လေဟာနယ်ကို ထိုးခွဲလိုက်ပြီး သူတို့နှစ်ယောက် ပျောက်ကွယ်သွားသောနေရာသို့ ရောက်လာခဲ့သည်။

အဖြူရောင်မုတ်ဆိတ်နှင့် မျက်နှာမည်းနေသော တာအိုတန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူက အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

ထိုတာအိုတန်ခိုးရှင်က ဒေါသထွက်နေပုံပေါ်သည်။ ကံကြမ္မာကို စုတ်ဖြဲပစ်နိုင်သော စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တွင်ရှိသော အကြောက်တရားသားရဲများကို ပျောက်ကွယ်သွားစေသည်။

“ဟမ့်၊ မင်းတို့က လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး”

ထိုတာအိုတန်ခိုးရှင်က ဒေါသတကြီး နှာမှုတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းက သူတို့နောက်သို့ လိုက်လာသော တာအိုတန်ခိုးရှင်၏အကြောင်းကို သိနိုင်လိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် သူတို့နှစ်ယောက်သည် အင်မော်တယ်ချီနှင့် သိပ်သည်းနေသော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။

သူတို့က အင်မော်တယ်ချီကြောင့် ကြီးထွားနေသော ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်သစ်သီးများကို မြင်လိုက်ရသည်။

“ဒါက အင်မော်တယ်ကမ္ဘာလား”

ဓားဘုရင်ယွမ်ထျန်းက မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့က ထိုင်ချလိုက်ပြီး ဝိညာဉ်ဆေးပင်တစ်ပင်ကို ထိကြည့်သည်။

“အင်မော်တယ်ချီနဲ့ ပျိုးထောင်ခံထားရတဲ့ ကျောက်စိမ်း‌‌ရေညှိပင်က ချီစွမ်းအင်နဲ့ ပျိုးထောင်ခံထားရတဲ့ ကျောက်စိမ်းရေညှိပင်ထက် အဆတစ်ထောင် ပိုကောင်းတယ်။ အဲဒီတော့ အင်မော်တယ်ချီက ချီစွမ်းအင်ထက် အဆတစ်ထောင် ပိုပြီးသန့်စင်လိမ့်မယ်”

ဟန်မူယဲ့က ပြန်ထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“ဒီမှာရှိနေတဲ့ ဝိညာဉ်ဆေးပင်တွေက အရမ်းသက်တမ်းကြာနေပြီ။ ဒါပေမဲ့ သူတို့မှာ ရင့်မှည့်နေတဲ့စွမ်းအားမျိုး မရှိကြဘူး။ ဒါက အင်မော်တယ်ကမ္ဘာ မဖြစ်နိုင်ဘူး”

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြုံးသည်။

“ကျွန်တော်တို့ရှာနေတဲ့ ရတနာက ပေါ်လာသင့်ပြီ”

သူ့စကားအဆုံးတွင် အစိမ်းရောင်ဓားတစ်လက်က အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး သူ့ရင်ဘတ်ကို ထိုးချလိုက်သည်။

ဓားရှည်သည် သွယ်လျပြီး အလင်းဖြာနေသည်။ ထို့အပြင် ဖိနှိပ်နိုင်စွမ်းများကိုလည်း ထုတ်လွှတ်နေသည်။ မှတ်ဉာဏ်ပုံရိပ်ထဲတွင် မြင်ခဲ့သော နတ်ဘုရားဧကရာဇ်၏ ဓားနှင့် အလွန်ဆင်တူသည်။

ဓားအလင်းသည် ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းတို့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ဓားရှည်သည် သူတို့ တုံ့ပြန်နိုင်ရန်အတွက် အလွန်လျင်မြန်နေခဲ့သည်။

ဓားချက်ကြောင့် ချီစွမ်းအင်သည် ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။ ထို့နောက် ရှေ့သို့ ဆွဲခေါ်သွားသည်။

“တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဓားချက်ပဲ”

ဓားဘုရင်ယွမ်ထျန်းက အံတင်းတင်းကြိတ်ထားပြီး တီးတိုးပြောသည်။

သူနှင့်အတူ ချည်နှောင်ထားခံရသော ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ကြည့်သည်။

အင်မော်တယ်ချီစွမ်းအင်တချို့သည် သူ့လက်ဝါးထဲတွင် ပေါ်ထွက်လာသည်။

အင်မော်တယ်ကမ္ဘာ၏ နည်းစနစ်များကို မကျင့်ကြံလျှင် အင်မော်တယ်ချီကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ သို့သော် သူ့မှာ မြက်ရိတ်တံ ရှိနေသည်။

သူက ယခုအချိန်တွင် အသုံးမပြုသေးပေ။

ဓားဘုရင်ယွမ်ထျန်းတွင်လည်း ဝှက်ဖဲရှိသည်။

အင်မော်တယ်ချီချိန်းကြိုးများသည် သူတို့ကို မိုင်တစ်ထောင်အကွာအထိ ဆွဲခေါ်သွားပြီး အပြာရောင်‌ကျောက်တုံးနှင့် ပြုလုပ်ထားသော စင်မြင့်ပေါ်သို့ ပစ်ချလိုက်သည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သောအခါတွင် အရိုးများကို မြင်ရသည်။

လူသားနှင့် သားရဲများ၏အရိုး ဖြစ်သည်။

ထိုအရိုးများထဲတွင် နှစ်ပေရှည်လျားသော အစိမ်းရောင်ဓားတစ်လက်လည်း ရှိနေသည်။

ထိုအရာသည် နတ်ဘုရားဧကရာဇ်၏ဓား ဖြစ်သည်။

“ဝီ”

ဓားကျိုးသည် တုန်ခါသွားသည်။ ဓားအလင်းများက တောက်ပလာကြသည်။

အရိုးစုများက လှုပ်ရှားလာပြီး ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းကို ဝိုင်းရံထားကြသည်။

ဓားဘုရင်ယွမ်ထျန်းက ဓားဖြင့် ခုတ်ချသည်။

“ခလွမ် ....”

အရိုးစုတစ်ခုသည် နှစ်ပိုင်းပြတ်သွားသည်။

သလင်းကျောက်သဖွယ် ကြည်လင်နေသော အရိုးများသည် ပြန်ကျဲ့သွားသည်။

“မဟာကျင့်ကြံသူတစ်ယောက်ရဲ့ ကျောက်စိမ်းအရိုးတွေပဲ။ ကံကြမ္မာကို ကျော်လွန်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ”

ဓားဘုရင်ယွမ်ထျန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများက တောက်ပလာသည်။

“ဒီနေရာမှာ ကျွမ်းကျင်သူတွေ ဘယ်လောက်တောင် သေပြီးပြီလဲ”

ထိုအရိုးစုများအားလုံးသည် ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော အရိုးစုများကို ကြည့်လိုက်ပြီး ကြက်သီးထသွားသည်။

‘နတ်ဘုရားဧကရာဇ်ရဲ့ဓားက ဒီလောက်တောင် ကြမ်းတမ်းတာလား’

ဓားဘုရင်ယွမ်ထျန်း၏ ဓားချက်သည် ဓားကျိုး၏ဒေါသကို လှုံ့ဆော်ပေးလိုက်ပုံရသည်။ အရိုးစုများသည် ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းတို့ဆီသို့ ပြေးဝင်လာကြသည်။

‘အဲဒီဓားက ငါတို့ကို မဟာကျင့်ကြံသူကြီးတွေရဲ့ ကျောက်စိမ်းအရိုးနဲ့ ဖိသတ်မလို့လား’

“သတ်”

ဓားဘုရင်ယွမ်ထျန်းက ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။ သူက ဓားကို လှုပ်ရှားလိုက်ပြီး ကိုယ်ပေါ်တွင်ရှိသော အင်မော်တယ်ချီချိန်းကြိုးကို ဖြတ်တောက်သည်။ ထို့နောက် ဓားရှည်နှင့်အတူ ပျံတက်သွားပြီး တောက်ပနေသော ဓားအလင်းကို ထုတ်လွှတ်သည်။

ဤနေရာတွင် ချီစွမ်းအင်ကို ဖိနှိပ်ထားသော်လည်း ဓားဘုရင်ယွမ်ထျန်းက မဟာဓားကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို ပြသနေသည်။

သူက ဓားနှင့်အတူ ရှေ့တက်သွားသည်။ ဓားအလင်းသည် ဆက်တိုက်လှုပ်ရှားနေပြီး ဓားချက်တိုင်းသည် ကျောက်စိမ်းအရိုးကို ခုတ်ဖြတ်သွားလိမ့်မည်။

ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ဓားဘုရင်ယွမ်ထျန်းကြောင့် ပြုတ်ကျလာသော ကျောက်စိမ်းအရိုးများကို ကြည့်နေသည်။ ထို့နောက် သူက ဓားကျိုးကို ကြည့်လိုက်သည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။

အရိုးစုတစ်ခုက သူ့ဆီသို့ ပြေးဝင်လာသည်။

“ခလွပ်”

ဟန်မူယဲ့က ခြေထောက်မြောက်ပြီး အရိုးစုကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် ကန်ထုတ်လိုက်သည်။

နတ်ဘုရားသားရဲ၏ စွမ်းအား ဖြစ်သည်။

“ဝီ”

သူ့ခန္ဓကိုယ်ပေါ်တွင်ရှိနေသော အင်မော်တယ်ချီချိန်းကြိုးများက တုန်ခါလာပြီး တင်းကျပ်သွားသည်။

ဟန်မူယဲ့က တည်ငြိမ်နေပြီး ရှေ့ဆက်သွားသည်။ သူက လမ်းပိတ်ထားသော အရိုးစုများကို ခြေကန်ချက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။

သူက ခြေလှမ်းတစ်ရာအကွာတွင် ဓားကျိုး၏ရှေ့သို့ ရောက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်ချိန်းကြိုးများက အထပ်ထပ်ရစ်ပတ်နေသည်။ သူက ရှေ့တွင်ရှိနေသော ဓားကျိုးကို ကြည့်သည်။

ပုံရိပ်ယောင်ဆန်သော အစိမ်းရောင်ဓားများသည် ဓားကျိုး၏ရှေ့တွင် ရှိနေကြသည်။

ဓားဝင်္ကပါ ....

သူ့နောက်တွင်ရှိသော ဓားဘုရင်ယွမ်ထျန်း၏ ဓားအလင်းသည် ဖြည်းဖြည်းချင်း ဖိနှိပ်ခံနေရပုံပေါ်သည်။

အဘယ်ကြောင့်ဆိုသော် ပြိုကွဲသွားသည့် ကျောက်စိမ်းအရိုးများသည် စွမ်းအားတစ်ခုကြောင့် ပြန်လည်စုစည်းသွားပြီး ဓားဘုရင်ယွမ်ထျန်းကို ဝိုင်းရံထားကြသည်။

ဓားဝင်္ကပါ၊ အရိုးစုများနှင့် အင်မော်တယ်ချီ ချိန်းကြိုးများ ....

ဟန်မူယဲ့က ဓားကျိုးနှင့် ခြေဆယ်လှမ်းသာ ကွာဝေးသော်လည်း ချောက်နက်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။

ဓားကျိုးသည် တုန်ခါသွားသည်။ အစိမ်းရောင်ဓားရှည်များသည် ရှေ့သို့ ဦးတည်လိုက်သည်။

ချိန်းကြိုးများနှင့် ရစ်ပတ်ခံထားရ‌သော ဟန်မူယဲ့က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

All Chapters